မူးမြစ်

ဝီကီပီးဒီးယား မှ
Mu River (မူးမြစ်)
River
စစ်ကိုင်း-မုံရွာလမ်း ညောင်ပင်ဝန်းတံတားမှ မြင်ကွင်း (ဇူလိုင် ၂၀၀၈)
အမည်ပြောင်: မူးချောင်း
နိုင်ငံ မြန်မာနိုင်ငံ
ရင်းမြစ် ကဘောချိုင့်ဝှမ်း
မြစ်ဝ ဧရာဝတီမြစ်
 - တည်နေရာ မြင်းမူ, မြန်မာ
 - coordinates 21°56′N 95°38′E / 21.933°N 95.633°E / 21.933; 95.633ကိုဩဒိနိတ်: 21°56′N 95°38′E / 21.933°N 95.633°E / 21.933; 95.633
အရှည် ၂၇၅ km (၁၇၁ mi)
မြစ်ဝှမ်း ၁၂,၃၅၅ km2 (၄,၇၇၀ sq mi)

မူးမြစ်သည် ဧရာဝတီမြစ်၏လက်တက်ငယ်ဖြစ်၍ မိုင် ၁၇ဝ ခန့်ရှည်၏။ ရှေးအခါက မူးမြစ်တစ်လျှောက် မိုးအခါတွင် လှေငယ်များသွားလာနိုင်၍ သစ်ဖောင်များ မျှောရန်အသုံးပြုသော်လည်း၊ ယခု တူးမြောင်းရေလွှဲဆည်များ ပြုလုပ်ပြီးဖြစ်၍ လှေငယ်များ မသွားလာတော့ပေ။ ဖောင်များကိုမူ မျှောပေသေးသည်။ ယခုအခါ မူးမြစ်သည် လယ်ယာစိုက်ပျိုးရေးအတွက် ရေပေးသွင်းရန် အသုံးဝင်၍ အရေးပါလေသည်။

မူးမြစ်သည် ကသာခရိုင် ဗန်းမောက်မြို့နယ် အနောက်တောင်ပိုင်းမှ စတင်ပြီးလျှင် မြောက်မှသည် တောင်ဘက်သို့ စီးဆင်းသည်။ သို့သော် ကသာခရိုင်အတွင်းရှိ မူးမြစ်တစ်လျှောက်၌ ယခင်အခါကပင် ကူးသန်းသွားလာခြင်းမရှိခဲ့ပေ။ မူးမြစ်သည် ကသာခရိုင်မှ ကျော်လွန်လေသော် ရွှေဘိုခရိုင်တွင်းသို့ ရောက်ကာ အလယ်မှ ဖြတ်သန်းသွားပြီးလျှင် စစ်ကိုင်းခရိုင်တွင်းသို့ စီးဆင်းလေရာစစ်ကိုင်းနယ်နှင့် မြင်းမူနယ်တို့ကို နယ်နိမိတ် ပိုင်းခြားသတ်မှတ်ထားသကဲ့သို့ ရှိနေပေသည်။ မြင်းမူမြို့အနီးတွင် ဧရာဝတီမြစ်တွင်းသို့ လင်္ကျာဖက်မှ စီးဝင်ပေါင်းဆုံသည်။

မူးမြစ်သည် ရေစီးကြောင်း တစ်လျှောက်လုံး၌ ရေစီးသန်ပေသည်။ အကွေ့အကောက်လည်း များသည်။ နွေအခါတွင်ရေခန်းခြောက်သောအခါ၊ ချောင်းသာသာ မြစ်ကလေးမျှ ဖြစ်သော်လည်း မိုးရာသီတွင် ရေဒလဟော စီးဆင်းသည်။ မူးမြစ်၏ အောက်ခင်းသည် ကိုင်းပြတ်ငုတ်တို ပေါများပြီး လျှင် သဲသောင်လည်း ရှိသည်။

မြန်မာမင်းများ လက်ထက်က မူးမြစ်မှ ရေကိုဆည်မြောင်းများဖြင့် သွယ်ယူကာ လယ်ယာစိုက်ပျိုးစေခဲ့သည်။ သို့သော်မပြင်နိုင်လောက်အောင် ပျက်စီးသွားပြီဖြစ်၍ ဆက်လက်အသုံးမပြုကြတော့ပေ။ မူးဟောင်းဟု ယခုတွင်သည်။ ၁၉ဝ၆ ခုနှစ်တွင် အင်္ဂလိပ် အစိုးရသည် ရွှေဘိုတူးမြောင်းကို ဖောက်လုပ်သည်။ ၁၉၁၁ ခုနှစ်တွင် ရေဦးတူးမြောင်းကိုဖောက်လုပ်သည်။ ဤတူးမြောင်း ၂ ခုအတွက် ကဘိုရေလွှဲဆည်မှ တစ်ဆင့် မူးမြစ်ရေများကို လွှဲပြောင်းပေးသောကြောင့် မြစ်၏ကမ်း ၂ ဖက်လုံးရှိ လယ်မြေအများကို ရေသွင်းပေးနိုင်ခဲ့ပေသည်။


တူးမြောင်းရေသောက် ဧရိယာဧကပေါင်းမှာ ၃၁၃,ဝဝဝ ခန့် ဖြစ်သည်။ ထိုကြောင့် မူးမြစ်သည် ရွှေဘိုတူးမြောင်း၊ ရေဦးတူးမြောင်းတို့ကို ရေပေးသွင်းရာ၌အရင်းခံဖြစ်ခြင်းကြောင့်သာလျှင် ယခုအခါ အရေးပါတော့သည်။ ရှေးအခါက ကဲ့သို့ ကုန်သွယ်ရာ၌ အရာမရောက်တော့ပေ။

မူးမြစ်အောက်ဘက်ပိုင်း ကမ်းပါး တစ်ဖက်တစ်ချက်တွင်း မိုးအခါ၌ မြစ်ရေလွှမ်းတင်နေတတ်သည့် 'မူးတိမ်' များရှိသည်။ ယင်းတို့ကို အမှီပြု၍ မုယင်စပါးစိုက်ပျိုးလေသည်။ ရွှေဘိုခရိုင်အတွင်း မူးမြစ်၏ လင်္ကျာဖက်ကမ်းပေါ်တွင် ရေဦးမြို့တည်ရှိသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)