မာတိကာသို့ ခုန်သွားရန်

မင်းလှခံတပ်

ဝီကီပီးဒီးယား မှ

မင်းလှခံတပ်သည် အထက်မင်းလှမြို့ ဧရာဝတီမြစ်ကမ်းထိပ် တွင် တည်ရှိပြီးလျှင် လေးထောင့်စတုရန်းသဏ္ဌာန် ဆင်ဆင်ရှိ သည်။ မင်းလှခံတပ်မှာ မြေကြီးပေါ်တွင် တည်ဆောက်ထား သော ခံတပ်ဖြစ်၍ မြစ်တစ်ဖက်ကမ်းတွင် ရှိသော ဂွေးချောင်းခံတပ်မှာ မြေတွင်းခံတပ် ဖြစ်လေသည်။ ဤခံတပ် ၂ ခုစလုံး ကို သက္ကရာဇ် ၁၂၂၂-၂၃ ခုနှစ်တွင် စတင်တည်၍ ၁၂၂၅ ခု နှစ်တွင် ပြီးစီးခဲ့၏။ ထိုသို့ တည်ဆောက်ရာ၌ ပြင်သစ် အင်ဂျင်နီယာတစ်ဦးနှင့် အီတာလျံ အင်ဂျင်နီယာ တစ်ဦးပေါင်း ၂ ဦးတို့က မြန်မာစစ်ဘက်အင်ဂျင်နီယာများနှင့် ပူးပေါင်း တည်ဆောက်ကြလေသည်။ မင်လှခံတပ် တည်ဆောက်ရာ၌ လို သော အုတ်များကို မင်းလှမြို့ တောင်ဘက် အင်းဖျားဆိုသော နေရာနှင့် မင်းလှမြို့ အနောက်တောင်ဘက်ကပ်၍ တည်ရှိသော လက်လန်ဆိုသော ရွာကလေးအနီးရှိ နေရာများတွင် အုတ်ဖုတ် လုပ်ရာ ယခုတိုင် အင်းကြီးသဖွယ်ဖြစ်နေပြီးလျှင် ရှေးအုတ်ချပ် အချို့ကိုတွေ့ရသေး၏။ အင်္ဂတေခင်းရန် သဲကို မင်းလှအထက်

ရှိ မြင်းကျတောင်ကမ်းပါးမှ သယ်ယူပေးကြရကြောင်း၊ မင်းလှခံတပ်ဆောက်ရာ၌ ဖော်စပ်သော အင်္ဂတေတွင် ထုံး၊ သဲ၊ ရေ၊ ထန်းလျက်၊ အုံတုံ၊ ကျွဲကော်များ ရောစပ်၍ မောင်းစင် တွင် ထည့်ထောင်းရာ စေးချွဲမှယူပြီးလျှင် နံရံတွင် ပစ်ကြည့် ကြောင်း၊ ပစ်၍ ကွာမကျဘဲကပ်နေမှ အင်္ဂတေအဖြစ် အသုံးပြု ကြောင်း ဆိုလေသည်။

မင်းလှခံတပ်၏ အလျားမှာ(အပြင်မှ) ၁၇၃ ပေ ၇ လက်မ၊ ခံတပ်၏ အပြင်အနံမှာ ၁၃၁ ပေ ၄ လက်မဖြစ် သည်။ ခံတပ်၏ အတွင်းအလျားမှာ ၁ဝ၈ ပေ ၈ လက်မ၊ အတွင်း အနံမှာ ၈၈ ပေ ၄ လက်မဖြစ်၏။ ခံတပ်အတွင်း တောင်ဘက်နှင့် မြောက်ဘက်နံရံများမှ ခံတပ်အပေါ်စင်္ကြံသို့ တက်သော အုတ်လှေကား နှစ်စင်းရှိသည်။ အပေါ်စင်္ကြံလမ်း အကျယ် ၂၁ ပေ ၆ လက်မဖြစ်၍ စင်္ကြံလမ်းမှ အပြင်အုတ်ရိုး ၏ အမြင့် ၄ ပေ ၅ လက်မဖြစ်သည်။ မြောက်ဘက်မျက်နှာ တွင် ထူးထူးခြားခြား ပထမနံရံအုတ်ရိုးကို အပြင်မှအတန်ခွာ၍ အုတ်ရိုးတစ်ထပ်ထပ်၍ ကာရံထား၏။ ခံတပ်မြောက်ဘက် မျက်နှာ အုတ်ရိုး ၂ ထပ်စလုံး၏နံရံထုမှာ ၁၇ ပေ ၃ လက်မ၊

အုတ်ရိုး ၂ ခုကြားရှိ မြေဖို့ထားသည့် မြေသားထုမှာ ၉ ပေ ၁ဝ လက်မ ရှိ၏။ အရှေ့ဘက်မျက်နှာတွင် နံရံမှာ အတော်ပင် ပြိုကျပျက်စီးနေ၍ လူသွားစင်္ကြံမျှသာ ကျန်ရှိတော့သည်။ ခံတပ် အပေါ်ထပ်စင်္ကြံမှ စင်္ကြံအုတ်ရိုးပေါ်သို့တက်ရာ လှေကားကလေး များ ထောင့်တိုင်းတွင်ရှိသည်။ ထိုအုတ်ရိုးပေါ်တွင် ကင်းစောင့် စစ်သား၏နေရာနှင့် အလံတိုင်ရှိသည်။ ခံတပ်ပြီးစီးသည်နှင့် ကနောင်မင်းသားနှင့် ပြင်သစ်စစ်ဘက်အရာရှိတို့ ကြီးကြပ် သင်ကြားပေးသည့် တပ်မတော်မှ တပ်ခွဲအချို့သည် နယ်ခြား ကင်းတပ်ခွဲများအဖြစ် ခံတပ်သို့ရောက်ရှိ တာဝန်ယူခဲ့လေသည်။ မင်းလှခံတပ်တွင် အဝေးပစ်အမြောက်မြား ထားရှိ၏။ ခံတပ် ၂ ခုစလုံးကို တည်ဆောက်သည့်အတွက် ဒေါင်းဒင်္ဂါး ကျပ်ပြားရေ ငွေတော် ၇ သိန်းကျော် ကုန်ကျသည်ဟု ဆိုလေသည်။

၁၂၄၇ ခုနှစ် တန်ဆောင်မုန်းလဆန်း ၈ ရက်နေ့တွင် ဗိုလ်ချုပ် ပရင်ဒါဂတ် ကြီးမှူးသော အင်္ဂလိပ်တပ်များသည် စစ်သင်္ဘောများဖြင့် ဆင်ပေါင်ဝဲမြို့ အောက်ဘက် ၁၂ မိုင်ကွာရှိ အင်္ဂလိပ်-မြန်မာနယ်ခြားဖြစ်သော ဒဂုံမော်ကျောက်တိုင်ကို ဖြတ် ကျော် ဝင်ရောက်လာသည်။ မြန်မာတို့က အခြားနေရာများတွင် ပြောပလောက်အောင် အင်္ဂလိပ်တို့အား မခုခံခဲ့သော်လည်း မင်းလှခံတပ်တွင် မြန်မာတို့က အတော် ပြင်းပြင်းထန်ထန်ပင် ခုခံတိုက်ခိုက်လေသည်။ မင်းလှခံတပ်နှင့် ဓားလွယ်ခုတ် မြစ် တစ်ဘက်ကမ်းရှိ ဂွေးချောင်းခံတပ်မှလည်း ခုခံတိုက်ခိုက်သည်။ လွှတ်တော်မှ အင်္ဂလိပ်ကိုခုခံလျှင် သူပုန်ဟူသော အမိန့်တော် ကိုပင် ဂရုမမူဘဲ ပြင်းပြင်းထန်ထန် ဆက်လက်တိုက်ခဲ့သူများမှာ မြစ်စဉ်ဝန် ဗိုလ်ချုပ်မင်းကြီး မဟာသမိန်ဘရမ်း (မင်းလက်ဝါးကြီး)၊ မင်းလှခံတပ် ဦးစီးလက်ရွေးကြီးလှေသင်း ဗိုလ်မင်းထင် မင်းလှရဲခေါင် သူရိန်နှင့် ဂွေးချောင်းခံတပ် ဦးစီး ပြည်လုံးအံ့ လှေသင်းဗိုလ် မင်းကျော် သိဒ္ဓိရန်အောင်တို့ ဖြစ်၏။ အင်္ဂလိပ် တို့ဘက်မှ ကျဆုံးသော စစ်ဗိုလ်၏ ဂူ ယခုတိုင် မင်းလှတွင် ရှိသေးသည်။ မင်းလှခံတပ်ကို အင်္ဂလိပ်တို့က ၁၉ဝ၄ ခုနှစ်တွင် ဈေးအဖြစ် အသုံးပြုခဲ့သည်။ ၁၉ဝ၄ ခုနှစ်တွင် ခံတပ်အပြင် ဘက်နားတွင်ပင် ဈေးရုံတစ်ခု ဆောက်လုပ်ခဲ့သည်။[]


ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)