ဂွေးချောင်းခံတပ်

ဝီကီပီးဒီးယား မှ

ဂွေးချောင်းခံတပ်သည် မင်းလှခံတပ်နှင့်အတူ တပြိုင်တည်း၊ တစ်ချိန်တည်း တည်ဆောက်ခဲ့သော မြန်မာတို့၏ ခံတပ်တစ်ခုဖြစ်သည်။ ကွေ့ချောင်းခံတပ် (သို့) ဂွေးချောင်းခံတပ်သည် မကွေးမြို့မှ ၁၂ မိုင်ခန့်အကွာ ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းတွင် တည်ရှိသည်။ ဧရာဝတီမြစ်၏ အနောက်ဘက်ကမ်းရှိ မင်းလှ ခံတပ်၏အရှေ့တောင်ဘက် ဓားလွယ်ခုတ် အနေအထားတွင်တည်ရှိသည်။

ဂွေးချောင်းခံတပ်ကို မင်းတုန်းမင်း၏ညီတော်ကနောင်မင်းသား၏ ကြီးကြပ်စီစဉ်မှုဖြင့် ပြင်သစ်နှင့် အီတာလျံ လူမျိုးများဖြစ်ကြသည့် ကိုမိုဟိုပယ်ရီ နှင့် မိုရီနာရီတို့နှင့်အတူ မြန်မာအင်ဂျင်နီယာများပူးပေါင်း၍ ခရစ်နှစ် ( ၁၈၆၀ ) ခုနှစ်တွင်တည်ဆောက်ခဲ့ရာ ခရစ်နှစ် ( ၁၈၆၃ ) ခုနှစ်တွင်ပြီးစီးပါသည်။

ဂွေးချောင်းခံတပ်သည် အလျား ( ၂၇၅ ) ပေ အနံ ( ၁၅၅) ပေ ရှိ၍ အမြင့် ( ၁၂ ) ပေ ၊ ထု ( ၄ ) ပေရှိသော အုတ်တံတိုင်းဖြင့် ကာရံတည်ဆောက်ထားသည်။ တံတိုင်း၏ အရှေ့ဘက် အနောက်ဘက် မြောက်ဘက် တို့တွင်အတွင်းမှနေ၍ ရန်သူအား တိုက်ခိုက်နိုင်ရန်အတွက် သေနတ်ပစ်ပေါက်များစီမံထားရှိပြီး စုစုပေါင်း အပေါက်အရေအတွက် (၁၅၄) ခုရှိသည်။

ခံတပ်၏အတွင်းသို့ဝင်ရောက်ရန် အနောက်ဘက်တွင် တံခါးတံတိုင်း၏အတွင်းပိုင်းတွင် စစ်သည်တော်များနေထိုင်ရန် အဆောင်တန်းလျား ၂ ခု နှင့် အရာရှိဆောင် ( ၁ ) ခုပြုလုပ်ထားပြီး အခန်း( ၁၃ ) ခန်းပါရှိသည်။ အဆောင်တန်းလျားများ၏ အရှေ့ဘက်တွင် အကျယ် ( ၁၄ ) ပေ အလျား (၁၆၉ )ပေရှိသော ဥမင်တစ်ခုပြုလုပ်ထားပြီးစစ်တိုက်ရာတွင်အသုံးပြုသော ဆင်များထားရှိသည့် အတွက် ဆင်ကျူးဟုခေါ်ကြသည်။ ဆင်ကျုံးအတွင်းနံရံ၏အနောက်ဘက်ခြမ်းတွင် လက်နက်များထားရှိရန် လက်နက်တိုက်တစ်ခုနှင့် အရာရှိဆောင်၏ နောက်ဘက်နံရံတွင် လက်နက်တိုက်တစ်ခုစီမံပြုလုပ်ထားသည်။

ခံတပ်၏တောင်ဘက်တွင် ဆင်ခြေလျောပြုလုပ်၍ အုတ်ရိုးတန်းများကာရံထားသော မြေကတုန် ၄ ဆင့်ပြုလုပ်ထားသည်။ အပေါ်ဆုံးထပ် အရှေ့ဘက်နေရာတွင် မျှော်စင်တစ်ခုပြုလုပ်ထားသည်။ လက်ရှိအခြေအနေတွင်အုတ်ရိုးတန်းများသာကျန်ရှိသည်။

ခံတပ်တည်ဆောက်ထားပုံမှာ အဆင့် ၃ ဆင့်ရှိ ၍ ပထမအဆင့်သာလျင် မြေပေါ်တွင်ပေါ်လွင်တည်ရှိပြီး ကျန် ၂ဆင့်မှာ မြေကြီးအောက်တွင်ဖြစ်သည်။ မြေအောက်ခံတပ်၏ အလယ်တွင်ရေသိုလှောင်ထားရှိရန် အလျား( ၇၂) ပေ အနံ(၁၇)ပေ အနက်(၈၅)ပေရှိသည့် မြေအောက်ရေကန်တစ်ခုကိုလည်း စနစ်ကျစွာတည်ဆောက်ထားသည်။

ဂွေးချောင်းခံတပ်ကို ဇယားဝင်အဆောက်အအုံအဖြစ်သတ်မှတ်၍ (၁၉၅၇) ခုနှစ်မှ ယနေ့အချိန်ထိ ရှေးဟောင်းသုသေသန အမျိုးသားစာကြည့်တိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနက ပြုပြင်ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည်။

ကိုးကား[ပြင်ဆင်ရန်]

ဂွေးချောင်းခံတပ် ( သို့ ) ကွေ့ချောင်းခံတပ် - M.H.A (တောင်တွင်းကြီး)