စာဖတ်ခြင်း

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

စာဖတ်ခြင်း[ပြင်​ဆင်​ရန်​]

မိဖတို့သည် သားသမီးများ စကားပြောတတ်သည့် အရွယ် သို့ ရောက်လျှင်ပင် စာရေးတတ် ဖတ်တတ်လေအောင် ကျောင်း သို့ စေလွှတ်၍ စာသင်စေသည်။ ကလေးများ ကျောင်းသို့ ရောက်သောအခါ ဆရာဆရာမတို့သည် ထိုကလေးများကို စာရေးတတ် ဖတ်တတ်ကြစေရန်၊ ပထမဦးဆုံး ဗျည်းအက္ခရာ များမှစ၍ စာကြီးပေကြီးများအထိ သင်ကြားပို့ချကြလေသည်။ ဤသို့ ငယ်စဉ်က အစပြု၍ မိဖဆရာသမားတို့က စာဖတ်တတ် အောင် သင်ကြားပေးကြသည်မှာ စာဖတ်တတ်ခြင်းအားဖြင့် ကလေးများသည် သူတို့၏ အနက်ဂတ် ကောင်းကျိုးကို ဖန်တီး နိုင်စေရန် ရည်သန်သောကြောင့် ဖြစ်လေသည်။

စာဖတ်ရာတွင် ပညာဗဟုသုတ တိုးပွားရန်နှင့် အတွေး အခေါ် ရင့်သန်စေရန်ဟူသော ရည်ရွယ်ချက် နှစ်မျိုးရှိသည်။ ပညာဗဟုသုတ မရှိလျှင် မိမိတို့၏ သက်ဆိုင်ရာလုပ်ငန်းကို တိုးတက်ကောင်းမွန်အောင် လုပ်နိုင်ဖို့ ခဲယဉ်းပေးလိမ့်မည်။ စိတ်ကူးဉာာဏ် အတွေးအခေါ် ရင့်သန်ခြင်း မရှိပါလျှင်လည်း လူ့လောကတွင် တိုးတက်ခဲယဉ်းပေလိမ့်မည်။ ထိုကြောင့် လိမ်မာရေးခြား ဗဟုသုတ ကြွယ်ဝစေရန်အတွက် စာဖတ်ခြင်း အလေ့သည် အလွန်အရေးပါ အရာရောက်ပေသည်။

ယခုခေတ်၌ စာဖတ်ခြင်းကို အထောက်အပံ့ဖြစ်စေသော သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ စာအုပ် ဟူသည်တို့သည် အမြောက်အမြား ထွက်ပေါ်လျက်ရှိ၏။


ထိုကဲ့သို့သော ပုံနှိပ်စာများ မပေါ်မီက ပညာဗဟုသုတ ဆည်းပူးရန်ကိစ္စသည် များစွာ ခဲယဉ်းလှပေ သည်။ အရေးအားဟူ၍ မရှိသေးသော ခေတ်တွင် လူတို့သည် တစ်ဆင့်စကား တစ်ဆင့်နားဖြင့် ကြားရသမျှသော ပညာ ဗဟုသုတတို့ကို နှုတ်ငုံဆောင်ကြရသည်။ ထိုနောက် ရွှံ့ပြား၊ ကျောက်ပြားများပေါ်တွင် ရေးကြ၊ ထွင်းကြသော အရေးအသား များ ပေါ်လာသည်တို့ကို လူတို့သည် ကြည့်ရှု မှတ်သားကြရ သည်။ ထိုနောက် ပေရွက်၊ ကျူရွက်၊ ပုရပိုက် စသည်တို့ အပေါ်တွင် ရေးမှတ်ထားသည်ကို လူတို့ဖြတ်ကြရသည်။ စက္ကူ နှင့် ပုံနှိပ်စက်ခေတ်သို့ ရောက်လာသောအခါ လူအများ၌ စာ ဖတ်ခြင်း အလေ့အထသည် ပိုမို ပြန့်ပွားလာလေသည်။


ယခုခေတ်၌ မျက်မမြင်များအတွက်ပင်လျှင် လက်ဖြင့် စမ်း၍ဖတ်ရသော အပိမ့်အဖု အမှတ်အသားများ ဖြစ်သည့် ဗရေးလ စံနစ်သည် ထွန်းကားလျက် ရှိပြီ။ စာအုပ်သည် စာဖတ်သူ၏ မိတ်ဆွေကောင်း မည်ပေသည်။ စာအုပ်များမှာ ပညာဗဟုသုတ အမျိုးမျိုးကို ပေးသော ပညာ ပဒေသာပင်များ ဖြစ်သည်။ စာဖတ်၍ ပညာဗဟုသုတ ကြွယ်ဝ သောအခါ စာဖတ်သူသည် မိမိ၏စိတ်ကို မိမိ ဆုံးမပဲ့ပြင်လာ တတ်၏။ အမှားအမှန်ကို ပိုင်းခြား ဝေဖန်လာတတ်၏။ နေ့စဉ် ကြုံတွေ့ရသော ပြဿနာတို့ကို ဖြေရှင်းနိုင်တတ်၏။ အတွေး အခေါ် ရင့်သန်လာသည်နှင့်အမျှ မိမိပြုမူ ပြောဆို လုပ်ကိုင် သော အကြောင်းအခြင်းရာတို့သည် လူ့လောကနှင့် ဝင်ဆံ့လာ တတ်၏။ ဤအချက်ကို သိမြင်သော ခေတ်မှီနိုင်ငံတို့သည် လူတိုင်း စာဖတ်သော အလေ့အထ ပြန့်ပွားလာအောင် တိုက် တွန်း နှိုးဆော်ပေးကြ၏။ ထို့ကြောင့်လည်း နိုင်ငံတကာတွင် စာကြည့်တိုက်များ အဓွန့်ရှည်စွာတည်တံ့အောင် ထူထောင်ခြင်း အလုပ်ကို အလေးဂရုပြု၍ လုပ်ဆောင်ကြခြင်းဖြစ်၏။


သို့ရာတွင် စာဖတ်ခြင်းမှ အကျိုးများ ပြည့်ပြည့်ဝဝ ရနိုင် ရန်မှာ စာဖတ်ရာတွင် နည်းစံနစ်ကျဖို့ လိုပေသည်။ ဦးစွာ၌ စာအုပ်ကောင်းများကို မိတ်ဆွေကောင်းအား ရွေးချယ်ရသကဲ့သို့ ရွေးချယ်ရပေလိမ့်မည်။ စာအုပ်များ၌ မိမိစိတ်ကို ဖြေဖျော် ပေးသည့် စာအုပ်ကတစ်မျိုး၊ မိမိအား ဉာာဏ်ပညာ ဗဟုသုတ အတွေးအခေါ် ရင့်သန်အောင် သွန်သင်ပေးသည့် စာအုပ်က တစ်မျိုးဟူ၍ ရှိလေသည်။ အခါကာလ အားလျော်စွာ မိမိစိတ်ကြိုက်လည်းဖြစ်၍ မိမိအားလည်း အကျိုးတရား ပွားများ စေသော စာအုပ်ကို ရွေးချယ်တတ်ရမည်။

စာဖတ်ခြင်းနည်းကို ပညာရှင် အမျိုးမျိုးတို့ ညွှန်ပြခဲ့ကြ သည်တွင် ဂမ္ဘီသာရပျို့လာ၊ ရှင်မဟာရဋ္ဌသာရ၏ 'သု၊ စိ၊ ပု၊ ဘာ၊ ဝိ၊ လိ၊ သိ၊ ဓာ၊ အက္ခရာစွဲသုံး၊ ဤရှစ်လုံးကို၊ သီကုံးပန်းသွင်၊ နေ့တိုင်းဆင် လော့၊ စာသင်ပျိုနု၊ အခြေပြုတို့'ဟူသော ဩဝါဒသည် တန်ဖိုးအရှိဆုံး ဖြစ်သည်ဟု ယူဆထိုက်ပေသည်။ ထိုအက္ခရာ ရှစ်လုံးမှာ အကျဉ်းပြသော ပါဠိစကားများ ဖြစ်သည်။ အဓိပ္ပါယ်မှာ သု သုဏေယျ ကြားနာရာ၏။ စိ စိန္တေယျ၊ ကြံစည်ရာ၏။ ပု ပုစ္ဆေယျ၊ မေးမြန်းရာ၏။ ဘာ ဘာသေယျ၊ ပြောဆိုရာ၏။ ဝိ ဝိစာရေယျ၊ ဆင်ခြင်ရာ၏။ လိ လိခေယျ၊ ရေးသားရာ၏။ သိ သိက္ခေယျ၊ လေ့ကျင့်ရာ၏။ ဓာ ဓာရေယျ၊ နှုတ်ငုံဆောင်ရာ၏ ဟူလေသည်။ ထိုအင်္ဂါရှစ်ပါးတို့မှာ စာဖတ်ခြင်း၏ အခြေခံဖြစ်လေသည်။

ထိုရှစ်ပါးတို့အနက် စာဖတ်၍ ကြားသိရသော ဗဟုသုတတို့ကို ကြံစီကြည့်ပြီးလျှင်၊ မရှင်းမလင်းသည်တို့ကို သူတစ်ပါးအား မေးမြန်း၍ ဆွေးနွေးပြောဆိုရာသည်။ သို့မှသာလျှင် အကောင်း အဆိုးတို့ကို ဆင်ခြင်ဝေခွဲနိုင်မည် ဖြစ်သည်။ ဤသို့ ပိုင်းခြား ဝေဖန်ကြည့်ပြီးသော် စာ၏အမြုတေတို့ကို ရေးမှတ်ခြင်း၊ လေ့ကျင့်ခြင်း၊ အာဂုံဆောင်ခြင်းတို့ကို ပြုလုပ်ရာသည်။ [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း အတွဲ(၃)