မာတိကာသို့ ခုန်သွားရန်

ပထဝီဝင်

ဝီကီပီးဒီးယား မှ
ကမ္ဘာ့မြေပုံ

ပထဝီဝင် ဆိုသည်မှာ ကမ္ဘာမြေ နှင့်တကွသော အစိတ်အပိုင်းများ၊ ဆက်စပ် မှီတင်းသောအရာများ နှင့် သဘာဝ ပတ်ဝန်းကျင်တို့ကို လေ့လာသော ဘာသာရပ်တခုဖြစ်သည်။

ကမ္ဘာမြေ၏ အစိတ်အပိုင်း (ရူပ ပထဝီဝင်) ဆိုရာ၌ တိုက်ကြီးများ၊ ပင်လယ်သမုဒ္ဒရာမြစ်ချောင်းများ နှင့် တောင်များ စသည်တို့ကို ဆိုလိုသည်။ ဆက်စပ်မှီတင်းသောအရာများမှာ သက်ရှိများ ဖြစ်သော လူ တိရစ္ဆာန်များ သစ်ပင် စသည်များကို ဆိုလိုပြီး၊ သဘာဝပတ်ဝန်းကျင် ဆိုရာတွင် မိုးလေဝသလေမုန်တိုင်းများ၊ ဒီရေငလျင် အစရှိသော သဘာဝဘေးအန္တရာယ် အကြောင်းအရာများ ပါဝင်သည်။

ပထဝီဝင်ဘာသာရပ် ပညာရှင် တဦးသည် ပတ်ဝန်းကျင်ရှိ အရာများ၊ အကြောင်းအရာများ နှင့် ပတ်သက်၍ မည်သို့ စတင်ဖြစ်ပေါ်သည်၊ မည်သို့ ဆက်လက် ပြောင်းလဲ ဖြစ်ပေါ်သည် တို့ကို အမြဲမပြတ် လေ့လာသုံးသပ်သည်။

ပထဝီဝင်ဘာသာရပ်သည် သဘာဝသိပ္ပံ ဘာသာရပ် (Ecology)၊ နှင့် လေ့လာမှုနယ်ပယ် တူညီမှုများ ရှိသော်လည်း မတူ ကွဲပြားခြားနားသည်။

သဘာဝသိပ္ပံပညာရှင်များက အနာဂတ် ဖြစ်ရပ်များအပေါ် ခန့်မှန်း တွက်ချက်မှုများ ပြုနေစဉ်တွင် ပထဝီဝင်ပညာရှင်များက မည်သို့ စတင်ကာ မည်သို့ ပြောင်းလဲဖြစ်ပေါ်လာကြောင်းကို ဖြေရှင်းနိုင်ရန် စူးစမ်းရှာဖွေကြသည်။ သဘာဝ သိပ္ပံပညာရှင်များသည်လည်း ၎င်းတို့၏ ခန့်မှန်း တွက်ချက်မှုများအတွက် ပထဝီဝင် ပညာရှင်များကဲ့သို့ လေ့လာကြရသည်။ ပထဝီဝင် (Geography) သည် ဂရိဘာသာစကား (gêeo= Earth) + (graphein = to write) မှ ဆင်းသက်လာသော စကားဖြစ်သည်။ မြန်မာမှု ပြုထားသော ပထဝီဝင်ဆိုသည်မှာ (ပထဝီ(ပါဠိ) = မြေ သို့မဟုတ် ကမ္ဘာ) + (ဝင်= ဝံသ(ပါဠိ)=အကြောင်းအရာ) ဟူသော စကားမှ ဆင်းသက်သည်။

ပထဝီဝင်ဟူသည်မှာ ကမ္ဘာ့မြေမျက်နှာပြင်အကြောင်းကို အထူးဂရုပြု၍ လေ့လာသော သိပ္ပံပညာဖြစ်သည်။ ကမ္ဘာ မျက်နှာပြင်အကြောင်းကို လေ့လာရာ၌ ပထဝီပညာရှင်သည် ကမ္ဘာပေါ်ရှိ အရပ်ဒေသ တစ်ခုနှင့်တစ်ခု ကွဲပြားခြားနားပုံများကို စူးစမ်းရှာဖွေ၍၊ အကျိုးအကြောင်းနှင့် ရှင်းလင်းဖော်ပြသည်။ ဤကမ္ဘာ့ မျက်နှာပြင်ကို ကြည့်ရှုရာ၌ မြေပြင်တစ်ခုတည်းကို သာမက၊ ယင်းအပေါ်တွင် တည်ရှိနေသော ပါးလွှာသော လေထုနှင့် ယင်းအောက်တွင် တည်ရှိနေသော ရေထုတို့ကိုပါ ထည့်သွင်း၍ ကြည့်ရှုသည်။ ယင်းသည့် လေထု၊ မြေထု၊ ရေထုတို့ တွေ့ဆုံရာ ရပ်ဝန်းအတွင်း၌သာ သက်ရှိသက်မဲ့တို့ “ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ ” ဆိုသကဲ့သို့၊ တစ်ခုနှစ်တစ်ခု အမှီပြု လျက် ဆက်သွယ်ကာ တည်ရှိနေကြသည်။ ဤကဲ့သို့ ပုံစံ အမျိုးမျိုးဖြင့် ပေါင်းစပ် တည်ရှိနေကြခြင်းကြောင့်လည်း ကမ္ဘာမျက်နှာပြင်တွင် မြေပြင်လက္ခဏာ အမျိုးမျိုး ဖြစ်ပေါ်လာကြခြင်း ဖြစ်သည်။ ခေတ်သစ်ပထဝီဝင်၏ အဓိက ရည်ရွယ် ချက်မှာ ကမ္ဘာ့မျက်နှာပြင် တစ်စိတ်တစ်ဒေသတော် သို့မဟုတ် တစ်ခုလုံးတွင်သော်လည်းကောင်း ဖြစ်ပေါ်တည်ရှိနေသော အကြောင်း ချင်းရာ အမျိုးမျိုးတို့ကို စုပေါင်း လေ့လာရန်ဖြစ်သည်။ ထိုကြောင့် ပထဝီဝင်သည် ကမ္ဘာပေါ်ရှိ အရပ်ဒေအသီးသီးတွင် မည်ကဲ့သို့ အသွင်အပြင်ရှိသည်၊ အရပ်ဒေသ တစ်ခုနှင့်တစ်ခု မည်ကဲ့သို့ခြားနားသည်။ သို့မဟုတ် ဆင်တူသည်၊ အဘယ် ကြောင့် ဤကဲ့သို့ ဖြစ်ကြရသည် အစရှိသည်တို့ကို လေ့လာ ပေသည်။ ကမ္ဘာပေါ် သက်ရှိသက်မဲ့တို့၏ တစ်ခုနှစ်တစ်ခု ဆက်သွယ်လျက် တည်ရှိနေကြ၏။ ပုံစံပြရသော် ငါးသည် သက်ရှိသတ္တဝါ ဖြစ်သော်လည်း၊ အသက်မရှိသော ရေ၌သာ တည်နေနိုင်သည်။ ထို့အတူ အသက် ရှိသော သစ်ပင်သည် အသက်မရှိသော မြေဆီလွှာ၌သာ ကြီးပွားရှင်သန်နိုင်သည်။ ငါးကို ရေမှ ထုတ်ယူ လိုက်လျှင်သော်လည်းကောင်း၊ သစ်ပင်ကို မြေမှ ထုတ်ယူလိုက်လျှင်သော်လည်းကောင်း မကြာမီ သေကျေပျက်စီးသွားလိမ့် မည်။ ဤအကြောင်းကို ထောက်ရှုခြင်းဖြင့် သက်မဲ့တို့သည် သက်ရှိတို့အတွက် များစွာအရေးကြီးကြောင်းကို သိရှိရသည်။ သဘာဝပထဝီသည် လူနှင့်သက်ရှိသတ္တဝါတို့၏ နေထိုင် စားသောက်ရေးကို များစွာပြုပြင် ဖန်တီးပေးနိုင်သည်။ လူနှင့်သက်ရှိသတ္တဝါတို့ကလည်း မိမိတို့ကိုယ်ကို သဘာဝ ပတ်ဝန်းကျင်အခြေအနေများနှင့် ကိုက်ညီအောင် ပြုပြင်၍ နေထိုင်လုပ်ကိုင်စားသောက်လာကြသည်။ ထိုကြောင့် ပထဝီဝင်ကို လေ့လာရာ၌ သဘာဝပထဝီနှင့် သက်ရှိတို့၏ အကြောင်းကိုသာမက၊ ယင်းတို့ တစ်ခုနှင့်တစ်ခု အပြန်အလှန် ဆက်စပ် နေပုံကိုလည်း လေ့လာရသည်။ သက်ရှိတို့သည် သဘာဝပတ်ဝန်းကျင်အခြေအနေ၏ ပြုပြင်ဖန်တီးမှုကြောင့် ပြောင်းလဲလာကြရသည်။ ထိုနည်းအတူ သဘာဝပတ်ဝန်းကျင် အခြေအနေတို့သည်လည်း လူ၊ တိရစ္ဆာန်၊ သစ်ပင်တို့၏ ပြုပြင်မှုကြောင့် ပြောင်းလဲလာကြသည်။

ရှေးအခါက သက်ရှိတို့သည် သဘာဝပထဝီ၏ ပြုပြင်မှု အတိုင်း လိုက်နာခဲ့ကြရသည်။ ပုံစံအားဖြင့် ရေခဲခေတ်အတွင်း၌ ဝင်ရိုးစွန်းအရပ်မှ ဆင်းသက်လာသော ရေခဲပြင်ကြီးများ၏ ဒဏ်ကြောင့် နေရာ အများအပြား၌ သက်ရှိပေါင်းများစွာ ကွယ်ပျောက်ကုန်ကြသည်သာမက၊ လူနှင့် တိရစ္ဆာန်များစွာ တို့သည် ပူနွေးသော အီကွေတာဘက်ရှိ အရပ်တို့သို့ စုရုံးခိုလှုံခဲ့ကြရလသည်။ ထို့ပြင် ရာသီဥတုပြောင်းလဲမှုကြောင့် လည်း သက်ရှိများ သေကျေပျက်စီးကြရလေသည်။ ပုံစံအားဖြင့် ရာသီဥတု ခြောက်သွေ့လာခြင်းကြောင့် မြောက်အမေရိကတိုက်ရှိ သက်ရှိများ အများအပြားပျက်စီးခဲ့ကြရသည်။ နိုင်းမြစ်ဝှမ်းနှင့် အိုးအေးစစ် အရပ်ကဲ့သို့ ရေကို အလွယ်တကူ ရနိုင်သော နေရာများသို့ ပြောင်းရွှေ့နေနိုင်သော လူနှင့် တိရစ္ဆာန်များ လောက်သာ အသက်ဘေးမှ လွတ်မြောက်ခဲ့ကြသည်။ မပြောင်းရွှေ့နိုင်သော သစ်ပင်များနှင့် လျင်မြန်စွာ မပြေးလွှား နိုင်သော သတ္တဝါများသည် ကမ္ဘာ့အခြေအနေလျင်မြန်စွာ ပြောင်းလဲတိုင်း ပျက်စီးကြရသည်။ အသိပညာ တိုးပွား၍ ယဉ်ကျေးလာသောအခါများ၌ပင်လျှင် လူတို့သည် သဘာဝ၏ ပြုပြင်စီမံမှုကို များစွာခံနေကြရသေး သည်။ သဘာဝအကြောင်းကို အနည်းငယ်သိနားလည်၍ ထိန်းကြပ်လာနိုင်သောအခါ ကျမှသာလျှင် လူသည် မိမိတို့ ကိုယ်ကို ပတ်ဝန်းကျင်အခြေအနေများနှင့် ဆီလျော်အောင် ပြုပြင်၍ နေထိုင်လာတတ်ကြသည်။ အီဂျစ်လူမျိုးတို့သည် ခြောက်သွေ့သော လယ်ယာများတွင် စိုက်ပျိုးလုပ်ကိုင်နိုင်ရန် အတွက် နိုင်းမြစ်မှရေကို ရေမြောင်းများဖြင့် သွယ်ယူ၍ အသုံးပြုခဲ့ကြသည်။ ဤသို့လျှင် လူတို့သည် မိမိတို့ကိုယ်ကို သဘာဝပတ်ဝန်းကျင်နှင့် ဆီလျော်အောင် ပြုပြင်၍ နေထိုင် ကြရသောကြောင့် ကျွန်ုပ်တို့သည် သဘာဝပထဝီအကြောင်းကို မသိရှိပါက၊ လူတို့၏ နေထိုင် လုပ်ကိုင်စားသောက်ကြပုံ၊ တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွှေ့ကြပုံ၊ တစ်ဦးနှင့် တစ်ဦး စစ်ဖြစ်ကြပုံ၊ မိတ်ဖွဲ့ကြပုံမှအစ ယင်းတို့၏ ယဉ်ကျေးမှုနှင့် လက်မှုစက်မှု လုပ်ငန်းများ တိုးတက်ဖြစ်ထွန်းလာကြပုံများကို သိနားလည်ရန် ခဲယဉ်းပေလိမ့်မည်။ ကျွန်ုပ်တို့သည် ပထဝီကိုသိပါက တစ်ခုသောဒေသ၌ တစ်ခုသော ကာလအပိုင်းအခြားအတွင်း လူတို့ မည်ကဲ့သို့ နေထိုင် လုပ်ကိုင်စားသောက်ကြသည်။ စီမံအုပ်ချုပ်ကြသည်။ စသည်တို့ကို ခန့်မှန်းကြည့်နိုင်ကြ ပေသည်။ ပုံစံအားဖြင့် နိုင်းမြစ်ဝှမ်းကဲ့သို့ ကျယ်ပြန့်သော လွင့်ပြင်၍ သူပုန်များ ခိုအောင်းရန် နေရာမရှိ ခြင်းကြောင့် လျင်မြန်စွာ ရွှေ့ပြောင်း သွားလာနိုင်သော စစ်တပ်အနည်းငယ်ဖြင့်ပင် အလွယ်တကူ ထိန်းသိမ်း စောင့်ရှောက်နိုင်မည်ဖြစ်ရာ ထိုဒေသမျိုးတွင် အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်သော အစိုးရမျိုး ပေါ်ပေါက် ထွန်းကားနိုင်ကြောင်း ခန့်မှန်းကြည့်နိုင်ပေသည်။ ထိုနည်းတူ စွာပင် တောတောင်ထူထပ်သော ဂရိနိုင်ငံ၊ စကော့တလန်ပြည်၊ အာဖဂနိစတန်နိုင်ငံ စသည်တို့၌ နေထိုင်ကြသည့် ရှေးကျသော တောင်ပေါ်သားများအဖို့ လွတ်လပ်စွာ နေထိုင်လိုသော စိတ်ဓာတ်များ တဖွားဖွား ပေါ်ပေါက်ပွားများလာရန် အခွင့်ကောင်း ရရှိခဲ့ကြ မည်ကိုလည်း ခန့်မှန်းကြည့်နိုင်ပေ သည်။ ဤအကြောင်းများကို ထောက်ပြီးလျှင် ပထဝီဝင်သည် လူတို့၏စိတ်ဓာတ်ကို ပြုပြင်ပေးသည်ဟုကား တထစ်ကျ မယူဆထိုက်ပေ။ အကြောင်းမူကား၊ မည်သည့်နေရာ၌မဆို အာဏာရှင်စံနစ်ကို မုန်းတီးသော စိတ်ဓာတ်များ ပေါ်ပေါက် လာနိုင်သောကြောင့် ဖြစ်ပေသည်။ သို့ရာတွင် ရှေးနှစ်ပေါင်း များစွာကမူ တောင်တန်းများသည် တောင်ပေါ်သားတို့အား လွတ်လပ်စွာနှင့် ဖျတ်လတ်စွာ နေထိုင်နိုင်အောင် ဖန်တီးပေးခဲ့ ကြလေသည်။ ယခုအခါမူကား သဘာဝပတ်ဝန်းကျင် အခြေအနေတို့သည် လူတို့၏ နေထိုင်လုပ်ကိုင်မှုကို ရှေးအခါ ကလောက် ပြုပြင် မပေးနိုင်ကြတော့ချေ။ အစဉ်အလာအားဖြင့် သဘာဝ အခြေအနေတို့သည် ဆိပ်ကမ်း တည်နေရာများကို သတ်မှတ် ပေးလေသည်။ သို့ရာတွင် ယခုခေတ်၌ လူတို့သည် လေယာဉ် ဆိပ်များကို မိမိတို့ အလိုရှိသောနေရာများ၌ ဆောက်လုပ်နိုင်ခဲ့ ကြပြီ။ ခြောက်သွေ့သော သဲကန္တာရအရပ်များ၌ပင်လျှင် ရေသွင်းယူ၍ စိုက်ပျိုးလုပ်ကိုင်နိုင်ခဲ့ကြပြီ။ ရာသီဥတု ကောင်းမွန်သောဒေသများ၌ အကယ်၍ မြေဆီလွှာ မကောင်း ပါက ကောင်းအောင် ပြုပြင်ပေးတတ်ကြပြီ။ သဘာဝပတ်ဝန်း ကျင်နှင့် လူတို့၏ နေထိုင်လုပ်ကိုင် စားသောက်မှုတို့သည် ယခင်ကကဲ့သို့ပင် တစ်ခုနှင့်တစ်ခုဆက်လက်၍ ဆက်စပ်တည်ရှိ နေကြသော်ငြားလည်း၊ တစ်ကြိမ်တစ်ခါက သဘာဝတရား၏ ပြုပြင်မှုကို တသွေမတိမ်းလိုက်နာခဲ့ကြရသော လူတို့သည် အသိပညာတိုးပွားလာသည်နှင့်အမျှ၊ သဘာဝပတ်ဝန်းကျင်ကို တဖြည်းဖြည်း စိုးမိုးပြုပြင်၍ နေထိုင်လာနိုင်ခဲ့ကြလေသည်။ ဤကဲ့သို့ လူတို့က သဘာဝပတ်ဝန်းကျင်ကို များစွာ ပြုပြင် ပြောင်းလဲလာနိုင်ခဲ့ခြင်းကြောင့်လည်း၊ ပထဝီဝင်သည် လူတို့အဖို့ ယခင်ကလောက် အရေးမကြီးတော့ဟုထင်မြင်လာကြ လေသည်။ သဘာဝတရားကို ပြုပြင်နိုင်သော လူတို့၏ စွမ်းရည်ကို ချီးကျူးထိုက်သည်မှန်ပါ၏။ သို့ရာတွင် ငလျင်လှုပ် ခြင်း၊ မီးတောင် ပေါက်ကွဲခြင်း စသည်တို့သည် နှစ်ပေါင်း များစွာက တည်ဆောက်လာခဲ့သော အိုးအိမ်တိုက်တာများ၊ လုပ်ငန်းဆောင်တာများနှင့်တကွ လူ့အသက်ပေါင်း အများ အပြားကိုပင်လျှင် တစ်ခဏချင်း ပျက်စီးစေနိုင်ပေသည်။ ထို့ပြင် ခြောက်သွေ့သော ကန္တာရအရပ်၊ အလွန်ဧမြသော တန်ဒြာအရပ်၊ ပူအိုက်စိုစွတ်သော အီကွေတာ သစ်တော အရပ်တို့တွင် လူတို့ သည် သဘာဝအခြေအနေကို ပြုပြင်၍ နေထိုင်နိုင်ကြသည်ဟု ဆိုသော်လည်း၊ လေမရှိသော လဗိမာန်တွင်မူကား ကြာရှည်စွာ နေနိုင်မည် မဟုတ်ချေ။ ထိုကြောင့် ပတ်ဝန်းကျင် အခြေအနေ များကို လူတို့သည် မည်မျှလောက်ပင် ပြုပြင်ပြောင်းလဲနိုင်ကြ သည်ဆိုစေကာမူ၊ ပထဝီဝင်သည် လူ့လုပ်ငန်းဆောင်တာများကို အစဉ် ထာဝရ သတ်မှတ်ပေးနေပေလိမ့်ဦးမည် ဖြစ်ပေသည်။

ပထဝီဝင် ဗဟုသုတ တိုးပွားလာပုံ လူတို့ အရပ်တစ်ပါးသို့ စတင်ခရီးထွက်သည့်အချိန်မှ စ၍၊ ပထဝီဝင် ဗဟုသုတ တိုးပွားလာခဲ့သည်။ ကမ်းခြေအနီးတွင် နေထိုင်သော လူရိုင်းတို့သည် တောင်ပေါ်အရပ်သို့ သွားရောက် ၍၊ တောင်ပေါ်မုဆိုးများ ထံမှ သားရေများကို ယင်းတို့ ယူဆောင်သွားသော ဆားများဖြင့် လဲလှယ်ခဲ့ကြသည်။ ဤကဲ့သို့ သွားရောက် လည်ပတ်ခြင်းဖြင့်၊ မိမိတို့နှင့် နေပုံ ထိုင်ပုံ စရိုက် သဘာဝချင်း မတူသော သူများ၏အကြောင်းကို သိရှိလာကြသည်။ ဤနည်းဖြင့် လူတို့၏ ပထဝီဝင် ဗဟုသုတ တဖြည်းဖြည်း တိုးပွားလာခဲ့လေသည်။ ဂရိလူမျိုးတို့သည် ပထဝီဝင်ကို ပထမဆုံး စတင်လေ့လာ သူများ ဖြစ်ကြသည်။ မိမိတို့နေထိုင်သော တိုင်းပြည်အနီးရှိ ပင်လယ်ကမ်းရိုးတန်းများကို သိရှိ၍၊ မြေပုံများဖြင့် မှတ်သားခဲ့ ကြသည်။ မြေထဲပင်လယ်ကို ရွက်လှေကြီးများဖြင့် ဖြတ်သန်း၍၊ အာဖရိကတိုက် အတွင်းသို့ ကုန်းကြောင်းခရီးဖြင့် ဝင်ရောက်ခဲ့ ကြသည်။ ဂရိ ပထဝီပညာရှင် အာရတိုးစသနီးဆိုသူက ကမ္ဘာ သည် အဝန်းမိုင် ၂၅ဝဝဝဝ ရှိသည်ဟု ဘီစီ ၂၀ဝ လောက်က ပင် တွက်ချက်တင်ပြခဲ့သည်။ ထိုဂရိလူမျိုးတို့သည် အယ်လက် ဇန္ဒာဘုရင်ကြီးလက်ထက်၌ အိန္ဒိယမြောက်ပိုင်း အိန္ဒုလွင်ပြင် သို့ပင် ရောက်ရှိခဲ့ကြလေသည်။ အီဂျစ်လူမျိုးနှင့် ဖီနီရှန် လူမျိုး တို့သည် ဂရိလူမျိုးတို့ထက်အလျင် ကုန်းလမ်း၊ ရေလမ်းခရီးဖြင့် နယ်ချဲ့ခဲ့ကြသည် မှန်၏။ သို့ရာတွင် ဂရိလူမျိုးတို့ကသာ လူအများ၏ နေထိုင်လုပ်ကိုင် စားသောက်မှု ကွဲပြားခြားနား ပုံကို သိလိုကြသောကြောင့်၊ မိမိတို့ တွေ့မြင်သမျှကို ရေးယူ မှတ်သားခဲ့ကြသည်။ ဤအချက်ကြောင့်ပင် ထိုဂရိလူမျိုးတို့ကို ပထမဆုံး ပထဝီပညာရှင်များဟု ကျွန်ုပ်တို့ ခေါ်ဝေါ်ကြခြင်း ဖြစ်သည်။ ရောမလူမျိုးတို့သည် မြေပုံကို အများဆုံး စတင် အသုံးပြုကြသူများ ဖြစ်သည်။ ယင်းတို့သည် ပင်လယ်နှင့် မြို့များ၏ အကွာအဝေးကို တိုင်းတာပြီးလျှင် မြေပုံတွင် တိကျ မှန်ကန်စွာ ထည့်သွင်းပေးခဲ့ကြလေသည်။ ဂရိလူမျိုး ပထဝီပညာရှင် စတြားဗိုး (၆၄ ဘီစီ-၂၀ အေဒီ) ရေးသားခဲ့သော စာမူအားလုံးသည် ထိုအချိန် အခါက သိရှိခဲ့ သော ကမ္ဘာအကြောင်းကို ဖော်ပြထားခြင်းကြောင့် အစိုးရ အရာရှိများ၊ စစ်သေနာပတိများအတွက် များစွာ အသုံးဝင်လေ သည်။ တော်လမီ (၁၂၇-၁၅၁ အေဒီ) သည် ဂရိပထဝီဝင် ပညာရှင်များ စုပေါင်း ရေးသားခဲ့သည်။ မြေပုံများကိုလည်း လတ္တီတွဒ်၊ လောင်ဂျီတွဒ် မျဉ်းများဖြင့် ရေးဆွဲနိုင်ရန် အားထုတ်ခဲ့သည်။ ပထဝီဝင်ကိုလေ့လာရာ၌ တစ်ကမ္ဘာလုံးကို သော်လည်းကောင်း၊ တစ်စိတ်တစ်ဒေသကိုသော်လည်းကောင်း၊ ဒေသတခုခုကို သော်လည်းကောင်း ခွဲခြား၍ လေ့လာနိုင်ကြောင်းကို တော်လမီက စတင် ဖော်ပြခဲ့သည်။

ဤကဲ့သို့ ဂရိနှင့်ရောမလူမျိုးတို့ စတင်ရှာဖွေစုဆောင်းခဲ့ သော ပထဝီဝင် ဗဟုသုတများသည် အလယ်ခေတ်ဦးပိုင်း လောက်တွင် များစွာပျောက်ကွယ်ဆုံးရှုံးခဲ့ကြသည်။ ထိုအချိန် အခါ၌ အာရေဗျနှင့် အာဖရိက မြောက်ပိုင်းရှိ အာရပ်လူမျိုး တို့ကသာလျှင် ပထဝီဝင်ကို အတော်အတန် လေ့လာခဲ့ကြသည်။ အာရပ် လူမျိုး တို့သည် အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံ၊ အာဖရိက အရှေ့ ကမ်းခြေအရပ်များကို ရောက်အောင် ကူးသန်းရောင်းဝယ် ခဲ့ကြသောကြောင့် ၁၀ ရာစုနှစ် မတိုင်မီကပင် အိန္ဒိယ သမုဒ္ဒရာနှင့် အာဖရိက အတွင်းပိုင်းအကြောင်းများကို အတော် အတန် သိရှိခဲ့ကြသည်။ ကမ္ဘာလုံးသည့်အကြောင်းကို ဂရိ လူမျိုးတို့ နည်းတူ သိရှိခဲ့ကြသည်။ အာရပ် ပထဝီပညာရှင်တို့သည် ဂရိနှင့် ရောမလူမျိုးများ ရေးသားခဲ့သော ပထဝီဝင်ကို ဆက်လက် လေ့လာပြီးလျှင်၊ မိမိတို့ ရရှိထားနှင့်သော ဗဟုသုတများနှင့် ပေါင်းစပ် လေ့လာ ကြလေသည်။ သဘာဝ ပထဝီဝင်နှင့် သမိုင်းပထဝီဝင်ကို အထူးဂရုပြု၍ လေ့လာသော်လည်း မြေပုံကို ဆွဲအတတ်ကိုမူ မကျွမ်းကျင်နိုင်ကြပေ။ ထိုအချိန်အခါမှစ၍ ဥရောပအနောက်ပိုင်းသားများ တဖြည်းဖြည်း ခရီးထွက်ခဲ့ကြသည်။ အချို့သည် ခရစ်တော် ဖွားမြင်ရာ ပါလက်စတိုင်းပြည်သို့ သွားရောက်ပြီးလျှင် မိမိ တို့၏ ခရီးစဉ်ကို မြေပုံများဖြင့် မှတ်သားထားခဲ့ကြသည်။ ၁၂၇၁ ခုနှစ်တွင် မာကိုပိုလိုသည် ကသေးခေါ် တရုတ်ပြည်သို့ ကုန်းကြောင်းခရီးဖြင့် ရောက်ရှိခဲ့သည်။ မာကိုပိုလိုအကြောင်း ရေးသားထားသော စာအုပ်တွင် မာကိုပိုလို၏ မှတ်သားလောက် သော စွန့်စားခန်းများကို အကျဉ်းသားမိတ်ဆွေတဦးက ရေးသားဖော်ပြထားလေသည်။ ဤစာအုပ်တွင် ပါရှိသော အကြောင်းအရာ အများအပြားသည် ပထဝီဝင်အကြောင်းများ ဖြစ်ခြင်းကြောင့်၊ ယင်းကို ပထဝီဝင် စာအုပ်ဟု ခေါ်ဆိုထိုက် သည်။

၁၄ ရာစုနှစ်သို့ ရောက်သည့်တိုင်အောင်ပင် ဥရောပ တိုက်သားတို့၏ ပထဝီဝင် ဗဟုသုတသည် အလွန်နည်းသေး သည်။ ထိုအချိန်အခါအထိ ကမ္ဘာ့ရေမျက်နှာပြင်၏ ၇ ရာခိုင်နှုန်းလောက်ကိုသာ သိရှိကြ သေးသည်။ ၁၄ ရာစုနှစ်နှင့် ၁၅ ရာစုနှစ်လောက်တွင် ပေါ်တူဂီနှင့် စပိန် လူမျိုးတို့သည် သမုဒ္ဒရာကြီးများကို စတင်၍ ဖြတ်သန်း လှည့်လည်ခဲ့ကြသည်။ ဗက်စကိုဒါဂါးမသည် ၁၄၈၉ ခုနှစ်တွင် အာဖရိကတိုက်ကို ပတ်၍ အိန္ဒိယပြည်သို့ရောက်ရှိခဲ့သည်။

ကိုလံဘတ်သည် အမေရိကတိုက်ကို၁၄၉၂ ခုနှစ်တွင် စတင်တွေ့ရှိလေသည်။ ထိုသူတို့ နောက်တွင် အင်္ဂလိပ်၊ ဒပ်ချ်နှင့် ပြင်သစ်လူမျိုး တို့သည် ပင်လယ်ခရီးဖြင့် စတင်နယ်ချဲ့လာခဲ့ကြသည်။ ပေါ်တူဂီလူမျိုး မာဂျဲလင်ဆိုသူသည် ကမ္ဘာကို ရေလမ်းခရီးဖြင့် လှည့်ပတ်ရန် ဦးဆောင်ထွက်ခဲ့သော်လည်း လမ်းခရီးတွင် အသတ်ခံရသည်။ များမကြာမီ အင်္ဂလိပ်လူမျိုး ဆာဖရန်းစစ်ဒရိတ်သည် ကမ္ဘာကို ရေလမ်းခရီးဖြင့် လှည့်လည် ခဲ့လေသည်။ နှစ်ပေါင်း ၁၀ဝ အတွင်း၌ပင် ဥရောပတိုက်သားတို့သည် ကျန်ရှိနေသော ကမ္ဘာ့ ရေမျက်နှာပြင် ၉၃ ရာခိုင်နှုန်းကို သိရှိလာကြလေသည်။ ဥရောပတိုက်သားတို့သည် အာရေဗျပြည်ကို ၁၉၀ဝ ပြည့်နှစ် ကျော်မှ လုံးလုံးလျားလျား သိရှိလာပြီးလျှင်၊ အာဖရိက အလယ်ပိုင်းကိုမူကား မကြာမီကမှ ကောင်းစွာ သိရှိခဲ့ကြလေသည်။ အန္တာတိကတိုက်ကြီး၏ပထဝီဝင်ကို ၁၉၄၀ ပြည့် နှစ်ကျော်မှ သိရှိခဲ့ကြသည်။ ဒုတိယကမ္ဘာစစ်အတွင်း၌ လူသူအရောက်အပေါက်နည်းသော နေရာများ၏ ပထဝီဝင် ဗဟုသုတကိုပိုမိုသိရှိခဲ့ကြသည်။ ယခုအခါ၌မူ တောင်ကြီးများအကြားတွင် ကွယ်ပျောက်နေသော ချိုင့်ဝှမ်းများ၊ လူသူများနှင့် တကွ အလွန်ဝေးလံသော တောင်ကြီး တောကြီးများကိုပင် လေယာဉ်ပျံဖြင့် ဓာတ်ပုံရိုက်ယူ ပြီးလျှင် မြေပုံများပေါ်၌ ထင်ရှားစွာ ပြသနိုင်ပြီ ဖြစ်ခြင်းကြောင့် ပထဝီပညာရှင်တို့သည် ကမ္ဘာ့မြေပုံသစ်ကိုပင် ထုတ်လုပ်နိုင်ခဲ့လေပြီ။

ပထဝီဝင်၏ သဘောတရား ၁၈ ရာစုနှစ်နောက်ပိုင်းသို့ မရောက်မီ ပထဝီဝင်ကို နည်း ၂ နည်းဖြင့် လေ့လာခဲ့ကြသည်။ တစ်နည်းမှာ တော်လမီ၊ မာကေတာတို့ ပြုလုပ်သကဲ့သို့ ကမ္ဘာ၏ ပုံပန်းသဏ္ဌာန်နှင့် အရွယ်ပမာဏကို လေ့လာခြင်းဖြစ်၍၊ အခြားတစ်နည်းမှာ စတြားဗိုး၊ မန်းစတာတို့ ပြုလုပ်သကဲ့သို့ တိုင်းပြည်နှင့် အရပ် ဒေသများ၏ မှတ်သား လောက်သော အကြောင်းအရာတို့ကို လေ့လာခြင်းဖြစ်သည်။ ပထမလေ့လာနည်းကို မြေပုံဆွဲ အတတ်လေ့လာသူ များက ဆက်လက် ကျင့်သုံးခဲ့ကြသည်။ ဒုတိယနည်းမှာမူကား ပထဝီဝင်၏ အဓိကလုပ်ငန်းအဖြစ်ဖြင့် ဆက်လက်တည်ရှိလာခဲ့လေသည်။ ဂျာမနီပြည်တွင် ၁၈ ရာစုနှစ်နောက်ပိုင်းလောက်၌ ပေါ်ပေါက်ခဲ့သော ဟမ်းဗို့နှင့် ရစ်တာတို့ လက်ထက်မှစ၍ ပထဝီဝင်အခြေခံသဘောတရားမှာ လုံးဝပြောင်းလဲလာခဲ့ လေသည်။ ထိုပညာရှင် ၂ ဦး လက်ထက်မှစ၍ ထွန်းကား ခဲ့သော ပထဝီဝင်၏ အဓိကရည်ရွယ်ချက်မှာ သီးခြားတည်ရှိ နေသော ဒေသများ၏ အချင်းအရာများ တစ်ခုနှင့်တစ်ခု ဆက်စပ်တည်ရှိနေကြပုံ၊ စုပေါင်းဖြစ်ပေါ်ကြပုံ၊ ကမ္ဘာပေါ်ရှိ ဒေသများ တစ်ခုနှင့်တစ်ခု တူညီကြပုံ၊ ကွဲပြားခြားနားကြပုံ စသည်တို့ကို အကျိုးအကြောင်းနှင့်တကွ သိရှိနားလည်အောင် လေ့လာခြင်းဖြစ်သည်။ ထိုအချိန်အခါမှစ၍ ပထဝီဝင်သည် ကုလားထိုင်ပေါ်တွင်ထိုင်ကာ အထင်ဖြင့် ရော်ရမ်းမှန်းဆ၍ လေ့လာသောပညာ မဟုတ်တော့ဘဲ၊ ပြင်ပတွင် တကယ်ဖြစ်ပေါ် နေသော အခြင်းအရာတို့ကို ကိုယ်တွေ့မျက်မြင် ကြည့်ရှုလေ့လာ သော ပညာတစ်ရပ်အဖြစ်ဖြင့် ထွန်းကားလာခဲ့လေသည်။ ယင်းကဲ့သို့ ကွင်းဆင်းလေ့လာချက်များကို မြေပုံတွင် မှတ်သား ထည့်သွင်းခြင်းဖြင့် ပထဝီဝင်သည် ယခင်ကထက် တိကျ မှန်ကန်လာခဲ့သည်။ ဟမ်းဗို့သည် ပထဝီဝင်ကို လေ့လာရာ၌ တွေ့ရှိရသော အခြင်းအရာများကို တခုစီခွဲခြား၍ စနစ်တကျ လေ့လာနည်းဟု ခေါ်သည်။ ရစ်တာကမူကား၊ ဒေသတခုတွင် ဖြစ်ပေါ်နေသော အချင်းအရာ များကို တသီးတခြားစီ မလေ့ လာဘဲ၊ ယင်းတို့အားလုံးကိုခြုံ၍ တခုနှင့်တခု အပြန်အလှန် ဆက်စပ်တည်ရှိနေပုံကို လေ့လာသည်။ ဤကဲ့သို့သော လေ့လာ နည်းမျိုးကို ဒေသအလိုက်လေ့လာနည်းဟု ခေါ်သည်။ စင်စစ် အားဖြင့် ထိုပညာရှင် နှစ်ဦးသည် နှစ်နည်းစလုံးဖြင့်ပင် လေ့လာခဲ့ကြပေ၏။ အထူးအလေးဂရုပြုပုံ၌သာ ကွာခြါးကြ သည်။ ခေတ်မှီ ပညာရှင်တို့ကလည်း ဤကဲ့သို့ အကြောင်း အရာအလိုက် လေ့လာနည်း၊ ဒေသအလိုက် လေ့လာနည်းဟူ၍ မခွဲခြါးဘဲ၊ ထိုနည်း ၂ မျိုးကို ပေါင်းစပ်၍ လေ့လာရန် လိုအပ် သည်ဟု အသိအမှတ်ပြုကြသည်။ ၁၉ ရာစုနှစ် အလယ်လောက်မှစ၍ကား၊ ပထဝီဝင်သည် အရပ်ဒေသများ၏အကြောင်းကို ဗဟုသုတ အဖြစ်လောက်သာ ဖော်ပြသည့် ပညာတစ်ရပ်အနေဖြင့် မတည်ရှိတော့ဘဲ၊ ဆောင်ရွက်ရန် ရည်မှန်းထားသည့် ကိစ္စတစ်ခုခုနှင့် သက်ဆိုင် သော အကြောင်းအရာများကို စံနစ်တကျ ဖွဲ့စည်းလေ့လာသော ပညာတစ်ရပ် အဖြစ်ဖြင့် ထွန်းကားလာခဲ့လေသည်။ ပထဝီဝင်ကို လူကြီးများသာမက ကလေးများပင် စိတ်ပါ ဝင်စားစွာဖြင့် လေ့လာနိုင်ကြသည်။ ဤအကြောင်းကြောင့်ပင် ပထဝီကို မူလတန်းကျောင်းများမှစ၍ တက္ကသိုလ်များအထိ ဘာသာတစ်ရပ်အဖြစ်ဖြင့် ဆက်လက် သင်ကြား လေ့လာကြ ခြင်း ဖြစ်သည်။ ပထဝီဝင် အမျိုးမျိုးရှိ၏။ မူလတန်းနှင့် မူလတန်းလွန် ကျောင်းများတွင် သင်ကြားရသော ပထဝီဝင်သည် အများ အားဖြင့် ကမ္ဘာအရပ်ရပ်၌ မြေပြင်လက္ခဏာများ မည်ကဲ့သို့ တည်ရှိကြပုံ၊ လူတို့ မည်ကဲ့သို့ နေထိုင် လုပ်ကိုင်စားသောက် ကြပုံ စသည်တို့ကို အကျိုးအကြောင်းနှင့် လေ့လာသည်။ ပိုမို အဆင့်အတန်း မြင့်လာသောအခါ ပထဝီဝင်ကို သဘာဝ ပထဝီဝင်၊ မနုဿ ပထဝီဝင်၊ စီးပွားရေးပထဝီဝင်၊ ဒေသန္တရ ပထဝီဝင် စသည်ဖြင့် ခွဲခြား၍ အသေးစိတ် လေ့လာကြသည်။ သို့ရာတွင် ယင်းတို့ အားလုံးသည် သဘာဝပထဝီနှင့် လူ၊ သစ်ပင်၊ တိရစ္ဆာန်တို့ ဆက်သွယ်တည်ရှိနေကြပုံ၊ တစ်ခုနှင့် တစ်ခု အားထားမှီခိုနေကြပုံ စသည်တို့ကို အဓိကထား၍ လေ့လာကြသည်ချည်းသာ ဖြစ်သည်။

ပထဝီဝင်၏ အစိတ်အပိုင်းများ ပထဝီဝင်သည် ကျယ်ဝန်းသော ပညာတစ်ရပ်ဖြစ်၍၊ လွယ်ကူစိမ့်သောငှါ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း သဘာဝ ပထဝီဝင်၊ မနုဿပထဝီဝင်စသည်ဖြင့် အစိတ် အပိုင်းများပြုလုပ်၍ ခွဲခြါးလေ့လာကြသည်။ ပုံစံအားဖြင့် သဘာဝပထဝီသည် သက်ရှိ သတ္တဝါတို့အပေါ် မည်ကဲ့သို့ ပြုပြင်နိုင်ကြောင်းကို အသေအချာကြည့်ရှု စစ်ဆေးခြင်းဖြင့် ပထဝီဝင်ကို လေ့လာကြသည်။ ဤကဲ့သို့ လေ့လာသော ပထဝီ ဝင်မျိုးကို သဘာဝ ပထဝီဝင်ဟု ခေါ်၏။ တစ်ဖန် အပြန် အလှန်အားဖြင့် သက်ရှိသတ္တဝါများနှင့် ယင်းတို့၏ အပြုအမူ များက သဘာဝပထဝီဝင်ကို မည်ကဲ့သို့ ပြုပြင်နိုင်ကြောင်းကို စူးစမ်းလေ့လာခြင်းဖြင့်လည်း ပထဝီဝင်ကို လေ့လာကြသည်။ ဤပထဝီဝင်မျိုးကို ဇီဝပထဝီဝင်ဟု ခေါ်၏။

သဘာဝပထဝီဝင် သဘာဝပထဝီဝင်ကို လေ့လာရာ၌ အချို့ပညာရှင်တို့သည် တောင်တန်းကြီး၊ ကုန်းပြင်မြင့်၊ လွင်ပြင် အစရှိသည့် ကုန်းမြေ လက္ခဏာများကို ဂရုစိုက်၍ လေ့လာကြသည်။ အချို့ကမူ သမုဒ္ဒရာကြီးများ၊ သို့မဟုတ် ရာသီဥတု၊ မိုးလေဝသ စသည် တို့ကို အသေးစိတ်၍ လေ့လာကြသည်။ အချို့ကလည်း ကမ္ဘာ ပေါ်ရှိ နေရာများကို အတိအကျမှတ်သားပြနိုင်ရန်လေ့လာကြ၏။ ယင်းသည့် အစိတ်အပိုင်းတစ်ခုစီသည် သိပ္ပံပညာရပ်များ အဖြစ်ဖြင့် သီးခြားတည်ရှိနေကြခြင်းကြောင့် ယင်းတို့တွင်လည်း သီးခြားအမည်များရှိကြ၏။ ဘူမိရုပ်သွင်ပညာသည် ကုန်းမြေ သဏ္ဌာန်များကို လေ့လာသောပညာရပ်ဖြစ်သည်။ တစ်နည်း အားဖြင့် ကမ္ဘာ့မျက်နှာပြင်အကြောင်းကို ဖော်ပြ၍၊ ယင်းတို့ စတင်ဖြစ်ပေါ်လာကြပုံ၊ ပြောင်းလဲလာခဲ့ကြပုံ စသည်တို့ကို ရှင်းလင်းဖော်ပြသော ပညာရပ်ဖြစ်သည်။ ဤအကြောင်းများကို ပေါက်မြောက်စွာ လေ့လာနိုင်ရန်အတွက် ကမ္ဘာပေါ်ရှိ ကျောက် များ၏အနေအထားနှင့် ဖွဲ့စည်းပုံကိုသာမက၊ မြေမျက်နှာပြင်ကို ပြုပြင်ပြောင်းလဲစေနိုင်သော ဥတု ချေဖျက်ခြင်း၊ တိုက်စားခြင်း၊ အပေါ်ယံမြေလွှာလှုပ်ရှားခြင်း၊ မီးတောင်လှုပ်ရှားခြင်း စသည် တို့ကိုပါ သိနားလည်ထားရန် လိုအပ်လှပေသည်။ ဤအချက် ကြောင့်ပင် ဘူမိရုပ်သွင်ပညာသည် ဘူမိဗေဒနှင့် များစွာ ဆက်စပ်နေသည်။ ဤပညာသည် တောင်ကြီးများ မြင့်တက် လာခဲ့ကြ ပုံ၊ လေ၊ ရေစီး၊ ရေခဲမြစ် စသည်တို့၏ တိုက်စား ခြင်းကြောင့်၊ ထိုတောင်ကြီးများ တဖြည်းဖြည်း ယိုးယွင် ပျက်စီးသွားကြရပုံများကို ဖော်ပြသည်။ ထို့ပြင် မြင့်မားသော တောင်များပေါ်မှ တိုက်စားချလိုက်သော မြေသားများ နိမ့်သော အရပ်များတွင် စုပုံခြင်းဖြင့် လွင့်ပြင်များ ဖြစ်ပေါ်လာကြပုံ၊ ပင်လယ်တွင်းသို့ စီးဝင်သော မြစ်များ ရေးစီး နှေးလာပြီးလျှင် မြစ်ညာမှ ယူဆောင်လာခဲ့သော အနည်များကို မြစ်ဝ၌ စုပုံ ချထားခြင်းကြောင့် မြစ်ဝကျွန်းပေါ်များဖြစ်လာကြပုံ စသည် တို့ကိုလည်း ရှင်းလင်းဖော်ပြသည်။ ဤကဲ့သို့ ကမ္ဘာ့ မျက်နှာပြင်ကို ပြောင်းလဲဖြစ်ပေါ်စေသော ဖြစ်စဉ်များကို လေ့လာခြင်းသည် ဘူမိရုပ်သွင်ပညာရှင်တို့၏ အဓိက လုပ်ငန်း ဖြစ်၏။

ဘာသာရပ်ခွဲများ

[ပြင်ဆင်ရန်]

ပထဝီဝင် ဘာသာရပ်တွင် ရူပ ပထဝီဝင် (Physical geography) နှင့် လူမှု ပထဝီဝင် (Human geography) ဟူ၍ ပင်မ ဘာသာရပ်ခွဲ ၂ ခု ခွဲခြားလေ့လာသည်။

ရူပ ပထဝီဝင်

[ပြင်ဆင်ရန်]
အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ရူပ ပထဝီဝင်

ရူပ ပထဝီဝင် ဘာသာရပ်သည် သဘာဝပတ်ဝန်းကျင် ရှိ မြေမျက်နှာသွင်ပြင်၊ ရေဆင်း၊ မြေအမျိုးစား၊ ကျောက်များ၊ ရာသီဥတု စသည်တို့ကို လေ့လာသော ဘာသာရပ်ဖြစ်သည်။

လူမှု ပထဝီဝင်

[ပြင်ဆင်ရန်]

လူမှု ပထဝီဝင် ဘာသာရပ် လူ နှင့် လူ့ပတ်ဝန်းကျင်အကြောင်းကို လေ့လာသည်။ လူမှု ပထဝီဝင် ကို လေ့လာရာတွင် ဒေသ၊ နိုင်ငံတခု ၏ လူဦးရေ၊ ယဉ်ကျေးမှု၊ နိုင်ငံရေး၊ စီးပွားရေး … အစ ရှိသော အကြောင်းအရာများကို သာမက မြေအသုံးချမှု၊ စိုက်ပျိုးရေး၊ စက်မှုလုပ်ငန်း စသည်များကိုပါ လေ့လာသည်။

မြေပုံများ

[ပြင်ဆင်ရန်]

မြေပုံများသည် ပထဝီဝင် အကြောင်းအရာများကို များစွာ ဖော်ပြထားနိုင်သဖြင့် ပထဝီဝင် ပညာရှင်များသည် မြေပုံ နှင့် ပတ်သက်သော အကြောင်းအရာများကို နားလည်ရန် လိုအပ်သည်။ ပထဝီဝင် ပညာရှင်များသည် မြေပုံပေါင်းများစွာကို ရေးဆွဲ အသုံးပြုကြသည်။

မှီငြမ်းကိုးကား

[ပြင်ဆင်ရန်]