အင်းဝတံတား

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
အင်းဝတံတား
Ava Bridge Over Ayeyarwady Sagaing Myanmar.jpg
ကိုဩဒိနိတ် 21°52′16″N 95°59′33″E / 21.87111°N 95.99250°E / 21.87111; 95.99250
သယ်ဆောင်မှု ရထားလမ်းတစ်လမ်း၊ ကားလမ်းနှစ်လမ်း၊ နှစ်ဖက်လူသွားလမ်း
ဖြတ်သန်းမှု ဧရာဝတီမြစ်
တည်နေရာ စစ်ကိုင်းမြို့ နှင့် အင်းဝမြို့ဟောင်း
အမည် အင်းဝတံတား
အခြားအမည်များ စစ်ကိုင်းတံတား
အချက်အလက်များ
တံတားဒီဇိုင်း သံဘောင်ပေါင်းကူးတံတား
စုစုပေါင်းအရှည် ၃၉၄၈ ပေ
အမြင့် ၁၀၂ ပေ
သမိုင်းကြောင်း
စတင်ဆောက်လုပ်ချိန် ၁၉၂၇ ခုနှစ်
လုပ်ငန်းပြီးဆုံးချိန် ၁၉၃၄ ခုနှစ်

အင်းဝတံတား (သို့) စစ်ကိုင်းတံတားသည် မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ နှစ်ခုအကြားတွင် တည်ရှိကာ စစ်ကိုင်းမြို့နှင့် အင်းဝမြို့ဟောင်းတို့ကို ဆက်သွယ်ပေးထားသည်။ ၁၉၃၄ ခုနှစ်တွင် ဗြိတိသျှတို့ တည်ဆောက်ခဲ့သော တံတားဖြစ်သည်။ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်အဝင် အင်္ဂလိပ်အပြေးတွင် ဗြိတိသျှတပ်များက တံတားကြီးကို ဖောက်ခွဲဖျက်ဆီးခဲ့သည်။ မြန်မာပြည်လွတ်လပ်ရေးရပြီး ၁၉၅၄ ခုနှစ်တွင် တံတားကြီးကို ပြန်လည်ပြင်ဆင် တည်ဆောက်ခဲ့သည်။ ၁၉၉၀ ခုနှစ်မတိုင်မီအထိ တစ်ခုတည်းသော ဧရာဝတီမြစ်ကူးတံတားကြီး ဖြစ်ခဲ့သည်။ သက်တမ်းကြာမြင့်လာမှုကြောင့် ၁၉၉၂ ခုနှစ်မှစ၍ ၁၅ တန်အောက် ကားများသာ ဖြတ်သန်းသွားလာခွင့်ပြုခဲ့သည်။ ယခုအခါ အင်းဝတံတားအနီးတွင် ဧရာဝတီတံတား (ရတနာပုံ) ကို တည်ဆောက်ဖွင့်လှစ်ထားပြီး ဖြစ်သည်။

သမိုင်းကြောင်း[ပြင်ဆင်ရန်]

စစ်ကိုင်းမြို့အနီး ဧရာဝတီမြစ်တစ်ဆစ်ချိုး နေရာတွင် တံတားကြီးတည်ဆောက်ရန် ၁၉၂၇ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ပထမဆုံးဘုရင်ခံ ဆာ ဟာကုတ် ဘတ်တလာက အုတ်မြစ်ချခဲ့သည်။ တံတားမှာ သံပေါင်ပေါင်းကူးတံတားဖြစ်ပြီး ရက်မကြီးကိုးခု၊ ရက်မလတ်တစ်ခု၊ ရက်မငယ် ခြောက်ခုရှိသည်။ ရက်မကြီးတစ်ခုလျှင် အလျားပေ ၃၅၀ အရှည်ရှိပြီး ရက်မလတ် မှာ ပေ ၂၅၀ ရှည်သည်။ အပိုင်းဆက်ရက်မတိုမှာ ပေ ၆၀ စီရှည်ပြီး သံတန်ချိန်ပေါင်း ၁၁,၁၄၅ တန် အသုံးပြုခဲ့သည်။ ၁၉၃၄ ခုနှစ်တွင် တည်ဆောက်ပြီးစီးသွားသော အင်းဝတံတားကြီးကြောင့် ၇၂၄ မိုင်ရှည် ရန်ကုန်-မြစ်ကြီးနား မီးရထားလမ်းသည် မန္တလေးမှတစ်ဆင့် အကြားအလတ်မရှိ တောက်လျှောက်ဆက်သွယ်နိုင်ခဲ့၏။ ၁၉၃၄ ခုနှစ်၊ ဇန်နဝါရီ ၂ ရက်တွင် ဘုရင်ခံ ဆာ ဟျူးစတီဗင်ဆင် Sir.Huge Stevenson က တံတားကို ဖွင့်လှစ်ခဲ့သည်။[၁]

၁၉၄၂ ခုနှစ်၊ ဧပြီ ၃ ရက်၌ မန္တလေးကို ဂျပန်လေတပ်က အကြီးအကျယ်ဗုံးကြဲပြီး နောက် အင်္ဂလိပ်စစ်တပ် မှ ဗိုလ်ချုပ် ဂျင်နရယ် ဝီလျံစတင်းသည် ၁၉၄၂ ခုနှစ်၊ ဧပြီလ ၃ ရက် ည ၁၂ နာရီထိုးရန် တစ်မိနစ်အလို၌ စစ်ကိုင်းတံတားကြီးကို မိုင်းခွဲဖျက်ဆီးကာ မြစ်ကြီးနားလမ်းအတိုင်း ဆုတ်သွားခဲ့သည်။ ထို့ကြောင့် တံတားကုန်း အမှတ်(၇)နှင့် (၈)မှာ မြစ်အတွင်း ကျိုးကျ ပျက်စီးခဲ့သည်။ လွတ်လပ်ရေးရသော်လည်း ပျက်စီးပြတ်တောက်နေသော အင်းဝတံတားကို ပြင်ဆင်နိုင်ခြင်း မရှိခဲ့ချေ။ စစ်ကိုင်းဆိပ်ကမ်းနှင့် မန္တလေးဘက်မှ အမရပူရ စံရွေးဆိပ်ကမ်းကို ကူးတို့ဖြင့် ကူးကြရသည်။ မီးရထားတွဲများလည်း ကူးတို့ဖြင့်ကူးကြရ၏။[၁]

၁၉၅၃ ခုနှစ်၊ မေလ၌ ထိုစဉ်က ဝန်ကြီးချုပ် ဦးနု ကိုယ်တိုင် အင်းဝတံတားကြီး ပြင်ဆင်နိုင်ရေးအတွက် ကိုယ်တိုင်ကိုယ်ကျ ကြပ်မတ်ကာ မီးရထားဌာန၏ စီမံမှုတွင် မြန်မာအမျိုးသား အလုပ်သမားများ၏ လုံ့လ ဝီရိယ ဖြင့် အားကြိုးမာန်တက် ပြင်ဆင်မှုကြောင့် ၁၉၅၄ ခုနှစ်၊ အောက်တိုဘာလ ၇ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်၌ ထိုအချိန်က နိုင်ငံတော်သမ္မတကြီး ဒေါက်တာ ဘဦးကိုယ်တိုင် ဖွင့်လှစ်နိုင်ခဲ့သည်။ ကုန်ကျ ငွေ ၅၇ သိန်းကျော်သည်ဟု ဆိုသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ မေ့နေကြပြီလား အင်းဝတံတား။ မဇ္ဈိမသတင်းစာ (26 June 2014)။