အုတ်ဖိုမြို့

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
အုတ်ဖိုမြို့
Okpo
မြို့
အုတ်ဖိုမြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
အုတ်ဖိုမြို့
အုတ်ဖိုမြို့
အုတ်ဖိုမြို့တည်နေရာ
ကိုဩဒိနိတ်: 18°7′N 95°40′E / 18.117°N 95.667°E / 18.117; 95.667
နိုင်ငံ  မြန်မာ
တိုင်းဒေသကြီး ပဲခူး
ခရိုင် သာယာဝတီ
မြို့နယ် အုတ်ဖိုမြို့နယ်
အချိန်ဇုန် မြန်မာစံတော်ချိန် (UTC+6.30)

အုတ်ဖိုမြို့သည် ပဲခူးတိုင်းဒေသကြီးသာယာဝတီခရိုင် အတွင်း၌ တည်ရှိကာ ထိုခရိုင်အတွင်း နောက်ဆုံး ဖွဲ့စည်းလိုက်သော အုတ်ဖိုမြို့နယ်၏ ရုံးစိုက်မြို့ဖြစ်လေသည်။ ရန်ကုန်-ပြည် မီးရထားလမ်းမြို့ တစ်မြို့ဖြစ်သည့်ပြင် ရန်ကုန်-ပြည် မော်တော်ကားလမ်းလည်း အုတ်ဖိုမြို့ကို ဖြတ်သန်းသွားရာ ယင်းသည် ရန်ကုန်မြို့မှ မီးရထားလမ်းအားဖြင့် ၁ဝ၂ မိုင်၊ မော်တော်ကားလမ်းအားဖြင့် ၁ဝ၃ မိုင် ဝေးကွာလေသည်။ သာယာဝတီမြို့နှင့် အကွာအဝေးမှာမူ မီးရထားလမ်းဖြင့် ၃၄ မိုင်၊ မော်တော်ကားလမ်းဖြင့် ၃၅ မိုင်ဖြစ်လေသည်။


အုတ်ဖိုမြို့၏ အကျယ်အဝန်းသည် ၁,၃၉၅ ဧကရှိ၍၊ ၁၉၆၂ ခုနှစ်တွင်ကောက်ယူသော စာရင်းများအရ အိမ်ခြေ ၁၄ဝဝ ခန့်နှင့် လူဦးရေ ၇,၄၁၄ ယောက်ရှိလေသည်။ မြို့ပေါ် တွင်အများစုသည် ဗုဒ္ဓအယူဝါဒီ မြန်မာလူမျိုးများဖြစ်ကြ၍ နိုင်ငံခြားသားတရုတ်နှင့် အိန္ဒိယလူမျိုးများသည် ရာခိုင်နှုန်း အနည်းငယ်ခန့်မျှသာ ရှိလေသည်။


မြို့ပေါ်ရှိ အစိုးရအဆောက်အအုံများမှာ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှူးရုံး၊ မြို့နယ် ပြည်တွင်းအခွန် ဦးစီးဌာနရုံး၊ ပြည်သူ့ရဲတပ်ဖွဲ့စခန်း၊ အထက်တန်းကျောင်း စသည်တို့ဖြစ်သည်။ မြို့၏ စည်ပင်သာယာရေးကို ဒီမိုကရေစီ ဒေသန္တရအုပ်ချုပ်ရေး အဖွဲ့က ဆောင်ရွက်ခဲ့၍ အုတ်ဖိုမြို့မကောင်စီ ကို ၁၉၅၅−ခုနှစ်တွင် တည်ထောင်ခဲ့သည်။


မြို့ပေါ်ရှိ ထင်ရှားသောဘုရားများမှာ လောကမာရဇိန် စေတီတော်(သုံးထပ်ကျောင်း)၊ မတ်တပ်ထောင်ရုပ်ပွားတော်နှင့် အတုမရှိ ဆုတောင်းပြည့် ရုပ်ပွားတော်(လယ်ပြင်ကျောင်း)တို့ ဖြစ်ကြသည်။


အုတ်ဖိုမြို့သည် ရှေးမြန်မာဘုရင်များ လက်ထက်က မြို့သိမ်မြို့ငယ်ကလေးမျှသာဖြစ်သည်။ ထိုခေတ်က ဧရာဝတီမြစ် ပေါ်ရှိ မိုးညိုနှင့် မင်းကြီးမြို့များတွင် မြို့ဝန်နှင့်စစ်ကဲများထား၍ ထိုအရာရှိတို့က တစ်ဖန် တိုက်သူကြီးများ ခန့်ထားအုပ်ချုပ်စေရာ အုတ်ဖိုမြို့သည် တိုက်သူကြီးတစ်ဦး၏ အအုပ်အချုပ်ခံ ဖြစ်သည်။ ဒုတိယအင်္ဂလိပ်-မြန်မာစစ်ပွဲပြီး၍ ဗြိတိသျှတို့က မြန်မာနိုင်ငံအောက်ပိုင်းကို သိမ်းပိုက်ပြီးနောက်တွင် ၁၈၇၇ ခုနှစ် မေလ၌ ရှေးအခေါ်အားဖြင့် ဧရာဝတီမြစ်ဝှမ်း မီးရထားလမ်း ဟု အမည်ရှိသော ရန်ကုန်-ပြည်မီးရထားလမ်းကို ဖွင့်လှစ်လိုက်သောအခါ အုတ်ဖိုမြို့သည် မီးရထားလမ်းမြို့ တစ်မြို့ဖြစ်လာ၍ မြို့အခြေအနေ တိုးတက်လာလေသည်။ သာယာဝတီခရိုင်အတွင်း၌ အုတ်ဖိုမြို့နှင့်အတူ ပထမဦးဆုံး မီးရထားဘူတာရုံ ဖွင့်ခဲ့သောမြို့များမှာ သုံးဆယ်၊ လက်ပံတန်း၊ မင်းလှနှင့်ဇီးကုန်း တို့ဖြစ်ကြလေသည်။


ဗြိတိသျှအစိုးရလက်အောက်တွင် အုတ်ဖိုမြို့ကို မင်းလှ အနောက်ပိုင်း မြို့ပိုင်နယ်အတွင်း၌ထား၍ အုပ်ချုပ်ခဲ့သည်။ မြန်မာ့လွတ်လပ်ရေးခေတ်သို့ရောက်သောအခါ နယ်အခြေအနေ တိုးတက်ဖွံ့ဖြိုးလာသဖြင့် ၁၉၄၉-၅ဝ ပြည့်နှစ်တွင် မြို့နယ် အဆင့်အတန်းသို့တိုးမြှင့်ခံရ၍ မြို့ပိုင်ရုံးစိုက်မြို့ ဖြစ်လာခဲ့လေသည်။


အုတ်ဖိုမြို့နယ်၏ အကျယ်အဝန်းသည် ၁၂၈၃၇၁ ဧက ခန့်ရှိ၍ မြို့နယ်လူဦးရေသည် ၉ဝ၉၇၈ (၁၉၇၃)ယောက်ဖြစ်သည်။ သာယာဝတီခရိုင်အတွင်း မြေဩကောင်းမွန်သော မြေနိမ့်ဒေသပိုင်း၌ ကျရောက်သည့်မြို့နယ်ဖြစ်သဖြင့် အဓိက လုပ်ငန်းသည် ဆန်စပါးစိုက်ပျိုးရေးဖြစ်သည်။ သစ်လုပ်ငန်းလည်း အသင့်အတင့်လုပ်ကိုင်ကြသည်။ ထို့ကြောင့် မြို့နယ်အတွင်း၌ ဆန်စက်ကြီးငယ် ၁၃ ခုအပြင် သစ်စက်သုံးခုရှိသည်။ ထိုလုပ်ငန်းများအပြင် ဟင်းသီးဟင်းရွက် စိုက်ပျိုးရေးကိုလည်း လုပ်ကိုင်ကြသည်။


မြို့နယ်အတွင်းနှင့်အပသို့ ကူးသန်းသွားလာရေးနှင့် သယ်ယူပို့ဆောင်ရေးအတွက် မီးရထားလမ်းနှင့် မော်တော်ကား လမ်းကို အသုံးပြုနိုင်သဖြင့် အဆင်ပြေပေသည်။ အုတ်ဖိုမြို့နယ်၏ ထွက်ကုန်များဖြစ်သော ဆန်စပါးနှင့် သစ်အမျိုးမျိုးတို့ကို ရန်ကုန်မြို့သို့ မီးရထားဖြင့်လည်းကောင်း၊ မော်တော်ကားဖြင့် လည်းကောင်း တင်ပို့ကြလေသည်။


အမျိုးသားရေးတွင် အုတ်ဖိုမြို့မှ ထင်ရှားသောပုဂ္ဂိုလ် သုံးဦးပေါ်ထွက်ခဲ့ရာ ယင်းတို့မှာ နိုင်ငံရေးခေါင်းဆောင် ဂဠုန်ဦးစော၊ စာရေးဆရာ ဂျာနယ်ကျော်ဦးချစ်မောင်နှင့် ဂီတပညာကျော် စောင်းဦးဘသန်း တို့ဖြစ်ကြလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)