သရစိမ်းမိဖုရား

ဝီကီပီးဒီးယား မှ

သရစိမ်းမိဖုရားကြီး ဟာ မင်းတုန်မင်းရဲ့ ရွှေတိုက်စာရင်းဝင်မိဖုရားတွေထဲမှာ ရုပ်ရည်အချောမောဆုံးသောမိဖုရားတစ်ပါးဖြစ်ခဲ့ပါတယ်။ မင်းတုန်းမင်းကြီးရဲ့ အခြားသော ရှမ်းမိဖုရား၊ ထိုင်းမိဖုရားတို့နဲ့အပြိုင် ရုပ်ရည်လှခဲ့သူလဲဖြစ်ပါတယ်။

သရစိမ်းမိဖုရားကြီးဟာ မိဖုရားဖြစ်တဲ့အချိန်မှာ အသက် (၁၆)နှစ်သာ ရှိပါသေးတယ်။ သူ့ရဲ့ မအေတူ ဖအေကွဲ အစ်မတော်မိဖုရားတွေဖြစ်တဲ့ လင်ပန်မိဖုရားနဲ့ သက်ပန်းမိဖုရားတို့ထံ ဝင်ထွက်ခစားရင်း မင်းတုန်းဘုရင်ကတွေ့မြင်ပြီး ရုပ်ရည်ချောမောတာနဲ့ မိဖုရားအဖြစ်ကောက်ယူခဲ့တာဖြစ်ပါတယ်။

သရစိမ်းမိဖုရားကြီး ဟာ "သုသီရိနန္ဒာမဟေ" ဘွဲ့ ရရှိ ပြီးတဲ့နောက်မှာ ဘုရင်က ချစ်ခင်မြတ်နိုးလွန်းတဲ့အတွက် ဘဏ္ဍာစိုး ရာထူးကိုပါ ပေးအပ်ခဲ့ပြီး ဘုရင့်အဆောင်တော်မှာ အမြဲနေခဲ့ရသူလဲဖြစ်ပါတယ်။ ဒါကြောင့်မလို့ သရစိမ်းမိဖုရားဟာ မဟေဘွဲ့ခံ မိဖုရားတစ်ပါးသာဖြစ်ပေမယ့် ဓာတ်ပုံထဲမှာ ပါတဲ့အတိုင်းများပြားလွန်းလှတဲ့ ရတနာ လက်ဝတ်လက်စားများ ဆင်မြန်းထားတာကို ကြည့်ခြင်းဖြင့် မင်းတုန်းဘုရင်ရဲ့ မြတ်နိုးမှုဟာ ဘယ်လောက်ထိရှိမယ်ဆိုတာခန့်မှန်းနိုင်ပါတယ်။

မိဖုရားကြီးဟာ နောင်မွန်ထိပ်ခေါင်တင်၊ တိုင်တားထိပ်ခေါင်တင်၊ မှိုင်းလုံထိပ်ခေါင်တင် ဆိုတဲ့ သမီးတော်သုံးပါးဖွားမြင်ခဲ့ပြီး သမီးတော်သုံးပါးစလုံးဟာလည်း မယ်တော်မိဖုရားကြီးအတိုင်းပင် ရုပ်ရည်ချောမောခဲ့သူတွေဖြစ်ရုံမက မင်းတုန်းမင်းကြီးရဲ့အခြားသော ကုန်းဘောင်မင်းသွေးပါတဲ့ စုဖုရားဘွဲ့ခံ မင်းသမီးတွေနဲ့အပြိုင် "ဃနမတ္တက" အဆင်တန်ဆာကို ဆင်မြန်းခွင့်ရခဲ့သူတွေလဲဖြစ်ပါတယ်။

သီပေါမင်းလက်ထက်ရောက်တဲ့အခါမှာ သရစိမ်းမိဖုရားကြီးရဲ့ အစ်မတော်တွေဖြစ်တဲ့ လင်ပန်းမိဖုရား၊ သက်ပန်းမိဖုရားတို့ တွေ အဖမ်းအဆီးခံခဲ့ရပေမယ့် သူ(သရစိမ်းမိဖုရားကြီး)နဲ့ သမီးတော်သုံးပါးဟာ ဘာဒုက္ခမှမရောက်ခဲ့ပါဘူး။ ဒုက္ခမရောက်ခဲ့တဲ့အပြင် သီပေါမင်းရဲ့ မုဒ္ဓါဘိတ်သိတ်ခံယူပွဲမှာ သရစိမ်းမိဖုရားကြီး ရဲ့ သမီးတော်လတ်ဖြစ်တဲ့ တိုင်တားမင်းသမီးဟာ ငွေမောင်းကိုင်စွဲလို့ မင်္ဂလာစကားငါးခွန်းဆိုခဲ့ရပါတယ်။

အဲ့ဒီအခါမှာ နန်းမတော်စုဖုရားလတ်က တိုင်တားမင်းသမီးလေးကိုချစ်ခင်လွန်းလို့ သူ့ရှေ့မှာရှိနေတဲ့ရတနာပုံထဲက ရတနာတွေကို နှစ်သက်သလောက်ယူဖို့ ပြောဆိုခဲ့ပြီး မင်းသမီးလေးက ကြောက်လန့်နေလို့ မယူရဲတဲ့အတွက် နန်းမတော်စုဖုရားလတ်ကိုယ်တိုင် ဖလားနဲ့သုံးလုံး ရတနာတွေကို ပေးခဲ့တဲ့အထိ သီပေါမင်းလက်ထက်မှာ မျက်နှာပွင့်လန်းခဲ့ကြရပါတယ်။

ပါတော်မူပြီးနောက်မှာ မိဖုရားကြီးနဲ့ သမီးတော်သုံးပါးကို ရန်ကုန်မြို့သို့ ပို့ဆောင်ခဲ့ပြီး ပင်စင် ၁၅၀နဲ့ အိမ်လခ ၆၀ ပေးခဲ့ပါတယ်။ မိဖုရားကြီး ဟာ ရန်ကုန်မြို့မှာ မြေနေရာ ၆ ဧကကျယ်ဝန်းတဲ့ ခြံကြီးထဲမှာ အုတ်ခံ နှစ်ထပ်စံအိမ်တော်ကြီးကို ဝယ်ယူပြီးနေထိုင်ခဲ့ပါတယ်။ မိဖုရားကြီး ရဲ့ စံအိမ်တော်ကြီးဟာ မင်းဆွေမင်းမျိုးများ၊ မှန်နန်းအပျိုတော်များ၊ ဘုရင်လက်ထက်က ခစားခဲ့ကြတဲ့ အမှူထမ်း ပုဂ္ဂိုလ်များနဲ့ အမြဲမပြတ်စည်ကားခဲ့ပြီး နေ့စဉ် ဆန်တစ်တင်းချက်ကုန်အထိ ချက်ပြုတ်ခဲ့ရပါတယ်။

မိဖုရားကြီးဟာ ရန်ကုန်မှာပဲစံနေခဲ့ပြီး အသက် ၈၃ နှစ် ၁၂၈၇ခုနှစ်မှာ ကံတော်ကုန်ခဲ့လို့ မိဖုရားကြီးကိုယ်တိုင် မြေနေရာဝယ်ယူထားတဲ့ ငါးထပ်ကြီးဘုရားအနီးက ဝင်္ကပါတောင်ကုန်းပေါ်မှာ အုတ်နန်းပြဿ ဒ်ထားပြီး သင်္ဂြိုဟ် ခဲ့ကြပါတယ်။

ကိုးကား[ပြင်ဆင်ရန်]

ကုန်းဘောင်အလွန်

  1. မင်းနန်သူ
  2. Historynotes