သမိုင်း

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
Nikolaos Gysis ၏ Historia (၁၉၈၂)

သမိုင်းဆိုသည်မှာ လူသားတို့၏ အတိတ်ကာလကို လေ့လာသော ဘာသာရပ်ဖြစ်သည်။ စာရေးသားခြင်းကို တီထွင်ပြီးသည့်နောက်တွင် သမိုင်းပေါ်ပေါက်လာခဲ့သည်ဟုလည်း ဆိုနိုင်သည်။ သမိုင်းကို ရေးသားသော ပညာရှင်များကို သမိုင်းပညာရှင်ဟု ခေါ်ဆိုလေ့ရှိကြသည်။ ၎င်းမှာ ပြန်ပြောင်းပြောဆိုချက်များကို အသုံးပြု၍ ဆက်တိုက်ဖြစ်ပျက် ခဲ့သော အဖြစ်အပျက်များကို စစ်ဆေးခြင်းနှင့် ခွဲခြမ်းစိတ်ဖြာခြင်း ပြုသော သုတေသန နယ်ပယ် ဖြစ်ကာ တစ်ခါတရံတွင် အကျိုးအကြောင်း ဆက်နွယ်၍ ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို ဓမ္မဓိဋ္ဌာန်ကျကျ စုံစမ်းစစ်ဆေးကာ ဆုံးဖြတ်သော ပညာရပ်ပင် ဖြစ်သည်။ သမိုင်းပညာရှင်များသည် သမိုင်း၏ သဘောသဘာဝ နှင့် အသုံးဝင်မှုတို့ကို ငြင်းခုံလေ့ ရှိကြသည်။

မြန်မာ့စွယ်စုံကျမ်းမှ သမိုင်း[ပြင်ဆင်ရန်]

သမိုင်းဟူသည်မှာ အစဉ်မှတ်သားရအောင်ပြုလုပ်သောစာကိုဆိုလိုသည်။ ဘုရားဂူကျောင်း၊ တန်ဆောင်း၊ စဆွံ၊ ဓမ္မသာလာ၊ တန်တား၊ ပုဂ္ဂိုလ်ထူး၊အကြောင်းအရာထူး စသည်တို့နှင့်စပ်လျဉ်း၍ စကားပြေဖြင့် ဖြစ်စေလင်္ကာဖြင့်ဖြစ်စေ စီကုံးရေးသားထားသည်များကိုသမိုင်းဟုခေါ်သည်။


အချို့ကလည်း သမိုင်းသည်သံပိုင်းနှင့်သဘောချင်းတူပြီးလျှင် သံပိုင်းမှသမ္ပိုင်း၊ သမိုင်းဖြစ်လာသည်ဟုဆိုကြသည်။ စကားပြေဖြင့်ရေးသားထားသော သမိုင်းများအကြောင်းကို အထူးမရေးသားတော့ဘဲ လင်္ကာစပ်ဆိုထားသောသမိုင်းရေးသားနည်းကိုဖော်ပြပေအံ့။ သမိုင်းလင်္ကာစပ်ဆိုရာ၌-

  1. လင်္ကာစပ်ဆိုနည်းများ အတိုင်းရေး သွားသည်။
  2. အစမှာဖြစ်စေ၊ အဆုံးမှာဖြစ်စေ သမိုင်းဟူသောစကား များသောအားဖြင့်ပါရှိတတ်သည်။

ပုံစံအားဖြင့်သမိုင်းတန်ဆောင်၊ ကမ္ပည်းဆောင်အံ့၊ ဉာဏ်ရောင်ဖြန့်ချိ၊နှိုင်းချိန်ညှိလော့၊လောကီအရာ စသည်ဖြင့် သမိုင်း လင်္ကာမှန်းသိအောင် သမိုင်းဆိုသည့်ပုဒ်ကို ထည့်စပ်လေ့ရှိကြသည်။ သမိုင်းဟူသည့်ပုဒ်ကိုလင်္ကာ၏ အလယ်၌သမိုင်းမှန်းသိအောင်ထည့်သွင်းစပ်ဆိုသည်လည်းရှိသည်။ ပုံစံအားဖြင့်စစ်ကိုင်းမြို့ သမိုင်းလင်္ကာတွင် ရန်မာန်ပယ်ခိုင်း၊မြို့စစ်ကိုင်း၏၊သမိုင်းလင်္ကာ၊ ဂုဏ်ကိုးဖြာအား ဟူ၍လည်းကောင်း၊ ရှင်ပင်သက်တော်ရဘုရားသမိုင်းတွင် မင်္ဂလာ ထုံးဆောင်၊ကပ်လုံးပြောင်စိမ့်၊ အခေါင်သာနှိုင်း၊ တပေါင်လှိုင်း၍၊တိုင်းမြန်မာပြည်၊ သမိုင်းရှည်ဖြင့်၊ ငါးမည်အင်စုံ ဟူ၍လည်းကောင်း အသီးသီးစပ်ဆိုကြသည်။


အချို့သမိုင်းလင်္ကာစာကိုယ်များ၌မူ သမိုင်းဟူသောစာပုဒ်လုံးဝ မပါပဲလည်းရှိတတ်သည်။ ပုံစံအားဖြင့်ပုဂံပညာရှိမွန်း ကိုဆိုပုဂံမြို့ရှိဂူဘုရားစဉ်သမိုင်းလင်္ကာ၌မဉ္ဇူဘုန်းတော်၊ သောင်း လုံးကျော်သည်၊ ထိပ်ပေါ်အထွတ်၊ရွှေနားညွတ်လော့၊ ရိမဒ်ပေါက္ကံ၊ တမ္ပဝတီ၊ သီရိပစ္စယာ၊ ပုဏ္ဏဂါမ၊ပုဂါမမည်၊ ဤငါးပြည်၌၊ ဆက်ရှည်စံပယ်၊ ငါးဆယ်နှင့်ငါး၊ နရဖျားတို့၊တည်ထားပြုစု၊ ကောင်းမှုစေ့မျိုး၊ကြဲစိုက်ပျိုးသည်၊ ပုထိုးစေတီ၊လက်ချောင်းစီသို့ရ၍ ဤဖွယ်တည့်၊ များစွာရှိလည်း၊ တွေ့မိသ၍၊ မစုံစေ့ခဲ့၊ ဘုန်းဟေ့နတ်လူ၊ဉာဏ်တံချူဖြင့်၊ ဆွတ်ယူစိမ့်ငှာ၊ထိပ်ချာတင်ရွက်၊ သီကုံးဆက်သည်၊ရွှေခွက်သောတာရုံဘုရားဟူ၍ဖြစ်သည်။[၁]

သမိုင်းမဝင်၊ စာမတင်[ပြင်ဆင်ရန်]

သမိုင်းမဝင်၊ စာမတင်၊ ရွာပင်မခေါ်ရ ဟူသော စကားတစ်ရပ် ရှိသည်။ မည်သည့်မြို့ မည်သည့်ရွာ ဖြစ်စေ သမိုင်း ခေါ် ဖြစ်စဉ်ကမူ ရှိမြဲဖြစ်သည်။ လူတို့က မသိ၍သာ မြုပ်ကွယ်နေမည်။ ဖြစ်စဉ်သမိုင်းကမူ ရွှံ့အိုင်အတွင်း၌ အနားယူနေသော ပတ္တမြား ရတနာသဖွယ် ဖြစ်ရာသည်။

သမိုင်း ဟူသော ဝေါဟာရကို မြန်မာဘာသာ စစ်စစ်ဟု ဆိုသူတို့က သမိုင်း (မိုင်း = ကြီးမား) သိဖွယ်ရာကြီး တစ်ရပ်ဟု အဓိပ္ပာယ်ဆိုသည်။ သမိုင်းဆိုလျင် သိရမည်။ သိအောင်ပြုရမည်ဟု ဆိုလိုသည်။

သမိုင်းကို ပါဠိဘာသာမှ ဆင်းသက်သည်ဟု ဆိုသူတို့က သမုတိ ဟူသော ပုဒ်မှ၎င်း၊ သမ္မုတိ ဟူသော ပုဒ်မှ၎င်း ဖြစ်သည်ဟု ဆို၏။ သမုတိမှ သံ - မညတေတိ၊ သမုတိ ၊ သမ္မုတိမှ သမ္မနနံ-သမ္မုတိ ဟု ဝိဂြိုဟ် အသီးသီးဆိုကာ - သံပုဗ္ဗ မနဓာတ်ဖြင့် ကောင်းစွာသိခြင်းကိုချည်း ပြသည်။ သို့သော် သမိုင်းကို ပါဠိဘာသာမှ ဆင်းသက်ခြင်း မဟုတ်ဟု ယူဆကာ ပါဠိပညာရှင်များက သမုတိ၊ သမ္မုတိ များဖြင့် အဓိပ္ပာယ် မဖော်လိုကြပေ။ နာမည်ကျော် ပါဠိသက် အဘိဓာန်များကလည်း ယင်းကို လျစ်လျူရှုခဲ့ကြသည်။

သမိုင်းဟူသည် သိမှတ်ဖွယ်ရာ စာပေ, ကဗျာဖြစ်၍ မသိမဖြစ်၊ သိကိုသိရမည့်၊ မှတ်ကို မှတ်ရမည့် အကြောင်းအရာများပင် ဖြစ်သည်။ ဘုရားသမိုင်း၊ ကျောင်းသမိုင်း၊ မြို့သမိုင်း၊ ရွာသမိုင်း၊ လူ့သမိုင်း၊ အဖွဲ့အစည်းသမိုင်း၊ အသင်းအပင်းသမိုင်း၊ စာပေသမိုင်း စသည့် အဆောက်အအုံ မြို့ရွာ အရာဝတ္ထု အစုအစည်း အားလုံး၏ သိမှတ်ဖွယ်ရာ ရှေးအစူအစဉ်များပင် ဖြစ်ကြောင်း ထင်ရှားလှပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် သမိုင်းဟူသည် မြန်မာစာပေ၌ အရေးကြီးသော အပိုင်းတစ်ပိုင်းအဖြစ် ပါဝင်လာရသည်။ မြန်မာစာပေအတွင်းမှ သမိုင်းဟူသည်ကို နုတ်လိုက်လျှင် လက်ကျန်အနည်းငယ်မျှသာ ကြွင်းကျန်လိမ့်မည်ဟု ယူဆရပေသည်။ သမိုင်းကိုလည်း မြန်မာစာပေမှ အဆီညှစ်၍ အနှစ်ကို ထုတ်ကာ ရွေးကောက်ရသည် ဖြစ်ရာ စာပေနှင့် သမိုင်းသည် မကင်းရာ မကင်းကြောင်းပင် ဖြစ်သည်။

သမိုင်းမဝင်၍ စာမတင်ခဲ့သလို၊ စာမတင်ခဲ့၍လည်း သမိုင်းဟူ၍ မဝင် မဖြစ်ပေါ်သည်လည်း ရှိပါသည်။ သမိုင်းဝင်ပါလျက် စာမတင်၍လည်း သမိုင်းအစပျောက်ကာ နောက်လူတို့ မသိမမြင်ကြရသည်ကလည်း ရှိပေသည်။ အမှန်အားဖြင့်ဆိုသော် ဤအချက်က ပို၍များ၏။ စာမတင်ခဲ့ရ၍ သမိုင်းမဖြစ်ခဲ့ရသည်မှာ မြန်မာနိုင်ငံတွင် ဒုနှင့်ဒေး အများအပြားဖြစ်၏။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)
  2. ဆင်ကျုံးဆရာတော် ရေးသားပြုစုသည့်၊ ရမည်းသင်းခရိုင်သမိုင်းနှင့် ရမည်းသင်း ရာဇဝင်၊ ဒုကြိမ်၊ ဖေဖော်ဝါရီလ၊ ၂၀၁၀၊ စာ-၇