လောကနီတိ

ဝီကီပီးဒီးယား မှ

နီတိ ဟူသော ဝေါဟာရသည် သင်္သကရိုက်ပါဠိ(SANSKRIT-PALI) ဘာသာစကားဖြစ်၍ 'လမ်းညွှန်'ဟု အဓိပ္ပာယ် ဖွင့်ဆိုနိုင်ပေသည်။ လောကလူသားတို့ လိုက်နာအပ်သည့် လူမှုကျင့်ဝတ် နှင့် လူမှုစည်းကမ်းများဆိုင်ရာ လမ်းညွှန်ထားချက်များအားလုံးကို ပေါင်းရုံး၍ လောကနီတိဟု ခေါ်ဝေါ်သုံးနှုန်းခြင်းဖြစ်သည်။ ရှေးလူကြီးများ ထားရစ်ခဲ့ကြသော စကားပုံများ၊ မှတ်သားလိုက်နာဖွယ် အဆိုအမိန့်များ၊ သင်ခန်းစာရယူဖွယ် ဇာတ်ကြောင်းပုံပြင်များထဲမှ ကောင်းနိုးရာရာများကို စုစည်းထားသည့် လူမှုဆိုင်ရာ လောကနီတိကျမ်းသည် ဘာသာမရွေး၊ လူမျိုးမရွေး၊ အရွယ်သုံးပါး အားလုံးအတွက် လိုက်နာဖွယ် ကောင်းလှပါသည်။

လောကနီတိသည် ဘုရားဟောမဟုတ်ပါဟု ဆိုနိုင်သော်လည်း ဘုရားဟောကျမ်းဂန်များစွာထဲမှ လောကီရေးရာများနှင့် ပတ်သက်သည့် အဆိုအမိန့်များကို ထုတ်နှုတ်၍ ထည့်သွင်းပြုစုထားသော ကျမ်းဖြစ်သည်။ နီတိသည် ပါဠိဝေါဟာရဖြစ်သည်။ မြန်မာလို လမ်းညွှန်ဟု အဓိပ္ပာယ်ရသည်။ လောကနီတိသည် လောကအကြောင်းနှင့် စပ်လျဉ်း၍ ကြီးပွားတိုးတက်စေရန် ညွှန်ကြားပေးသော လမ်းညွှန်ကျမ်းဖြစ်သည်။ စင်စစ် ဤကျမ်းသည် လောကီလူသားတို့၏ အနှစ်လည်း မည်၏။ မိဘလည်း မည်၏။ ဆရာလည်း မည်၏။ အဆွေခင်ပွန်းလည်း မည်၏။ ထိုကြောင့် ဤနီတိကျမ်းကို သင်ကြားတတ်မြောက်ထားသော ယောက်ျားသည် အကြားအမြင်များသော၊ မြင့်မြတ်သော ပညာတတ်ယောက်ျား ဖြစ်ပေ၏။

အခန်း( ၁ ) အတတ်ပညာကို ဆိုရာအခန်း[ပြင်ဆင်ရန်]

(၁) ပျင်းသောသူအား အတတ်ပညာ အဘယ်မှာ တတ်အံ့နည်း။ အတတ်ပညာ မရှိသောသူအား ဥစ္စာအဘယ်မှာ ရအံ့နည်း။ ဥစ္စာမရှိသောသူအား အဆွေခင်ပွန်းအဘယ်မှာ ရအံ့နည်း။ အဆွေခင်ပွန်းမရှိသောသူအား ချမ်းသာ အဘယ်မှာ ရအံ့နည်း။ ချမ်းသာမရှိသောသူအား ကောင်းမှု အဘယ်မှာ ရအံ့နည်း။ ကောင်းမှုမရှိသောသူအား နိဗ္ဗာန် အဘယ်မှာ ရနိုင်အံ့နည်း။

(၂) အတတ်နှင့်တူသော ဥစ္စာသည်မရှိ။ အတတ်ကိုခိုးသူတို့သည် မယူနိုင်ကုန်။ ဤလောက၌ အတတ်သည်ကား အဆွေခင်ပွန်းဖြစ်၏။ တမလွန်ဘဝ၌ ချမ်းသာကို ဆောင်တတ်၏။

(၃) အကြားအမြင်ပညာကို နည်း၏ဟူ၍ မအောက်မေ့ရာ။ မိမိစိတ်ထဲ၌ သွင်းထားရာ၏။ တောင်ပို့၌ ရေပေါက်သည် ကျဖန်များစွာ ကြာရှည်သဖြင့် ပြည့်သကဲ့သို့တည်း။

(၄) နှုတ်မှုပညာကိုလည်းကောင်း၊ လက်မှုပညာကိုလည်းကောင်း ငယ်သည်ဟူ၍ မအောက်မေ့ရာ။ ကုန်စင်အောင်တတ်မူကား တစ်ခုသော အတတ်သည်လည်း အသက်မွေးဝမ်းကျောင်း ဖြစ်သည်သာလျှင်တည်း။

(၅) သုတနှင့်ပြည့်စုံသော ပညာရှိသည် အကြင်အရပ်၌ ရှိ၏ဟူ၍ ကြားငြားအံ့၊ ထိုအရပ်သို့ သုတရှာသော အမျိုးကောင်းသား သည် သည်းစွာအားထုတ်၍ သွားရာသည်သာလျှင်တည်း။

(၆) အတတ်ကို ဖြည်းဖြည်းသင်ရာ၏၊ ဥစ္စာကို ဖြည်းဖြည်းရှာရာ၏၊ တောင်ကို တက်သောသူသည် ဖြည်းဖြည်းတက်ရာ၏၊ ကာမဂုဏ်ကို ဖြည်းဖြည်းလိုရာ၏၊ အမျက်ကို ဖြည်းဖြည်းထွက်ရာ၏၊ ဤငါးပါးတို့ကို ဖြည်းဖြည်းအလိုရှိရာ၏။

(၇) အကြားအမြင်အတတ်သည်လည်းကောင်း၊ ဓမ္မအတတ်သည်လည်းကောင်း၊ သင်္ချာဂဏန်းအတတ်သည်လည်းကောင်း၊ တံစည်းစူးဆောက် အတတ်သည်လည်းကောင်း၊ နီတိကျမ်းအတတ်သည် လည်းကောင်း၊ ယာယီယတြာစသော ဗျာကရိုဏ်း အတတ်သည်လည်းကောင်း၊ စောင်းစသော ကဗျာအတတ်သည်လည်းကောင်း၊ လက်ပစ်အတတ်သည်လည်းကောင်း၊ ဒူးလေး လင်းလေး အတတ်သည်လည်းကောင်း၊ စကားဟောင်း အတတ်သည်လည်းကောင်း၊ ဆေးအတတ် သည်လည်းကောင်း၊ ရယ်ရွှင်မှု အတတ်သည်လည်းကောင်း၊ ဗေဒင်အတတ်သည်လည်းကောင်း၊ လှည့်ပတ်တတ်သော အတတ်သည်လည်းကောင်း၊ ဆန်းကျမ်းအတတ်သည် လည်းကောင်း၊ သံတမန်အတတ်သည်လည်းကောင်း၊ မန္တန်အတတ် သည်လည်းကောင်း၊ သဒ္ဒါကျမ်းအတတ်သည် လည်းကောင်း ဤသည်တို့ကား ဆယ့်ရှစ်ပါးသော အတတ်တို့တည်း။

(၈) လောက၌ ပညာရှိသူသည် မမေးမူကား စည်ကြီးသဖွယ်ဖြစ်၏။ သူတည်း မေးမူကား မိုးကြိုးသဖွယ်ဖြစ်၏။ လူမိုက်သည် မေးသော်လည်းကောင်း၊ မမေးသော်လည်းကောင်း အခါခပ်သိမ်းများစွာလည်း ဟောတတ် ပြောတတ်သည်သာလျှင်တည်း။

(၉) လောက၌ ပေတို့၌ အကြင်အတတ်သည်လည်းကောင်း၊ သူတပါးတို့၏ လက်တို့၌ အကြင်ဥစ္စာသည်လည်းကောင်း ရှိ၏။ ပြုဖွယ်ကိစ္စသည် ဖြစ်လတ်သော် ထိုပေ၌ရှိသော အတတ်သည်လည်းကောင်း၊ အတတ်မမည်။ ထိုသူတစ်ပါးတို့၏ လက်၌ရှိသော ဥစ္စာသည်လည်း ဥစ္စာမမည်။

(၁၀) လောက၌ ရေတိမ်ရေနက်ကိုကား ပုဒ္ဒမာကြာကိုမြင်သဖြင့် သိအပ်၏။ အမျိုးယုတ်မြတ်ကိုကား ကိုယ်အမူအရာ၊ နှုတ်အမူအရာအားဖြင့် သိအပ်၏။ မြေကောင်းမကောင်းကိုကား မြက်ညှိုးမညှိုးကိုမြင်သဖြင့် သိအပ်၏။

(၁၁) လောက၌ နည်းသောသုတရှိသူသည် နည်းသော သုတကို အများအောက်မေ့တတ်၏။ မာန်မာန ရှိတတ်၏။ အဘယ်သို့နည်းဟူမူကား သမုဒ္ဒရာရေပြင်ကို မမြင်ဘူးသော ဖားသူငယ်သည် တွင်းဝ၌ ရေကို အများထင်သကဲ့သို့တည်း။

(၁၂) လောက၌ ပထမအရွယ်၌ကား အတတ်မရတုံအံ့။ ဒုတိယအရွယ်၌ကား ဥစ္စာမရတုံအံ့။ တတိယအရွယ်၌ကား တရားမရတုံအံ့။ စတုတ္တအရွယ်တိုင်မှာကား အဘယ်မူစအံ့နည်း။

(၁၃) ချစ်သားတို့ ... အတတ်ပညာသင်ကုန်လော့။ အဘယ်ကြောင့် ပျင်းရိဘိသနည်း။ ချစ်သားတို့ နေ့တိုင်း နေ့တိုင်း အတတ်ပညာသင်ကုန်လော့။ အတတ်ပညာ မရှိသောသူသည် သူ၏ဝန်ထမ်းဖြစ်တတ်၏။ အတတ်ပညာရှိသူကို လောက၌ သူတစ်ပါးတို့ ပူဇော်အပ်၏။

(၁၄) အကြင်အမိသည် သားငယ်ကို အတတ်ပညာသင်မပေး။ အတတ်ပညာသင်၍ မပေးသော အမိသည် ရန်သူမည်၏။ အကြင်အဖသည် အတတ်ပညာ သင်၍မပေး။ အတတ်ပညာသင်၍ မပေးသော အဖသည် ရန်သူမည်၏။ ထိုအတတ်ပညာ မရှိသောသူသည် ဟင်္သာတို့အလယ်၌ ဗျိုင်းကဲ့သို့ သဘင်အလယ်တွင် မတင့်တယ်။

(၁၅) တောင်ချောက်ကြား၌ ရောက်သောဆူးကို ဘယ်သူထက် စိမ့်ချွန်သနည်း။ မိမိအလိုလိုသာလျှင် ထက်ပချေ၏။ သမင်တို့၏ မျက်စိ၌ ဘယ်သူမျက်စဉ်းခတ်၍ ကြည်သနည်း။ မိမိအလိုလိုသာလျှင် ကြည်ပချေ၏။ ညွန်၌ ကြာကို ဘယ်သူအနံ့ကောင်း ထည့်ပေးချေသနည်း။ အလိုလိုသာလျှင် အနံ့ကောင်းထုံ၏။ အမျိုးကောင်းသား၏ သဘောသည် ဘယ်သူပြု၍ ဖြစ်သနည်း။ မိမိအလိုသာ ဖြစ်ပချေ၏။

(၁၆) ထုံးမရှိသော ကွမ်းသည် အရသာမရှိ။ ဥစ္စာမရှိသူ၏ တန်ဆာဆင်ခြင်သည်လည်း အရသာမရှိ။ ဆားမရှိသော စားဖွယ်သည်လည်း အရသာမရှိ။ အတတ်မရှိသောသူ၏ ပျို့ကဗျာဖွဲ့ခြင်းသည်လည်း အရသာမရှိ။

(၁၇) နာခြင်း မှတ်ခြင်း၌ ကောင်းစွာ အားထုတ်သော သူသည် သုတဖြင့် ပြည့်စုံ၏။ သုတပညာဖြင့် ပွား၏။ သုတပညာဖြင့် အနက်ကိုသိ၏။ သိအပ်သော အနက်သည် ချမ်းသာကို ဆောင်၏။

(၁၈) လောက၌ အစာစားခြင်းသည် လည်းကောင်း၊ မေထှန်မှီဝဲခြင်းသည် လည်းကောင်း၊ အိပ်ခြင်းသည်လည်းကောင်း၊ နွား၌လည်းကောင်း၊ ယောက်ျား၌ လည်းကောင်း ရှိ၏။ အတတ်ပညာ ဟူသည်ကား ယောက်ျားအား အထူးပေးတည်း။ အတတ်ပညာမှ ယုတ်ခဲ့မူကား နွားနှင့်တူသည် ဖြစ်၏။

(၁၉) လောက၌ အတတ်ပညာနှင့်တူသော အဆွေခင်ပွန်းသည် မရှိ။ အနာနှင့်တူသော ရန်သူသည် မရှိ။ ကိုယ်နှင့်တူသော ချစ်သော သူမည်သည် မရှိ။ ကံနှင့် တူသော အားသည်မရှိ။

(၂၀) လောက၌ ဟင်္သာသည် ကျီးတို့၏အလယ်၌ မတင့်တယ်။ ခြင်္သေ့သည် နွားတို့၏အလယ်၌ မတင့်တယ်။ မြင်းသည် မြည်းတို့၏ အလယ်၌ မတင့်တယ်။ လူမိုက်တို့၏ အလယ်၌ ပညာရှိသည် မတင့်တယ်။

(၂၁) အကယ်၍ သူမိုက်သည် အသက်ထက်ဆုံးလည်း ပညာရှိကို ဆည်းကပ်ငြားအံ့၊ ထိုသူမိုက်သည် တရားကိုမသိ။ အဘယ်ကဲ့သို့ နည်းဟူမူ ယောက်မသည် ဟင်း၏ အရသာကို မသိသကဲ့သို့တည်း။

(၂၂) အကယ်၍ ပညာရှိသည် ခဏမျှလည်း ပညာရှိကို ဆည်းကပ်ငြားအံ့။ တရားကိုသိ၏။ အဘယ်ကဲ့သို့ နည်းဟူမူကား လျှာသည် ဟင်း၏ အရသာကို သိသကဲ့သို့တည်း။

(၂၃) ရဲရင့်သောသူသည် လက်နက်ကိုကင်း၍ စစ်မြေအရပ်သို့ မသွားရာ။ ထို့အတူ ပညာရှိသည် ကျမ်းဂန်ကို ကင်း၍ စကားမဆိုရာ။ အဓွန့်ရှည်သော ခရီးသို့ သွားသောကုန်သည်သည် အဖော်ကင်း၍ မသွားရာ။ အရပ်တစ်ပါးသို့ သွားသောသူသည် အဖော်ကို ကင်း၍ မသွားရာ။

(၂၄) လောက၌ ဥစ္စာပျက်ခြင်းသည် လည်းကောင်း၊ နှလုံးပူပန်ခြင်းသည် လည်းကောင်း၊ အိမ်၌ မကောင်းမှုကိုကျင့်ခြင်းတို့ကို လည်းကောင်း၊ လှည့်ပတ်ခြင်းကိုလည်းကောင်း၊ မထီမဲ့မြင်ပြုခြင်းကိုလည်းကောင်း၊ ပညာရှိသည် ထင်ရှားမပြရာ။

(၂၅) လောက၌ အရေးအခွင့်ရောက်သည်နှင့် လျော်သောစကားကိုလည်းကောင်း၊ ကိုယ်အား လျောက်ပတ်သော ချစ်အပ်သောသူကို လည်းကောင်း၊ ကိုယ်နှင့် တန်ရုံသော အမျက်ကိုလည်းကောင်း အကြင်သူသည် သိတတ်၏။ ထိုသူသည် ပညာရှိမည်၏။

(၂၆) ဥစ္စာမရှိပဲ အရသာ စားကြူးသောသူ၊ ခွန်အားမရှိပဲ အသတ်အပုတ် ကြိုက်တတ်သောသူ၊ ပညာမရှိပဲ စကားလိုလား သောသူ၊ ဤသူတို့ကား သူရူးနှင့် တူကုန်၏။

(၂၇) သူမခေါ်ဘဲ သူ့အိမ်သို့ သွားဖန်များသောသူ၊ သူမပေးဘဲ စကားများများပြောတတ်သောသူ၊ မိမိဂုဏ်ကျေးဇူးကို ပလွှားတတ်သောသူ၊ ဤသုံးပါးသည် သူယုတ်၏ လက္ခဏာတည်း။

(၂၈) အဆင်းမလှသော သူသည် စကားများတတ်၏။ ပညာနည်းသောသူသည် ထင်ရှားပြတတ်၏။ ရေမပြည့်သောအိုးသည် ချောက်ချားတတ်၏။ နို့ရည်မထွက်သော နွားမသည် ကျောက်ကန်တတ်၏။

(၂၉) ဖားသူငယ်သည် ဆောင့်ကြောင့်ထိုင်တတ်ကာမူ ခြင်္သေ့ဟုထင်၏။ ကျီးတည်းချီးမူကား ချစ်ဆွေ ချစ်ဆွေဟု မြည်တတ်၏။ ပညာမရှိသော သူမိုက်သည်လည်း မိမိကိုယ်ကို ပညာရှိထင်ခြင်းကြောင့် ပညာရှိတို့သည် မေးလတ်သော် ငါ့ရှင်ငါ့ရှင်ဟု ချစ်စဖွယ်သော စကားကို ဆိုတတ်၏။

(၃၀) ဖားသူငယ်သည်လည်း ဆောင့်ကြောင့်ထိုင်ခြင်းတူမူကား ခြင်္သေ့ တူကောင်းအံ့လော။ ဝက်သည်လည်း အုတ်အုတ်မြည်တတ်ကာမူ ကျားသစ် တူကောင်းအံ့လော။ ကြောင်သည်လည်း အဆင်းသဏ္ဌာန်တူကာမူ ကျားတူကောင်းအံ့လော။ ပညာရှိတို့သည်လည်း အတတ်ချင်း တူကောင်းအံ့လော။

(၃၁)။ မင်းတို့သဘော မည်သည့်ဥစ္စာ၌ ရောင့်ရဲခြင်းမရှိ။ မျက်စိသည်လည်း ချစ်သောသူကို မြင်ခြင်း၌ ရောင့်ရဲခြင်းမရှိ။ သမုဒ္ဒရာသည် ရေ၌ ရောင့်ရဲခြင်း မရှိ။

(၃၂) အဆင်းအရွယ်နှင့် ပြည့်စုံခြင်းမူလည်း၊ ပြန့်ပြောကြွယ်ဝသော အမျိုး၌ ဖြစ်လျှင်မူလည်း အတတ်ပညာမှ ယုတ်ခဲ့မူကား မတင့်တယ်ကုန်။ ပေါက်ပန်းတို့သည် အနံ့ကင်းကုန်သကဲ့သို့တည်း။

(၃၃) လောက၌ အမျိုးယုတ်သောသူ၏ သားဖြစ်လျက် မင်း၏ အမတ်ဖြစ်တတ်၏။ လူမိုက်၏သားဖြစ်လျက်လည်း ပညာရှိဖြစ်တတ်၏။ ဥစ္စာမရှိသောသူ၏ သားဖြစ်လျက်လည်း ဥစ္စာများတတ်၏။

(၃၄) အကြင်တပည့်သည် အတတ်ပညာလိုသဖြင့် အထူးထူးအပြားပြားများစွာ သင်တတ်၏။ ထိုတပည့်လည်း အတတ်ကို အိပ်မက်ကိုမြင်သော သူအကဲ့သို့ ပြန်ဆိုခြင်းငှာ မစွမ်းနိုင်ရာ။

(၃၅) အိုးထိန်းသည်သည် အိုးကို ကွဲစိမ့်သောငှာ မခတ်၊ တင့်တယ်စိမ့်သောငှာ ခတ်၏။ ဆရာသည် တပည့်တို့အား အပယ်ဆင်းရဲသို့ ကျစေခြင်းငှာ မပုတ်ခတ်၊ အတတ်ပညာ အစီးအပွားဟူသော အကြောင်းကြောင့် ပုတ်ခတ်၏။

(၃၆) အကြင်သူသည် တောင်ဇလပ်ပန်းကိုလျှင် ပေါက်ဖက်နှင်ထုပ်၏။ ထိုသူ၏ တောင်ဇလပ်ပန်းသူသည်လျှင် ကောင်းသောအနံ့ကို လှိုင်စေသည်ကား မဟုတ်၊ ပေါက်ဖက်တို့သည်လည်း ကောင်းသော အနံ့ကို လှိုင်စေကုန်၏။ ထို့အတူ ပညာရှိနှင့် ပေါင်းဖက်မှီဝဲရသောသူတို့ကို မှတ်အပ်၏။

အခန်း( ၂ ) သူ​တော်​ကောင်းကို ဆိုရာအခန်း[ပြင်ဆင်ရန်]

(၃၇) သူတော်ကောင်းတို့နှင့်သာလျှင် ပေါင်းဖက်ရာ၏။ သူတော်ကောင်းတို့နှင့် ပေါင်းဖက်ခြင်းကို ပြုရာ၏။ သူတော်ကောင်းတို့၏ တရားကိုသိ၍ မြတ်သည်ဖြစ်၏။ ယုတ်မာသည် မဖြစ်။

(၃၈) သူယုတ်တို့နှင့် ပေါင်းသင်းခြင်းကို စွန့်လော့။ ပေါင်းဖက်အပ်သော သူတော်ကောင်းသို့ ဆည်းကပ်လေ့။ နေ့စဉ်ပတ်လုံး ကောင်းမှုကို ပြုလော့။ သင်္ခါရတရားတို့၏ မမြဲသောအဖြစ်ကို အမြဲအောက်မေ့လော့။

(၃၉) ရေသဖန်းသီးမှည့်တို့သည် နီစွာသာလျှင်ကတည်း။ အတွင်း၌ကား ပိုးအတိပြည့်ကုန်သည်ဖြစ်သကဲ့သို့ ထို့အတူ သူယုတ်တို့၏ နှလုံးတို့သည် ဖြစ်ကုန်၏။

(၄၀) ပိန္နဲသီးတို့သည်ကား အပ၌ ဆူးသာထင်ကုန်၏ အတွင်း၌ကား အမြိန်အရသာတို့နှင့် ပြည့်စုံကုန်သည် ဖြစ်ကုန်သကဲ့သို့ ထို့အတူ သူတော်ကောင်းတို့သည်လည်း ဖြစ်ကုန်၏။

(၄၁) လောက၌ စန္ဒကူးပင်သည် ခြောက်သွေ့သော်လည်း အနံ့ကိုမစွန့်။ ဆင်ပြောင်သည် စစ်မြေပြင်ကို့ရောက်သော်လည်း လူတို့၏ မျက်မှောက်၌ တင့်တင်ခြင်းကို မစွန့်။ ကြံသည် ယန္တရားစက်၏ အဝသို့ရောက်သော်လည်း ချိုသောအရသာကို မစွန့်။ ပညာရှိသူတော်ကောင်းသည်လည်း ဆင်းရဲခြင်းသို့ ရောက်သော်လည်း သူတော်ကောင်းတရားကို မစွန့်သာလျှင်တည်း။

(၄၂) ခြင်္သေ့သည် မွတ်သိပ်သော်လည်း သစ်ရွက်စသည်တို့ကို မစား။ ခြင်္သေ့မည်သည်ကား ကြုံလှီသော်လည်း ဆင်သားကို မစား။

(၄၃) မြတ်သော အမျိုး၌ဖြစ်ထသော အမျိုးအနွယ်ကို စောင့်ထသော အမျိုးကောင်းသားသည် မိမိသည် ဆင်းရဲခြင်းကို ရောက်သော်လည်း ယုတ်သော အမှုကို မပြုရာ။

(၄၄) လောက၌ စန္ဒကူးသည် ချမ်းမြေ့စွာ၏။ ထိုစန္ဒကူး ချမ်းမြေ့သည်ထက် လသည်သာလျှင် ချမ်းမြေ့၏။ စန္ဒကူးနှင့် လတို့ ချမ်းမြေ့သည်ထက် ကောင်းစွာဆိုအပ်သော သူတော်ကောင်းတို့၏ စကားသည် ချမ်းမြေ့စွာ၏။

(၄၅) ရောင်ခြည်တစ်ထောင်ဆောင်သော နေမင်းသည် အနောက်မျက်နှာ၌ တက်ရာ၏။ မြင်းမိုရ်တောင်မင်းသည် ညွတ်ရာ၏။ အကယ်မလွဲ ငရဲမီးသည် ချမ်းမြေ့ရာ၏။ တောင်ထိပ်၌လည်း ကြာသည် ပွင့်ရာ၏။ သူတော်ကောင်းတို့၏ စကားသည် တရံတဆစ်မျှ မဖောက်ပြန်ရာ။

(၄၆) သစ်ပင်၏ အရိပ်သည်လျှင် ချမ်းသာ၏။ ထိုသစ်ပင်အရိပ်၏ ချမ်းသာသည်ထက် ဆွေမျိုးမိဘ၏ အရိပ်သည် ချမ်းသာ၏။ ထိုဆွေမျိုးမိဘ အရိပ်ချမ်းသာသည်ထက် ဆရာသမား၏ အရိပ်သည် ချမ်းသာ၏။ ထိုဆရာသမားတို့၏ အရိပ်ချမ်းသာသည်ထက် မင်း၏ အရိပ်သည် ချမ်းသာ၏။ ထိုမင်း၏ အရိပ်ချမ်းသာသည်ထက် မြတ်စွာဘုရား၏အရိပ်ဟု ဆိုအပ်သော တရားသည် များစွာသော အပြားအားဖြင့် ချမ်းသာ၏။

(၄၇) ပိတုန်းတို့သည် ပန်းကို အလိုရှိကုန်၏။ သူတော်ကောင်းတို့သည် ဂုဏ်ကျေးဇူးကို အလိုရှိကုန်၏။ ယင်တို့သည် အပုတ်ကို အလိုရှိကုန်၏။ သူယုတ်တို့သည် အမျက်ကို အလိုရှိကုန်၏။

(၄၈) အမိယုတ်သောသူကား မကောင်းသောစကား ရှိသည်ဖြစ်၏။ အဘယုတ်သောသူကား မကောင်းသော အမူအကျင့်ရှိသည်ဖြစ်၏။ မိဘနှစ်ပါး စုံယုတ်မူကား မကောင်းသောစကား ရှိသည်လည်းဖြစ်၏ မကောင်းသောအမူအကျင့် ရှိသည်လည်းဖြစ်၏။

(၄၉) အမိမြတ်သောသူကား ကောင်းသောစကားရှိ၏။ အဘမြတ်သောသူကား ကောင်းသောအမှုအကျင့်ရှိ၏။ မိဘနှစ်ပါး စုံမြတ်မူကား ကောင်းသောစကားလည်းရှိ၏။ ကောင်းသောအမူအကျင့်လည်းရှိ၏။

(၅၀) စစ်မြေပြင်၌ ရဲရင့်သောသူကို အလိုရှိကုန်၏။ ခိုက်ရန်ဖြစ်သောအခါတွင် စကား၌ လိမ္မာသူကို အလိုရှိကုန်၏။ ထမင်း အဖျော်စားသောက်သော အခါ၌ ချစ်သောသူကို အလိုရှိကုန်၏။ အနက်သဒ္ဒါခက်ခဲစွာသော အရေးအရာ အမှုကိစ္စရှိသော ကာလတို့၌ ပညာရှိသော သူကို အလိုရှိကုန်၏။

(၅၁) ခွေးတစ်ကောင်သည် ခွေးတစ်ကောင်ကိုမြင်၍ ချုပ်ချယ်လျက် ညှဉ်းဆဲအံ့သောငှာ သွားကို ပြ၏။ သူယုတ်သည် သူတော်ကောင်းကို မြင်လျှင် ချုပ်ချယ်လျက် ညှင်းဆဲခြင်းအမှုကို ပြုခြင်းငှာ အလိုရှိ၏။

(၅၂) လျင်စွာ အမှုကိစ္စဟူသမျှကို မိမိလည်း မပြုသင့်။ သူတစ်ပါးကိုလည်း မပြုစေလင့်။ အဆောတလျင်ပြုမူကား ပညာနည်းသူသည် နောက်မှ ပူပန်ရတတ်သည်။

(၅၃) လောက၌ အမျက်ကို ဖျောက်နိုင်မူကား တရံတဆစ်မျှ မစိုးရိမ်ရ။ သူ့ကျေးဇူးကို ဆိုတတ်သောသူကို ဘုရားစသော သူတော်ကောင်းတို့သည် ချီးမွမ်းကုန်၏။ ခပ်သိမ်းကုန်သောသူတို့၏ ကြမ်းကြုတ်သောစကားကို သည်းခံလော့။ ဤသို့သော သည်းခံခြင်းကို မြတ်၏ဟူ၍ သူတော်ကောင်းတို့သည် ဆိုကုန်၏။

(၅၄) လောက၌ မစင်အတိပြည့်သော ကျဉ်းမြောင်းသောအရပ်၌ နေရခြင်းသည် ဆင်းရဲ၏။ ထိုထက် မချစ်မနှစ်သက်လိုသော ရန်သူထံ၌ နေရခြင်းသည် ဆင်းရဲ၏။ ထိုထက်လည်း သူ့ကျေးဇူးကို မသိတတ်သောသူနှင့် နေရခြင်းသည် ဆင်းရဲ၏။

(၅၅) ဆုံးမသင့်သောအရာ၌ ဆုံးမရာ၏။ မပြတ်ဆုံးမရာ၏။ ယုတ်မာသော အကျင့်မှလည်း တားမြစ်ရာ၏။ ထိုစကား သင့်စွ။ ထိုဆုံးမတတ်သောသူကို သူတော်ကောင်းတို့သည် ချစ်ခင်အပ်သည် ဖြစ်၏။ သူတော်မဟုတ် သူယုတ်တို့သည် မချစ်ခင်အပ်သည် ဖြစ်၏။

(၅၆) ကိုယ့်ထက် မြတ်သောသူကို ကိုယ့်ကို နှိမ်ချသဖြင့် အောင်ရာ၏။ ရဲရင့်သောသူကို သင်းခွဲသဖြင့် အောင်ရာ၏။ ကိုယ့်အောက်နိမ့်သောသူကို တစိုးတစိ ပေးခြင်းဖြင့် အောင်ရာ၏။ ကိုယ်နှင့်တူသောသူကို လုံ့လပြုခြင်းနှင့် အောင်ရာ၏။

(၅၇) လောက၌ အဆိပ်ကို အဆိပ်ဟူ၍ မဆိုကုန်။ သံဃာ၏ ဥစ္စာကို အဆိပ်ဟူ၍ ဆိုအပ်၏။ အဆိပ်သည် တစ်ကြိမ်သာလျှင် သတ်တတ်၏။ သံဃာ၏ ဥစ္စာသည်ကား အကြိမ်ကြိမ် အဖန်ဖန် သတ်တတ်၏။

(၅၈) လျင်မြန်ခြင်းဖြင့် မြင်းကောင်း ကျေးဇူးကို သိကုန်၏။ လေးလံသောဝန်ကို ရွက်ဆောင်သဖြင့် နွားကျေးဇူးကို သိကုန်၏။ နို့ညှစ်ခြင်းဖြင့် နို့ထွက်နွားမ၏ ကျေးဇူးကို သိကုန်၏။ ကြံစဉ်လျှို့ဝှက်ရာ၌ ပြောဆိုနိုင်ခြင်းဖြင့် ပညာရှိကျေးဇူးကို သိကုန်၏။

(၅၉) သူတော်ကောင်းတို့၏ ဥစ္စာသည် အနည်းငယ်သော်လည်း တွင်းဝ၌ရေကဲ့သို့ သူတစ်ပါးတို့ မှီခိုရာ၏။ သူတော်ကောင်း မဟုတ်သော သူတို့၏ ဥစ္စာသည်များ သော်လည်း သမုဒ္ဒရာ၌ ရေကဲ့သို့ သောက်ချိုးရာ မှီရာ မရ။

(၆၀) ရေကိုမြစ်တို့သည် မသောက်ကုန်။ သစ်ပင်တို့သည် အသီးကို မစားကုန်။ မိုးသည် အချို့သောအရပ်တို့၌ မရွာကုန်။ သူတော်ကောင်းတို့၏ ဥစ္စာသည်လည်း သူတစ်ပါးတို့ အကျိုးမှာသာတည်း။

(၆၁) မတောင့်တအပ်သည်ကို မတောင့်တရာ။ မကြံအပ်သည်ကို မကြံရာ။ တရားသဘောနှင့် ကောင်းစွာယှဉ်သူတို့သာ ကောင်းစွာ ကြံရာ၏။ အချဉ်းနှီးသော ကာလကို အလိုမရှိရာ။

(၆၂) မကြံဘဲနှင့်လည်း ဖြစ်တတ်၏။ ကြံသော်လည်း ပျက်တတ်၏။ ထိုစကားသည် သင့်စွ။ မိန်းမအား လည်းကောင်း၊ ယောက်ျားအား လည်းကောင်း၊ စည်းစိမ်တို့သည် ကြံတိုင်းလည်း မပြီးကုန်။

(၆၃) အကြင်သူသည် သူတော်မဟုတ်သောသူအား ချစ်အပ်သည်ဖြစ်၏။ သူတော်ကောင်းကို ချစ်ခြင်းကိုမပြု။ မသူတော်တို့၏ တရားကိုသာလျှင် နှစ်သက်၏။ ထိုသူ၏ အမူအကျင့်သည် ပျက်စီးအပ်သည်၏ အကြောင်းတည်း။

အခန်း ( ၃ ) သူယုတ်ကို ဆိုရာအခန်း[ပြင်ဆင်ရန်]

(၆၄) မြွေသည် အမျက်လွန်၏။ သူယုတ်သည်လည်း အမျက်လွန်၏။ မြွေထက် သူယုတ်သည်ကား အမျက်လွန်၏။ ထိုမြွေကိုကား မန္တရားဆေးဝါးတို့ဖြင့် ငြိမ်းစေနိုင်၏။ သူယုတ်ကိုကား အဘယ်မည်သော ဆေးဖြင့် ငြိမ်းစေနိုင်အံ့နည်း။

(၆၅) အကြင်လူမိုက်သည် မိမိမိုက်သောအဖြစ်ကို သိ၏။ ထိုသို့သိခြင်းကြောင့် ထိုသို့ မိုက်သောသူဖြစ်လျက်လည်း ပညာရှိမည်၏။ အကြင်လူမိုက်သည်ကား မိုက်လျက်လျှင် မိမိကိုယ်ကို ပညာရှိဟု ထင်၏။ ထိုသူမိုက်သည်သာလျှင် စင်စစ် သူမိုက်ဟူ၍ ဆိုအပ်၏။

(၆၆) သူမိုက်သည် အကြင်မျှလောက် မိမိပြုသောမကောင်းမှုသည် အကျိုးမပေးသေး။ ထိုမျှလောက်ပျားရည်ကဲ့သို့ အောက်မေ့တတ်၏။ အကြင်အခါ၌ကား မိမိပြုသော မကောင်းမှုသည် အကျိုးပေး၏။ ထိုအခါ၌ ဆင်းရဲခြင်းသို့ ရောက်၏။

(၆၇) သူမိုက်သည် ကိုယ်အားရှိမှု မကောင်း၊ အနိုင်အထက် သူ၏ဥစ္စာကို ရအောင်ယူတတ်၏။ ပညာနည်းသော ထိုသူမိုက်သည် ကိုယ်ခန္ဓာပျက်သည်မှ နောက်၌ ငရဲသို့ ရောက်တတ်၏။

(၆၈) အိမ်၌ ဖျက်ဆီးတတ်သည်ကား ကြွက်တည်း။ တော၌ ဖျက်ဆီးတတ်သည်ကား မျောက်တည်း။ ငှက်၌ ဖျက်ဆီးတတ်သည်ကား ကျီးတည်း။ လူ၌ ဖျက်ဆီးတတ်သည်ကား ပုဏ္ဏားတည်း။

(၆၉) နိုးကြားသောသူအား ညဉ့်သည်ရှည်၏။ ခရီးပန်းသောသူအား တစ်ယူဇနာခရီးသည် ရှည်၏။ သူတော်ကောင်းတရားကို မသိကုန်သော သူမိုက်အား သံသရာသည် ရှည်၏။

(၇၀) ယုတ်သော သဘောရှိသောသူသည် သူတစ်ပါးတို့၏ နှမ်းစေ့ခန့်မျှသာရှိသော အနည်းငယ်သော အပြစ်ကိုသာလျှင် မြင်တတ်၏။ အုန်းသီးလောက်ရှိသော မိမိအပြစ်ကိုကား မမြင်တတ်။

(၇၁) လူမိုက်သည် ပညာရှိအား ချီးမွမ်းခြင်းဖြင့် ဒဏ်ကို ပေးသည်မည်၏။ ပညာရှိကို ပညာရှိသည်သာလျှင် ချီးမွမ်းခြင်းသည် ကောင်းစွာ ချီးမွမ်းခြင်းမည်၏။

(၇၂) လိုချင်တပ်မက်ခြင်းရှိသောသူကို တံစိုးလက်ဆောင်ပေးခြင်းဖြင့် ယူရာ၏။ မာနခက်ထန်သောသူကို လက်အုပ်ချီသဖြင့် ယူရာ၏။ သူမိုက်ကိုကား အလိုသို့လိုက်သဖြင့် ယူရာ၏။ ပညာရှိကို အဟုတ်အမှန်ဆိုသဖြင့် ယူရာ၏။

အခန်း( ၄ ) အ​ဆွေခင်ပွန်းအား ဆိုရာအခန်း[ပြင်ဆင်ရန်]

(၇၃) စီးပွားကိုဆောင်သည်ရှိသော် သူတစ်ပါးသည်လည်း အဆွေမည်၏။ စီးပွားကို မဆောင်မူ အဆွေသည်လည်း သူတစ်ပါးမည်၏။ အနာသည် ကိုယ်၌ဖြစ်လျက် စီးပွားကိုမဆောင်လေ။ ဆေးကား တော၌ဖြစ်လျက် စီးပွားကို ဆောင်လေသလျှင်ကတည်း။

(၇၄) မျက်ကွယ်၌ ကျေးဇူးကို ချေတတ်သော၊ မျက်မှောက်၌ ချစ်ဖွယ်သော စကားကို ဆိုတတ်သော ထိုသို့သဘောရှိသော အဆွေခင်ပွန်းကို အဆိပ်အိုး၌ ပျားတို့ကြဉ်ရာသကဲ့သို့ ကြဉ်ရာ၏။

(၇၅) ဥစ္စာတည်းယုတ်မူကား အဆွေခင်ပွန်းသည် စွန့်တတ်၏။ သားမယားတို့သည် လည်းကောင်း၊ ညီသား အစ်ကိုတို့သည် လည်းကောင်း၊ စွန့်တတ်ကုန်၏။ ဥစ္စာရှိသောသူတို့ကိုသာလျှင် မှီဝဲကုန်၏။ ထို့ကြောင့် ဥစ္စာသည်သာလျှင် လောက၌ ခင်ပွန်းကြီးတည်း။

(၇၆) လောက၌ ကျွန်သူခစားကို စေပါးခိုင်းခန့်မှသာလျှင် ကောင်းမကောင်း သိရာ၏။ ဆွေမျိုးတို့ကိုလည်း ဘေးရောက်သောအခါ၌ သိရာ၏။ အဆွေခင်ပွန်းကို ဥစ္စာနည်းသောအခါ သိရာ၏။ မယားကိုလည်း စည်းစိမ်ကုန်မှသာလျှင် သိရာ၏။

(၇၇) အကြင်သူသည် အစီးအပွား၌ ယှဉ်စေတတ်၏။ ထိုသူသည် အဆွေခင်ပွန်းမည်၏။ အကြင်သူသည် ကျွေးမွေးတတ်သည် ဖြစ်၏။ ထိုသူသည် မိဘမည်၏။ အကြင်သူသည် ချစ်ကျွမ်းဝင်၏။ ထိုသူသည် ခင်ပွန်းမည်၏။ အကြင်သူသည် နှလုံးငြိမ်း၏။ ထိုသို့ ငြိမ်းစေတတ်သော သူသည် မယားမည်၏။

(၇၈) ရန်သူနှင့်လည်း အကျွမ်းမဝင်ရာ။ အဆွေခင်ပွန်းနှင့်လည်း အကျွမ်းမဝင်ရာ။ အဆွေခင်ပွန်းသည် အမျက်ထွက်လတ်သော် ခပ်သိမ်းသော အပြစ်ကို ထင်ရှားပြသ၏။

(၇၉) အကြင်သူသည် ခင်ပွန်းနှင့် တစ်ကြိမ် အမျက်ထွက်ဖူး၏။ ထိုသူသည် တစ်ဖန်စေ့စပ်ခြင်းငှာ အလိုရှိငြားအံ့။ ကိုယ်ဝန်သည် အဿထိုရ်မြင်းကို ဖွားအံ့သော မြင်းမကဲ့သို့ သေမင်းနိုင်ငံသို့ ဆောင်၏။

(၈၀) အကြင်မျှလောက် မိမိ၏ အကြံကာလသည် မရောက်သေး။ ထိုရွေ့လောက် ရန်သူကိုလျှင် ပခုံးဖြင့် ရွက်ဆောင်ရာ၏။ မိမိ၏ အကြံကာလသည် ပြည့်စုံခြင်းသို့ ရောက်လေပြီးသော် ထိုရန်သူကိုလျှင် ကျောက်၌ ရွက်ဆောင်သော အိုးကို ခွဲသကဲ့သို့ ဖျက်ရာ၏။

(၈၁) မြီကြွင်းသည် လည်းကောင်း၊ မီးကြွင်းသည် လည်းကောင်း၊ ရောဂါကြွင်းသည် လည်းကောင်း အဖန်တလဲလဲ ပွားတတ်ကုန်၏။ ထို့ကြောင့် အကြွင်းကို မပြုရာ။

(၈၂) အကြင်သူ၏ မျက်နှာကား ပဒုမ္မာကြာကဲ့သို့ ရွှင်၏။ ဆိုသောစကားသည်လည်း စန္ဒကူးကဲ့သို့ ချမ်းအေး၏။ နှလုံး၌ကား သေစေတတ်သော အဆိပ်ကဲ့သို့ ရှိ၏။ ထိုသို့သော သဘောရှိသောသူကို မမှီဝဲရာ။

(၈၃) ကြမ်းကြုတ်သော အရှင်ကို မမှီဝဲရာ။ ထိုထက် ဝန်တိုသော အရှင်ကို မမှီဝဲရာ။ ထိုထက် မချီးမြှင့်တတ်သော အရှင်ကို မမှီဝဲရာ။ ထိုထက် နှိပ်စက်တတ်သော အရှင်ကို မမှီဝဲရာသာလျှင်တည်း။

(၈၄) ဦးချိုရှိသော သတ္တဝါကို အတောင်ငါးဆယ် အရပ်မှ ကြဉ်ရာ၏။ မြင်းကိုကား အတောင် တစ်ရာမှ ကြဉ်ရာ၏။ အစွယ်ရှိသော ဆင်ကိုကား အတောင် တစ်ထောင်ကသာလျှင် ကြဉ်ရာ၏။ သူမကောင်းကိုကား အရပ်ကိုစွန့်သဖြင့် ကြဉ်ရာ၏။

(၈၅) မကောင်းသော အရပ်ကို လည်းကောင်း၊ မကောင်းသော ခင်ပွန်းကို လည်းကောင်း၊ မကောင်းသော အမျိုးကို လည်းကောင်း၊ မကောင်းသော အဆွေခင်ပွန်းကို လည်းကောင်း၊ မကောင်းသော မယားကို လည်းကောင်း၊ မကောင်းသော ကျွန်ကို လည်းကောင်း၊ ဝေးစွာရှောင်ကြဉ်ရာ၏။

(၈၆) အကြင်ခင်ပွန်းတို့သည် အနာနှိပ်စက်သော ကာလ၌လည်းကောင်း၊ ငတ်မွတ်ခေါင်းပါးသော ကာလ၌လည်းကောင်း၊ စည်းစိမ်ပျက်စီးသော ကာလ၌လည်းကောင်း၊ ရန်သူမိသော ကာလ၌လည်းကောင်း၊ မင်းအိမ်တံခါး၌ လည်းကောင်း၊ သုသာန်တစပြင်၌ လည်းကောင်း တည်ရပ်ပေကုန်၏။ ထိုခင်ပွန်းတို့သည်သာလျှင် ခင်ပွန်းကောင်း မည်၏။

(၈၇) နှုတ်ခွန်းချိုသော စကားရှိသောသူသည် များသော အဆွေခင်ပွန်းရှိ၏။ ကြမ်းကြုတ်သောသူသည် နည်းသော ခင်ပွန်းရှိ၏။

အခန်း ( ၅ ) မိန်းမအား ဆိုရာအခန်း[ပြင်ဆင်ရန်]

(၈၈) ဥဩတို့၏ အဆင်းကား အသံလျှင်တည်း။ မိန်းမတို့၏ အဆင်းကား လင်ကို မြတ်နိုးခြင်းတည်း။ မကောင်းသော ရုပ်သဏ္ဌာန်ရှိသောသူ၏ အဆင်းကား အတတ်တည်း။ ရသေ့တို့၏ အဆင်းကား သည်းခံခြင်းတည်း။

(၈၉) မိန်းမတို့၏ ဥစ္စာကား အဆင်းတည်း။ ယောက်ျားတို့၏ ဥစ္စာသည် အတတ်လျှင်တည်း။ ရဟန်းတို့၏ ဥစ္စာကား သီလတည်း။ မင်းတို့၏ ဥစ္စာသည်ကား ရဲမက်ဗိုလ်ပါတည်း။

(၉၀) ရသေ့ ရဟန်းတို့သည်ကား ကြုံမှသာလျှင် တင့်တယ်ကုန်၏။ ခြေလေးခုရှိသော သတ္တဝါတို့သည်ကား ဆူကုန်မှသာလျှင် တင့်တယ်ကုန်၏။ ယောက်ျားတို့သည်ကား အတတ်ပညာရှိမှသာလျှင် တင့်တယ်ကုန်၏။ မိန်းမတို့သည်ကား လင်သားရှိမှ တင့်တယ်ကုန်၏။

(၉၁) တတ်လှစွာသော စောင်းသမားသည် ငါးရက်မျှ စောင်းနှင့်ကင်းမူ ပျက်၏။ တတ်လှစွာသော လေးသမားသည် ခုနစ်ရက်မျှ လေးနှင့်ကင်းမူ ပျက်၏။ တော်မှန်လှစွာသော မယားဖြစ်လျှင်မူလည်း လင်နှင့် တစ်လကင်းမူ ပျက်၏။ တပည့်တို့ကား လခွဲကားမူ ပျက်၏။

(၉၂) ကျွဲကား ညွန်ရှိမှသာလျှင် မွေ့လျော်၏။ ဟင်္သာငှက်သည် ရေကန်ရှိမှသာလျှင် မွေ့လျော်၏။ မိန်းမကား ယောက်ျားရှိမှသာ မွေ့လျော်၏။ ရဟန်းကား တရားရှိမှသာလျှင် မွေ့လျော်၏။

(၉၃) ထမင်းကိုကား အစာကြေမှ ချီးမွမ်းရာ၏။ မယားကိုလည်း အရွယ်လွန်မှ ချီးမွမ်းရာ၏။ ရဲမက်ကိုကား စစ်အောင်၍ ပြန်မှ ချီးမွမ်းရာ၏။ ကောက်ကို အိမ်သို့ရောက်မှ ချီးမွမ်းရာ၏။

(၉၄) နှစ်လင် သုံးလင် ကွာပြီးသော မိန်းမသည်လည်းကောင်း၊ နှစ်ကျောင်း သုံးကျောင်း ပြောင်းပြီးသော ရဟန်းသည်လည်းကောင်း၊ ကျော့ကွင်းမှ နှစ်ကြိမ် သုံးကြိမ် လွတ်ပြီးသော ငှက်သည်လည်းကောင်း ပြုအပ်သော မာယာများသည်သာလျှင်တည်း။

(၉၅) သူယုတ်ကို ပုတ်ခတ်သဖြင့် ယဉ်စေရာ၏။ မကောင်းသော ခင်ပွန်းကို စကားဆိုမြဲ မဆိုသဖြင့် ယဉ်စေရာ၏။ မကောင်းသော မိန်းမတို့ကို စည်းစိမ်ကို မအပ်နှင်းသဖြင့် ယဉ်စေရာ၏။ အစာ၌ တပ်မက်သောသူကို အစာကို ယုတ်စေသဖြင့် ယဉ်စေရာ၏။

(၉၆) လ မှကင်းသော ညသည် မတင့်တယ်။ လှိုင်းတံပိုးမှကင်းသော သမုဒ္ဒရာသည်လည်း မတင့်တယ်။ ဟင်္သာမှကင်းသော ရေကန်သည်လည်း မတင့်တယ်။ လင်မှကင်းသော အမျိုးသမီးသည်လည်း မတင့်တယ်။

(၉၇) လင်သည်သာလျှင် စည်းစိမ်ဥစ္စာကို ဖြစ်စေအပ်၏။ မိန်းမမူကား လုံစေသည်သာလျှင်တည်း။ ထိုစကားသည် သင့်စွ။ ယောက်ျားသည်သာလျှင် ပဓာနတည်း။

(၉၈) ခပ်သိမ်းသော မြစ်တို့သည် မြစ်ကောက်သာ ရှိကုန်၏။ ခပ်သိမ်းသော တောတို့သည် ထင်းဖြင့်သာ ပြီးကုန်၏။ ခပ်သိမ်းသော မိန်းမတို့သည် ဆိတ်ငြိမ်သော အရပ်ကို ရသည်ရှိသော် မကောင်းမှုကို ပြုမြဲတည်း။

(၉၉) အကြင်မိန်းမသည် ငြင်းခုံတတ်သော အလေ့ရှိ၏။ ငြူစူစောင်းမြောင်း၍ ပြောလေ့ရှိ၏။ မြင်တိုင်းကိုလည်း တပ်၏။ များစွာသည်လည်း ချက်၍စားတတ်၏။ လင်၏ အဦးစားတတ်သော အလေ့ရှိ၏။ သူ့အိမ်သို့ သွားတတ်နေတတ်သော အလေ့ရှိ၏။ ထိုမိန်းမသည် သားတစ်ရာပင် မြင်ငြားသော်လည်း ယောက်ျားသည် စွန့်အပ်၏။

(၁၀၀) အကြင်မိန်းမသည် စားသောအခါ၌လည်းကောင်း၊ အဝတ်တန်ဆာ ပြုပြင်ဆင်ယင်သောအခါ၌ လည်းကောင်း၊ အမိကဲ့သို့ နှစ်သက်ဖွယ် ပြုပြင်တတ်၏။ လျှို့ဝှက်အပ်ကုန်သော မကျစ်မလျစ်သောအရာတို့၌ နှမကဲ့သို့ လွန်စွာ ရှက်တတ်၏။ အမှုလုပ်သောအခါတို့၌ လည်းကောင်း၊ လင်၏ အပါး၌သွားလာသော အခါ၌လည်းကောင်း ကျွန်မကဲ့သို့ ရိုသေစွာ ပြုတတ်၏။ ဘေးရှိသောအခါတို့၌ တိုင်ပင်ဖက်ဖြစ်ရာ၏။ အိပ်သောအခါတို့၌လည်း မွေ့လျော်စေတတ်၏။ အရောင်အဆင်းတို့ကို ပြုပြင်ခြင်းတို့၌ တင့်တယ်စွာ၏။ အမျက်ထွက်သောအခါတို့၌ သည်းခံတတ်၏။ ထိုမိန်းမကို မြတ်၏ဟူ၍ ပညာရှိတို့သည် ဆိုကုန်၏။ ထိုမိန်းမသည် သေသည်၏ အခြားမဲ့၌လည်း နတ်ပြည်၌ ဖြစ်ရာ၏။

(၁၀၁) အကြင်မိန်းမငယ်သည် ရွှေသော အသား ရှိ၏။ သမင်မျက်စိကဲ့သို့ ညိုသောမျက်စိလည်း ရှိ၏။ ခါးစည်းတင်ကျယ် ငယ်သောဝမ်းလည်း ရှိ၏။ ဆင်နှာမောင်းကဲ့သို့ အရင်းမှ အဖျားတိုင်အောင် သွယ်သော ပေါင်ရှိ၏။ ဖြေ၍ နောက်သို့လန်သော ရှိသော အဖျားကော့တတ်သော ဆံပင်လည်းရှိ၏။ ကြီးငယ်မထင် ညီညွတ်သော သွားအစဉ်လည်းရှိ၏။ နက်သောချက်လည်းရှိ၏။ ကောင်းသော အလေ့အထသည်လည်း ရှိ၏။ ထိုသို့သော မိန်းမငယ်ကို ယုတ်သော အမျိုးတို့၌ဖြစ်သော်လည်း ထိုမိန်းမပျိုကို ဆက်ဆံ ထိမ်းမြားရာ၏။

(၁၀၂) အကြင်မိန်းမသည် ဖြစ်တိုင်းဖြစ်တိုင်း အဖန်တလဲလဲ ယောက်ျား၏ အဖြစ်ကို အလိုရှိငြားအံ့၊ ထိုမိန်းမသည် သိကြားမင်း၏ မယားသည် သိကြားမင်းကို အရိုအသေ လုပ်ကျွေးသကဲ့သို့ လင်ကိုအရိုအသေ လုပ်ကျွေးရာ၏။

(၁၀၃) အကြင်ယောက်ျားသည် ဖြစ်တိုင်းဖြစ်တိုင်း အဖန်တလဲလဲ ယောက်ျားအဖြစ်ကို အလိုရှိငြားအံ့၊ ထိုယောက်ျားသည် ခြေဆေးပြီးသော ယောက်ျားသည် ညွန်ကို ရှောင်ကြဉ်သကဲ့သို့ သူတစ်ပါး၏ မယားကို ရှောင်ကြဉ်ရာ၏။

(၁၀၄) အရွယ်လွန်ပြီးသောယောက်ျားသည် တည်သီးမျှငယ်သော သားမြတ်ရှိသော မိန်းမပျိုကို ယူဆောင်သိမ်းဆည်း၏။ မိမိအလိုရှိရာ မပါသည်ဖြစ်၍ စောင်းမြောင်းငြူစူတတ်၏။ လင်အိုတစ်ယောက်၌သာ မွေ့လျော်လတ္တံ့ဟု မယုံကြည်။ ထိုကြောင့် ထိုငယ်သောမယားကို သိမ်းဆည်းခြင်းသည် ပျက်စီးအံ့သည်၏ အကြောင်းတည်း။

အခန်း ( ၆ ) မင်းအား ဆိုရာအခန်း[ပြင်ဆင်ရန်]

(၁၀၅) မင်းကား တစ်ယာမ်သာ အိပ်ရာ၏။ ပညာရှိကား နှစ်ယာမ်သာအိပ်ရာ၏။ အိမ်ရာထောင်သောလူ အပေါင်းကား သုံးယာမ်သာ အိပ်ရာ၏။ ဖုန်းတောင်းယာစကာကား လေးယာမ်လုံးသာလျှင် အိပ်ရာ၏။

(၁၀၆) အကြင်အရပ်၌ ဥစ္စာရှိသောသူသည်လည်းကောင်း၊ အကြားအမြင်များသော ပညာရှိသည်လည်းကောင်း၊ မင်းသည်လည်းကောင်း၊ မြစ်သည်လည်းကောင်း၊ ဆေးသမားသည်လည်းကောင်း၊ ဤငါးပါးတို့သည် မရှိကုန်။ ထိုအရပ်၌ တစ်နေ့တစ်ရက်မျှ မနေရာ။

(၁၀၇) အကြင်အရပ်၌ မြတ်နိုးခြင်းလည်းမရှိ၊ ချစ်ခြင်းလည်းမရှိ၊ အဆွေခင်ပွန်းလည်းမရှိ၊ တစ်စုံတစ်ယောက်မျှ အတတ်ပညာ သင်စိမ့်သော သူလည်းမရှိ၊ ထိုအရပ်၌ တစ်နေ့တစ်ရက်မျှ မနေရာ။

(၁၀၈) လောက၌ သားမရှိသော အိမ်သည် ဆိတ်ငြိမ်၏။ မင်းမရှိသော တိုင်းပြည်သည် ဆိတ်ငြိမ်၏။ အတတ်မရှိသော သူ၏ခံတွင်း ဆိတ်ငြိမ်၏။ ဆင်းရဲခြင်းကား အလုံးစုံ ဆိတ်ငြိမ်၏။

(၁၀၉) ကောင်းသော ဥစ္စာကို အလိုရှိငြားအံ့၊ ကုန်သွယ်ရာ၏။ အတတ်လို အလိုရှိမူကား အကြားအမြင်ရှိသော ပုဂ္ဂိုလ်ကို ဆည်းကပ်ရာ၏။ မင်းအမတ်ဖြစ်ခြင်းကို အလိုရှိမူကား မင်း၏ အလိုသို့ လိုက်ရာ၏။

(၁၁၀) ရဟန်းသည် မရောင့်ရဲမူ ပျက်၏။ ပြည့်ရှင်မင်းသည်လည်း ရောင့်ရဲတတ်မူ ပျက်၏။ ပြည့်တန်ဆာမသည် ရှက်တတ်မူ ပျက်၏။ အမျိုးကောင်းသမီးသည် မရှက်တတ်မူ ပျက်၏။

(၁၁၁) ငှက်တို့၏ အားကား ကောင်းကင်တည်း။ ငါးတို့၏ အားကား ရေတည်း။ အားနည်းသူတို့၏ အားကား မင်းတည်း။ သူငယ်တို့၏ အားကား ငိုခြင်းတည်း။

(၁၁၂) သည်းခံခြင်း၊ နိုးကြားခြင်း၊ ထကြွလုံ့လရှိခြင်း၊ ဝေဖန်ပေးကမ်းခြင်း၊ သနားခြင်း၊ မျှော်မြင်ခြင်းစသည့် ဤခြောက်ပါးတို့ကား မင်းစသော လူကြီးမိဘတို့၏ အလိုရှိအပ်သော ဂုဏ်ကျေးဇူးတို့တည်း။

(၁၁၃) လောက၌ ပျင်းသော အိမ်ရာထောင်သူသည် မကောင်း။ ကိုယ်နှုတ်နှလုံး မစောင့်သော ရဟန်းသည် မကောင်း။ မဆင်မခြင်ပြုလေ့ ရှိသော မင်းသည် မကောင်း။ အမျက်ထွက်သော ပညာရှိသည် မကောင်း။

(၁၁၄) လောက၌ နေမင်းကို ကျောဖြင့် ကပ်ရာ၏။ မီးကို ဝမ်းဖြင့်သာလျှင် ကပ်ရာ၏။ အရှင်သခင်ကို နည်းမျိုးစုံဖြင့် ကပ်ရာ၏။ တမလွန်ကိုကား မမိုက်သဖြင့် ကပ်ရာ၏။

(၁၁၅) လောက၌ မီးကိုလည်းကောင်း၊ ရေကိုလည်းကောင်း၊ မိန်းမကိုလည်းကောင်း၊ သူမိုက်ကိုလည်းကောင်း၊ မြွေကိုလည်းကောင်း၊ မင်းမျိုးကိုလည်းကောင်း ရှောင်ရှားသဖြင့် သွားအပ်၏။ လတ်လလော အသက်ကို ချတတ်ကုန်၏။

(၁၁၆) လောက၌ မကောင်းသောမယားနှင့် ပေါင်းဖော်သူသည်လည်းကောင်း၊ ကြမ်းတမ်းလှစွာသော စိတ်ရှိသော ကျွန်ကို စေသောသူသည် လည်းကောင်း၊ မြွေရှိသောအိမ်၌ နေသောသူသည်လည်းကောင်း၊ သေအံ့သည်သာလျှင် အမှန်တည်း။ ယုံမှားမရှိရာ။

(၁၁၇) လောက၌ မိုက်မဲလှစွာသော တပည့်ကို အတတ်ပညာ သင်ကြားသဖြင့်လည်းကောင်း၊ မိန်းမယုတ်ဖြင့် ပေါင်းဖက်သဖြင့်လည်းကောင်း၊ မသူတော်နှင့် ပေါင်းဖက်သဖြင့်လည်းကောင်း၊ ပညာရှိသောသူပင် ဖြစ်သော်လည်း နစ်တတ်ချေသာလျှင်တည်း။

(၁၁၈)။ လောက၌ ပေးကမ်းခြင်းသည် ချစ်စေတတ်သော ဆေးတည်း။ ဝန်တိုခြင်းကား မုန်းစေတတ်သောဆေးတည်း။ ပေးကမ်းခြင်းကား အခြွေအရံများသော ဆေးတည်း။ ဝန်တိုခြင်းကား အထီးကျန်သော ဆေးတည်း။

အခန်း( ၇ )[ပြင်ဆင်ရန်]

(၁၁၉) မိန်းမနှင့် နှီးနှောသောရဟန်း၌ အဘယ်မှာ သီလရှိအံ့နည်း။ အသားစားကြူးသောသူ၌ အဘယ်မှာ သနားရှိအံ့နည်း။ သေသောက်ကြူးသည့်သူ၌ အဘယ်မှာ စကားမှန်အံ့နည်း။ အလိုရမ္မက်ကြီးသောသူ၌ အဘယ်မှာ အရှက်ရှိအံ့နည်း။ အပျင်းကြီးသောသူ၌ အဘယ်မှာ အတတ်ရှိအံ့နည်း။ အမျက်ကြီးသောသူ၌ အဘယ်မှာ ဥစ္စာရှိအံ့နည်း။

(၁၂၀) သေသောက်ကြူးသောသူသည်လည်းကောင်း၊ အခါမဟုတ်သည်၌ သွားလေ့ရှိသောသူသည်လည်းကောင်း၊ သဘင်အသွားများသော သူသည်လည်းကောင်း၊ ကြွေအန် အစရှိသော လောင်းကစားကြူးသောသူသည်လည်းကောင်း၊ မကောင်းသော အဆွေခင်ပွန်းရှိသောသူသည်လည်းကောင်း ပျင်းရိဖင့်နွဲ့သော သူသည်လည်းကောင်း၊ ဤသူတို့ကား စည်းစိမ်တို့သည် ပျက်ဆီးအံ့သော အကြောင်းတည်း။

(၁၂၁) အသက်ရှင်လျက်လည်း သေသောသူ ငါးဦးမှာ ဆင်းရဲသောသူ၊ အနာနှိပ်စပ်သောသူ၊ မိုက်မဲသောသူ၊ မြီများသောသူ၊ မင်းဝယ်ကိုယ်ကြပ် ခစားသောသူ .. ဤသူတို့တည်း။

(၁၂၂) ပညာရှိတို့သဘောကား မရောက်သေးသော ဘေးကို မြင်သည်ရှိသော် အဝေးကလျှင် ကြဉ်ရာ၏။ ရောက်ပြီး ရောက်ဆဲသော ဘေးကို မြင်မူကား ကြေက်ရွံ့တတ်သော သဘောမရှိသည် ဖြစ်၏။

(၁၂၃) လောက၌ အအိပ်ကြူးသောသူ၊ မေ့လျောသောသူ၊ ချမ်းသာစွာနေတတ်သောသူ၊ အနာရှိသောသူ၊ ပျင်းသောသူ၊ အလိုကြီးသောသူ၊ အမှုသစ်၌ မွေ့လျော်သောသူ။ ဤခုနစ်ယောက်သောသူတို့သည် ကျမ်းဂန်မှ ကင်းကုန်၏။

(၁၂၄) လောက၌ လဲသည် ပေါ့၏။ ထိုထက် လျှပ်ပေါ်သောသူသည် ပေါ့၏။ ထိုထက် ဆရာမိဘတို့၏ အဆုံးအမကို မခံသောသူသည် ပေါ့၏။ ထိုထက် မြတ်ဗုဒ္ဓ၏ သာသနာတော်၌ မေ့လျော့သောသူသည် ပေါ့၏။

(၁၂၅) လောက၌ ကျောက်ထီးသည် လေး၏။ ထိုထက် ဆရာမိဘတို့၏ အဆုံးအမသည် လေး၏။ ထိုထက် ဗုဒ္ဓမြတ်စွာ၏ စကားသည် လေး၏။

(၁၂၆) လောက၌ ခြင်္သေ့သည်လည်းကောင်း၊ ဆင်သည်လည်းကောင်း၊ သူတော်ကောင်းသည်လည်းကောင်း၊ ဤသူတို့သည် အကျိုးမရှိသော အရပ်ကို စွန့်၍ သွားကုန်၏။ ကျီးသည်လည်းကောင်း၊ သမင်သည်လည်းကောင်း၊ ယုတ်မာသောယောက်ျားသည် လည်းကောင်း၊ ဤသတ္တဝါတို့သည် မိမိတို့ ကျင်လည်ရာ အရပ်၌သာလျှင် ပျက်စီးခြင်းသို့ ရောက်ကုန်၏။

(၁၂၇) ပညာရှိသော်ကား လှမ်းသော ခြေတစ်ဖက်နှင့်တူသော အရပ်သစ်ကို မြော်တင်းသောစိတ်ဖြင့် သွား၏။ ရပ်သော ခြေတစ်ဖက်နှင့် တူသော အရပ်ဟောင်းကို မခွာသောစိတ်ဖြင့် ရပ်၏။ အရပ်သစ်ကို မစူးစမ်းဘဲ နေရာဟောင်းကို မစွန့်ရာ။

(၁၂၈) လောက၌ ရောင်းဝယ်သောအခါ၌လည်းကောင်း၊ အတတ်သင်သောအခါ၌လည်းကောင်း၊ အစေအပါးခံသောအခါ၌ လည်းကောင်း၊ မေထုန်မှီဝဲသောအခါ၌လည်းကောင်း၊ အရှက်အကြောက်ကို စွန့်သည် ဖြစ်ရာ၏။

(၁၂၉) မိန်းမတို့၏ အစာစားခြင်းကား ယောက်ျားတို့ထက် နှစ်ဆလွန်သည်ဖြစ်ရာ၏။ ပညာသည်လည်း လေးဆလွန်၏။ လုံလက ခြောက်ဆ လွန်သည်လည်းဖြစ်၏။ ကာမဂုဏ်တပ်မက်ခြင်းက ရှစ်ဆလွန်၏။ [၁]

လောကနီတိကျမ်း[ပြင်ဆင်ရန်]

စတုရင်္ဂဗလ အမတ်ကြီးသည် လောကနီတိကျမ်းအား ဓမ္မပဒ ၊ သံယုတ် ၊ ဇာတ် ၊ သုတ္တနိပါတ် စသော ဘုရားဟော ကျမ်းဂန်များမှ လည်းကောင်း ၊ စာဏကျနီတိ ၊ ဟိတောပဒေသ စသော သက္ကတကျမ်းများမှ လည်းကောင်း ရွေးထုတ်၍ အပိုင်း (၇) ပိုင်း ခွဲကာ ပြုစုခဲ့သည်။ လောကနီတိကျမ်း၏ မှီရာ နိဿယကို ဘကြီးတော်မင်းတရားကြီးလက်ထက် သက္ကရာဇ် ၁၁၉၆ တွင် စက္ကိဒ္ဓဘီသီရိသဒ္ဓမ္မ ဓဇ မဟာရာဇဓိရာဇ ဂုရု ဘွဲ့တံဆိပ်တော်ရ ဆရာတော် ဦးဗုဒ်က မြန်မာပြန်ဆိုခဲ့သည်။

လောကနီတိ ကျမ်း၏ ဂုဏ်နှင့် အကျိုး[ပြင်ဆင်ရန်]

လေ့လာသင်ကြားသူအဖို့ လောကနီတိ ကျမ်းသည် -

  • သာရော = အနှစ်သာရ မည်၏။
  • မာတာပီတု = မိဖသဖွယ် မည်၏။
  • အာစရိယော = ဆရာသမားနှင့် တူ၏။
  • မိတ္တော = မိတ်ဆွေနှင့် တူ၏ ဟူသော ဂုဏ်လေးမျိုး ရှိလေသည်။


အကျိုးတရားများမှာ -

  • ဉာဏိ = ဉာဏ်ကြီးရှင် ဖြစ်နိုင်ခြင်း
  • မဟာ = ကြီးကျယ် မြင့်မြတ်သူ ဖြစ်နိုင်ခြင်း
  • ဗဟုသုတော = အကြားအမြင် များနိုင်ခြင်း ဟူသော အကျိုးကျေးဇူးများလည်း ရရှိနိုင်လေသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ဆရာကြီး တက်တိုး ၏ လောကနီတိ