တပ်မတော်ဆေးတက္ကသိုလ်
တဆတ | |
ကျောင်းလိုဂိုတံဆိပ်ပုံ | |
အခြားအမည် | DSMA |
|---|---|
| ဆောင်ပုဒ် | "သမားဇာနည် အောင်စစ်သည်" |
| အမျိုးအစား |
|
| တည်ထောင် | နိုဝင်ဘာ ၁၉၊ ၁၉၉၂ |
| နှီးနွယ်အဖွဲ့အစည်း | |
| ပါမောက္ခချုပ် | ဗိုလ်မှူးချုပ် ခင်အောင်ထွန်း |
| ကျောင်းအုပ်ကြီး | ဗိုလ်မှူးချုပ် စိုးညွှန့် |
| တည်နေရာ | , , ကိုဩဒိနိတ်: 16°56′06″N 96°07′30″E / 16.9351°N 96.1249°E |
| ပရဝုဏ် | မင်္ဂလာဒုံမြို့နယ် |
| ဝဘ်ဆိုဒ် | dsma.edu.mm |
![]() | |
တပ်မတော်ဆေးတက္ကသိုလ်သည် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် ရန်ကုန်ပြည်လမ်းမကြီးနှင့် ခရပင်လမ်းထောင့် အမှတ် (၉၄)ဃ(၁) တွင် တည်ရှိသော စစ်ဘက်ဆိုင်ရာ ဆေးတက္ကသိုလ် တစ်ခုဖြစ်သည်။ အခြားသောအရပ်ဘက်ဆေးကျောင်းများနည်းတူ အမ်ဘီဘီအက်စ်ဘွဲ့သင်တန်းများ၊ဘီဒီအက်စ်သင်တန်းများနှင့် ဘွဲလွန် သင်တန်းများ၊ ပါရဂူ သင်တန်းများကို သင်ကြားပေးလျက်ရှိသည်။ ထိုတက္ကသိုလ်မှ ဘွဲရရှိသည်နှင့် တပြိုင်နက် သင်တန်းသားများကို မြန်မာ့တပ်မတော်တွင် ဗိုလ်ရာထူးအဆင့်ဖြင့် ခန့်အပ်တာဝန်ပေးသည်။ တပ်မတော်ဆေးမှူးများသည် ကျန်းမာရေးစောင့်ရှောက်မှု ချို့တဲ့သည့် နိုင်ငံ၏ဝေးလံခေါင်ဖျားသည့် အရပ်ဒေသများတွင် တာဝန်ချထားခြင်းခံရသည့်အခါ ထိုဒေသရှိ တပ်မတော်သားများကိုသာမက အရပ်သားများကိုပါ ကျန်းမာရေးစောင့်ရှောက်ကုသမှု ပေးရသည်။[၁]
သမိုင်းကြောင်း
[ပြင်ဆင်ရန်]တပ်မတော်ဆေးတက္ကသိုလ်ကို ၁၉၉၂ ခုနှစ်တွင် Defence Services Institute of Medicine (DSIM) အဖြစ် စတင်ဖွင့်လှစ်ခဲ့သည်။ ရည်ရွယ်ချက်မှာ မြန်မာ့တပ်မတော်တွင် ဆေးမှူးအဖြစ် တာဝန်ထမ်းဆောင်ရန် ဖြစ်သည်။ တပ်မတော်သည် တပ်မတော်ဆေးတက္ကသိုလ်ကို မဖွင့်လှစ်မီက အရပ်ဘက်ဆေးတက္ကသိုလ်များမှ ဆရာဝန်များနှင့် သွားဘက်ဆိုင်ရာဆရာဝန်များကို ခေါ်ယူတာဝန်ထမ်းဆောင်စေခဲ့သည်။ တာဝန်ပေးအပ်ခြင်းခံရသည် ဆရာဝန်များသည် စစ်တပ်တွင် အခြေခံစစ်ပညာရပ်များကို လအတန်ကြာ သင်တန်းတက်ရောက်ခဲ့ရသည်။ ရှစ်လေးလုံးအရေးအခင်းပြီးသည့်နောက် တပ်မတော်မှ အာဏာသိမ်းပြီး စစ်တပ်အစိုးရ တက်လာသည့်အချိန် ၁၉၉၀ ခုနှစ် အစောပိုင်းကာလများတွင် ကျောင်းသားများ၏ စိုးရိမ်ကြောင့်ကြမှုများ မြင့်မားသည့်အတွက် အရပ်ဘက်ကျောင်းများနှင့် တက္ကသိုလ်များကို ကာလအတန်ကြာပိတ်ခဲ့ရသည်။ ထို့နောက် တပ်မတော်အတွင်း ဆေးမှူးလိုအပ်ချက်မှာ မြင့်မားလာပြီး ရှားပါးလာခဲ့သည်။
တပ်မတော်ဆေးတက္ကသိုလ်၏ ရည်မှန်းချက်မှာ "တို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်နိုင်မည့် စွမ်းရည်ပြည့်ဝပြီး လက်ရုံးရည် နှလုံးရည်နှင့်ပြည့်စုံသော စစ်ဘက်ဆိုင်ရာ ဆေးမှူးများ မွေးထုတ်ပေးရန်" ဖြစ်သည်။
တပ်မတော်ဆေးတက္ကသိုလ်၏ ပထမဆုံးသော ဗိုလ်လောင်သင်တန်း အမှတ်စဉ် (၁) တွင် သင်တန်းသား ၆၁ ယောက်တက်ရောက်ခဲ့သည်။ ခြောက်နှစ်တာ စာပေသင်ကြားလေ့လာမှု၊ အလုပ်သင်ဆရာဝန်အဖြစ် တစ်နှစ် တာဝန်ထမ်းဆောင်ပြီးသည့်အချိန် ၁၉၉၉ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် သင်တန်းသား ၄၇ ယောက်အား "ဗိုလ်" အဆင့်ရာထူး ခန့်အပ်ပေးနိုင်ခဲ့သည်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂ ရက် အချက်အလက်စာရင်းများအရ တပ်မတော်ဆေးတက္ကသိုလ်သည် ဆေးပညာဘွဲ့များအပြင် ပညာရပ်ပိုင်းဆိုင်ရာ အဆင့်မြင့်ဘွဲ့များဖြစ်သည့် ဆေးပညာဘွဲ့လွန် ဒီပလိုမာအမျိုးအစားပေါင်း ၁၆ ခု၊ ဆေးပညာမဟာသိပ္ပံဘွဲ့ အမျိုးအစားပေါင်း ၂၇ ခုနှင့် ပါရဂူဘွဲ့အမျိုးအစားပေါင်း ၃၄ ခု တို့ကို တိုးချဲ့ဖွင့်လှစ်ထားသည်။[၂]
ကျောင်းအုပ်ကြီးများ
[ပြင်ဆင်ရန်]| ကျောင်းအုပ်ကြီးများ | ကာလ | မှတ်ချက် |
|---|---|---|
| ဗိုလ်မှူးချုပ် မြသိန်းဟန်(ကြည်း-၃၄၃၇) | ၂၂.၆.၁၉၉၃ မှ ၂၀.၁၂.၁၉၉၃ ထိ | |
| ဗိုလ်မှူးချုပ် ကြည်သွင် | ၂၀.၁၂.၁၉၉၃ မှ ၂၅.၃.၁၉၉၇ ထိ | |
| ဗိုလ်မှူးချုပ် လှမြင့်(ကြည်း-၃၄၆၄) | ၂၅.၃.၁၉၉၇ မှ ၂၈.၁၁.၂၀၀၀ ထိ | |
| ဗိုလ်မှူးချုပ် သောင်းထိုက် (ကြည်း-၁၂၇၂၇) | ၁၁.၈.၂၀၀၂ မှ ၆.၁၀.၂၀၀၃ ထိ | |
| ဗိုလ်မှူးချုပ် မင်းသိန်း (ကြည်း-၁၃၈၈၃)(စတသ-၁၇) | ၆.၁၀.၂၀၀၃ မှ ၁၉.၆.၂၀၀၆ ထိ | |
| ဗိုလ်မှူးချုပ် ရာပြည့် (ကြည်း-၁၆၅၅၆)(စတသ-၂၂) | ၁၉.၈.၂၀၀၆ မှ ၂၅.၆.၂၀၀၈ ထိ | |
| ဗိုလ်မှူးချုပ်ထွန်းနေလင်း (ကြည်း-၁၆၃၅၄)(ဗသက-၆၁) | ၂၅.၆.၂၀၀၈ မှ ၂၇.၈.၂၀၁၀ ထိ | |
| ဗိုလ်မှူးချုပ် ကိုကိုနိုင် (ကြည်း-၁၉၀၀၀)(စတသ-၂၆) | ၁.၉.၂၀၁၀ မှ ၂၂.၁.၂၀၁၂ ထိ | |
| ဗိုလ်မှူးချုပ် သစ်လင်းအုန်း (ကြည်း-၁၈၁၅၈)(စတသ-၂၄) | ၂၂.၁.၂၀၁၂ မှ ၂.၂.၂၀၁၄ ထိ | |
| ဗိုလ်မှူးချုပ် မျိုးဇော်သိမ်း (ကြည်း-၂၀၂၂၀)(စတသ-၂၈) | ၂.၂.၂၀၁၄ မှ ၁၂.၈.၂၀၁၅ ထိ | |
| ဗိုလ်မှူးချုပ် သက်ပုံ (ကြည်း-၂၀၇၃၅)(စတသ-၂၉) | ၁၂.၈.၂၀၁၅ မှ ၂၆.၈.၂၀၁၆ ထိ | |
| ဗိုလ်မှူးချုပ် ရဲဝင်းဦး (ကြည်း-၂၁၄၄၀)(ဗသက-၇၇) | ၂၆.၈.၂၀၁၆ မှ ၁၈.၆.၂၀၁၈ ထိ | |
| ဗိုလ်မှူးချုပ် ညွန့်ဝင်းဆွေ (ကြည်း-၂၅၉၈၂)(စတသ-၃၆) | ၁၈.၆.၂၀၁၈ မှ ၄.၄.၂၀၂၀ ထိ | |
| ဗိုလ်မှူးချုပ် နီလင်းအောင် (ကြည်း-၂၇၁၆၀)(စတသ-၃၇) | ၄.၄.၂၀၂၀ မှ ၃.၂.၂၀၂၁ ထိ | |
| ဗိုလ်မှူးချုပ် အောင်မင်းဦး (ကြည်း-၂၈၅၅၅) | ၃.၂.၂၀၂၁ မှ -.၉.၂၀၂၃ | |
| ဗိုလ်မှူးချုပ် ဇော်မန်းဖြိုး (ကြည်း-၂၇၃၄၇)(စတသ-၃၇) | .၉.၂၀၂၃ မှ ယနေ့အထိ | |
တပ်မတော်ဆေးတက္ကသိုလ်သို့ တက်ရောက်ခြင်း
[ပြင်ဆင်ရန်]
တပ်မတော်ဆေးတက္ကသိုလ်သည် နှစ်စဉ် သင်တန်းသားလေးရာခန့်နီးပါး လက်ခံသည်။ ၂၀၁၀ခုနှစ် နောက်ပိုင်းမှစတင်ပြီး နှစ်စဉ် သင်တန်းသား ၅၀ ဦးခန့်သာလက်ခံတော့သည်။ အခြားသော အရပ်ဘက်ဆေးတက္ကသိုလ်များနှင့် မတူသည့်အချက်မှာ သင်တန်းသားရွေးချယ်ခြင်းလုပ်ငန်းစဉ်သည် အဆင့်မြင့်တက္ကသိုလ်ဝင်ခွင့်များထက် အဆင့်ပိုမိုများပြားခြင်းပင် ဖြစ်သည်။ ရည်ညွှန်းသင်တန်းသားများအားလုံးသည် ယောက်ျားလေးများသာ ဖြစ်ရမည့်အပြင် အခြားသော အရပ်ဘက်ဆေးတက္ကသိုလ်များတွင် တက်ရောက်နိုင်လောက်သည့်အထိ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် အောင်မှတ်များ ရရှိထားရန် လိုအပ်သည်။ သိုသော်လည်း ၂၀၂၃ခုနှစ်မှစ၍ အမျိုးသမီးများပါစတင်ခေါ်ယူခဲ့သည်။ ထို့အပြင် ရည်ညွှန်းသင်တန်းသားသည် အခြားသော ဝင်ခွင့်စာမေးပွဲ စစ်ဆေးခြင်းကိုလည်း ဖြေဆိုနိုင်ရမည်ဖြစ်ပြီး ခန္ဓာကိုယ်ကြံခိုင်မှုစစ်ဆေးခြင်းနှင့် စိတ်ပိုင်းဆိုင်ရာစစ်ဆေးခြင်း စာမေးပွဲကိုလည်း ဖြေဆိုနိုင်ရမည်။ ၂၀၁၀ ခုနှစ်နောက်ပိုင်းတွင်မူ ဝင်ခွင့်အတွက် တက္ကသိုလ်ဝင်စာမေးပွဲအမှတ်များကို ထည့်သွင်းစဉ်းစားခြင်း မပြုတော့ပေ။ တစ်ကိုယ်ရည် လူတွေ့စစ်ဆေးမေးမြန်းခြင်းသည် ဝင်ခွင့်ရရှိရန်အတွက် အရေးအကြီးဆုံးသောအဆင့်တစ်ခု ဖြစ်လာခဲ့သည်။ ၂၀၁၀ ခုနှစ်မှစ၍ တက္ကသိုလ်သည် သင်တန်းသား ၁၀၀ သို့ ၁၀၀ ထက်လျော့သော သင်တန်းသားအရေအတွက်ကိုသာ လက်ခံခဲ့သည်။ ၂၀၁၂ ခုနှစ် ဝင်ခွင့်စာမေးပွဲတွင်မူ သင်တန်းသား ၄၀ ဦးသာ ဝင်ခွင့်အောင်မြင်ခဲ့ပြီး တက်ရောက်ခွင့် ရရှိခဲ့သည်။
စာမေးပွဲစစ်ဆေးမှုများ
[ပြင်ဆင်ရန်]တပ်မတော်ဆေးတက္ကသိုလ်ဗိုလ်လောင်းများအား ပေးအပ်သည့် ပညာရည်ထူးချွန်ဆုအဆင့်များ၊ ဂုဏ်ထူးများသည် တပ်မတော်ဆေးတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ပါမောက္ခ၊ ဌာနမှူးများနှင့်သာ စစ်ဆေးခြင်းမဟုတ်ဘဲ ဆေးတက္ကသိုလ်(၁)ရန်ကုန်၊ ဆေးတက္ကသိုလ်(မန္တလေး)၊ ဆေးတက္ကသိုလ် (၂) ရန်ကုန်၊ ဆေးတက္ကသိုလ်(မကွေး)၊ ဆေးတက္ကသိုလ်(တောင်ကြီး) စသည့်တစ်နိုင်ငံလုံးရှိ ဆေးတက္ကသိုလ် အသီးသီးမှ ပါမောက္ခချုပ်များ၊ ပါမောက္ခများနှင့်စာစစ်ပုဂ္ဂိုလ်များ၏ စစ်ဆေးချက်များနှင့် ချီးမြှင့်ခြင်း ဖြစ်သည်။[၃]
ဆက်စပ်ဖတ်ရှုရန်
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- ↑ တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၁)သင်တန်းဆင်း ဂုဏ်ပြု စစ်ရေးပြအခမ်းအနားကျင်းပပြုလုပ်။ MWD Webportal (၁၁ ဒီဇင်ဘာ ၂၀၂၀)။ ၁၉ နိုဝင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ တပ်မတော်ဆေးတက္ကသိုလ်မှ နိုင်ငံတကာတက္ကသိုလ်များသို့ အဆင့်မြင့်ဆေးပညာများကို လေ့လာသင်ကြားရန် စေလွှတ်ရာတွင် ဆေးပညာမဟာသိပ္ပံ ဘွဲ့ရရှိသူ ၄၀၊ ပါရဂူဘွဲ့ရရှိသူ ၂၄ ဦးနှင့် တော်ဝင်သမားတော်ဘွဲ့ရရှိသူ ၂၂၇ ဦးတို့ ရှိခဲ့။ Eleven Media Group (၃ အောက်တိုဘာ ၂၀၂၃)။ ၁၉ နိုဝင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ တပ်မတော်ဆေးတက္ကသိုလ်၏ (၂၃)ကြိမ်မြောက်ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ။ MWD Webportal (၂၁ ဒီဇင်ဘာ ၂၀၂၂)။ ၁၉ နိုဝင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
