အလုံတပ်မြို့

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
အလုံမြို့အဝင်တွေ့မြင်ရပုံ

အလုံတပ်မြို့ သို့မဟုတ် ဗဒုံမြို့ဟောင်း သည် မြန်မာနိုင်ငံစစ်ကိုင်းတိုင်းဒေသကြီးမုံရွာမြို့နယ်တွင် တည်ရှိပြီး မုံရွာမြို့၏ ရပ်ကွက်ကြီးတစ်ခု ဖြစ်သည်။ မုံရွာမြို့၏ မြောက်ဘက် ၆ မိုင်ခန့်အကွာ၊ ချင်းတွင်းမြစ်၏အရှေ့ဘက်ကမ်း၊ မုံရွာ-ရေဦးကားလမ်းနှင့် မီးရထားလမ်းမပေါ်တွင် တည်ရှိသည်။ အလုံမြို့တွင် မီးရထားဘူတာရုံ၊ လေယာဉ်ကွင်း၊ သင်္ဘောဆိပ်၊ အထက်တန်းကျောင်း၊ လျှပ်စစ်ရုံး၊ ကျန်းမာရေး ဆေးပေးခန်း၊ စည်ပင်သာယာဈေး၊ ရဲဌာန၊ ဆက်သွယ်ရေးရုံး၊ သစ်တောရုံး၊ သစ်စက် ကြီးများ တည်ရှိသည်။ အလုံမြို့၏မြောက်ဘက်တွင် အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏တပ်နယ်မြေ တည်ဆောက်အခြေစိုက်ထားသည်။ ရှေးအလုံ မြို့မကို အဓိကအားဖြင့် စစ်ပင်ရပ်ကွက်အုပ်စုနှင့် အလုံရပ်ကွက်အုပ်စုနှစ်ခုတို့ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

အလုံမြို့သည် အလောင်းမင်းတရား၏စတုတ္ထသားတော်၊ ဘိုးတော်ဦးဝိုင်း (ခေါ်) ဗဒုံမင်းစားခဲ့ရသည့်မြို့ ဖြစ်သည်။ နှစ်စဉ် ရိုးရာမပျက်ကျင်းပသည့် အလုံဘိုးတော် ကြီးနတ်ပွဲတော်ကြောင့်လည်း လူသိများသည်။ အလုံမြို့သည် ချင်းတွင်းမြစ်၏ အရှေ့ဘက်ကမ်းတွင် တည်ရှိနေသဖြင့် ရှေးကပင် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားကူးသန်း ရောင်းဝယ်ရေး၊ လမ်းပန်းဆက်သွယ်ရေးတို့တွင် အချက်အခြာကျခဲ့သည်။ စစ်ရေးအရ အလွန်အရေးပါသည့် ခံတပ်မြို့တစ်မြို့ ဖြစ်ခဲ့သည်။ အိန္ဒိယပြည်၊ အာသံမဏိပူရ၊ ကသည်းပြည်၏ အဝင်အထွက် တံခါးဝတွင် တည်ရှိနေသဖြင့် တိုင်းတစ်ပါး၏ကျူးကျော်မှုကို ကာကွယ်ရန် ပုဂံခေတ်ကပင် (၄၀ဝ) ပြုမြို့အဖြစ် တည်ရှိခဲ့ သည်။

အလုံမြို့တွင် ဘုန်းကြီးကျောင်း ၂၁ ကျောင်း၊ စေတီပုထိုးပေါင်း ၁၈၁ ဆူရှိသည်။ ခရစ်ယာန်ဘုရားရှိခိုးကျောင်းနှင့် ဗလီတစ်ခုစီ ရှိသည်။ ၂၀၁၅ ခုနှစ် အလုံမြို့၏ စုစုပေါင်းအိမ်ခြေပေါင်းမှာ ၂၂၄၈ လုံး၊ အိမ်ထောင်စု ပေါင်း ၂၅၄၁ စု နှင့် လူဦးရေပေါင်း ၁၁၇၂၀ ယောက် ရှိသည်။ အစိုးရအထက်တန်းကျောင်း ၂ ကျောင်း တည်ရှိသည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ဗဒုံ (အလုံ) ၏ အမည်ကို စစ်ကိုင်းခေတ်ထိုး၊ အင်းဝခေတ်ထိုးကျောက်စာတို့တွင် ဗတုံမ်၊ ပတုံမ် ဟူ၍ ရေး ထိုးခဲ့သည်ကို တွေ့ရသည်။

ပုဂံခေတ်၊ အနော်ရထာမင်းစောလက်ထက် မြန်မာသက္ကရာဇ်၊ ၄၁၆ ခုနှစ်တွင် ဘသူကြွယ်မင်းက စတင် တည်ထောင်ခဲ့သည်။ ဗဒုံမြို့တည်နှစ်ကို "ရေအဟုန်- ဗဒုံတည်"ဟု အမှတ်အသားပြုကြသည်။ ဗဒုမ္မာကြာမျိုး တို့ ပေါက်ရောက်ရှင်သန်ရာ အင်းအိုင်တို့၏အလယ် ကုန်းမြင့်သာယာတွင် တည်ထားခဲ့သဖြင့် ပဒုမ္မာမြို့၊ နောင် ဗဒုံမြို့ဟု အမည်ရွေ့လျားခေါ်ဝေါ်ကြကြောင်း ဆိုသည်။ ဘဒ္ဒသူကြွယ်(ဘသူကြွယ်)မင်းသည် အနှောင် အဖွဲ့တို့မှ လွတ်ကင်းရာဒေသဟု အဓိပ္ပာယ်ရသည့် ဗန္ဒနမုတ္တိမြို့ ဟု အမည်ပေးခဲ့ရာမှ ဗန္ဒုံမြို့၊ ဗဒုံမြို့ဟု ရွေ့လျားလာခဲ့သည်ဟု ဆိုကြသည်။ ဗဒုံမြို့အမည်သည် တလိုင်း (မွန်)ဝေါဟာရဖြစ်ပြီး ဗ=သူကြွယ်၊ ဒုံ= မြို့။ သူကြွယ်မြို့ဟု အဓိပ္ပာယ်ရကြောင်းလည်း အဆိုရှိသည်။

ဘိုးတော်ဘုရား ခေါ် ဗဒုံမင်းသည် အထွတ်အထိပ်သို့ရောက်ရှိ၍ မင်းဖြစ်လေသည့်အခါ "ဗဒုံမြို့သည် ငါ၏မင်္ဂလာမြို့တော်ဖြစ်သည့်အတိုင်း ရန်အပေါင်းကို လုံခြုံသဖြင့် အလုံမြို့ဟု သမုတ်စေ"ဟု အမိန့်တော် ရှိလေသဖြင့် ကုန်းဘောင်ခေတ်လယ်ပိုင်းမှစတင်၍ အလုံမြို့ တွင်ခဲ့သည်။

ကုန်းဘောင်ခေတ် ဗဒုံမြို့နယ်နိမိတ်[ပြင်ဆင်ရန်]

အလောင်းမင်းတရားကြီး ဦးအောင်ဇေယျသည် သက္ကရာဇ် ၁၁၁၆ ခုနှစ်၊ ဝါဆိုလဆန်း ၈ ရက်နေ့တွင် စတုတ္ထသားတော်၊ မောင်ဝိုင်းကို သတိုးမင်းလှ ရွှေတောင်ဘွဲ့မည်ဖြင့် ဗဒုံမြို့အထက် ဆယ်ရွာတိုက်၊ အောက် ဆယ်ရွာတိုက်ကို အသုံးကံကျွေးခံပေးတော်မူခဲ့သည်။ သတိုးမင်းလှရွှေတောင်၊ ဦးဝိုင်းသည် ခမည်းတော် မင်းတရားလက်ထက်တွင် ဗဒုံမြို့စားနယ်စား ဖြစ်လာခဲ့သည်။

ဗဒုံမင်းသားပိုင်စားရသည့် ပဋိက္ကရားမင်းတည်ထောင်ခဲ့သည့် ဗဒုံမြို့နန်းအကျယ်အဝန်းမှာ တောင်မြောက် တာ ခုနစ်ရာ့ငါးဆယ်၊ အရှေ့အနောက်တာ ခြောက်ရာ့လေးဆယ်ကျယ်ဝန်းသည်။ နယ်နိမိတ်အားဖြင့် တောင်ဘက်တွင် ကျောက်မျက်တောင်ခြေရင်း၊ အနောက်ဘက် ချင်းတွင်းမြစ်တစ်ဖက်၊ မြောက်ဘက်-ကန္နီနယ်စပ်၊သစ်ခဲချောင်း အထိ၊ မြောက်ဘက်တွင် ဒီပဲယင်းနယ်စပ်၊ အရှေ့မြောက်ဘက် ရွှေရပ်တောင် ရိုးအထိ၊ အရှေ့တောင်ထောင့်တွင် ကျောက်ကာ၊ ထန်းဇလုပ်ချောင်းအထိ ကျယ်ပြန့်သည်ဟု ဆိုခဲ့သည်။

ခေတ်အဆက်ဆက် အုပ်ချုပ်ခဲ့သူများ[ပြင်ဆင်ရန်]

အင်းဝမင်းကြီးစွာစော်ကဲလက်ထက်တွင် ဗဒုံမြို့စားအဖြစ် သတိုးသင်္ခသူကို ခန့်ထားခဲ့သည်။ အင်းဝ ပထမမင်းခေါင်လက်ထက်တွင် သတိုးသင်္ခသူကိုပင် ဗဒုံမြို့နှင့် တပဲ့ရင်း(ဒီပဲယင်းမြို့)ကို ဆက်လက် စားစေ ခဲ့သည်။

သက္ကရာဇ် ၇၇၉ ခုနှစ်တွင် အင်းဝမင်းခေါင်၏သားတော် ပြည်စား သီဟသူကို ဗန့်ကျီဆယ်တိုက်၊ ရဲလှေဆယ်စင်းနှင့်တကွ ဗဒုံမြို့ကို ကံကျွေးပေးတော်မူခဲ့သည်။ အင်းဝမင်းခေါင်လက်ထက်တွင် ဗဒုံမြို့စား မှာ သီဟသူ ဖြစ်သည်။

ဆင်ဖြူရှင်သီဟသူမင်း လက်ထက်တွင် ကျွန်တော်ရင်း မြို့တောင်စားအား ရဲလှေဆယ်စင်းနှင့်တကွ ဗဒုံမြို့ကို ပေးတော်မူခဲ့သည်။ မြို့တောင်စား၏အမည်ကို မသိရချေ။ ထူပါရုံဒါယကာ၊ နရပတိမင်းလက်ထက်တွင် ယောက်ဖတော်၊ မင်းဥစ္စနာ(ဥဇနာ)အား ဗဒုံမြို့စားအဖြစ် ပေးတော်မူသည်။ အင်းဝနရပတိမင်း (စစ်ကိုင်းစည်သူကျော်ထင်) လက်ထက်တွင် ဗဒုံမြို့စားအဖြစ် ရာဇသင်္ကြန်ကို ပေးတော်မူသည်။

ဘုရင့်နောင်မင်းတရားကြီးသည် မြန်မာနိုင်ငံမြောက်ဘက်နယ်တလွှားသို့ အောင်မြင်တော်မူသည့်အခါ မိုးညှင်းစော်ဘွား၏တူ၊ စည်ပုတ္တရာစားကို သစ္စာပေးပြီး သင်္ခယာ ဟူသည့်အမည်နှင့် ကွမ်းခွက်၊ လက်ဖက်အိုး တကောင်းဖုံး၊ ထွေးခံ၊ ထီးနီညောင်ရွက်နှင့် တကွ ဗဒုံမြို့ကို ပေးတော်မူခဲ့သည်။

အနောက်ဖက်လွန်မင်းလက်ထက်တွင် မင်းရဲသီဟသူအား ဗဒုံမြို့စားအဖြစ်ပေးသနားသည်။ ပြည်မင်း၊ မင်းရဲကျော်ခေါင်လက်ထက်တွင် မင်းရဲရန္တမိတ်အား မင်းရဲနရသူ အမည်နှင့် ရွှေချက်ကွမ်းခွက်ပေးတော်မူပြီး ဗဒုံမြို့ကို ကံကျွေးချထားပေးခဲ့သည်။ မင်းရဲကျော်ထင်(ဝမ်းဘဲစံအင်း) လက်ထက်တွင် ဗညားပရံကို ဗဒုံမြို့ ပေးတော်မူခဲ့သည်။ မာန်အောင်ရတနာဒါယကာ၊ သီရိမဟာသီဟသူရဓမ္မရာဇာဘွဲ့ခံ၊ စနေမင်းလက်ထက် တွင် သားတော် သီရိမင်းစံကို ဗဒုံမြို့ကို ပေးသနားတော်မူသည်။

အင်းဝမင်းများလက်ထက်တွင် ဗဒုံမြို့ကို အရေးပါသည့်မြို့အဖြစ် သတ်မှတ်ခဲ့ပြီး ညီတော်၊သားတော်နှင့် စိတ်ချယုံကြည်ကြရသည့်သူများကိုသာ မြို့စားနယ်စားအဖြစ် ခန့်ထားပေးသနား အုပ်ချုပ်စေခဲ့သည်။

ဗဒုံမင်းလက်ထက်တွင် ဗဒုံမြို့ကို အလုံမြို့ဟု အမည်ပြောင်းလဲပြီး အလုံမြို့ဝန် အဖြစ် ဗလရဲထွဋ်ကို ခန့်ထားတော်မူခဲ့သည်။ နောက်ပိုင်းတွင်အလုံမြို့ဝန်အဖြစ် နတ်မသူကို ခန့်ထားသည်။ သက္ကရာဇ် ၁၁၇၂ ခုနှစ်တွင် နတ်မသူအား နှုတ်ပယ်၍ လက်ယာကျော်ထင်အား အလုံမြို့ဝန် ခန့်ထားပြန်သည်။ ဗဒုံမင်းလက်ထက်မှာပင် လက်ယာကျော်ထင်၏နောက်တွင် သီရိဓမ္မာသောကအား အလုံမြို့ဝန်အဖြစ် ခန့်ထားခဲ့သည်။

ဘကြီးတော်မင်းလက်ထက်တွင် အရှင်နန်းမတော်မိဖုရားကြီး၏ဦးရီးတော်၊ ဖလံခုံရွာဇာတိဖြစ်သည့် ဦးကွန်အား မဟာမင်းကြီးကျော်ထင်ဘွဲ့မည်နှင့် အဝေးဝန်ချုပ်၊ အလုံ၊ ဒီပဲယင်း နှစ်မြို့ဝန်အဖြစ် ခန့်ထား သူကောင်းပြုခဲ့သည်။ ဘကြီးတော်မင်းလက်ထက်တွင် အလုံမြို့ဝန်အဖြစ် နေမျိုးသူရရဲခေါင်ကို အလုံမြို့ဝန်အဖြစ်ခန့်ထားခဲ့သည်။ အလုံမြို့ဝန်၊ နေမျိုးသူရရဲခေါင်၏ အမည်ရင်းမှာ ဦးရစ် ဖြစ်သည်။

သက္ကရာဇ် ၁၁၈၃ ခုနှစ်တွင် အလုံမြို့ဝန်၊ မင်းကြီးမဟာဗန္ဓုလသည် အာသံပြည်သို့ စစ်ချီသောအခါတွင် ရတနာသိင်္ဃမြို့ဝန် ဦးဖိုးဆယ်အား အလုံမြို့ဝန်အဖြစ် တာဝန်ပေးအပ်ခန့်ထားခဲ့သည်။ ဦးဖိုးဆယ်သည် သာယာဝတီမင်း နန်းတက်သည်အထိ အလုံမြို့ဝန်အဖြစ် တာဝန်ထမ်းရွက်ခဲ့ရသည်။

မင်းတုန်းမင်းနန်းတက်စတွင် အလုံမြို့ဝန်အဖြစ် လက်ယာဝင်းတော်မှူး၊ မင်းကြီး မဟာတရဖျားကို ခန့်ထားခဲ့သည်။ မင်းကြီးမဟာတရဖျားသည် လက်ယာဝင်းမှူးမဖြစ်မီက အကြီးစာရေးဖြစ်ပြီး အမည်မှာ ဦးရှင်ကလေး ဖြစ်သည်။ မင်းတုန်းမင်းလက်ထက် သက္ကရာဇ် ၁၂၂၃ ခုနှစ်တွင် နောင် ကင်းဝန်မင်းကြီးဦးကောင်းဟု ထင်ရှားလာမည့် မဟာမင်းကျော်စည်သူအား အလုံမြို့ဝန်အဖြစ် ခန့်ထားအုပ်ချုပ်စေခဲ့သည်။ သီပေါမင်းလက်ထက်တွင် မင်းလှနယာဇေတဗိုလ်ဘွဲ့ခံ ဦးကြာဥကို အလုံမြို့ဝန် ခန့်ထားသည်။

အလုံဝန်အဖြစ် ဦးသဒ္ဓမ္မဆိုသူလည်း ရှိသေးသည်။ ဘွဲ့အမည်မှာ မင်းထင်စည်သူရာဇာ ဖြစ်သည်။

ဗြိတိသျှအစိုးရလက်ထက် ၁၈၈၆ ခု၊ မတ်လ ၂၆ ရက်နေ့တွင် ကပ္ပတိန်ရေကာ (Capatain F.D Raiker) သည် အရေးပိုင်အဖြစ် အလုံမြို့သို့ရောက်ရှိလာပြီး အရေးပိုင်ရုံးဖွင့်လှစ်ကာ ကိုလိုနီခေတ်အုပ်ချုပ်ရေး ယန္တရားကို စတင်ခဲ့သည်။ ၁၈၈၇-ခုနှစ်တွင် အရေးပိုင်ရုံးကို အလုံမြို့မှ မုံရွာမြို့သို့ ပြောင်းရွေ့ဖွင့်လှစ်ခဲ့သဖြင့် မုံရွာသည် မြို့နယ်အရေးပိုင်ရုံးစိုက်သည့်မြို့ဖြစ်လာသည်။ ၁၈၈၇ ခု၊ အထက်မြန်မာနိုင်ငံ မြူနီ စပါယ်အက်ဥပဒေအရ ၁၈၈၈ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့တွင် မြို့အုပ်ချုပ်ရေးအတွက် မြူနီစပါယ်အဖွဲ့ ဖွဲ့စည်းခဲ့သည်။

ရိုးရာအလုံဘိုးတော်ကြီးနတ်ပွဲတော်[ပြင်ဆင်ရန်]

အလုံဘိုးတော်ကြီး နတ်နန်း
အလုံဘိုးတော်ကြီးနတ်ပွဲ အရှင်ကြီးကျွဲလှည်း ၀င်လာစဉ်.jpg

နှစ်စဉ်တပေါင်းလဆုတ် ၇ ရက်နေ့မှ လကွယ်နေ့အထိ ရိုးရာအလုံဘိုးတော်ကြီးနတ်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လေ့ရှိကြသည်။ အလုံမြို့ကို စတင်တည်ထောင်ခဲ့သည့် ဘသူကြွယ်အား အလုံဘိုးတော်ကြီးအဖြစ် အရိုအသေပြုကိုးကွယ်ကြခြင်း ဖြစ်သည်။ မုံရွာမြို့နယ်တွင် အစည်ကားဆုံးရိုးရာပွဲတော်ကြီး ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. နန္ဒာမင်းလွင်. ချင်းတွင်းဌာနေဗဒုံမြေ 
  2. ဦးမောင်မောင်တင်(၁). ( K.S.M, A.T.M)၏ ရွှေနန်းတော်သုံးဝေါဟာရအဘိဓာန် 
  3. ဦးမောင်မောင်တင်(၁). ( K.S.M, A.T.M)၏ကုန်းဘောင်ဆက်မဟာရာဇဝင်တော်ကြီး (ပ၊ ဒု၊ တ-တွဲ) 
  4. ဦးငြိမ်းမောင်. ရှေးဟောင်းမြန်မာကျောက်စာများ စတုတ္ထတွဲ 
  5. ယဉ်ကျေးမှုဝန်ကြီးဌာန၊ ထူပါရုံကျောက်စာ၊ အတွဲ-(၁)၊ (၂)
  6. ယဉ်ကျေးမှုဝန်ကြီးဌာန၊ မန္တလေးနန်းတွင်းကျောက်စာရုံ-(၂)ရှိကျောက်စာများ
  7. မုံရွာမြို့ရာပြည့်မော်ကွန်းမဂ္ဂဇင်း။ (၁၉၈၉-ခု)
  8. တင်နိုင်တိုး. ကုန်းဘောင်ခေတ်အဝေးမြို့ဝန် 
  9. ဒေါက်တာတိုးလှ. ချင်းတွင်းမြစ်သာ မူးဧရာ 
  10. မုံရွာစန်းမောင်. ထူးခြားအံ့ဖွယ် ဗဒုံနယ် 
  11. အောင်မြတ်(ဗဒုံ). ဗဒုံမြို့မိတ်ဆက်စာတမ်း