စစ်ကိုင်းဆွမ်းတော်ကြီးဝတ်အသင်း

ဝီကီပီးဒီးယား မှ

စစ်ကိုင်းဆွမ်းတော်ကြီးဝတ်အသင်းသည် မြန်မာပြည်အရပ်ရပ်၌ ရှိကြသော ဝတ်အသင်းများနှင့်မတူ တစ်မူထူးခြားလှသော ဆွမ်းတော်ကြီးဝတ်အသင်းများ (ဝါ) အရုဏ်တော်အသင်းများ၏ ကြာရှည်လှသော သက်တမ်းနှင့်အတူ လူသိများ ကျော်ကြားလှပေသည်။ ဝါတွင်းကာလ ဥပုသ်နေ့တိုင်း ဘုရားစဉ်လှည့်ပြီး ဆွမ်းတော်ကပ်လှူကြရာတွင် အဖိတ်နေ့တွင် အရုဏ်တော် ဝတ်အသင်းများမှ မြို့ထဲမြို့ပြင် လှည့်လည် အလှူခံထွက်ကြပြီး ဥပုသ်နေ့ အရုဏ်မတက်မီ ဝတ်ဖြူစင်ကြယ် ဝတ်ဆင်၍ ဖိနပ် လုံးဝမစီးဘဲ တန်းစီကာ ဘုရားစဉ်အရောက်သွားကြ၍ ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဝတ္ထုငွေများ ကပ်လှူပူဇော်လှူဒါန်းပြီး အပြန်၌လည်း လာစဉ်က ကဲ့သို့ပင် နှစ်ယောက်တစ်တွဲ တန်းစီ၍ စည်းကမ်းတကျ ကိုယ့်ရပ်ကွက်အရောက် အတီးအမှုတ် အကအခုန်များနှင့် ပြန်ကြသည်။


ဘုရားစဉ်၏ နောက်ဆုံးဘုရားဖြစ်သော ကောင်းမှုတော်ဘုရား အလှည့်သည် သီတင်းကျွတ် လပြည့်နေ့ဖြစ်ပြီး ဝါကျွတ်ပွဲတော်လည်း ဖြစ်သည့်အလျှောက် ရှေ့ဝင်းနောက်ဝင်း ခင်းပြီး သွားလာသည့်အပြင် ယိမ်းအဖွဲ့၊ ဗြော၊ အိုးစည်ဒိုးပတ် အဖွဲ့များနှင့် ကခုန် ပျော်ရွှင်စွာ သွားရောက်ဆွမ်းတော်ကပ်ကြပြီး သီတင်းကျွတ်လပြည့်ည ဘုရားမှာပင် ညအိပ်ပြီး လပြည့်ကျော် (၁)ရက်နေ့ရောက်မှ မြို့တွင်းသို့ လာစဉ်ကကဲ့သို့ပင် ပြုံးပျော်စွာ ပြန်လာကြသည်။

ဝါဆိုလပြည့်နေ့ ဆွမ်းဦးပုညရှင်စေတီမှ အစပြုပြီး သီတင်းကျွတ်လပြည့်နေ့ ကောင်းမှုတော် ဘုရားပွဲ အထိ ဝါတွင်းကာလ ဆွမ်းတော်ကပ်လှူကြသည့် ဘုရားစဉ်ကို အတိုကောက်အားဖြင့် ပုံ၊ တောင်၊ ဇေ၊ ချမ်း၊ ဥ၊ နန်း၊ နံ၊ လေး၊ ပ၊ ထူ၊ ရှင်၊ အောင်၊ ကောင်း ဟူ၍ ဘုရား(၁၃)ဆူ၏ ဘွဲ့တော်များကို အတိုကောက်ခေါ်ဝေါ်မှတ်သား ထားကြသည်။ ဤဘုရားစဉ်အတိုင်း စစ်ကိုင်းမြို့ပေါ်ရှိ ရပ်ကွက်များဖြစ်ကြသည့် မိုးဇာ၊ ပိုးတန်း၊ ရိုက်တန်း၊ မင်းလမ်း၊ စိန်ကုန်း၊ ဒါးဝယ်ဈေး၊ ဘော်ဂါ၊ လင်းဇင်း၊ ညောင်ကုန်း၊ ဧမြဝတီ၊ တကောင်း၊ မြို့သစ်၊ ပန်းပဲတန်း၊ ဇေယျာကွက်သစ်၊ ထိုးဘိုနှင့် ရုံးပေါင်းစုံ အရုဏ်တော်အသင်း (ဝါ) ဆွမ်းတော်ကြီးဝတ်အသင်းများမှ ဝါတွင်းကာလများတွင် ဆွမ်း၊ ပန်း၊ ရေချမ်းများ နှစ်စဉ် ကပ်လှူလျက် ရှိကြသည်။

အတိုကောက်အမည်များဖြင့် ခေါ်ဝေါ်သုံးစွဲမှတ်တမ်းပြုထားကြသည့် ဝါတွင်းဘုရားစဉ်များ၏ တစ်ဆူစီကို ရှင်းလင်းတင်ပြလျှင်-

(၁) ပုံ = ဆွမ်းဦးပုညရှင်[ပြင်ဆင်ရန်]

အစဦး ဘုရားစေတီဖြစ်သော ပုံသည် စစ်ကိုင်းတောင်ပေါ်တွင် ရှိသည့် မြန်မာပြည်တစ်ဝန်း၌ လူသိများထင်ရှားလှသော ဆွမ်းဦးပုညရှင် စေတီပင်ဖြစ်သည်။ ဤစေတီတော်မြတ်ကို မြန်မာသက္ကရာဇ် ၆၇၄-ခုနှစ်တွင် စစ်ကိုင်းပုညအမတ်နှင့် ပင်းယပန်းထိမ်သည် ငစိန်သင်တို့ တည်ထားခဲ့ခြင်း ဖြစ်သည်။ နှစ်စဉ် ဝါဆိုလပြည့်နေ့၊ အကယ်၍ ဝါထပ်သော နှစ်ဖြစ်နေပါက ဒုတိယဝါဆိုလပြည့်နေ့တွင် ဆွမ်းကပ်လှူပြီး ဘုရားပွဲတော်ကျင်းပပါသည်။

(၂) တောင် = တောင်ဖီလာ[ပြင်ဆင်ရန်]

ဒုတိယမြောက် ဝါဆိုလပြည့်ကျော် (၈)ရက်၊ ဥပုသ်နေ့တွင် ဆွမ်းတော်ကပ်ပွဲ ကျင်းပသည့် တောင် ဟူသည်မှာ စစ်ကိုင်းတောင်နှင့် မင်းဝံတောင်တို့အလယ် အရှေ့နှင့်အနောက် ပေါ်ထွက်နေသော တောင်ရိုးပေါ်တွင် သက္ကရာဇ် ၁၀၀၃-ခုနှစ်၌ တိပိဋိကာ၊လင်္ကာရ၊ ကျမ်းဂန်တတ် အကျော်အမော် ပထမ တောင်ဖီလာဆရာတော်ဘုရားကြီး တည်ထားကိုးကွယ်တော်မူခဲ့သည့် တောင်ဖီလာစေတီပင် ဖြစ်သည်။

(၃) ဇေ = ဇေတဝန်[ပြင်ဆင်ရန်]

ဇေ သည် စစ်ကိုင်းတောင်ခြေအနီးရှိ ဇေတဝန် စေတီတော်ကို ဆိုလိုပြီး စစ်ကိုင်းမြို့တွင် သက်တော်ဝါတော် အကြီးဆုံးစေတီတော် ဖြစ်သည်။ မြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်ကပင် ဒေသစာရီခရီး ကြွတော်မူလာရာ ဇေတဘီလူးနှင့် ကိုးကျိပ်သော ဘီလူးအပေါင်းတို့ မြတ်စွာဘုရားရှင်၏ တရားရေအေးများ တိုက်ကျွေးမှုကြောင့် သောတာပန် ဖြစ်ခဲ့ကြသည်။ ဇေတ ဘီလူး တည်ထားကိုးကွယ်ခဲ့သော စေတီဖြစ်၍ ဇေတဝန်ဘုရားဟု ခေါ်ဝေါ်ကြခြင်း ဖြစ်သကဲ့သို့ ဘီလူးများ သောတာပန်တည်သော နေရာကို ယနေ့ထက်တိုင် သောတာပန် ရပ်ကွက်ဟု ခေါ်ဝေါ်ကြသည်။

(၄) ချမ်း = ချမ်းသာကြီး၊ ချမ်းသာရ[ပြင်ဆင်ရန်]

ချမ်း သည် မြန်မာသက္ကရာဇ် ၄၂၀-ပြည့်နှစ်၌ ကြံသိုင်းအမတ်ကြီး တည်ထားခဲ့သော စစ်ကိုင်းတောင်ရိုးရှိ ချမ်းသာကြီး၊ ချမ်းသာရ စေတီတော်ကြီး ဖြစ်သည်။

(၅) ဥ = ဥမင်သုံးဆယ်[ပြင်ဆင်ရန်]

ဥ သည် ဥမင်သုံးဆယ်ဘုရားကို ဆိုလိုရင်းဖြစ်သည်။ စစ်ကိုင်းတောင်ရိုးရှိ စာမရီတောင်ပေါ်တွင် သက္ကရာဇ် ၁၀၅၀-ပြည့်နှစ်၌ ပတူကြီးသင်္ဃရာဇာ တည်ခဲ့ပြီး၊ ရုပ်ပွားတော်မြတ် ၄၅-ဆူ ရှိပြီး ဥမင်သုံးဆယ်ဘုရားရှိသည့်အတွက် ဥမင်သုံးဆယ်ဘုရားဟု အမည်တွင်ခြင်း ဖြစ်သည်။

(၆) နန်း = ရှင်ပင်နန်းဦး[ပြင်ဆင်ရန်]

နန်း သည် ရှင်ပင်နန်းဦး ဘုရားဖြစ်ပြီး စစ်ကိုင်းတောင်ပေါ်သွား ကားလမ်း၏ အနောက်ဘက် နန်းဦးမြို့သစ် ရပ်ကွက်မြောက်ဘက်တွင် တည်ရှိကာ သက္ကရာဇ် ၆၀၆-ခုနှစ်၌ သီဟိုဠ်(သီရိလင်္ကာ) ရောက် ဘုန်းကြီးမထေရ် တစ်ပါးမှ စတင်တည်ထားကာ ၁၂၆၀-ခုနှစ်တွင် စစ်ကိုင်းဇာတိ ကင်းစာရေးကြီးမှ ထပ်မံပြုပြင်ခဲ့သည်။

(၇) နံ = ရှင်ပင်နံကိုင်း[ပြင်ဆင်ရန်]

နံ သည် ရှင်ပင်နံကိုင်း စေတီတော်ကို ခေါ်ဝေါ်ဆိုရင်းဖြစ်ပြီး စစ်ကိုင်းမြို့၊ ထုံးဘိုရပ်ကွက်ရှိ တောင်တစ်ခုပေါ်တွင် သက္ကရာဇ် ၄၂၀-ကျော်ကျော်တွင် ပေါက္ကံပြည် (ပုဂံပြည်)၏ ပြည့်ရှင်မင်း ဖြစ်သည့် ကျန်စစ်သားမင်းကြီး၏ သမီးတော်ကို ထိန်းရသည့် ကြံသိုင်းအမတ်ကြီး တည်ထားကိုးကွယ်ခဲ့သည့် စေတီဖြစ်သည်။ (ချမ်းသာကြီး၊ ချမ်းသာရ ဘုရားတည်ခဲ့သော ဒကာနှင့်အတူတူပင် ဖြစ်သည်။)

(၈) လေး = လေးကျွန်းမာန်အောင်[ပြင်ဆင်ရန်]

မြန်မာသက္ကရာဇ် ၇၁၅-ခုနှစ်၌ ဆင်ဖြူရှင်မင်းတရားကြီး တည်ထားကိုးကွယ်ခဲ့သည့် လေးကျွန်းမာန်အောင် စေတီတော်မြတ်ကြီးအား လေးဟု အတိုကောက်မှတ်သား ခေါ်ဝေါ်မှုပြုခြင်း ဖြစ်သည်။

(၉) ပ = ပတ္တမြားစေတီ[ပြင်ဆင်ရန်]

စစ်ကိုင်းမြို့နယ်၊ ဝါးချက်ကျေးရွာ၏အထက်၊ စစ်ကိုင်းတောင်ရိုး ဆွမ်းဦးပုညရှင်ဘုရား မြောက်ယွန်းယွန်းတွင် ရှိပြီး၊ စစ်ကိုင်းတောင်ပေါ်၌ အမြင့်ဆုံးတောင်ဖြစ်သည့် ပတ္တမြားတောင်ပေါ်တွင် သက္ကရာဇ် ၆၆၂-ခုနှစ်၌ ပတူကြီး သင်္ဃရာဇာမှ တည်ထားခဲ့သော စေတီဖြစ်သည်။ တော်သလင်းလပြည့်နေ့တွင် ကျင်းပသည့် ပတ္တမြားစေတီဘုရားပွဲသည် စစ်ကိုင်းမြို့နှင့် အတန်ငယ်ဝေးသည့်ပြင် စစ်ကိုင်းတောင်၊ အမြင့်ဆုံးတောင်ထိပ်၌ တည်ထားသဖြင့် ဆွမ်းတော်ကြီးအသင်းများမှ တော်သလင်းလပြည့်၊ အဖိတ်နေ့ နေ့လယ်မှပင် ဧရာဝတီရေကြောင်းအတိုင်း မော်တော်များဖြင့်လည်းကောင်း၊ စစ်ကိုင်းတောင်သွား ကားလမ်းမှ မော်တော်ယာဉ်များဖြင့်လည်းကောင်း တောလမ်းခရီးအတိုင်း ခြေကျင်ဖြင့်၎င်း သင့်တော်ရာဖြင့် ကြိုတင်သွားရောက် ညအိပ်စက်ကာ နံနက်အရုဏ်တက်ဆွမ်းတော်ကပ်ပြီးမှ ပြန်ခဲ့ကြရသည်။

ထိုနေ့သည် မန္တလေးမြို့မှ နာမည်ကျော် မလွန်ဈေးဆန်လှူအသင်းကြီး၏ စစ်ကိုင်းတောင်ရိုးပေါ်ရှိ ရဟန်းသံဃာ၊ သီလရှင် သူတော်များအတွက် ဆွမ်းဆန်စိမ်း လောင်းလှူပြီး ရေစက်ချသည့်နေ့လည်း ဖြစ်၍ အလွန်စည်ကားလှပေသည်။

(၁၀) ထူ = ထူပါရုံစေတီ[ပြင်ဆင်ရန်]

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ဓမ္မရုပ်စုံ ဘာသာရေး မဂ္ဂဇင်း၊ အမှတ်(၇)၆၉၊ စစ်ကိုင်းမြို့မှ ဆွမ်းတော်ကြီး ဝတ်အသင်းများ၊ တင်အောင်မျိုး၊ စာ-၁၈