ငွေတာရီ မဂ္ဂဇင်း

ဝီကီပီးဒီးယား မှ
  1. ၁၉၅၈ ခုနှစ်၊ မတ်လ (၁၉) ရက်နေ့တွင် ကွယ်လွန်ခဲ့သော စာရေးဆရာမ ငွေတာရီ အား အမှတ်တရအဖြစ် ၁၉၆၀ ပြည့်နှစ်၊ ဇူလိုင်လ (၁) ရက်၊ မြန်မာသက္ကရာဇ် ၁၃၂၂ ခု၊ ဝါဆိုလဆန်း (၉) ရက်တွင် ခင်ပွန်းဖြစ်သူ ဦးဝင်းမောင် (မင်းယုဝေ) က စတင်တည်ထောင်သည်။

ပထမဆုံးစာစောင်တွင် ပန်းချီဦးအုံးလွင်၏ တောလား အမည်ရှိ ပန်းချီကားကို အသုံးပြုထားသည်။ အမျိုးသားပြတိုက်တွင် တွေ့ရှိရာမှ ဆရာမင်းယုဝေက နှစ်သက်သောကြောင့် ပန်းချီဦးအုံးလွင်အား မျက်နှာဖုံးပန်းချီအဖြစ် ပြန်လည်ရေးဆွဲစေခြင်း ဖြစ်သည်။

အမှတ်စဉ် (၁) အား စာတိုက်မှ မှတ်ပုံတင်ကာ အမှတ် (၅)၊ ချင်းချောင်းရိပ်သာလမ်း၊ ကုက္ကိုင်း၊ ရန်ကုန်မြို့ရှိ မာလာမြိုင်ပုံနှိပ်တိုက်တွင် ရိုက်နှိပ်သည်။ ဦးသိန်းမောင် (ထင်လင်း) က အယ်ဒီတာချုပ်အဖြစ် တာဝန်ယူပြီး ဆရာကြီ: မင်းယုဝေက တာဝန်ခံအယ်ဒီတာအဖြစ် ဆောင်ရွက်သည်။ မဂ္ဂဇင်းအရွယ်မှာ (၈ x ၅) လက်မ ဖြစ်သည်။

စတင်ထုတ်ဝေစဉ်က စောင်ရေ (၅၀၀၀) ဖြစ်သော်လည်း ၁၉၈၀ ပြည့်နှစ်မတိုင်မီတွင် စောင်ရေ (၁၈၀၀၀) အထိ တိုးထုတ်နိုင်ခဲ့သည်။ ၁၉၆၀−၆၁ အထိ တစ်နှစ်တာကာလအတွင်း ပုဂ္ဂလိကပိုင်အဖြစ် ထုတ်ဝေခဲ့သည်။ ၁၉၆၁ ခုနှစ်အထိ ထုတ်ဝေရာတွင် မင်းသုဝဏ်၊ ဇော်ဂျီ၊ တိုက်စိုး၊ နွယ်စိုး (ပါမောက္ခ ဦးမျိုးမင်း)၊ ဦးတင်ဧ (ရှမ်းပြည်)၊ ဒဂုန် ဦးထွန်းမြင့် စသော စာရေးဆရာကြီးများက ဝိုင်းဝန်းအကြံပေးခဲ့ကြသည်။

၁၉၆၂ ခုနှစ်တွင် စက္ကူအခက်အခဲနှင့် ငွေကြေးအကျပ်အတည်းများ ရှိလာ၍ မြဝတီ ပုံနှိပ်တိုက်သို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ အယ်ဒီတာချုပ်အဖြစ် ဆရာ မင်းယုဝေက ပြောင်းလဲတာဝန်ယူရာ ဦးဌေးမောင်၊ ဦးလေးမြိုင် တို့က တာဝန်ခံအယ်ဒီတာများအဖြစ် ဆောင်ရွက်သည်။

ငွေတာရီမဂ္ဂဇင်း၏ ထူးခြားသောသင်္ကေတမှာ အမျိုးသမီးလက်ပေါ်တွင် ကြာဖူးနှင့်စာအုပ် ကိုင်ထားပြီး စာအုပ်တွင် ကြယ်ပွင့်ကလေးပါရှိသည့် အမှတ်အသားဖြစ်သည်။ လက်သည် ငွေတာရီ၏ သင်္ကေတ၊ ကြာဖူးနှင့် စာအုပ်သည် စာပေ၏ သင်္ကေတ၊ ကြယ်ပွင့်သည် ထွန်းတောက်သည်ဟူသော သင်္ကေတ ဖြစ်သည်။

စတင်ထုတ်ဝေစဉ်ကပင် အတွဲကို အသုံးမပြုဘဲ အမှတ်စဉ်ကိုသာ အသုံးပြုခဲ့သည်။ အမှတ် (၁) ၏ တန်ဖိုးမှာ (၂) ကျပ် ဖြစ်သည်။ ၂၀၀၀ ပြည့်နှစ် နိုဝင်ဘာတွင် (၉၀) ကျပ်အထိ ဖြစ်လာသည်။ ၂၀၀၃ ခုနှစ် နိုဝင်ဘာတွင် (၂၅၀) ကျပ်သို့ တိုးလာပြီး ၂၀၀၅ ခုနှစ် ဒီဇင်ဘာတွင် (၄၅၀) ကျပ်အဖြစ် ရောင်းချခဲ့သည်။ ထုတ်ဝေစဉ်က စာမျက်နှာ (၂၅၆) မျက်နှာရှိပြီး နောက်ပိုင်းတွင် (၁၆၅) မျက်နှာခန့်သာ ထားရှိသည်။ ယခုအခါ အယ်ဒီတာချုပ်အစား စာတည်းချုပ်၊ စာတည်း စသောအမည်များကို သုံးစွဲလာသည်။ လက်ရှိစာတည်းမှူးမှာ ဒုတိယဗိုလ်မှူးကြီ: တင့်ဝေ ဖြစ်သည်။

ငွေတာရီ မဂ္ဂဇင်းသည် စာပေမဂ္ဂဇင်းစစ်စစ်အဖြစ် ရပ်တည်ခဲ့သည်။ ထူးခြားသော နေ့ထူးနေ့ရက်များ ကြုံဆုံပါက အထူးထုတ်ဝေမှုများ၊ အသားပေးဖော်ပြမှုများ တွေ့ရသည်။ အောက်ဖော်ပြပါ လေးမျိုးအား အထူးထုတ်အနေဖြင့် ထုတ်ဝေသည် −

  • ၁။ မြန်မာမှုဦ:စားပေး သင်္ကြန်အထိမ်းအမှတ်
  • ၂။ လွတ်လပ်ရေး အထူးထုတ်
  • ၃။ အာဇာနည် အထူးထုတ်
  • ၄။ နှစ်ပတ်လည် အထူးထုတ်

၁၉၇၂ ခုနှစ်အထိ တက္ကသိုလ်ကဏ္ဍပါဝင်သော စာတန်းများကို ဦးစားပေးဖော်ပြခဲ့ပြီး ၁၉၇၃ မှ စ၍ စာပဒေသာကဏ္ဍအဖြစ် ပြောင်းလဲဖော်ပြသည်။ မျက်နှာဖုံးများသည် အစောပိုင်းကာလများတွင် ပန်းချီရုပ်ပုံများ၊ သရုပ်ဖော်ပုံများကို အသုံးပြုသော်လည်း ဈေးကွက်တွင်ကျယ်စေရန် မျက်နှာဖုံးမယ်များ၊ အနုပညာရှင်များနှင့် ကျောင်းသူတို့၏ ပုံများကို နောက်ပိုင်းတွင် လှည့်ပြောင်း အသုံးပြုလာသည်။

အမှတ် (၃) မှစ၍ အမှတ် (၈၈)၊ ကမ္ဘာအေးစေတီလမ်း၊ ဗဟန်းတွင် ထုတ်ဝေသည်။ ယခုအခါ အမှတ် (၇၅/ခ)၊ ပြည်လမ်း၊ စော်ဘွားကြီးကုန်း၊ ရန်ကုန်ရှိ မြဝတီ စာပေတိုက်မှ ထုတ်ဝေလျက် ရှိသည်။

စတင်ထုတ်ဝေချိန်တွင် ဆောင်းပါး၊ ဝတ္ထု၊ ဘာသာပြန်ဝတ္ထု၊ စာညွန့်၊ ကဗျာ၊ သရုပ်ဖော်ဉာဏ်စမ်း၊ သုတပဒေသာ၊ ကာတွန်း၊ ဂီတ၊ ရုပ်ရှင်များ ပါဝင်ခဲ့ပြီး ဘာသာပြန်ဝတ္ထုအနေဖြင့် ဆရာ ဇော်ဂျီ၏ "နိုဘယ်ဆုရ ဘာသာပြန်ဝတ္ထုတိုများ" ကို လစဉ် ဖော်ပြပေးခဲ့သည်။ နောက်ပိုင်းတွင် ပန်းချီ၊ ဗီဒီယို၊ ပုံပြင် စသဖြင့် ကဏ္ဍစုံ တိုးချဲ့လာသည်။

ကိုးကား[ပြင်ဆင်ရန်]

  • ခင်နီလာ၊ မ၊ "ငွေတာရီမဂ္ဂဇင်းအညွှန်း (၁၉၇၃ ခုနှစ် ဇူလိုင်လ မှ ၁၉၇၄ ခုနှစ် ဇွန်လ အထိ)"။ ၂၀၀၆။ ရန်ကုန်။