မာတိကာသို့ ခုန်သွားရန်

ရွှေအိုး၊ ဦး (ဖန်ချက်ဝန်)

ဝီကီပီးဒီးယား မှ

ကုန်းဘောင်ခေတ်နှောင်းပိုင်း မင်းတုန်းမင်းလက်ထက်တွင် ကနောင်မင်းသားကြီး၏ အစီအမံဖြင့် မြန်မာလူငယ်များကို နိုင်ငံရပ်ခြားတိုင်းပြည်များသို့ စေလွှတ်ပညာသင်စေရာ ပထမဆုံး မြန်မာလူမျိုးအင်ဂျင်နီယာဘွဲ့ရတစ်ဦးပေါ်ထွက်လာသည်။ ထိုသူမှာ ပြင်သစ်ပြန် ဖန်ချက်ဝန်ဦးရွှေအိုး ဖြစ်သည်။

ငယ်ဘဝအကျဉ်း

[ပြင်ဆင်ရန်]

ဦးရွှေအိုးကို ၁၊ မတ်၊ ၁၈၃၆တွင် ရွှေဘိုခရိုင်၊ ကျောင်မြောင်းမြို့အပိုင်မှ နွယ်ငြိမ်းရွာတွင် ဖွားမြင်သည်။ မွေးချင်းငါးဦးအနက် ဒုတိယဖြစ်သည်။ ငါးနှစ်သားအရောက်တွင် နွယ်ငြိမ်းရွာ လက်ရေးကျောင်း၌ ပညာစတင်သင်ကြားခဲ့ပြီး ၁၀နှစ်သားတွင် ရှင်သာမဏေဝတ်ခဲ့သည်။ ထိုနောက် အမရပူရသို့ ပြောင်းရွှေ့ပညာသင်ယူရာ ဆရာတော်နှင့် အတူနန်းတွင်းသို့ လိုက်ပါရလေ့ရှိရာမှ မကြာမှီ နန်းတွင်း၌ လက်ဖက်ရည်တော် အဖြစ်အမှုထမ်းခွင့်ရသည်။ ထိုစဉ်ကာလအတွင်း ကနောင်မင်းသားကြီးက လူငယ်များအား ခေတ်မီအနောက်တိုင်း ပညာရပ်များ သင်ယူရန်စေလွှတ်လိုကြောင်း နောင်တော်မင်းတုန်းမင်းအားလျှောက်တင်ရာ သဘောတူညီသဖြင့် စေလွှတ်မည့်လူငယ်များကို ရွေးချယ်သည်။

ကာလကတ္တား(ယနေ့ ကိုလ်ကတ္တား)သို့ ဦးစွာစေလွှတ်သည့် ပညာတော်သင်ငါးဦးအဖွဲ့တွင် လက်ဖက်ရည်တော် မောင်ရွှေအိုးလည်းပါဝင်ခဲ့သည်။

ကာလကတ္တားသို့ သွားရောက်ခြင်း

[ပြင်ဆင်ရန်]

၁၈၅၇-နှစ်လယ်ပိုင်းတွင် ပညာတော်သင်များအား ကနောင်မင်းသားကြီး ကိုယ်တိုင် နန်းတွင်းဆောင်၌ ရွှေးချယ်ခဲ့ရာ ပထမဆုံးစေလွှတ်မည့်သူများအဖြစ် မောင်ထွန်းအောင်၊ မောင်ညွှန့်၊ အောင်ပေါက်ကျိုင်း၊ မောင်ရွှေပင်နှင့် မောင်ရွှေအိုးတို့ရွှေးချယ်ခံကြရသည်။ ပညာတော်သင်များသည် နိုင်ငံရပ်ခြားတွင် ယဉ်ကျေးစွာနေထိုင်တတ်စေရန် အတုမရှိစံကျောင်းဆရာတော်ထံတွင် အခြေခံစာပေနှင့် ယဉ်ကျေးမှုရေးရာတို့ကို သင်ယူကြရသည်။ ယောမင်းကြီးဦးဘိုးလှိုင်ကလည်း ပညာတော်သင်များအထောက်အကူ ရရှိနိုင်ရန် အလင်္ကာနိဿယကျမ်း ခေါ် ပြဋ္ဌာန်းစာအုပ်ကို အလျင်အမြန်ရေးသားပြုစုပြီး သင်ကြားပေးခဲ့သည်။ အခြေခံလေ့လာမှုများ ပြီးစီးကြပြီးနောက် ၁၈၅၇- နှစ်လယ်ပိုင်းတွင် ပညာတော်သင် ငါးဦး အိန္ဒိယနိုင်ငံသို့ ထွက်ခွာသွားသည်။

ပညာတော်သင်များသည် ကာလကတ္တားရှိ ဒိုရေတန်ကောလိပ်(Doreton College) တွင်ပညာသင်ကြားကြရသည်။ ကျောင်းအုပ်ကြီး ဂျော့စမစ်ကလည်း မြန်မာကျောင်းသားများကို အကူအညီများစွာပေးခဲ့သည်။ မောင်ရွှေအိုးတို့ အဖွဲ့သည် အခြေခံအင်္ဂလိပ်ဘာသာစကားသင်ယူကြပြီးနောက် အခြားသိပ္ပံ နှင့် ဝိဇ္ဇာဘာသာရပ်များကို ဆည်းပူးကြသည်။ သင်ယူကြရသည့် ဘာသာရပ်များမှာ သင်္ချာရူပဗေဒဓာတုဗေဒသတ္တဗေဒပထဝီဝင်နှင့် သမိုင်းတို့ဖြစ်သည်။

ပြည်တော်ပြန်

[ပြင်ဆင်ရန်]

မောင်ရွှေအိုးသည် ဒိုရေတန်ကောလိပ်တွင် တစ်နှစ်ခွဲကြာ ပညာဆည်းပူးခဲ့ပြီးနောက် ၁၈၅၈ နှစ်ကုန်ပိုင်းတွင် သင်္ဘောခရီးဖြင့် ပြန်လာခဲ့ကြသည်။ ရန်ကုန်တွင် ခရီးတစ်ထောက်နားကာ ၁၊ဖေဖော်ဝါရီ ၊ ၁၈၅၉တွင် မြန်မာဘုရင်ပိုင် ရေနန်းယဉ်သာ သင်္ဘောဖြင့် မန္တလေးနေပြည်တော်သို့ ပြန်လာကြသည်။ ရတနာပုံနန်းတွင်းသို့ ပြန်ရောက်ရာတွင် ကနောင်မင်းသားကြီးက ဝမ်းမြောက်ဝမ်းသာ ကြိုဆိုခဲ့သည်။ ကံအားလျော်စွာပင် မောင်ရွှေအိုးတို့ ရန်ကုန်၌ရှိနေစဉ်အတွင်း အိန္ဒိယမှ အတူလိုက်ပါလာသည့် မြန်မာစကားတတ်ကျွမ်းသော ဘုန်းတော်ကြီး လေကွမ်တီ(Lecompte) နှင့်အတူ သာသနာပြု ဘီဂန်ဒေ(Ambrose Bigandet) ထံသွားရောက်တွေ့ဆုံရာမှ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး၏ ကိုယ်စားလှယ် ကောင့်ဟင်နရီ ဒီ ဆာဆေး (Count Henri de Sercey) နှင့်တွေ့ဆုံခဲ့ကြသည်။

ဆာဆေးသည် မြန်မာဘုရင်နှင့် ဆက်သွယ်ရန်ကြိုးစားနေသူဖြစ်သဖြင့် ရေနန်းယဉ်သာ သင်္ဘောဖြင့်ပင် ရတနာပုံနေပြည်တော်သို့ လိုက်ပါလာခဲ့သည်။ ၉၊ဖေဖော်ဝါရီ ၊ ၁၈၅၉တွင် မင်းတုန်းမင်းနှင့်တွေ့ဆုံခွင့်ရရာ မင်းတုန်းမင်းက ပြင်သစ်နိုင်ငံသို့ ပညာတော်သင် သုံးဦးစေလွှတ်လိုကြောင်း မိန့်ဆိုခဲ့ရာ သဘောတူသဖြင့် ကာလကတ္တားမှ ပြန်ရောက်စ မောင်ရွှေအိုးမှာ အတွင်းတော်မြဲ ရာထူးတိုးမြှင့်ခံရသလို ပြင်သစ်သို့ ပညာတော်သင်အဖြစ် ရွှေးချယ်စေလွှတ်ခံရပြန်သည်။

ပြင်သစ်နိုင်ငံသို့

[ပြင်ဆင်ရန်]

၁၃၊ မတ်၊ ၁၈၅၉တွင် မင်းထင်ပညာသိဒ္ဓိကျော်ခေါင် ဘွဲ့ခံအတွင်းဝန် ဦးရွှေအိုးသည် အခြားပညာတော်သင် နှစ်ဦးနှင့်အတူ မန္တလေးမှ စတင်ထွက်ခွာခဲ့သည်။ ရန်ကုန်အရောက်တွင် ဘားမားအမည်ရှိ သင်္ဘောဖြင့် ကာလကတ္တားသို့ ခရီးဆက်ခဲ့ကြသည်။ အီတလီလူမျိုး အန်ဒရေနိုက ဦးရွှေအိုးတို့အား အိန္ဒိယသို့ လိုက်ပို့ပေးသည်။ ကာလကတ္တားသို့ရောက်သော် ထိုဒေသတွင် ဝမ်းရောဂါဖြစ်ပွားနေသောကြောင့် ကြာရှည်မနေထိုင်တော့ပဲ နီမိစစ်သင်္ဘောဖြင့် ဆက်လက်ခရီးထွက်ခဲ့သည်။ မဒရပ်စ်၊ သီရိလင်္ကာ၊ မော်လ်ဒိုက်၊အေဒင်ပင်လယ်ပင်လယ်နီတို့ကို ဖြတ်ကျော်ပြီး စူးအက်တူးမြောင်းသို့ ရောက်ရှိကြသည်။ စူးအက်တူးမြောင်း မှ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့သို့ မီးရထားဖြင့် ခရီးဆက်ကြသည်။ ထိုနောက် ကိုင်ရိုမှ စီယာမွိုက်သင်္ဘောဖြင့် ဆက်လက်ထွက်ခွာလာကြပြီး ၃၀၊ ဇူလိုင်၊ ၁၈၅၉တွင်ပြင်သစ်နိုင်ငံ တောင်ပိုင်းမှ မာဆေးလ်မြို့ သို့ရောက်ရှိကြသည်။

ဆာဆေး၏နေအိမ်တွင် တည်းခိုနေထိုင်ကြပြီး အင်္ဂလိပ်ပါမောက္ခဂျွန်ဆင်ထံတွင် ပြင်သစ်ဘာသာကို အဓိကသင်ယူကြသည်။ ထိုနောက် ဦးရွှေအိုးသည် ပါရီမြို့တော် ပင်သီယန်သိပ္ပံကျောင်းသို့ တက်ရောက်ခွင့်ရရှိသည်။

ပန်သီယန်ကျောင်းမှ သိပ္ပံဘွဲ့ ရရှိခဲ့ပြီးနောက် ၁၈၆၂တွင် ပါရီရှိ ဗဟို ဝိဇ္ဇာနှင့် ထုတ်လုပ်မှုကျောင်း(L'ecole des Arts et Manufactures) သို့ တိုက်ရိုက်ဝင်ရောက်ခွင့်ရရှိခဲ့ပြန်သည်။ ထိုကျောင်းတွင် မဟာသိပ္ပံဘွဲ့လွန်တန်းတက်ရောက်နေရင်း တစ်ဖက်က မြို့ပြအင်ဂျင်နီယာ ဘွဲ့ရရန်အတွက်လည်း ပညာဆည်းပူးနေခဲ့သည်။ မြန်မာဘုရင်အစိုးရကလည်း ကောင်းစွာထောက်ပံ့ပေးနေခဲ့သည်။ ၄၊မတ်၊ ၁၈၆၄မှစကာ ဦးရွှေအိုးအပါအဝင် ပညာတော်သင် သုံးဦးကိုလစဉ် အင်္ဂလိပ်ဒင်္ဂါး ၈၀ဝနှုန်းဖြင့် တစ်နှစ်စာ ဒင်္ဂါး ၉၆၀ဝကို ပေးပို့ခဲ့သည်။ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင်ကလည်း ပညာတော်သင်များကို ဂရုတစိုက်ပညာသင်စေသည်။ နိုင်ငံခြားရေးဝန်ကြီးက မကွေးမင်းကြီး ဦးကြာဥထံသို့ ၂၃၊ဇွန်၊ ၁၈၆၅ ရက်စွဲဖြင့် ပေးပို့သောစာတွင် မောင်ရွှေအိုးအား နောက်ထပ်နှစ်နှစ် ဆက်လက်ပညာသင်ခွင့်ပေးမည့် အကြောင်းကို ဖော်ပြခဲ့သည်။ သို့ဖြင့် ဦးရွှေအိုးသည် ၁၈၆၆၊ဩဂုတ်လ တွင် ပြင်သစ်နိုင်ငံမှ မြို့ပြအင်ဂျင်နီယာဘွဲ့ကို ရရှိခဲ့သည်။

ထိုသို့ပညာတော်သင်နေစဉ်အတွင်း ဦးရွှေအိုးသည် ပြင်သစ်နိုင်ငံသူတစ်ဦးနှင့် အိမ်ထောင်ကျခဲ့ပြီး သားတစ်ယောက် ထွန်းကားခဲ့သည် ဟုဆိုကြသည်။

ဒုတိယပြည်တော်ပြန်

[ပြင်ဆင်ရန်]

၁၈၆၆တွင် အိမ်ရှေ့စံ ကနောင်မင်းသားကြီး လုပ်ကြံခံရသောကြောင့် ဦးရွှေအိုးမှာ ငွေကြေးထောက်ပံ့သူ မရှိတော့သဖြင့် ပြင်သစ်သူဇနီးနှင့် သားတို့အား ထားရစ်ကာ မြန်မာနိုင်ငံသို့ ပြန်လာရသည်။ ၁၈၆၇နှစ်လယ်ပိုင်းတွင် ရန်ကုန်မှတဆင့် မန္တလေးသို့ ပြန်ရောက်လာကာ ယောအတွင်းဝန်ဦးဘိုးလှိုင်၏ လက်ထောက်စာရေးကြီးအဖြစ် အမှုထမ်းခဲ့သည်။ ထိုစဉ်အတွင်း ဖန်ချက်ပညာရပ်ဆိုင်ရာ “ဩသဓရတနာကရ” အမည်ရှိစာတမ်းကို ဆက်သွင်းခဲ့ရာ ဖန်ချက်ဝန်အဖြစ် ခန့်အပ်ခံရသည်။ တိုင်တားမင်းကြီးဦးဘိုး၏ သမီး နန္ဒာဒေဝီဘွဲ့ခံ မခင်တုတ်နှင့် လက်ဆက်ခဲ့ကာ သားသမီး ၅ ဦးထွန်းကားခဲ့သည်။ ဦးရွှေအိုးဟာ အင်္ဂလိပ်ဘာသာစကားရော၊ ပြင်သစ်ဘာသာစကားပါ ကျွမ်းကျင်တာကြောင့် ယောအတွင်းဝန် ဦးဘိုးလှိုင် လက်အောက်မှာ နိုင်ငံခြားရေးရာကိစ္စအဝဝအတွက် လုပ်ကိုင်အမှုထမ်းရသည်။

ထို့အပြင် ဦးရွှေအိုးသည် "ဩသဓရတနာကရ"အမည်ရ ဖန်ချက်ခြင်း ပညာရပ်ဆိုင်ရာစာတမ်းကို ရေးသားဆက်သွင်းခဲ့သည့်အတွက် ပထမဆုံးဖန်ချက်ဝန်အဖြစ်လည်း ခန့်အပ်ခြင်းခံခဲရသည်။ ဦးရွှေအိုးသည် ဖန်ချက်ဝန်အဖြစ် အမှုထမ်းစဉ်အတွင်း ပြင်သစ်ပညာရှင် Andre-Marie Ampere ပြုစုသော Chemistry ကျမ်းကိုမှီငြမ်းပြု၍ လောကဓာတ်ဆေးကျမ်းကြီး ခေါ် ဘာသာပြန် ဓာတုဗေဒကျမ်းတစ်စောင်ကိုလည်း ရေးသားခဲ့သည်။ ၁၅၊ဇန်နဝါရီ၊ ၁၈၇၂တွင် ဝန်ကောက်ရာထူးသို့ တိုးမြှင့်ခံရကာကင်းဝန်မင်းကြီး ဦးကောင်းနှင့်အတူ ဥရောပသို့ သံအဖွဲ့ဝင်အဖြစ် လိုက်ပါခဲ့ရသည်။ အပြန်တွင် မင်းတုန်းမင်း၏ ငြိုငြင်မှုကို ခံရပြီး ရာထူးကျခဲ့သေးသည်။

ကျောက်မြောင်းအတွင်းဝန်

[ပြင်ဆင်ရန်]

၁၈၇၉တွင် သီပေါမင်းနန်းတက်လာပြီးနောက် ၁၈၈၀တွင် ဦးရွှေအိုးအား ကျောက်ရဲမြို့စားဝန်ထောက်အဖြစ် ရာထူးခန့်အပ်ခဲ့သည်။ ဩဂုတ်လတွင် မင်းကြီးသီရိမဟာဇေယျနန္ဒကျော်ထင် ဘွဲ့ခံအတွင်းဝန်အဖြစ် တိုးမြှင့်ခန့်အပ်ခံရသည်။ ထိုတာဝန်ကို ထမ်းဆောင်စဉ် ၂၊ဧပြီ၊ ၁၈၈၂တွင် အိန္ဒိယနိုင်ငံ ဆင်းမလားသို့ မြန်မာသံအဖွဲ့ကို ဦးဆောင်ကာ သွားရောက်ခဲ့သည်။ ၁၈၈၃တွင် မြန်မာရာဇဝင်ပြုစုရေးအဖွဲ့ဝင်တစ်ဦးအဖြစ် ခန့်အပ်ခံရသည်။ ကျောက်မြောင်းအတွင်းဝန်ရာထူးမှာ ဦးရွှေအိုးရရှိခဲ့သည့် အမြင့်ဆုံးရာထူးဖြစ်သည်။ မြန်မာဘုရင်မင်းမှုထမ်းတစ်ဦးအနေဖြင့် နောက်ဆုံးစွမ်းဆောင်ချက်မှာ ၂၅၊နိုဝင်ဘာ ၊ ၁၈၈၅တွင် ကင်းဝန်မင်းကြီး၊ တိုင်တားမင်းကြီး တို့နှင့်အတူ စစ်ပြေငြိမ်းရေးစာချွန်လွှာကို ညလုံးပေါက်ပြုစုကာ နောက်တစ်နေ့နံနက်၌ ရွာသစ်ကြီးအရောက် ဗြိတိသျှစစ်သင်္ဘောများရှိရာသို့ သွားရောက်ပို့ဆောင်ပေးခဲ့သည်။

သိပ္ပံပညာရှင် မိတ်ဆွေများ

[ပြင်ဆင်ရန်]

အင်ဂျင်နီယာဘွဲ့ရတစ်ဦးဖြစ်သည့် အားလျော်စွာ နိုင်ငံရပ်ခြားတွင် နေထိုင်စဉ်အတွင်း သိပ္ပံပညာရှင်တချို့နှင့် တွေ့ဆုံရင်းနှီးခွင့်ရခဲ့သည်။ ထိုသူများထဲတွင် ဓာတုဗေဒ အလှည့်ကျဇယား(Periodic Table) ကိုဖော်ထုတ်ခဲ့သူ ရုရှားသိပ္ပံပညာရှင် မင်ဒီလိ နှင့် လေယာဉ်ပျံသန်းရေးဆိုင်ရာ သိပ္ပံပညာရှင် အာဘယ်ဟူရိုဒဗီလ်နဖ် တို့မှာထင်ရှားသူများ ဖြစ်ကြသည်။

ဦးရွှေအိုးဟာ နပိုလီယံဘုရင်ရဲ့ ကြယ်တာရာတံဆိပ်ကိုပါ လက်ခံရရှိခဲ့ပါတယ်။ ကိုယ်တိုင်ကလည်း သိပ္ပံပညာအပေါ်တွင် စိတ်ပါဝင်စားသူဖြစ်သည်။

ဘဝနိဂုံး

[ပြင်ဆင်ရန်]

ဦးရွှေအိုးသည် ပြင်သစ်နိုင်ငံမှ မြို့ပြအင်ဂျင်နီယာဘွဲ့နှင့် နပိုလီယံဘုရင်၏ ကြယ်တာရာတံဆိပ်တို့ကို ရရှိခဲ့သူ ခေတ်ပညာတတ်တစ်ဦးဖြစ်သော်လည်း သီပေါမင်းပါတော်မူပြီးနောက် ဗြိတိသျှတို့ထံတွင် ဝင်ရောက်အမှုမထမ်းခဲ့ပေ။ မြန်မာနိုင်ငံအထက်ပိုင်း ကျောက်မြောင်းမြို့တွင် ရေခဲစက်လုပ်ငန်းကို တည်ထောင်ခဲ့ပြီး အားလပ်ချိန်များတွင် စာဖတ်ခြင်းလက်ဆွဲဘာဂျာတီးခြင်းတို့ဖြင့် အနားယူလေ့ရှိသည်။ သီးသန့်စာကြည့်ခန်းတွင် စာအုပ်များကို စားပွဲလေးလုံးဖြင့် ထားရှိဖတ်ရှုလေ့ရှိသည်။

ဦးရွှေအိုးသည် အသက် ၆၉နှစ်အရွယ် ၂၂၊ ဒီဇင်ဘာ၊ ၁၉၀၅တွင် ကွယ်လွန်ခဲ့သည်။ ဗြိတိသျှတို့ လက်အောက်အမှုမထမ်းသည့် စိတ်ဓာတ်ရှိသူ၏ မျိုးဆက်များအဖြစ် သားဦးခင်မောင်ကြီးမှာ အက်ဖ်အေဘွဲ့ရသော်လည်း ဟုမ္မရူးအယ်ဒီတာအဖြစ်သာ တာဝန်ထမ်းခဲ့သည်။ ဦးခင်မောင်ကြီး နှင့် ဒေါ်နု တို့၏သား(ဦးရွှေအိုး၏မြေး) သခင်စံညွှန့်မှာလည်း တိုင်းပြည်အတွက် ခြေတစ်ဖက်ပေးဆပ်ခဲ့သည့် မြန်မာ့လွတ်လပ်ရေးတိုက်ပွဲဝင် စစ်မှုထမ်းဟောင်းတစ်ဦး ဖြစ်သည်။

နည်းပညာတက္ကသိုလ်(မန္တလေး)တွင်စိုက်ထူထား​သော ဦး​ရွှေအိုးရုပ်တု

ရည်ညွှန်းကိုးကား

[ပြင်ဆင်ရန်]
  • Weekly Eleven ဂျာနယ် (No.15 , Vol.4 , ၂၁၊ ဇန်နဝါရီ ၊ ၂၀ဝ၉ ထုတ်)[၁] Archived 4 December 2009 at the Wayback Machine.