သဲကုန်းမြို့

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

သဲကုန်းမြို့သည် ပြည်ထောင်စုမြန်မာနိုင်ငံ၊ ပဲခူးတိုင်း၊ ပြည်ခရိုင်ပေါင်းတည် ခရိုင်ခွဲ၏အနောက်ပိုင်းရှိ သဲကုန်းမြို့နယ်၏ ရုံးစိုက်မြို့ဖြစ်သည်။ ရန်ကုန်-ပြည်မီးရထား လမ်းပေါ်တွင် တည်ရှိ၍ ရန်ကုန်မှ ၁၄၁ မိုင်၊ ပြည်မှ ၁၉ မိုင်ကွာဝေးလေ သည်။

သဲကုန်းမြို့၏ မြေမျက်နှာပြင်သည် ပြန့်ပြူးသည်။ မြေဩဇာကောင်းမွန်သောဒေသဖြစ်သည်။ မြို့နယ်အတွင်းမှ အင်းမဟုခေါ်သော အင်းအိုင်ကြီးတစ်ခုတည်ရှိရာ အလျားဆယ်မိုင်၊ အနံလေးမိုင်မျှရှိသည်။ မိုးအခါ (၁၂) ပေမျှ ရေအနက်ရှိသော်လည်း နွေအခါခန်းခြောက်သွားလေသည်။ မြို့နယ်၏အကျယ်အဝန်းသည် ၁၉၃၁-ခုနှစ် သန်းခေါင်စာရင်းအရ ၂၉၉ စတုရန်းမိုင်ဖြစ်၍ ကျေးရွာပေါင်း ၅၆ ရွာပါဝင်သည်။ ၁၉ရ၁ ခုနှစ် နောက်ဆုံးစာရင်းအရ သဲကုန်းမြို့နယ်တွင် လူဦးရေသည် (၁၁၆ဝဝဝ) ခန့်ဟု သိရှိရသည်။ မြို့ပေါ်ရှိလူဦးရေမှာ ၁၉၅၃ခုနှစ် သန်းခေါင်စာရင်းအရ (၁၅ဝ၅) ယောက်ဖြစ်သည်။ မြို့ပေါ်၌ လည်းကောင်း၊ မြိုနယ်အတွင်း၌လည်းကောင်း နေထိုင် ကြသူများသည် ဗုဒ္ဓဘာသာမြန်မာလူမျိုးများ အများဆုံးဖြစ်၏။ ခရစ်ယာန်ဘာသာ ကရင်လူမျိုး များကား အနည်းငယ်သာရှိလေသည်။ မြို့ပေါ်နေသူများသည် အစိုးရအရာထမ်းအမှုထမ်း၊ ကုန်သည်ပွဲစားများ များပြား၍ နယ်တွင်လယ်ယာစိုက်ပျိုး လုပ်ကိုင်သူများသာလျှင် အများဆုံးဖြစ်သည်။

မြို့နယ်၏ အဓိကထွက်ကုန်သည် ဆန်စပါးဖြစ်သည်။ မိုးပါးသော အရပ်ဖြစ်သော်ငြားလည်း မိုးရေကိုပင်အားထားကာ စပါးစိုက်ပျိုးလုပ်ကိုင်ကြသည်။ ကြီးကြီးကျယ်ကျယ် ဆည်တူးမြောင်းဖြင့် ရေသွင်းစိုက်ပျိုးလုပ်ကိုင်ခြင်းမရှိချေ။ ရေသွယ်ယူစိုက်ပျိုးလုပ်ကိုင်သောမြေဧက အနည်းငယ်ရှိရာ အင်းမမှရေကို သွယ်ယူခြင်းဖြစ်လေသည်။ အင်းမတွင် အင်းလုပ်ငန်းကို ကြီးကြီးကျယ်ကျယ်လုပ်ကိုင်ကြ၍ အင်းမ ရွာသည် သဲကုန်းမြို့နယ်အတွင်း လူဦးရေများပြားစည်ကားသော ရွာကြီးတစ်ရွာဖြစ်သည်။ မြို့နယ် အတွင်းတွင် မြို့ငယ်ကလေးများဟု ဆိုရလောက်အောင် စည်ကားသော ရွာကြီးများမှာ ပုတီးကုန်းနှင့် ဆင်မြီးဆွဲတို့ ဖြစ်ကြလေသည်။ မြို့ပေါ်တွင်ထင်ရှားသော တန်ခိုးကြီးစေတီတော်များမှာ အရှေ့ဘက်တွင် မဟာကန်လယ်စေတီတော်၊ မြောက်ဘက်တွင် မိုးကောင်းစေတီတော်တို့ဖြစ်သည်။ မိုးကောင်းစေတီတော်ကြီး အနီး အရှေ့ဘက်တွင် ရှိသောအစိုးရအထက်တန်းကျောင်းနှင့် အစိုးရစိုက်ပျိုးရေးအလယ်တန်းကျောင်းတို့သည် မြို့၏ ထယ်ဝါခံ့ညားသော အဆောက်အအုံများတွင် ပါဝင်လေသည်။ မြို့နယ်အတွင်းနှင့် မြို့နယ်အပ ဆက်သွယ်ရေး အတွက် မီးရထားလမ်းကိုလည်းကောင်း၊ မော်တော်ကား လမ်းကိုလည်းကောင်း အသုံးပြုနိုင်လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)