ရွှေကျင်မြို့

ဝီကီပီးဒီးယား မှ
ရွှေကျင်မြို့
မြို့
ရွှေကျင်မြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ရွှေကျင်မြို့
ရွှေကျင်မြို့
မြန်မာနိုင်ငံတွင်း တည်နေရာ
ကိုဩဒိနိတ်: 17°55′0″N 96°53′0″E / 17.91667°N 96.88333°E / 17.91667; 96.88333ကိုဩဒိနိတ်: 17°55′0″N 96°53′0″E / 17.91667°N 96.88333°E / 17.91667; 96.88333
နိုင်ငံ မြန်မာ
တိုင်းဒေသကြီး ပဲခူး
ခရိုင်ပဲခူးခရိုင်
မြို့နယ်ရွှေကျင်မြို့နယ်
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+6.30)
ဧရိယာကုဒ်(များ)၅၄
[၁]

ရွှေကျင်မြို့သည် ပဲခူးတိုင်းဒေသကြီးညောင်လေးပင်ခရိုင်ရွှေကျင်မြို့နယ် ရှိ မြို့တစ်မြို့ဖြစ်သည်။ ယခင်က ရွှေကျင်ခရိုင်ခွဲနှင့် ရွှေကျင်မြို့နယ်တို့၏ ရုံးစိုက်မြို့ဖြစ်သည်။ ရွှေကျင်ခရိုင်ခွဲသည် ရှေးအခါက သီးခြား ခရိုင်တစ်ခု ဖြစ်ခဲ့သော်လည်း ခရစ် ၁၈၉၅ ခုနှစ်မှစ၍ အသွား အလာ ပိုမိုလွယ်ကူသော သထုံမြို့သို့ ခရိုင်ဝန်ရုံးပြောင်းရွေ့သွား ကာ ရွှေကျင်ခရိုင်ခွဲကိုလည်း တောင်ငူခရိုင်အတွင်း ထည့်သွင်း အုပ်ချုပ်ခဲ့သည်။ ယခုအခါ ပဲခူးခရိုင်တွင် ပါဝင်သည်၊ ရွှေကျင် ခရိုင်ခွဲသည် ပဲခူးခရိုင်အတွင်းရှိ မြောက်ဘက်အကျဆုံး ခရိုင်ခွဲ ဖြစ်၍ ရွှေကျင်မြို့နယ်တစ်ခုသာ ပါဝင်သည်။

ရွှေကျင်မြို့နယ်သည် စတုရန်းမိုင် ၉၅၃ မိုင် ကျယ်ဝန်း၍ ၁၉၃၁ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၄၂၇၃၈ ယောက် ရှိပြီးလျှင် ၁၉၅၆ ခုနှစ် ခန့်မှန်းခြေအရ ၅၅၂၃၆ ယောက် ရှိသည်။ မြို့နယ်အတွင်းတွင် ရွှေကျင်မြို့နှင့်တကွ ကျေးရွာ အုပ်စုပေါင်း ၆၉ ခု ပါဝင်သည်။ ရွှေကျင်မြို့နယ်သည် အနောက် ဘက်တွင် စစ်တောင်းမြစ်က ပဲခူးခရိုင်ခွဲနှင့်ခြားလျက် ရှိ၍ အရှေ့ဘက်တွင် ကော်သူးလေပြည်နယ်နှင့် စပ်လျက်ရှိသည်။

မဒေါက်မြို့ အောက်ဘက်နားတွင် စစ်တောင်းမြစ်မှ အရှေ့ဘက်သို့ ခွဲထွက်သွားသော ရွှေကျင်ချောင်း၏ မြောက် ဘက်ကမ်းပေါ်တွင် ရွှေကျင်မြို့ တည်ရှိသည်။ မြန်မာသက္ကရာဇ် ၁၂ဝဝ ပြည့်နှစ် မတိုင်မီက စစ်တောင်းမြစ်သည် ရွှေကျင်မြို့ အနောက်ဘက်မှ ကပ်၍ စီးသွားသော်လည်း ထိုနောက်တွင် အင်းပလဲရွာနှင့် သောင်ကြီးရွာအကြား မြစ်ကွေ့ကြီးနှစ်ကွေ့ ဖြစ်နေရာမှ အထက်မြစ်ကွေ့ကြီးကို မဒေါက်မြို့အနီး ဖြတ်၍ ကျိုး ကျစီးဆင်းရာ ရွှေကျင်မြို့သည် ယခုအခါ စစ်တောင်းမြစ် မှ တစ်မိုင်ကျော် ကွာဝေးလျက်ရှိသည်။ ရန်ကုန် မန္တလေး မီးရထားလမ်းပေါ်ရှိ ညောင်လေးပင်မြို့ အရှေ့ဘက် ၁၂ ၁/၂ မိုင် ဝေး၍ ညောင်လေးပင်မဒေါက် ရထားလမ်းခွဲ လမ်းဆုံးမြို့ ဖြစ်သော မဒေါက်မြို့မှ ၁ ၁/၂ မိုင် ဝေးသည်။ ညောင်လေး ပင်မြို့မှ၎င်း၊ ပဲနွယ်ကုန်းမြို့မှ ကျောက်ကြီးဘောဂထ စသော မြို့များကို ဖြတ်၍၎င်း မော်တော်ကားလမ်းများ ဖောက်လုပ်ထား သည်။ ပဲနွယ်ကုန်းမြို့မှ ကားလမ်းဖြင့် ၅၃ မိုင် သွားရ၍ ကျောက်ကြီးမြို့မှ တောင်ဘက်သို့ ၃၆ မိုင် သွားရသည်။ ရွှေကျင်မြို့၏ လူဦးရေသည် ၁၉၆၃ ခုနှစ် ခန့်မှန်းခြေအရ ၇၇ဝ၂ ဖြစ်သည်။

ရွှေကျင်မြို့သည် မြန်မာသက္ကရာဇ် ၁၁၁ဝ ကျော်မှ ပေါ် ပေါက်လာသောမြို့ ဖြစ်သည်ဟုဆိုသည်။ ၁၁၁၃ ခုနှစ်တွင် အင်းဝဘုရင် မဟာဓမ္မရာဇာဓိပတိကို မွန်တို့ ဟံသဝတီသို့ ဆောင်ယူသွားရာ ပဲခူးမြို့၌ ခေတ္တစံနေတော်မူသည်။ တစ်နေ့ သော် နဂရံ တံတွန်၊ နဂရံ နလွှတ်၊ နဂရံ ဝါခရီအမည်ရှိသော မွန်ညီနောင်လေးဦးသည် ဟံသာဝတီရောက်မင်းထံ ရွှေမှုန်များ လာရောက်ဆက်သလေသည်။ ယင်းရွှေမှုန်များကို စားသုံးရန် ခူးလာသော ဆိတ်ဖူးပင်တွင် တွေ့ရှိသဖြင့် ယင်းဆိတ်ဖူးပင် နုတ်ခူးရာမြေကို ကျင်ခွက်ဖြင့် ကျင်ယူရာမှ ရခဲ့ခြင်း ဖြစ်သည်။ မင်းတရားကြီးလည်း အားရဝမ်းသာရှိလှသဖြင့် ထိုညီနောင်လေးဦးအား မိမိတို့ ပျော်ပိုက်ရာ ဒေသများတွင် ကျေးရွာပြုစု နေထိုင်ရန် မြေတိုင်သူကြီးများ ခန့်အပ်သောအမိန့်စာ ပေးအပ် လိုက်လေသည်။ ညီနောင်လေးဦးလည်း ပဲခူးမြို့မှ ပြန်လာကြ ပြီးနောက် အသီးအသီး မြို့ရွာတည်ထောင်နေထိုင်ကြသည်။ ယင်းတို့တည် ထောင်ကြရာတွင် နဂရံရာမှတ်သည် ရွှေကျင် ချောင်း၏ တောင်ဘက်၌ အိမ်ခြေ ၄ဝ ခန့်ဖြင့် စိန်တောင်ရွာ ကို တည်နေသည်။ ထိုစိန်တောင်ရွာနှင့် တစ်ဖက်ကမ်းချောင်း ၏ မြောက်ဘက်တွင် တည်ရှိသောအရပ်သည် တောများ ထူထပ်ပေါများပြီးလျှင် လူနေအိမ်ခြေ ငါးအိမ် ခြောက်အိမ်သာ ရှိ၏။ ထိုနေရာသို့ ဆတ်များလာရောက် အော်သည်ကို အကြောင်းပြု၍ ဆတ်တစ်ရွာဟု ခေါ်သည်။ ထိုဆတ်တစ်ရွာ ပင်လျှင် ရွှေကျင်မြို့၏ ပထမကနဦး လူနေအိမ်ခြေနှင့် ပေါ် ပေါက်လာသော အစဒေသဖြစ်သည်။

မြေတိုင်သူကြီး ခန့်အပ်ခံရသူများကို ခွာဟု မွန်ဘာသာ ဖြင့် ခေါ်၍ ထိုခွာများအပေါ်တွင် ခွာမှူးခေါ် လူတစ်ယောက် ခန့်ထား၍ အခွန်များ ကောက်ယူဆက်သစေသည်။ ခွာမှူးက တစ်အိမ်လျှင် ရွှေမှုန်ချိန် ကိုးပဲခြောက်ရွေးကျစီ နှစ်စဉ်ကောက် ၍ ဆက်သွင်းရသည်။ ထိုအခါ ထိုဒေသရှိ လူတို့သည် အခွန် တော်အတွက် ရွှေမှုန်များရရှိအောင် အနီးအနားချောင်းမြောင်း တို့သို့ ထွက်၍ ကျင်ခွက်ဖြင့်ကျင်၍ ရွှေမှုန် အခွန်တော် ဆက် သွင်းရသည်။ ယင်းသို့ ရွှေကို ကျင်ယူရာဒေသဖြစ်သဖြင့် ရွှေကျင်ဟု အမည်ဖြစ်လာကြောင်းဖြင့် ဆိုကြသည်။ ယခုတိုင် လည်း ရွှေကျင်မြို့ရုံးအနီးရှိ လှည်းလမ်းများ၊ တပ်ကုန်းအနီး ချိုင့်များ၊ ဘုရားကြီးလမ်းများပေါ်တွင် မြေကိုယူ၍ ကျင်ခွက် ဖြင့် ကျင်မူ ရွှေမှုန်များပါရှိသည်ကို တွေ့ရသည်။

ဘိုးတော်ဘုရားလက်ထက် သက္ကရာဇ် ၁၁၆ဝ ပြည့်နှစ် တွင် ရွှေကျင်အနီးရှိ ဒေသတစ်ဝိုက်ကို ရွှေကျင်မြို့ ဟူသော အမည်ဖြင့် သမုတ်၍ မြို့၏အလားများ သတ်မှတ်လေသည်။ ထိုစဉ်က သတ်မှတ်သော မြို့၏အလားမှာ အရှေ့လားသော် သံလွင်မြစ်အထိ တစ်ဖက်မြေနှင့်အစပ်၊ အရှေ့တောင်လားသော် ဒုံဝိုင်းချောင်းရှမ်းရွာ၊ အခြားတစ်ဖက် ရွန်းသလင်းမြေ၊ စစ်တောင်းမြေနှင့်အစပ်၊ တောင်အလား ကြုံပကူးချောင်း အခြားတစ်ဖက် စစ်တောင်းမြေနှင့်အစပ်၊ အနောက်တောင် အလား ဘုရားသုံးဆူ ရေကန်သုံးကန် အခြားတစ်ဖက် စစ်တောင်းမြေ၊ ကောလိယမြေနှင့်အစပ်၊ အနောက်အလား ထန်းသုံးပင်၊ ဘုရားသုံးဆူ ရေကန်သုံးကန် အခြားတစ်ဖက် စစ်တောင်းမြေ၊ ကောလိယမြေနှင့်အစပ်၊ အနောက်အလား ထန်းသုံးပင်၊ ဘုရားသုံးဆူ အတ္ထရန်ချောင်း၊ ပြွန်တန်ဆာအင်း၊ အခြားတစ်ဖက် ကောလိယမြေနှင့် အစပ်၊ အနောက်မြောက် အလား ကြုံတဝေါချောင်း၊ ညောင်ပင်သာ သန်လျက်ကိုင်ကျိုး သဲဖြူချောင်းမင်းလမ်းအထိ၊ တစ်ဖက်ကောလိယမြေ ကျောက် မှော်မြေနှင့် အစပ်၊ အရှေ့မြောက်အလား ကျောက်ချပ်တောင် ပိန္နဲပင် မယ်ခေါ်ချောင်း၊ အခြားတစ်ဖက် ကျောက်မှော်မြေနှင့် အစပ်၊ ဤသို့အားဖြင့် နယ်လေးရပ် နယ်ရှစ်ရပ် သတ်မှတ်လေ သည်။ ဤသို့ နယ်မြေအလား သတ်မှတ်ပြီးနောက် မွန်ဓလေ့ အတိုင်း နတ်ကွန်းဆောက်လုပ်ပြီးလျှင် ရွှေကျင်မြို့တွင် စောင့် ရှောက်ရန် ရွှေကျင်မြို့မ နတ်မိန်းမရုပ် ပြုလုပ်ကိုးကွယ်ကြလေ သည်။ ထိုနတ်မိန်းမ၏အမည်ကို နယ်ပူစောမဟူ၍ သမုတ်လေ သည်။ ယခုအခါ မြို့စောင့်နတ် မိန်းမရုပ်ကို အရှေ့ဘက်ဘုရား ကြီး စေတီအနီးတွင် ထား၍ နတ်ဘီလူးမမကြီးဟု ခေါ်ကြလေ သည်။

ရွှေကျင်မြို့ကို ယင်းသို့ အလားများ သတ်မှတ်ပြီးနောက် ၁၁၈၁ ခုနှစ်မှစ၍ မြို့ဝန်များနှင့် အုပ်ချုပ်စေခဲ့သည်။ ၁၁၈၇ ခုနှစ်တွင် အင်္ဂလိပ်စစ်သားများ ရွှေကျင်မြို့ကို သိမ်းပိုက်ရာ မြို့သူမြို့သားများ ထွက်ပြေးကြသဖြင့် မြို့ပေါ်၌ အိမ်ခြေ ၁ဝဝ မျှလောက်သာ ကျန်တော့သည်။ ထိုနောက် စစ်တပ်များ ထွက် သွားသောအခါ မြန်မာတို့က မြို့ဝန်ခန့်၍ ရွှေကျင်မြို့ကို ပြန် လည် ထူတည်ထောင်ရာ အိမ်ခြေ ၃ဝဝ ခန့်မျှ ဖြစ်လာပြန် သည်။ တစ်ဖန် အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲအပြီး ၁၂၁၄ ခုနှစ် တပေါင်းလဆုတ် ၄ ရက်နေ့တွင် ရွှေကျင်မြို့ အင်္ဂလိပ် များ လက်တွင်းသို့ ကျဆင်းသည်။

ရွှေကျင်မြို့သည် ရထားလမ်းမဖောက်လုပ်မီနှင့် စစ်တောင်း မြစ်ကြောင်း မပြောင်းမီအခါက ကုန်ကူးသန်း ရောင်းဝယ်မှုတွင် အလွန်စည်ကားသောမြို့ ဖြစ်ခဲ့သော်လည်း ယခုအခါ၌မူ မီး ရထား လမ်းဘူတာလည်းမဟုတ်၊ သင်္ဘောဆိပ်မြို့လည်း မဟုတ် သဖြင့် တစ်စတစ်စ စည်ကားခြင်း လျော့ပါးလာလေသည်။ မိုးတွင်းအခါ၌ မဒေါက်ဘူတာမှ ရွှေကျင်မြို့သို့ ကူးတို့လှေများ ဖြင့် သွားရသည်။

ရွှေကျင်မြို့ရှိ တန်ခိုးကြီးဘုရားများမှာ မြို့မြောက်ဘက် တောင်နှာမောင်းတွင် ၁၁၇၁ ခုနှစ်က သရီရ ဓာတ်တော်များ ဌာပနာ၍ တည်ထားသော ရွှေတောင်ဦးစေတီ၊ မြို့အရှေ့ဘက် တွင် ရွှေကျင်မြို့ဟူ၍ စတင် မပေါ်ပေါက်မီကပင် တည်ရှိနှင့် သော သီရိဓမ္မာသောကမင်းကြီး သရီရဓာတ်တော်ဌာပနာ၍ တည်သည်ဟု အများအယူရှိသည့် မွေထော်မွန်ဇရစ်ခေါ် ဘုရားကြီး စေတီတော်၊ မြို့လယ် မန်ကျည်းတန်းရှိ ဝက်တက်စေတီ တို့ ဖြစ်သည်။ ရွှေကျင်မြို့ အရှေ့ပိုင်းတောင်နှာမောင်းရွှေကျင် ချောင်း၏ မြောက်ဘက်ကမ်းနှင့် မနီးမဝေးတို့၌လည်း ရှေး စေတီဟောင်းများ ရှိသည်။

ရွှေကျင်နယ်သည် တောင်ခြေနှင့် နီးကပ်သောနယ် ဖြစ်၍ ဆန်စပါးအနည်းငယ်သာ စိုက်၏။ စစ်တောင်းမြစ်ကမ်းပါးနှင့် ရွှေကျင်ဆေးသည် နာမည်ကျော်ဆေး ဖြစ်သည်။ ရွှေကျင်နယ် တောင်ပေါ်ဒေသမှ သစ်သီးဝလံများလည်း ရသည်။ ရွှေကျင် တညင်းသည် နာမည်ကျော်တညင်း ဖြစ်သည်။ ရွှေကျင်ချောင်း နှင့် တောင်ပေါ်ဒေသအချို့တွင် ရွှေများကျင်၍လည်း အသက် မွေးကြသည်။ ရွှေကျင်မြို့အနီးတစ်ဝိုက်၌ ကော်ပတ်ခြံဧကပေါင်း များစွာရှိသည်။ ပတ်ဝန်းကျင် တောတောင်စိမ့်စမ်း ရှုခင်းလှ၍ သာယာသည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. National Telephone Area Codes။ Myanmar's Net။ 15 June 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 March 2020 တွင် ပြန်စစ်ပြီး။
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)