ငါး (တိရစ္ဆာန်)

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
မြန်မာဝစ်ရှင်နရီ
မြန်မာ ဝစ်ရှင်နရီ တွင် ဤစကားလုံးအတွက်
အဓိပ္ပါယ်ဖွင့်ဆိုချက် ရှိသည် -
ငါး
ငါးမန်းပြာ
Carp
ဘာရာကူဒါ

ငါး သည် ရေတွင် နေထိုင်သော တိရိစ္ဆာန်တစ်မျိုးဖြစ်ပြီး လေထုထဲရှိ အောက်ဆီဂျင်အစား ရေထဲမှ အောက်ဆီဂျင်ကို ပါးဟက်(ရေထဲတွင် အသက်ရှူနိုင်သော အင်္ဂါတစ်မျိုး) များကို သုံး၍ ရှူလေ့ရှိသည်။ ငါးအမျိုးအစားအမြောက်အများရှိသည်။ ငါးများတွင် ပုံမှန်အားဖြင့် အကြေးခွံ နှင့် ဆူးတောင်များ ရှိတတ်သည်။ ရေကန်များ မြစ်ချောင်းများတွင် နေထိုင်သော ရေချိုငါးများ ရှိသကဲ့သို့ သမုဒ္ဒရာ ဆားငန်ရေတွင် နေထိုင်သော ပင်လယ်ငါးများလည်း ရှိသည်။ အချို့သော ငါးများသည် ၁ စင်တီမီတာ အရှည်ပင်မရှိပေ။ အကြီးဆုံးငါးမှာ ဝေလငါးမန်း (whale shark) ဖြစ်ပြီး ၁၅ မီတာရှည်ကာ ၁၅ တန်လေးသည်။

ငါး၏ ကိုယ်အင်္ဂါအစိတ်အပိုင်း

လူနှင့်ငါးများ[ပြင်ဆင်ရန်]

လူတို့သည် ငါးအမျိုးမျိုးကို စားသုံးကြသည်။ လူတို့အများဆုံး စားသုံးလေ့ရှိကြသော ငါးများမှာ carp၊ ကော့ဒငါး (cod)၊ ဟဲရင်းငါး (herring)၊ perch၊ ငါးသေတ္တာငါး (sardines)၊ sturgeon၊ တီလားပီးယား (tilapia)၊ trout၊ tuna နှင့် အခြားငါးအမျိုးမျိုးတို့ဖြစ်ကြသည်။ အချို့သောသူတို့သည် ငါးကို အလှမွေးတိရိစ္ဆာန်အဖြစ်မွေးကြသည်။ အလှမွေးငါးများတွင် ရွှေငါး(Goldfish) နှင့် တိုက်ငါး(Siamese Fighting Fish) တို့မှာ ထင်ရှားသည်။ တစ်ခါတစ်ရံတွင် လူတို့က ငါးများကို အများသုံးကန်များတွင် အလှ နှင့် စိတ်နှလုံးအေးချမ်းစရာ အဖြစ် မွေးမြူကြသည်။


ကျောရိုးရှိ သတ္တဝါများ[ပြင်ဆင်ရန်]

ငါးများမည်ကဲ့သို့ အသက်ရှူကြသနည်း။ မည်ကဲ့သို့ အစာစားကြသနည်း။ အသံကို ကြားနိုင်သလော။ အနံ့ကို ခံနိုင်သလော။ ငါးများတွင် ရန်သူကို တိုက်ဖျက်ရန် မည်ကဲ့သို့ လက်နက်များ ရှိပါသနည်း။ ယင်းအချက်အလက်များအပြင် ငါးနှင့်စပ်လျဉ်း၍ အခြားမှတ်သားဖွယ်ရာ ဗဟုသုတကိုလည်း ဤအကြောင်းရပ် တွင် ဖော်ပြထားသည်။

ငါး[ပြင်ဆင်ရန်]

ရေနေသတ္တဝါ အများအပြားရှိသည့်အနက် ငါးသည် နေ၌ နေသားအကျဆုံးသော ရေနေသတ္တဝါ ဖြစ်သည်။ ကမ္ဘာတွင် ရေနေသတ္တဝါသည် ကုန်းသတ္တဝါထက် ဦးစွာပေါ်လာခဲ့သဖြင့် ငါးသည် လူထက် အလျင်ကျသော ရေသတ္တဝါတစ်မျိုး ဖြစ် သည်ဟု ဆိုသည်။ ငါးတို့၏ ကျောက်ဖြစ်ရုပ်ကြွင်းများကို ကျောရိုးရှိ ကုန်းသတ္တဝါများမပေါ်မီ ရှေးနှစ်ပေါင်း အသိန်း အသန်းကဖြစ်သော ကျောက်ထပ်များတွင် တွေ့ရှိရသည်။ ငါးသည် ကမ္ဘာအရပ်ရပ်ရှိ ပင်လယ်၊ မြစ်၊ ချောင်း၊ အင်း၊ အိုင်များတွင် အမျိုးအစား မြောက်မြားစွာပင် ရှိသော်လည်း တိရစ္ဆာန်လောက တစ်ခုလုံးတွင်ရှိသော တိရစ္ဆာန်ဦးရေနှင့် နှိုင်းယှဉ်လျှင် ငါးဦးရေမှာ မပြောပလောက်ချေ။

ငါး၏ ပုံပန်းသည် ရေတွင်ကျက်စားနိုင်ရော သဘာဝက အကောင်းဆုံး ဖန်တီးပေးထားသော ပုံပန်းဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော် ငါး၏ ပုံပန်းသည် ရေတွင် သွားလာ လျက်ရှိသော လှေသဖွယ် ရှည်လျားသေးသွယ်ပြီး ဦးပိုင်းသည် ချွန်လျက်ရှိသောကြောင့် ဖြစ်သည်။ ငါးသည် နို့တိုက်သတ္တဝါ များကဲ့သို့ သွေးပူသတ္တဝါမဟုတ်။ သွေးအေးသတ္တဝါ ဖြစ်သည်။ ပါးဟက်များဖြင့် အသက်ရှူကြ၍ အမြီး၊ ဆူးတောင်များဖြင့် လိုရာသို့ သွားလာနိုင်ကြပေသည်။ ဆူးတောင်များကို အရိုး များက ဖဲထီးတံသဖွယ် အောက်ကပင့်မထား၏။ လည်ပင်းဟူ၍ လည်း သီးသန့်မရှိချေ။ တက်မသဖွယ် ပြားချပ်နေသော အမြီး က လိုရာသို့ သွားလာနိုင်ရန် မတ်ပေးသည်။

များသောအားဖြင့် ငါးသည် မိမိလောက် အားမရှိသော သတ္တဝါကလေးများကို စားသောက်ခြင်းဖြင့် အသက်ရှင်သည်။ ရေသတ္တဝါကလေးများကို ဖမ်းယူနိုင်ရန်၎င်း၊ ငါးကြီးများ၏ ခံတွင်းမှ ရှောင်ကွင်း လွတ်မြောက်နိုင်ရန်၎င်း၊ လျင်မြန်ဖို့ လိုသဖြင့် ငါး၏ ခန္ဓာကိုယ်သည် ပါးပါးလျားလျား ရှိရသည်။ မြေပြင်တွင် နေကြသော ငါးမျိုးများလည်း ရှိသေးသည်။ ထိုငါး မျိုး၏ ပုံသဏ္ဌာန်သည် အချို့၌လုံး၍နေသည်ကိုတွေ့ရသည်။ အချို့ငါးများမှာ ချောမွတ်သော အရေပြားများဖြင့်၎င်း၊ အချို့ တွင်မူ မာကျောသော အရေပြားများဖြင့်၎င်း ဖုံးလျက်ရှိကြ သည်။

ငါး၏ စကယ်လီတန်သည် မှတ်သားဖွယ် ကောင်းလှ သည်။ ကျောရိုးအဆက်သည် ချောင်နေသဖြင့် ယင်းကို အလိုရှိသလို လှည့်ပတ် တွန့်လိမ်၍ ရပေသည်။ အမြီးနှင့် ဆူးတောင်တို့၏ လှုပ်ရှားမှုကို ကြွက်သားများက ထိန်းထား၏။ ငါး၏ထူးဆန်းသည့် အင်္ဂါတစ်ခုမှာ ငါးစည်ဖောင်းခေါ်သော လေအိတ်ဖြစ်သည်။ ထိုလေအိတ်ရှိခြင်း၏ အကြောင်းရင်းကို ယခုတိုင် တပ်အပ်သေချာစွာ မသိနိုင်သေးချေ။ ငါး၏ ကိုယ် ခန္ဓာကို ချိန်သားတကျရှိစေရန် စီစဉ်ပေးသော အင်္ဂါအစိတ် အပိုင်း ဖြစ်သည်ဟူ၍သာ ယူဆရသည်။ အဆုတ်ပါသော ငါး သည် လေအိတ်ကို အဆုတ်သဖွယ်လည်းအသုံးပြုတတ်ပေ သည်။ ငါးတွင် နှလုံးမှ သွေးများကို ခန္ဓာကိုယ်အတွင်းသို့ ပျံ့နှံ့စေခြင်း၌ အမြင့်တန်းစား သတ္တဝါများမှာကဲ့သို့ပင် ဖြစ် သည်။ ရေထဲရှိ အောက်စီဂျင်၏ အစွမ်းဖြင့် သွေးကို ပါးဟက် အတွင်းတွင် သန့်စင်စေသည်။ တစ်ခါတစ်ရံ ရေသည် ညစ် ပတ်၍နေတတ်ရာ ထိုအခါ၌ ငါးသည် ရေမျက်နှာပြင်ပေါ်သို့ တက်လာကာ လေကို အားရစွာရှူသည်။ သို့ရာတွင် ငါး၏ ကိုယ်အင်္ဂါစိတ်အပိုင်းများသည် ရေထဲရှိ အောက်ဆီဂျင်ကို လွယ်ကူစွာ မယူနိုင်ကြချေ။ ငါးသည် ရေကို ပါးစပ် အတွင်းသို့ သွင်းယူလိုက်ပြီးနောက် ပါးဟက်များမှ ထုတ်လိုက်ခြင်းဖြင့်အောက်ဆီဂျင်ကို ရနိုင်ကြပေသည်။

ငါးကို အကြမ်းအားဖြင့် ရေချိုငါးနှင့် ရေငန် သို့မဟုတ် ပင်လယ်ငါးဟု နှစ်မျိုးခွဲခြားနိုင်၏။ ငါးမှန်လျှင် ဟင်းသီး ဟင်းရွက်စားဟူ၍ မရှိလှချေ။ အသားစားသာ များသည်။ အချို့ငါးများသည် မိမိတို့နေထိုင်ရာ ပတ်ဝန်းကျင် အရောင် များနှင့် လိုက်အောင် မိမိတို့၏ အရောင်ကို ပြောင်းလဲပေး တတ်သည်။ ထိုကြောင့် ရန်သူများက ရုတ်တရက်မမြင်နိုင်၍ အသက်ဘေးမှ ချမ်းသာရာ ရကြလေသည်။ ငါးတို့သည် အများ အားဖြင့် ဥများကိ ဥပြီးနောက် ပစ်ထားတတ်ကြသည်။ သို့ရာ တွင် မိမိဥများကို အသက်နှင့်လဲ၍ ကာကွယ်စောင့် ရှောက် တတ်သော ငါးမျိုးအချို့လည်း ရှိသေးကြောင်းကို လေ့လာသိရှိ ရပေသည်။

ငါးများတွင် အမြင့်တန်းစား သတ္တဝါများမှာကဲ့သို့ မျက်နှာ၊ ပါးစပ်၊ နှာခေါင်း၊ မျက်စိ စသည်တို့ပါရှိကြသည်။ မျက်ခွံများ မရှိသဖြင့် ငါးတို့သည် ဘေးဖက်သို့ ကျယ်ကျယ်ဝန်းဝန်း မြင် နိုင်ကြပေသည်ု။ သို့ရာတွင် အလွန်ဝေးသောအရပ်များသို့ကား ထွင်းဖောက်၍ မမြင်နိုင်ကြချေ။ ရေနက်သော ပင်လယ်များရှိ ငါးတို့တွင် အလွန်သေးငယ်သော မျက်လုံးများ ရှိကြ၏။ ငါးတွင် အနံ့ကိုကောင်းစွာ ခံစားနိုင်သော သတ္တိမရှိကြောင်းကို တွေ့ရသည်။ နှာခေါင်းဖြင့် အနံ့ခံနိုင်သည် မှန်သော်လည်း အာရုံကို ကောင်းစွာမသိနိုင်ချေ။ ငါး၌ အခြားတိရစ္ဆာန်များ ကဲ့သို့ လှုပ်ရှားနိုင်သော လျှာမျိုးမရှိ။ လျှာသည် ထူ၍ ကြမ်း တမ်း၏။ တစ်ခါတစ်ရံ အစာကို ထက်ပိုင်းပိုင်း၍ စားလေ့ ရှိသည်။ တစ်ခါတစ်ရံတွင် မိနေသောသားကောင်သည် အဆ မတန် ကြီးထွားနေလျှင် ယင်းကို တစ်ခါတည်းပင် မျိုချတတ် လေသည်။ နားဖြင့် အာရုံကို ကောင်းစွာ မခံစားနိုင်သော်လည်း အတွေ့အာရုံမှာမူ လွန်စွာကောင်းပေသည်။

ငါးတို့၏ ပါးစပ်သည် တစ်ကောင်နှင့်တစ်ကောင် မတူချေ။ အချို့ငါးတို့တွင် ပါးစပ်သည် ပါးဟက်တစ်ခုနှင့် တစ်ခုကြား တွင် ကန့်လန့်ဖြတ်လျက် ရှိတတ်သည်။ အချို့ငါးများတွင် ပါးစပ်များသည် အလွန်သေးငယ်ပြီး ဝိုင်းနေတတ်သည်။ အချို့ ငါးများ ပါးစပ်သည် နှုတ်သီးရှည်ကြီးကဲ့သို့ ဖြစ်နေတတ်သည်။ ပါးစပ်သည် ငါးတစ်မျိုးနှင့်တစ်မျိုးမှာ မတူသကဲ့သို့ မေးရိုး သည်လည်း တစ်မျိုးနှင့်တစ်မျိုးမှာ မတူချေ။ အချို့ငါးမျိုးရှိ မေးရိုး များသည် ဆန့်ထုတ်နိုင်သော အကြောမျှင်များဖြင့် ဖွဲ့စည်းထားသဖြင့် မိမိထက်ကြီးမားသော ငါးများကိုပင် မျိုနိုင် ကြသည်။ အချို့ငါးမျိုး၏ မေးရိုးသည် ပြွန်သဖွယ်ဖြစ်နေသဖြင့် အစာကို မျိုချနိုင်သည်မှာ အံ့ဩစရာပင် ဖြစ်သည်။ အထူးသဖြင့် ရေနက်သော ပင်လယ်များ၌ နေသော ငါးများသည် မေးရိုးကို အဆမတန် ဆန့်ထုတ်နိုင်ကြသည်။

ငါးများ၏အသွေးအရောင်သည် ပတ်ဝန်းကျင်၏ အရောင် နှင့် လိုက်အောင် ပြောင်းလဲတတ်ကြောင်း ဆိုခဲ့ပြီဖြစ်သည်။ ပူအိုက် သော ဒေသများတွင် တောက်ပြောင်သော ပင်လယ်ရေညှိပင် များပေါက်ရာ ထိုအရပ်ရှိ ငါးများ၌လည်း တောက်ပြောင်သော အရောင်များရှိကြသည်။ သမုဒ္ဒရာရှိ ငါးတို့သည် ကျောက်မီးသွေး တမျှ နည်းနက်ကြပေသည်။ ရေနက်ရာ၌နေသော 'ပင်လယ် တံငါ'ခေါ် ငါးတို့တွင် ထွန်းလင်းသောအရောင်များ ထူးဆန်းစွာ ရှိသည်။ ထိုငါးတို့သည် မိမိတို့ထံမှထွက်သော အလင်းရောင်ကို အသုံးပြုကာ အခြားငါးများကို ဖမ်းယူစားသောက်ကြသည်။ များသောအားဖြင့် ငါးသည် အသားစား သတ္တဝါများ ဖြစ် သော်လည်း အချို့ငါးများမှာ ရေတွင်ပေါက်သော အပင်ကလေး များကို စားတတ်ကြသည်။ ငါးကြီးများက ငါးကလေးများကို စား၍ ငါးကလေးများကတစ်ဖန် ငါးဥများနှင့် ရေသတ္တဝါ ကလေးများကို စားသောက်ကြသည်။

ငါးတစ်မျိုးတစ်မျိုးသည် တစ်ရာသီတွင် ဥပေါင်း ၅ဝဝဝဝဝဝ မှ ၉ဝဝဝဝဝဝ အထိ ဥတတ်သဖြင့် ထိုငါးဥ များမှ အောင်မြင်စွာ ပေါက်လာကြမည်ဆိုလျှင် ရေလောကကြီး တစ်ခုလုံးတွင် ငါးများဖြင့် ပြည့်ကျပ်နေပေလိမ့်မည်။ သို့ရာတွင် ဥဘဝ၌၎င်း၊ ငါးပေါက်စဘဝ၌၎င်း၊ ငါးကြီးများ၏ ရန်ကြောင့် ပျက်စီး ဆုံးပါးခြင်း ရှိသဖြင့် ဥပေါင်း ၉ဝဝဝဝဝဝ ဥပါမှ တစ်ကောင်တစ်လေသာ အဖတ်တင်သည်။

ငါးအမျိုးမျိုးရှိသဖြင့် ငါးများ၏ အကျင့်သည်လည်း အမျိုး မျိုး ရှိကြသည်။အချို့ငါးများသည် ရာသီအလိုက် ပင်လယ်ကို စွန့်ကာ မြစ်ချောင်းများကို ဆန်တက်ပြီး ဥများကို အုတတ်ကြ ၏။ အချို့ငါးများသည် ငါးကလေးများကို အကောင်လိုက် မွေး တတ်ကြသည်။ ထိုငါးပေါက်စကလေးများသည် အများအားဖြင့် အမိ၊ အဘ ဖြစ်သော ငါးကြီးများနှင့် ပုံပန်းတူ၏။ ကိုယ် အရွယ်နှင့် အချိုးအစား၌သာလျှင် ကွာခြားကြသည်။ အချို့ငါး များမှာ အံ့ဩဖွယ်ပင် အသက်ရှည်ရှည် နေနိုင်ကြသည်။ သို့ရာ တွင် အချို့ငါးမျိုးသည် ဥအုပြီးနောက်မကြာမီအတွင်း သေကုန် ကြသည်။

ငါးသည် ရေသတ္တဝါဖြစ်၍ လေထဲတွင် ကြာရှည်ထားလျှင် သေတတ်၏။ ညစ်ပတ်နေသောရေထဲတွင်လည်း ကြာရှည် အသက်မရှင်တတ်ချေ။ သို့ရာတွင် လေထဲတွင် အတန်ကြာ အောင် အသက်ရှူနေနိုင်သော ငါးမျိုးလည်း ရှိသေးသည်။ ထို ငါးမျိုး၌ အဆုတ်ရှိသည်။ ယင်းတို့သည် ရေအတော်အတန် ခန်းခြောက်နေသော ရွှံ့ထဲတွင် တာရှည်နေနိုင်သည်ကို တွေ့ရ ပေသည်။ ဆောင်းရာသီတွင် ရေခဲထဲ၌မြုပ်၍ နွေဦးချိန်တွင် ရေခဲအရည်ပျော်သောအခါ အသက်ရှင်လျက် ပြန်ထွက်လာ သော ငါးမျိုးလည်း ရှိသေးသည်။

ဟင်းသီးဟင်းရွက်စား ငါးများသည် ပါးစပ်ကျဉ်း၍ သွားလာရာတွင်လည်း မဖျတ်လတ်ကြချေ။ အသားစားငါး များသည် အများအားဖြင့် ပါးစပ်ကျယ်၍ အသွားမြန်သည်။ ငါးအမျိုးပေါင်း ၁၃ဝဝဝ ကျော်ခန့်ရှိသည်။ ထိုမျှ များပြား သော ငါးမျိုးတို့တွင် ပုံအမျိုးမျိုး၊ အရောင်မျိုးမျိုး၊ အကျင့် မျိုးမျိုး ရှိကြသည်။ အချို့ငါးမျိုးသည် မြွေကဲ့သို့ ရှည်လျားလျား ဖြစ်သည်။အချို့သည် ပုဝိုင်းဝိုင်းဖြစ်၍ အချို့ငါးမျိုးတွင် နှုတ်သီး ချွန် များရှိကြသည်။ ငါးပျံခေါ် ငါးမျိုးသည် လေထဲတွင် ကိုက် ၂ဝဝ မျှအထိ ပျံသန်းသွားနိုင်ပေသည်။ တစ်ခါတစ်ရံ ပင်လယ် ကူး သင်္ဘောကြီးများ၏ ကုန်းပတ်ပေါ်သို့ပင် ရောက်အောင် ပျံ နိုင်သည်။ ထိုငါးမျိုးကဲ့သို့ အံ့ဖွယ်ကောင်းသော ငါးတစ်မျိုးမှာ သစ်ပင်တက်နိုင်သည့် ငါးမျိုးဖြစ်၍ အိန္ဒိယနိုင်ငံတွင် အတွေ့ရ များသည်။ ထိုငါးမျိုးသည် ရေအိုင်၌ ရေခန်းခြောက်လာလျှင် နေရာသစ်ရှာဖွေရန် ကုန်းပေါ်သို့တက်၍ ခရီးသွားတတ်သည်။ ခရီးသွားရာတွင် ညနှင့်နံနက်စောစော၌သာ သွားတတ်သည်။ ခရီးလမ်းတွင် သစ်ပင်များနှင့် ဆိုင်မိလျှင် နောက်ဆုတ်လေ့မရှိ။ သစ်ပင်ပေါ်သို့ တက်သွားတတ်သည်။ ညနှင့် နံနက်၌သာ ခရီး သွားလာခြင်းမှာ ထိုအချိန်များ၌ နှင်းကျသဖြင့် မြေကြီးမှာ အတန်ငယ် စိုစွတ်နေတတ်သောကြောင့်ပင် ဖြစ်လေသည်။ ထိုမျှ များပြားသော ငါးမျိုးများတွင် မိမိတို့ကိုယ်ကို ကာ ကွယ်ရန်၎င်း၊ ရန်သူကို တိုက်ဖျက်ရန်၎င်း လက်နက်သဖွယ် ပါရှိသော ငါးမျိုးများကို တွေ့ရပေသည်။ ထိုငါးမျိုးများအနက် အချို့တွင် အလွန်ထက်သော သွားစွယ်များရှိ၍ အချို့တွင် နှုတ်သီးချွန်ကြီးများရှိကြသည်။ လျှပ်စစ်ဓာတ်ကို လွှတ်နိုင်သည့် ငါးမျိုးလည်း ရှိသည်။ အပြင်းထန်ဆုံး လွှတ်နိုင်သည့်ငါးများကို ဘရာဇီးနိုင်ငံရှိ မြစ်ချောင်းများနှင့် တောင်အမေရိကတိုက်ရှိ တိုင်းပြည်များတွင် အတွေ့ရများသည်။ အချို့ငါးများ၏ ကိုယ်ထည်တစ်ခုလုံးတွင် ဆူးများရှိသဖြင့် ရန်သူများ၏ ဘေးရန်ကို ကာကွယ်နိုင်ကြပေသည်။

ငါးများတွင် ပေါ်လွင်သော အရောင်အမျိုးမျိုး ရှိသည်။ ဗက်တာဖလိုင်းငါးခေါ် ငါးတစ်မျိုး၌ အနက်နှင့် အဝါရောင်များ ရှိ၏။ မြေထဲပင်လယ်ကမ်းခြေနှင့် အိန္ဒိယသမုဒ္ဒရာ၌ တွေ့ရ သော ပဲရော့ငါးခေါ် ငါးမျိုးတွင် အနီ၊ အစိမ်း၊ ခရမ်းရောင်များ ရှိသည်။ ငါးမျိုးပေါင်း မြောက်မြားစွာတွင် အိမ်၌ အလှမွေး သော ရွှေငါးငွေငါးများလည်း ပါဝင်လေသည်။ ငါးသည် အခြားတိရစ္ဆာန်များနည်းတူ သွားလာလှုပ်ရှားနေ ကြသော်လည်း အခြားတိရစ္ဆာန်များကဲ့သို့ အသံမပြုနိုင်ချေ။ သို့ရာတွင် ငါးများမှ ထူခြားသော အသံတစ်မျိုးကို ကြားရ တတ်သည်။ ထိုအသံမှာ အခြားတိရစ္ဆာန်များ၌ ဖြစ်ပေါ်သော အသံမျိုးကဲ့သို့ မဟုတ်ဘဲ သွားတိုနှစ်ချောင်းကို တစ်ခုနှင့်တစ်ခု မတော်တဆကြိတ်မိခြင်းကြောင့် ဖြစ်ပေါ်လာသော အသံဟု ဆိုသည်။ တစ်ခါတစ်ရံ၌ သီချင်းဆိုသံကဲ့သို့ အသံမျိုးကိုလည်း ကြားရတတ်သည်။ ထိုအသံမျိုးသည် ဝမ်းတွင်းရှိ လေအိတ်မှ ဖြစ်ပေါ်လာသည်ဟု သိပ္ပံပညာရှင်အချို့က ယူဆကြသည်။ အသီးအနှံတို့မှလွဲလျှင် လူတို့၏ အဓိက အစားအစာမှာ ငါးဖြစ်သည်။ ငါး၏အသားတွင် ကျွန်ုပ်တို့ ကိုယ်ခန္ဓာအတွက် လိုအပ်သော ပရိုတင်း၊ အဆီ၊ တွင်းထွက်ဓာတ်၊ ဗီတာမင်တို့ ပေါများစွာ ပါရှိသည်။ ကျွန်ုပ်တို့ သုံးစွဲနေသော ဗီတာမင် အေနှင့် ဗီတာမင် ဒီသည် ငါးအသည်းမှရသော အဆီကို ဖော်စပ်ယူသော ပစ္စည်းများဖြစ်သည်။

ငါးသည် ဘေးပြုတတ်သော ပိုးကောင်များကို ဖျက်ဆီးပစ် ခြင်းဖြင့် လူတို့အတွက် အသုံးဝင်သေးသည်။ အထူးသဖြင့် ငါးသည် ခြင်ကို အဖျက်ဆီးနိုင်ဆုံးဖြစ်သည်။ ငှက်ဖျားရောဂါ၊ အဝါဖျားရောဂါတို့ကို ကူးစက်ပြန့်ပွားစေတတ်သော ခြင် တို့၏ အကြီးဆုံးရန်သူမှာ ငါးပင်ဖြစ်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)