မိုးညိုမြို့
| မိုးညိုမြို့ | |
|---|---|
| မြို့ | |
| မြန်မာနိုင်ငံတွင်း တည်နေရာ | |
| ကိုဩဒိနိတ်: 18°01′38″N 95°30′43″E / 18.027185°N 95.511848°E | |
| နိုင်ငံ | |
| တိုင်းဒေသကြီး | ပဲခူးတိုင်းဒေသကြီး |
| ခရိုင် | သာယာဝတီခရိုင် |
| ခရိုင် | မိုးညိုမြို့နယ် |
| လူဦးရေ (၂၀၁၄) | |
| • စုစုပေါင်း | ၉,၄၅၇[၁] |
| အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6.30) |
မိုးညိုမြို့သည် မြန်မာနိုင်ငံအောက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၏ ရုံးစိုက်မြို့ ဖြစ်သည်။ ရှေးအခါက ဧရာဝတီမြစ်ပေါ်တွင်တည်ရှိသော်လည်း ယခုအခါ အတန်ငယ်ကွာလှမ်းသောနေရာသို့ ရောက်ရှိနေလေသည်။ သာယာဝတီခရိုင်အတွင်းရှိ မြို့ပိုင်ရုံးစိုက်ရာ မြို့များ အနက် မိုးညိုမြို့သာလျှင် မီးရထားလမ်းပေါ်တွင် မတည်ရှိသော မြို့ဖြစ်သည်။
မိုးညိုမြို့နယ်သည် နယ်နိမိတ်အားဖြင့် မြောက်ဘက်တွင် ပြည်ခရိုင်၊ အရှေ့ဘက်တွင် နတ္တလင်း၊ ဇီးကုန်းနှင့် ကြို့ပင်ကောက်မြို့နယ်များ၊ တောင်ဘက်တွင် လက်ပံတန်းမြို့နယ် နှင့် အနောက်ဘက်တွင် ဧရာဝတီမြစ်တို့ဖြင့် ပိုင်းခြားသတ်မှတ်လျက် ရှိသည်။ မိုးညိုမြို့နယ်သည် အကျယ်အဝန်းအားဖြင့် ၂၅၂ စတုရန်းမိုင်၊ ကျေးရွာပေါင်း ၄၁ ရွာရှိသည်။
မိုးညိုမြို့နယ်၏ များသောအပိုင်းမှာ ရေလွှမ်းသောတောများဖြစ်၏။ အနောက်ဘက်မှာ နုံးတင်မြေနု အရပ်ဖြစ်၏။ ဆန်စပါးစိုက်ပျိုးသည့်အပြင် ရေလွှမ်းသောဒေသ အစွန်တွင်ရှိသော ကွင်းများတွင် ဖရဲ၊ သခွား၊ ငရုတ်၊ ဆေး၊ ခရမ်းသီး၊ ခရမ်းချဉ်စသည့် ဟင်းသီးဟင်းရွက် များကိုလည်း စိုက်ပျိုးသည်။ မိုးညိုမြို့နယ်တွင် ငါးထွက်သော အင်းများလည်းရှိသည်။ သာယာဝတီခရိုင်တွင် အင်းလုပ်ငန်း၌ မိုးညိုမှာအကျယ် ပြန့်ဆုံးဖြစ်၏။ မိုးညိုမြို့ရှိ ဈေးသည် ဧရာဝတီမြစ်တွင်းမှ ဖမ်းမိသောငါးများ ရောင်းချရာ ဈေးကြီးဖြစ်၏။
မိုးညိုမြို့မှ မင်းလှမြို့သို့ လမ်းကြမ်းတစ်ခု ပေါက်သည်။ မိုးညိုမြို့တွင် ဆေးရုံ၊ ကျောင်းများ၊ အစိုးရရုံးများ ရှိသော်လည်း အခြားထင်ရှားသော အဆောက်အအုံများ၊ နေရာဒေသများဟူ၍ မရှိပေ။ မိုးညိုမြို့၏ လူဦးရေမှ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ၉,၄၅၇ ဖြစ်လေသည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]- 1 2 သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၅၆။
- မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)