နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

မာတိကာ

သမိုင်းကြောင်း[ပြင်ဆင်ရန်]

နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်ကို ၁၉၅၅ ခုနှစ်တုန်းက မင်္ဂလာဒုံ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်မှာ စတင် ဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီနောက် ၁၉၅၈ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့မှာ ဖွဲ့စည်းပုံ W.E (B.A/437/1/58) နဲ့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အစိတ်အပိုင်းတခုအဖြစ် ပြန်ဖွဲ့ခဲ့ပါတယ်။ အဲဒီနောက် နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်ရဲ့ နေရာကို မင်္ဂလာဒုံကနေ ကန်တော်လေး (၃၄/၃၉) ကြေးနန်း ဆက်သွယ်ရေးတပ်ဖွဲ့ဆီ ပြောင်းရွှေ့ခဲ့ပါတယ်။

အဲဒီကနေ ၁၉၆၆ ခုနှစ် မေလ ၅ ရက်နေ့မှာ အမှတ် (၄) အလံပြဘုရားလမ်း ဒဂုံ (၁) ကျောင်းအနီးဆီ ထပ်ရွှေ့ခဲ့ပြန်ပါတယ်။ ၁၉၇၆ ခုနှစ် ဧပြီလ ၂ဝ ရက်နေ့မှာ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် နေရာကို ၉ မိုင်ခွဲဆီ ပြောင်းရွှေ့ခဲ့ပြန်ပါတယ်။ ၁၉၉၁ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှာ ဖွဲ့စည်းပုံ (War Establishment – W.E) ကဖ ၁ဝ၆၊ ၂- ၉၁ နဲ့ ထပ်မံ ပြင်ဆင်ခဲ့ပါတယ်။ ၁၉၉၄ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာတော့ ၉ မိုင်ခွဲနေရာကနေ ရန်ကုန်တိုင်း စစ်ဌာနချုပ် ကုန်းမြင့်သာဆီ ပြောင်းခဲ့ပါတယ်။ ကုန်းမြင့်သာကို စစ်ရုံးကြီးတခုလုံး ပြောင်းရွှေ့လာချိန်မှာ နေရာမဆန့်တာကြောင့် နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်ကို ၂ဝဝ၂ ခုနှစ် ဧပြီလ ၁၉ ရက်နေ့မှာ ကုန်းမြင့်သာကနေ ဒဂုံမြို့နယ်ရှိ စစ်ရုံး ရုံးဟောင်းဝင်းကြီးအတွင်း ထပ်ရွှေ့ခဲ့ပါတယ်။နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်မှာ ၁၉၆၆ ခုနှစ်ကနေ ၁၉၇ဝ ခုနှစ်ထိ တပ်မှူးများ မွမ်းမံ သင်တန်း ၉ ခုကို ဖွင့်လှစ်ခဲ့ပြီး ၁၉၈၄ ခုနှစ်ကနေ ၁၉၈၈ ခုနှစ်ထိ ဥပဒေရက်တို မွမ်းမံသင်တန်း ၁ဝ ခု ဖွင့်လှစ်ခဲ့ပါတယ်။ စစ်တပ်က အာဏာသိမ်းပြီး ၁၉၉၂-၁၉၉၃ ခုနှစ်မှာ တပ်မှူးများ မွမ်းမံ သင်တန်း ၄ ခုနဲ့ အရာရှိကြီးများ အုပ်ချုပ်မှုသင်တန်း ၄ ခု ဖွင့်လှစ် သင်ကြားခဲ့ပါတယ်။အဲဒီသင်တန်းတွေတုန်းက နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်ဟာ အဆင်သင့် မဖြစ်သေး တာကြောင့် မင်္ဂလာဒုံ ရန်ကုန်တိုင်း စစ်ဌာနချုပ် စုပေါင်းရိပ်သာ (ခရေပင်လမ်းခွဲ) မှာပဲ ဖွင့်လှစ် ခဲ့ရပါသေးတယ်။ အဲဒီနောက် ဗိုလ်မှူးကြီးအဆင့် ဗျူဟာမှူးတွေကို နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်မှာ လေ့ကျင့် သင်ကြားပေးတဲ့ သင်တန်းကို စတင်ဖွင့်လှစ်ခဲ့ရာ အမှတ်စဉ် ၁ ကနေ ၉ အထိ အရာရှိကြီး ဦးရေ ၅ဝဝ ဦးခန့် သင်ကြား ပေးခဲ့ပြီး ဖြစ်တယ်လို့ သိရှိရပါတယ်။

ဖွဲ့စည်းပုံ[ပြင်ဆင်ရန်]

အဲ့ဒီအဖွဲ့ရဲ့ အမျိုးသား ကာကွယ်ရေး ရည်မှန်းချက် နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်ရဲ့ မူဝါဒဆိုင်ရာ လမ်းညွှန်အဖွဲ့အနေနဲ့ နာယကအဖြစ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဆောင်ရွက်ပြီး ဥက္ကဋ္ဌအဖြစ် ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် က ဆောင်ရွက်ပါတယ်။ အဖွဲ့ဝင်တွေအဖြစ် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း ရေ လေ) ၊ စစ်ရေးချုပ်၊ စစ်ထောက်ချုပ်၊ စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်၊ လေကြောင်း ကာကွယ်ရေး အရာရှိချုပ်၊ တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)၊ ကာကွယ်ရေးဦးစီးချုပ်(လေ)နဲ့ အတွင်းရေးမှူးအဖြစ် ကျောင်းအုပ်ကြီးတို့ ပါဝင်ဖွဲ့စည်းထားတာ တွေ့ရပါတယ်။

သင်ကြားပို့ချမှု[ပြင်ဆင်ရန်]

သိပ္ပံပညာ ထွန်းကားမှုကြောင့် စစ်မှုအတတ်ပညာ (Military Technology) လည်း ပြောင်းလဲ တိုးတက်နေရာ စစ်မှုအတတ် ပညာတိုးတက်မှုနှင့်အညီ စစ်နည်းဗျူဟာ၊ စစ်မဟာဗျူဟာနှင့် စစ်အခြေခံ သဘောတရားများလည်း စဉ်ဆက်မပြတ် ပြောင်းလဲလျက် ရှိပါတယ်။ ဒါကြောင့် ခေတ်နှင့်အညီ ရင်ပေါင်တန်းနိုင်ဖို့ ဗိုလ်မှူးကြီး အဆင့် စစ်ခေါင်းဆောင်များအား လေ့လာ ဆည်းပူး လေ့ကျင့်ပွားများနေရန် နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်က အပိုင်း (၁၁) ပိုင်း ခွဲခြားပြီး ပို့ချခဲ့ပါတယ်။ သင်တန်းသားများကို တဦးချင်းရော၊ အဖွဲ့လိုက်ပါ ဆောင်ရွက်စေတဲ့ လုပ်ငန်းများ ရှိပါတယ်။

သင်တန်းသား တဦးချင်း အနေနဲ့ ဘာသာရပ်သုံးသပ်ခြင်း (ရေးသားမှု)၊ ဘာသာရပ် သုံးသပ်ခြင်း (ဟောပြောတင်ပြမှု)၊ ပထမအကြိမ် ကိုးကားရမဲ့ စာအုပ်စာတမ်း လေ့လာ သုံးသပ်ခြင်း၊ ဒုတိယအကြိမ် ကိုးကားရမဲ့ စာအုပ်စာတမ်းများ လေ့လာသုံးသပ်ခြင်း၊ ဟောပြော တင်ပြခြင်း (မြန်မာဘာသာ)၊ ဟောပြောတင်ပြခြင်း (အင်္ဂလိပ်ဘာသာ)၊ ဘွဲ့ယူ စာတမ်း ပြုစု တင်ပြခြင်းတို့ ပါဝင်ပါတယ်။ အဖွဲ့လိုက် အနေနဲ့ အဖွဲ့လိုက် ဆွေးနွေးခြင်း၊ အဖွဲ့ဖြင့် ပြဿနာ အဖြေရှာခြင်း၊ မြန်မာနိုင်ငံအကြောင်း သိကောင်းစရာ နှီးနှောဖလှယ်ပွဲ၊ စီးပွားရေးရာ နှီးနှော ဖလှယ်ပွဲ၊ မဟာဗျူဟာ လေ့လာရေး စာတမ်း ပြုစုခြင်း စသည်တို့ ပါဝင်ပါတယ်။

အပိုင်း (၁) နိုင်ငံစွမ်းအားကို သတ်မှတ်ပေးနိုင်သော အရင်းခံ အကြောင်းရပ်များ[ပြင်ဆင်ရန်]

  • နိုင်ငံစွမ်းအား အဓိပ္ပါယ်ဖွင့်ဆိုချက်
  • သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အရင်းခံများ
  • နိုင်ငံရေးဆိုင်ရာ အရင်းခံများ
  • စစ်အင်အားကိုဖြစ်စေသော အရင်းခံများ
  • စီးပွားရေးဆိုင်ရာ အရင်းခံများ
  • အုပ်ချုပ်ရေးဆိုင်ရာ အရင်းခံများ
  • လူမှုရေးဆိုင်ရာ အရင်းခံများ
  • ခေါင်းဆောင်မှုနှင့် နိုင်ငံဦးဆောင်မှုဆိုင်ရာ အရင်းခံများ
  • သံတမန်ဆိုင်ရာ အရင်းခံများ

အပိုင်း (၂) နိုင်ငံတော်၏ စီးပွားရေးအခြေခံ အဆောက်အအုံများကို လေ့လာခြင်း[ပြင်ဆင်ရန်]

  • စီးပွားရေးဆိုင်ရာ အခြေခံ သဘောတရားများ
  • စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု၊ ဖွံ့ဖြိုးရေးမူဝါဒနှင့် ဆောင်ရွက်ချက်များ
  • ဖွံ့ဖြိုးတိုးတက်မှု အတွေ့အကြုံများ
  • မြန်မာ နိုင်ငံ၏ နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လေ့လာချက်များ

အပိုင်း (၃) နိုင်ငံတကာ အဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ ဥပဒေ၊ နိုင်ငံတကာ ဆက်ဆံရေးနှင့် သံတမန်နည်းများ[ပြင်ဆင်ရန်]

  • မျက်မှောက်ခေတ် နိုင်ငံတကာ ဆက်ဆံရေး အခြေအနေ
  • နိုင်ငံအချင်းချင်း အကျိုးတူ ပူးပေါင်းဖွဲ့စည်းမှုနှင့် ဆောင်ရွက်မှုများ
  • မဟာဗျူဟာ လက်နက် လျှော့ချရေးနှင့် ကန့်သတ်ရေး ဆွေးနွေးပွဲများ
  • စစ်အေးလွန် ကာလ ကုလသမဂ္ဂ၏ အခန်းကဏ္ဍ
  • ကုလသမဂ္ဂနှင့် မြန်မာနိုင်ငံ
  • အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO)
  • ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကော်မတီနှင့် တနှစ်အတွင်း လှုပ်ရှားမှု
  • ငွေကြေးဆိုင်ရာ သီးခြားအဖွဲ့အစည်းများ
  • နိုင်ငံတကာ ဆက်ဆံရေး
  • နိုင်ငံခြားရေးဝါဒများကို လေ့လာခြင်း
  • မျက်မှောက် ခေတ် အမျိုးသားရေး ဝါဒ
  • မျက်မှောက်ခေတ် နိုင်ငံတကာ အရေးအခင်း များကို ဖြေရှင်းမှုများ
  • ဘက်မလိုက် လှုပ်ရှားမှု စတင်ပေါ်ပေါက်လာပုံနှင့် ဖြစ်ပေါ် တိုးတက်မှုများ
  • အပြည်ပြည်ဆိုင်ရာ ဥပဒေ
  • အပြည်ပြည်ဆိုင်ရာ ပင်လယ်ပြင် ဥပဒေ
  • အပြည်ပြည်ဆိုင်ရာ လေကြောင်းဥပဒေ
  • အပြည်ပြည်ဆိုင်ရာ ဥပဒေ ကျင့်သုံးမှုကို လေ့လာခြင်း
  • သံတမန်နည်းနာ (Course in Diplomacy)

အပိုင်း (၄) ခေတ်သစ်စစ်ပွဲများတွင် စစ်မှုသိပ္ပံနှင့် နည်းပညာများ[ပြင်ဆင်ရန်]

  • ခေတ်သစ် စစ်ပွဲများတွင် မိုင်းစစ်ဆင်ရေး သဘောတရားများ
  • နျူကလီးယား၊ ဇီဝ၊ ဓါတုစစ်ဆင်ရေးနှင့် ခြိမ်းခြောက်တားဆီးမှု မဟာဗျူဟာ
  • ခေတ်သစ် စစ်ပွဲများတွင် ဥမင်လှိုဏ်ခေါင်း စစ်ဆင်ရေး သဘောတရားများ
  • အီလက်ထရောနစ် စစ်ဆင်ရေး
  • စိတ်ဓာတ်စစ်ဆင်ရေး
  • ရေဒါနည်းပညာနှင့် စစ်ဘက်ဆိုင်ရာ အတွက် အသုံးပြုမှု၊
  • ခေတ်မီဆက်သွယ်ရေး နည်းပညာနှင့် ကွန်ယက် ဗဟိုပြုစစ်ပွဲ
  • ဂြိုဟ်တု နည်းပညာနှင့် ဝေဟင်အာကာသစစ်၊
  • ဒုံးလက်နက် မဟာဗျူဟာ
  • သတင်း အချက်အလက် စစ်ဆင်ရေး
  • နိုင်ငံတော် ကာကွယ်ရေးအတွက် သိပ္ပံနှင့် နည်းပညာ
  • အနာဂတ် စစ်ရေးမဟာဗျူဟာအပေါ် လွှမ်းမိုး လျက်ရှိနေမည့် နည်းပညာ၏ အခန်းကဏ္ဍ
  • သိပ္ပံနည်းပညာ၊ သတင်းနှင့် အမျိုးသား လုံခြုံရေး

အပိုင်း (၅) စီမံခန့်ခွဲမှု[ပြင်ဆင်ရန်]

  • စီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှု (Business Administration)
  • စစ်ဘက်ဆိုင်ရာ စီမံခန့်ခွဲမှု (Defense Management System)
  • နယ်ဘက်ဆိုင်ရာ စီမံခန့်ခွဲမှု (Public Administration or Public Management)

အပိုင်း (၆) တိုက်ပွဲဖြစ်စဉ်များအပေါ် လေ့လာသုံးသပ်ခြင်း[ပြင်ဆင်ရန်]

  • ကြည်း၊ရေ၊လေ ပူးပေါင်းစစ်ဆင်ရေးနှင့် ပတ်သက်သော တိုက်ပွဲများကို လေ့လာ သုံးသပ်ခြင်း
  • လေကြောင်းစွမ်းအား အသုံးပြုတိုက်ပွဲ ဖြစ်စဉ်များအပေါ် လေ့လာ သုံးသပ်ခြင်း
  • ရေကြောင်းစွမ်းအား အသုံးပြုတိုက်ပွဲ ဖြစ်စဉ်များအပေါ် လေ့လာ သုံးသပ်ခြင်း
  • ခေတ်သစ်စစ်၏ သဘောသဘာဝနှင့် ခေတ်သစ်စစ်ပွဲကို ရင်ဆိုင် အံတု နေသော စစ်ပွဲများကို လေ့လာသုံးသပ်ခြင်း
  • ကန့်သတ်မဲ့ စစ်ဆင်မှုများ၏ သဘော သဘာဝနှင့် သမားရိုးကျစစ်ပွဲများကို ရင်ဆိုင်အံတုနေသော ၂ဝ ရာစု နောက်ပိုင်း ကန့်သတ်မဲ့ စစ်ပွဲများကို လေ့လာသုံးသပ်ခြင်း

အပိုင်း (၇) စစ်အတွေးအခေါ်များ၊ စစ်မဟာဗျူဟာ၊ ခေတ်သစ်စစ်ဆင်ရေးနှင့် ကာကွယ်ရေး မူဝါဒများ[ပြင်ဆင်ရန်]

  • စစ်အတွေးအခေါ်များ
  • စစ်မဟာဗျူဟာများ
  • ခေတ်သစ် စစ်ဆင်ရေး
  • ၂၁ ရာစု စစ်ပွဲအသွင်အပြင်များ
  • လေကြောင်းရန် ကာကွယ်ရေး
  • ခေတ်သစ်စစ်ပွဲနှင့် ပြည်သူ့စစ် မဟာဗျူဟာ
  • ကာကွယ်ရေး မူဝါဒများ ရေးဆွဲရာတွင် စဉ်းစားရမည့် အခြေခံများ (Fundamentals of Defense Policy Documents) ဒေသတွင်း နိုင်ငံများ၏ ကာကွယ်ရေး မူဝါဒ ရေးဆွဲမှုအပေါ် နှိုင်းယှဉ် လေ့လာချက်
  • အခြားနိုင်ငံများ၏ ကာကွယ်ရေးမူဝါဒများ ရေးဆွဲမှု အတွေ့အကြုံများ၊ (Development of Defense Policy-Case Studies)

အပိုင်း (၈) မဟာဗျူဟာအမြင်ဖြင့် နိုင်ငံများကို လေ့လာခြင်း[ပြင်ဆင်ရန်]

  • နိုင်ငံများအပေါ် မဟာဗျူဟာ အမြင်ဖြင့် လေ့လာခြင်း
  • မဟာ အင်အားကြီး နိုင်ငံ
  • အင်အားကြီးနိုင်ငံများ
  • အလယ်အလတ် အင်အားကြီး နိုင်ငံများ
  • ကျန်ကမ္ဘာ့နိုင်ငံများ
  • အိမ်နီးချင်းနိုင်ငံများ

အပိုင်း (၉) နိုင်ငံတော်၏ အမျိုးသားရေး အကျိုးစီးပွားနှင့်မူဝါဒများ[ပြင်ဆင်ရန်]

  • ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ အမျိုးသားရေး အကျိုးစီးပွားဆိုင်ရာ အခြေခံများ
  • ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ အမျိုးသားရေး ရည်မှန်းချက်များ
  • ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ အမျိုးသားရေး အကျိုးစီးပွား မျှော်မှန်းချက်ဆိုင်ရာ အခြေခံ အချက်များ
  • နိုင်ငံတော်အဆင့် ဆုံးဖြတ်ချက်များ ချမှတ်ခြင်းဆိုင်ရာ ယေဘုယျ အဆင့်များ
  • နိုင်ငံတော် မူဝါဒများ ဖော်ထုတ်ချမှတ်ခြင်းဆိုင်ရာ ယေဘုယျအဆင့်များ
  • နိုင်ငံတော် အာဏာပိုင် အဖွဲ့အစည်းများနှင့် လုပ်ငန်းဆောင်ရွက်မှုများ
  • အမျိုးသားညီလာခံ ကျင်းပရေး လုပ်ငန်းများ
  • ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ လုပ်ငန်းများ
  • ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊
  • မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ
  • သုတေသန စာတမ်း တင်သွင်းခြင်းနှင့် စစ်ဆေးခံယူခြင်း

အပိုင်း (၁ဝ) နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေး[ပြင်ဆင်ရန်]

  • နိုင်ငံတော် လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့် အယူအဆများ
  • နိုင်ငံတော် လုံခြုံရေး (National Security)
  • နိုင်ငံတော်ကာကွယ်ရေး (National Defense)

အပိုင်း (၁၁) နိုင်ငံတော်၏ အနာဂတ် အမျိုးသားရေး မဟာဗျူဟာကို လေ့လာစူးစမ်း ဖော်ထုတ်ခြင်း[ပြင်ဆင်ရန်]

  • တပ်မတော်အကြီးအကဲများ၏ ဩဝါဒများ
  • မဟာဗျူဟာစာတမ်း၊ ပြုစုရေးသားတင်ပြခြင်း

အဆိုပါ အပိုင်း (၁၁) ပိုင်းထဲမှာ စစ်ရေးပိုင်းဆိုင်ရာ (၄) ပိုင်း၊ မူဝါဒနဲ့ ဩဝါဒပိုင်းဆိုင်ရာ (၂) ပိုင်း၊ နိုင်ငံတကာရေးရာ ဆိုင်ရာ (၂) ပိုင်း၊ စီမံခန့်ခွဲရေး ဆိုင်ရာ (၁) ပိုင်း၊ စီးပွားရေး ဆိုင်ရာ (၁) ပိုင်း၊ နိုင်ငံ့စွမ်းအား ဆိုင်ရာ (၁) ပိုင်း ပါဝင်နေတာကို ခြုံငုံ လေ့လာသိရှိရပါတယ်။

နောက်ဆုံးမှာတော့ သင်တန်းသားတွေဟာ အပိုင်း (၁၁) ဖြစ်တဲ့ နိုင်ငံတော်၏ အနာဂတ် အမျိုးသားရေး မဟာဗျူဟာ စာတမ်းကို ပြုစုရေးသား တင်ပြကြရပြီး ကာကွယ်ရေးဦးစီးချုပ် (ကြည်း) စစ်ဆင်ရေး ခန်းမကြီးမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ အဖွဲ့ကို သင်တန်းသားတွေ ကိုယ်တိုင် အသီးသီး ရှင်းလင်းတင်ပြရပြီးနောက် သင်တန်းဆင်းသွားကြရပါတယ်။