နတ်သျှင်နောင်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
သဘင်အနုပညာရှင် မန္တလေး သိန်းဇော်က နတ်သျှင်နောင် သီချင်း တေးသရုပ်ဖော် သီဆိုရာတွင် ဆင်ယင်ထားသည့် နတ်သျှင်နောင်၏ ရှေးခေတ် ဝတ်စားဆင်ယင်ပုံ။ [၁]

နတ်သျှင်နောင်[ပြင်ဆင်ရန်]

နတ်သျှင်နောင်သည် တောင်ငူ ရွှေနန်းတည်မင်း မင်းရဲသီဟသူနှင့် ဟံသာဝတီ ဆင်ဖြူရှင် ဘုရင့်နောင်မင်းတရား မိဖုရားကြီး၏ သမီးတော် ခင်စောတို့မှ သက္ကရာဇ် ၉၄၀ ပြည့်နှစ်တွင် ဖွားမြင်သော သားတော်ကြီးဖြစ်သည်။ နတ်သျှင်နောင်သည် ငယ်ရွယ်စဉ်ကပင် ဆင်စီး မြင်းစီး၌လည်း ကျွမ်းကျင်၏။ ဓားခုတ် လှံထိုး၌လည်း တော်၏။ လုပ်ရည်ကြံရည်နှင့်လည်း ပြည့်စုံ၏။ စောင်းညင်း အတတ်ကိုလည်း ကောင်းစွာ သီဆိုတီးမှုတ်တတ်သည်။

ငါးဆူဒါယကာ မင်းတရားကြီး ယိုးဒယားသို့ ချီတက်လုပ်ကြံသောအခါ ၉-နှစ်သား အရွယ်မျှသာရှိသေးသော နတ်သျှင်နောင်သည် မိမိခမည်းတော် တောင်ငူဘုရင်နှင့်အတူ ပါရသည်။ တပ်မကြီး ပြန်လည်ဆုတ်ခွာသောအခါတွင် တောင်ငူဘုရင်နှင့် သားတော်နတ်သျှင်နောင်တို့ တပ်က နောက်ခံတပ်ပြု၍ လိုက်လာသော ယိုးဒယားတပ်တို့အား ပြန်လည်သွားအောင် တိုက်ခိုက်သောကြောင့် ယိုးဒယားတို့ မလိုက်နိုင်ဘဲ ပြန်သွားကြရသည်။ မိုးကောင်း စော်ဘွားပုန်ကန်သောအခါတွင်လည်း နတ်သျှင်နောင်သည် တောင်ငူအားနှင့် တပ်တစ်တပ်အဖြစ်ဖြင့် လိုက်ပါတိုက်ခိုက်ရာတွင်လည်း အောင်ပွဲရခဲ့သည်။ ထိုအခါနတ်သျှင်နောင်မှာ ၁၂-နှစ်သားမျှရှိသေးသည်။ ၉၅၄-ခုနှစ်တွင် ယိုးဒယားသို့ ချီတက်သောအခါတွင်လည်း ၁၄-နှစ်အရွယ်ရှိ နတ်သျှင်နောင်သည် မြို့မှထွက်၍ တိုက်လာသော ယိုးဒယားဘုရင် ဗြနရာဇ်ကို ခုခံတိုက်ခိုက်ရာ ဗြနရာဇ်မခံနိုင်၍ မြို့တွင်းပြန်ဝင်ရသည်။ ဤတိုက်ပွဲသည် နတ်သျှင်နောင်၏ အောင်ပွဲတစ်ခုဖြစ်သည်။

သက္ကရာဇ် ၉၆၄-ခုနှစ်တွင် တောင်ငူဘုရင် မင်းရဲသီဟသူသည် ကေတုမတီရွှေနန်းသစ်ကို တည်တော်မူ၍ နန်းတက်တော်မူသည်။ သားတော်အကြီးနတ်သျှင်နောင်ကိုလည်း အိမ်ရှေ့မိဖုရားဖြစ်ဖူးသော ရာဇဓာတုကလျာနှင့် စုံဖက်၍ အိမ်ရှေ့မင်းအဖြစ် ပေးအပ်တော်မူသည်။ ရာဇဓာတုကလျာကား နတ်သျှင်နောင်နှင့် ၇-လမျှနေရ၍ လွန်တော်မူရှာသည်။ ခမည်းတော် နတ်ရွာစံလွန်သော် နတ်သျှင်နောင်သည် ၉၇၁-ခုနှစ်တွင် တောင်ငူရွှေထီးရွှေနန်းကို သီဟသူရဘွဲ့ခံပြီး သိမ်းမြန်းစိုးစံတော် မူသည်။ ညီတော်ကြီး တောင်ငူမင်းရဲကျော်စွာကို အိမ်ရှေ့အရာပေးသည်။ သက္ကရာဇ် ၉၆၇ တွင် အနောက်ဘက်လွန်မင်းသည် အင်းဝကို သိမ်းပိုက်ပြီးနောက် နှစ်နှစ်မျှအကြာ သက္ကရာဇ် ၉၆၉၊ တန်ဆောင်မုန်းလ တွင် ဆက်လက်၍ တောင်ငူကို တိုက်ခိုက်သည်။ အောင်မြင်သောအခါ တောင်ငူနန်းကို မှန်ကင်းအထွဋ်ချပြီး နတ်သျှင်နောင်ကိုပင် လက်အောက်ခံ ဘုရင်အဖြစ်ထားခဲ့၍ ရဝေရှင်ထွေးမင်းဇေယျရန္တမိတ်ရှင်သံခို စာဆိုပညာရှင်များကို အင်းဝနေပြည်တော်သို့ မင်းတရားကြီး ခေါ်ဆောင်သွားလေသည်။ သန်လျင်စား ငဇင်ကာသည် သစ္စာတော်ဖောက်ဖျက်၍ တောင်ငူကို တိုက်ခိုက်ပြီး နတ်သျှင်နောင်အား မိဖုရားအခြွေအရံနှင့်အတူ သန်လျင်သို့ ခေါ်ဆောင်သွားရာ အနောက်ဖက်လွန်မင်း စုန်ဆင်းလာ၍ သန်လျင်ကို တိုက်ခိုက်အောင်မြင်သောအခါ သန်လျင်စားငဇင်ကာနှင့် နတ်သျှင်နောင် တို့ပူးပေါင်း၍ သစ္စာဖောက်သည်ကို စစ်မေးသိရှိရသောကြောင့် ၂-ဦးလုံးကိုပင် ၉၇၅-ခုနှစ် တန်ခူးလပြည့်ကျော် ၃-ရက်စနေနေ့၌ ကွပ်မျက်လေသည်။ ကျန်ရစ်သည့် အလောင်းကို ညီတော်တစ်ပါးဖြစ်သည့် တောင်ငူမင်းရဲကျော်ထင်က မြှုပ်နှံပေးသည်။

(နတ်ရှင်​နောင်သည် သူ့ထီးနန်းကို သိမ်းယူ​သော အ​နောက်ဘက်လွန်မင်းအား ပုန်ကန်ခြားနားရာတွင် ငဇင်ကာ၏ အကူအညီရ​စေရန်အတွက် (ဘုရားတိုင်ရတုများ​ရေးခဲ့​သော်လည်း) ဗရင်ဂျီဘာသာ(ခရစ်ယာန်ဘာသာ)သို့ ကူး​ပြောင်းခဲ့သည်။ ​နောင်ပုန်ကန်မှုကို မပြုလျှင် ခွင့်လွှတ်၍ ယခင်အတိုင်း လက်​အောက်ခံဘုရင်အဖြစ် ပြန်ထားမည်ဟု အ​နောက်ဘက်လွန်မင်းက ​ပြော​သော်လည်း မ​တောင်းပန်သဖြင့် ငဇင်ကာနှင့်အတူ တံကျင်ထိုးခံရ၍ ​သေခဲ့ရသည်။)

ရတုများ[ပြင်ဆင်ရန်]

နတ်သျှင်နောင်သည် ရတုများကို ရေးရာ၌ အခြားဆရာများနှင့် မတူ၊ ဖွဲ့နွဲ့ပုံ လွန်စွာဆန်းပြားသည်။ ဘုရားတိုင် ရတုများ၊ သစ္စာတိုင် ရတုများ၊ မယ်ဘွဲ့ မောင်ဘွဲ့ ရတုများ၊ စစ်ချီ ရတုများ၊ မိုဃ်းတော ရတုများ၊ ထိုးကွင်းဖွဲ့ ရတုများ၊ ဂူလီ သဘင်ဖွဲ့ရတုများ ဖြစ်သည်။

နတ်သျှင်နောင်နှင့် ပတ်သက်၍မူ “ထိုမင်းကား ရတုဆိုခြင်း သိမ်မွေ့၏။ ဂမ္ဘီရဉာဏ်နှင့် ပြည့်စုံ၏။ အကျင့်နှလုံးသော်ကား ကောက်ကျစ် ဆန်းပြား၏။” ဟုရာဇဝင်ကြီး၌ မှတ်ချက်ချထားသတည်း။ [၂]

သတ်ပုံအရေးအသား[ပြင်ဆင်ရန်]

နတ်သျှင်နောင်ဟူသော အမည်တွင် `သျှင်´ ကို ရကောက်နှင့် ‘ရှင်’ သင့်သည်၊ သ ယပင့်ဟထိုးနှင့် `သျှင်´ သင့်သည် ‎စသည်ဖြင့် အချို့သူတို့ ဝိဝါဒကွဲပြားလျက် ရှိကြသည်။

နတ်သျှင်နောင် ဟူသောအမည်ကို သ-ကို ယပင့်ဟထိုး၍ ရေးသင့်သည်။ `ရွှေနန်းရွှေထွတ်၊ ဦးညွတ်မကွာ၊ သုဓမ္မာဝယ်၊ ‎ရွှေမင်စာရေး၊ မိန့်တော်ပေးလို့´ စသည်ဖြင့် ချီသော အက္ခရာခွဲထား၌ …‎ ပတိဣဿရ၊ သာမျတ္ထ၏၊ အရထုတ်ဖွေ၊ အဆွေအိမ့်ရှင်၊ ဆင်ဖြူရှင်မျိုး၊ စကားရိုးဝယ်၊ ဟထိုးရကြီး၊ ‎တသီးထိုမှ၊ အယျအယျေ၊ ဘန္တေဘောန္တော၊ အာဝုသောနှင့်၊ မိန့်ဟောသဒ္ဒါ၊ အာယသ္မ၊ ဘဒ္ဒန္တ၏၊ ‎အတ္ထထွေပြား၊ အသျှင်များကို၊ မှတ်သား ဆန်းကြယ်၊ သဝယ် ယပင့်၊ ဟထိုးဆင့်လော့။ ဟူ၍ လာရှိသည်ကို ထောက်ရာသည်။

မဃဒေဝလင်္ကာသစ် တတိယပိုင်း ပုတ္တောဝါဒခဏ်း ပုဒ်ရေ ၂၅ဝ တွင်လည်း …‎ ‎`သိကြားနတ်သျှင်၊ ကုသိုလ်ရှင်အား၊ မမြင်ရှောင်ကာ၊ မနေသာတည့်၊ မြင်ပါလျက်ကဲ့၊ ကုသိုလ်မဲ့က၊ ‎တိမ်းငဲ့မျက်နှာ၊ မရှုသာတည့်´‎ စသည်ဖြင့် ‘သျှင်’ နှင့် ‘ရှင်’ ခွဲထားကို အထင်အရှားဖော်ပြရေးသားထားသည်။ ထိုဆရာများ၏ အာဘောဂ ကိုထောက်၍ ‎ကျွန်ုပ်တည်းဖြတ်သော စာအုပ်ကိုလည်း ‘နတ်သျှင်နောင်’ ဟူသောအမည်တွင် သ ကို ယပင့်ဟထိုး၍ ရေးလိုက်သည်။ ‎နတ်သျှင်နောင် ဟူသော အမည်တွင် `နတ်သျှင်´ ဟူသော ပေါရာဏစကားမှာ ‘မင်း၊ ဘုရင်’ ဟူသော အနက်အဓိပ္ပာယ် ‎ရသည်။ နတ်သျှင်နောင်ဟူသော အမည်မှာလည်း ဘုရင်မင်းမြတ်၏ နောင်တော် ဟူ၍ အဓိပ္ပာယ် ရပေသည်။

နတ်သျှင်နောင်သည် တောင်ငူရွှေနန်းကို သိမ်းမြန်းစိုးစံတော်မူသည့်အခါတွင် ညီတော် မင်းရဲကျော်စွာကို အိမ်ရှေ့ပေးခဲ့ ‎သည်။ နောင်သော် အိမ်ရှေ့မင်း မင်းရဲကျော်စွာ နန်းတက်ရာတွင် နောင်တော်ဖြစ်သည်ကို အစွဲပြု၍ တောင်ငူမင်းအား ‎နတ်သျှင်နောင် ဟူသောအမည်ဖြင့် ခေါ်ဝေါ်သည်ဟု ယူဆဘွယ်ဖြစ်ပေသည်။ ကုန်းဘောင်ခေတ်တွင် မင်းဧကရာဇ် ‎တို့သည် ဤနည်းနှင်နှင် သဘောပေါက်သော ဘွဲ့အမည်များကို ခံယူကြကုန်သည်။ တောင်ငူခေတ်က `နတ်သျှင်´ ဟူသော ‎အမည်သည် အလွန်သိမ်မွေ့ယဉ်ကျေး၍ အတော်ပင် ခေတ်စားဟန်တူသည်။ ထိုကြောင့် နတ်သျှင်နှမတော်၊ နတ်သျှင် ‎မယ်တော် စသော ဘွဲ့အမည်များကိုလည်း အချို့ မင်းသ္မီးတို့ ခံယူကြကုန်သည်။ [၃]

ကိုးကား[ပြင်ဆင်ရန်]

  1. http://www.youtube.com/USannAung#p/c/809223228BB8FD53/0/t96hudVGWrc (ဓာတ်ပုံကိုးကား)
  2. မြန်မာကဗျားရွေးချယ်ချက်နှင့် ရတုရွေးချယ်ချက် H 594_ A (ဟံသာဝတီ)
  3. မြန်မာစာညွန့်ပေါင်းကျမ်း ဒုတိယတွဲ ‎နတ်သျှင်နောင် ရတုများ၏ အောက်ခြေတွင် ပါရှိသော ဦးကျော်ထွန်း၏ မှတ်ချက်