ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
| ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် | |
| Yezin Agricultural University | |
| YAU | |
| စိုက်ပျိုးပညာ ပြည်ရွာဖွံ့ဖြိုး | |
| Uplift the Nation through Agriculture | |
ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၏ အမှတ်တံဆိပ် |
|
| တည်ထောင်ခုနှစ် | ၂၂ ဒီဇင်ဘာ ၁၉၂၄ |
| ပါမောက္ခချုပ် | ဒေါက်တာသိင်္ဂီမြင့် |
| တည်နေရာ | ရေဆင်း၊ ပျဉ်းမနားမြို့နယ်၊ နေပြည်တော် |
| အမျိုးအစား | အများနှင့်သက်ဆိုင်သော |
| အဖွဲ့အစည်း | စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန |
| ဝဘ်ဆိုတ် | http://www.yau.edu.mm |
ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်သည် နေပြည်တော်၊ ပျဉ်းမနားမြို့ မြောက်ဘက်၊ ၁၁ မိုင်ခန့်အကွာ ရေဆင်းဒေသတွင် တည်ရှိသည်။ မြန်မာနိုင်ငံ၏ တစ်ခုတည်းသော စိုက်ပျိုးရေးတက္ကသိုလ်ဖြစ်သည်။ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ စီမံခန့်ခွဲမှုအောက်ရှိ တက္ကသိုလ်တစ်ခုလည်းဖြစ်ပြီး နှစ်စဉ် စိုက်ပျိုးရေးသိပ္ပံဘွဲ့ရ(Bachelor of Agricultural Science - BAgrSc) ဦးရေ ၂၀၀ ခန့်မွေးထုတ်ပေးလျက် ရှိသည်။ မဟာဘွဲ့သင်တန်းကို ၁၉၇၈ ခုနှစ်တွင် စတင်ခဲ့ပြီး ပါရဂူဘွဲ့သင်တန်းကို ၂၀၀၁ တွင် စတင်ဖွင့်လှစ်ခဲ့သည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]၁၉၂၄ ခုနှစ်တွင် စိုက်ပျိုးရေးကောလိပ်နှင့် သုတေသနသိပ္ပံအဖြစ် မန္တလေးမြို့တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၏ တွဲဖက်ကောလိပ် ဖြစ်လာခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် စိုက်ပျိုးရေးပညာ မဟာဌာနအဖြစ် ရန်ကုန်တက္ကသိုလ်၏ အုပ်ချုပ်မှုအောက်တွင် ရှိခဲ့ပြီး ၁၉၅၈ ခုနှစ်တွင် မန္တလေးတက္ကသိုလ်အောက်သို့ ရောက်ရှိခဲ့သည်။ ၁၉၆၄ ခုနှစ်တွင် စိုက်ပျိုးရေးသိပ္ပံကျောင်းအဖြစ် ပညာရေး ဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနလက်အောက်သို့ ပြောင်းရွှေ့ခဲ့ပြီး ၁၉၇၃ ခုနှစ်တွင် မန္တလေးမှ ရေဆင်းဒေသသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။ ၁၉၉၃ ခုနှစ်တွင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်သို့ လွှဲပြောင်းရောက်ရှိပြီး ၁၉၉၈ ခုနှစ် အောက်တိုဘာ ၁၆ ရက်တွင် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် အဖြစ် အဆင့်မြှင့်တင်ခဲ့သည်။[၁]
ထင်ရှားဖြစ်ရပ်များ
[ပြင်ဆင်ရန်]- ပထမဆုံးကျောင်းအုပ်ကြီးမှာ မစ္စတာဂျေချာလ်တန် ဖြစ်သည်။[၂] ကျောင်းစတင်ဖွင့်လှစ်သည့်နှစ်တွင် ကျောင်းသား ၂၄ ဦး တက်ရောက်ခဲ့ပြီး ထိုထဲမှ ၁၁ ယောက် ဒီပလိုမာဘွဲ့ ရရှိသည်။
- ကျောင်းဖွင့်ပြီး ၁၀ နှစ် အကြာ ကမ္ဘာ့စီးပွားရေးကပ်ဆိုးကြောင့် ၁၉၃၃ ခုနှစ် မှ ၁၉၃၇ ခုနှစ် အထိ ကောလိပ်ကျောင်း (၅) နှစ် ပိတ်ခဲ့ရသည်။
- ၁၉၃၈ ခုနှစ် တွင် ရန်ကုန်တက္ကသိုလ် ၏ အပေါင်းပါကောလိပ်အဖြစ် ပြန်လည်ဖွင့်လှစ်ပြီး ဥပစာသိပ္ပံအောင်ပြီးသူများကို လက်ခံကာ B.SC (စိုက်ပျိုးရေး) ဘွဲ့ကို စတင် ချီးမြှင့်သည်။ပညာသင်နှစ်ကို ၂နှစ် သတ်မှတ်သည်။
- ဒုတိယကမ္ဘာစစ် ဖြစ်ပွားချိန် ၄ နှစ်ခန့် ယာယီပိတ်ပြီး စစ်ပြီးချိန် ၁၉၄၅ ခုနှစ် မှ ၁၉၄၆ ခုနှစ် အထိ မလှိုင်မြို့ စိုက်ပျိုးရေးဥယျာဉ် ၌ ကြားဖြတ်ကောလိပ်အဖြစ် ဒုတိယနှစ်သင်တန်းသားများကို ဖွင့်လှစ်သင်ကြားပေးသည်။
- ၁၉၄၇ ခုနှစ် တွင် စိုက်ပျိုးရေးကောလိပ်ကို ရန်ကုန်တက္ကသိုလ် စိုက်ပျိုးရေး မဟာဌာနအဖြစ် မန္တလေးတွင် ပြန်လည်ဖွင့်လှစ်သည်။
- ၁၉၅၈ ခုနှစ် တွင် ရန်ကုန်တက္ကသိုလ် လက်အောက်ခံ စိုက်ပျိုးရေးမဟာဌာန သည် မန္တလေးတက္ကသိုလ် လက်အောက်ခံဖြစ်လာသည်။
- ၁၉၆၄ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့တွင် စိုက်ပျိုးရေးတက္ကသိုလအဖြစ် သီးခြားရပ်တည်ပြီး ၁၉၇၃ ခုနှစ်မှ ၁၉၇၄ ခုနှစ် တွင် ရေဆင်း သို့ စတင်ပြောင်းရွှေ့သည်။
- စတင်ဖွင့်လှစ်သည့် ၁၉၂၄ ခုနှစ် မှ ၂၀၂၄ ခုနှစ် အထိ နှစ် ၁၀၀ ကာလအတွင်း စိုက်ပျိုးရေးသိပ္ပံဘွဲ့ (B. Agr. Sc) ရရှိသူ ၁၂၉၈၃ ဦး၊ ဘွဲ့လွန်ဒီပလိုမာ (Post grad. Dip. Ag. Sc) ရရှိသူ ၆၅ ဦး၊ မဟာဒဿနဘွဲ့ (M. Phil.) ရရှိသူ ၁၀ဦး၊ မဟာသိပ္ပံဘွဲ့ (M. Agr. Sc) ရရှိသူ ၆၆၈ ဦး၊ သုတေသနအခြေပြုပါရဂူဘွဲ့ (Ph.D by Research)ရရှိသူ ခြောက်ဦး၊ ပါရဂူဘွဲ့ (Ph. D) ရရှိသူ ၇၇ ဦး ထွက်ပေါ်ခဲ့သည်။
ပေးအပ်သောဘွဲ့များ
[ပြင်ဆင်ရန်]ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ ပေးအပ်သောဘွဲ့များမှာ စိုက်ပျိုးရေးသိပ္ပံဘွဲ့၊ စိုက်ပျိုးရေးသိပ္ပံမဟာဘွဲ့ နှင့် စိုက်ပျိုးရေးသိပ္ပံပါရဂူဘွဲ့များ ဖြစ်ကြသည်။
ပါမေက္ခချုပ်များ
[ပြင်ဆင်ရန်]| စဉ် | အမည် | တာဝန်ထမ်းဆောင်သည့်ရက် | ရင်းမြစ် |
|---|---|---|---|
| ၁။ | ဒေါက်တာသိင်္ဂီမြင့် | ဇွန် ၄၊ ၂၀၂၅ | [၃] |
ကိုးကား
[ပြင်ဆင်ရန်]- ↑ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၏ နောက်ခံသမိုင်း။ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန။ ၁၀ ဇူလိုင် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ နှစ် ၁၀၀ ပြည့်မည့် အမိစိုက်ပျိုးရေးတက္ကသိုလ်။ MOI Myanmar (၉ ဇူလိုင် ၂၀၂၄)။ ၁၀ ဇူလိုင် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၇ ရက်ထုတ် အတွဲ (၇၈)၊ အမှတ် (၂၆) ပြန်တမ်းစာစောင်ကို စာပေဗိမာန် စာအုပ်အရောင်းဆိုင်များမှ တစ်ဆင့် စတင်ဖြန့်ချိ e-book။ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန။ 2025-7-15 တွင် ပြန်စစ်ပြီး။