အောင်ဆန်း-အက်တလီ စာချုပ်

ဝီကီပီးဒီးယား မှ
(ဝဲမှ ယာသို့) ဦးဘဖေ၊ ကလီမန့် အက်တလီ၊ ဗိုလ်ချုပ် အောင်ဆန်း၊ ဦးတင်ထွဋ်နှင့် လော့ဒ်ပီသစ်လောရင့်။

အောင်ဆန်း-အက်တလီ စာချုပ်သည် တစ်နှစ်အတွင်း မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးရန် မြန်မာအမျိုးသားခေါင်းဆောင်များနှင့် ဗြိတိသျှအစိုးရတို့၏ သဘောတူညီချက်များ ပါသည့် စာချုပ် ဖြစ်သည်။ ဗြိတိသျှ အစိုးရနှင့် မြန်မာခေါင်းဆောင်များ မြန်မာ့လွတ်လပ်ရေးအတွက် ပထမဆုံးချုပ်ဆိုသည့် စာချုပ်ဟု ဆိုနိုင်သည်။ စာချုပ်ကို ၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် လန်ဒန်မြို့ ဒေါင်းနင်းလမ်း အမှတ် ၁ဝ ၌ လက်မှတ်ရေးထိုးခဲ့ကြသည်။ စာချုပ်ကို မြန်မာတို့ဘက်မှ ဗိုလ်ချုပ်အောင်ဆန်းက ခေါင်းဆောင်၍လည်းကောင်း၊ ဗြိတိသျှ အစိုးရ ဘက်မှ ဗြိတိသျှ ဝန်ကြီးချုပ် ကလီးမင့် ရစ်ချတ် အက်တလီ (Clement Attlee) က ခေါင်းဆောင်၍လည်းကောင်း ဆွေးနွေးပြီး သဘောတူလက်မှတ် ထိုးကြသောကြောင့် အောင်ဆန်း - အက်တလီ စာချုပ်ဟု ခေါ်သည်။ စာချုပ်တွင် အချက်ကြီး ၁ဝ ချက် ပါဝင်သည်။

ကလီမင့် အက်တလီ (Clement Attlee)

စာချုပ်ပါ အဓိက အချက်များ၏ အချုပ် သဘောမှာ -

  1. ဗိုလ်ချုပ်အောင်ဆန်း ဒုတိယဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော မြန်မာပြည်ဘုရင်ခံ၏ အလုပ်အမှုဆောင် ကောင်စီသည် ကြားဖြတ်အစိုးရအဖြစ် အသိအမှတ် ပြုခံရသည်။
  2. ကာကွယ်ရေးနှင့် နိုင်ငံခြားရေးဌာန များကို ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ကြားဖြတ် အစိုးရက အုပ်ချုပ်ခွင့်ရသည်။
  3. ဗြိတိသျှ လက်နက်ကိုင်တပ်များမှအပ မြန်မာနိုင်ငံ ကာကွယ်ရေးဆိုင်ရာ လက်နက်ကိုင်တပ်များကို ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ကြားဖြတ်အစိုးရက အုပ်ချုပ်ခွင့်ရသည်။
  4. ကိုယ်ပိုင်ဘဏ္ဍာရေး အုပ်ချုပ်ခွင့်ရသည်။
  5. မြန်မာအစိုးရကိုယ်စားလှယ် မဟာမင်းကြီးတစ်ဦး လန်ဒန်မြို့၌ ထားခွင့်ရသည်။
  6. မြန်မာ ပြည်မနှင့် တောင်တန်း ဒေသများကို တပေါင်းတည်း လွတ်လပ်ရေး ပေးရန်အတွက် တောင်တန်းဒေသများ၏ ဆန္ဒယူရန် သဘောတူကြသည်။
  7. အရွယ်ရောက်သူတိုင်း မဲပေးနိုင်သော စနစ်ဖြင့် ရွေးကောက်သော တိုင်းပြု ပြည်ပြု လွတ်တော် ခေါ်ရမည်။
  8. တိုင်းပြု ပြည်ပြု လွတ်တော်က လွတ်လပ်လာမည့် မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးနှင့် အနာဂတ် ပုံသဏ္ဌာန်ကို ဆုံးဖြတ်ရမည်။
  9. ကမ္ဘာ့ကုလသမဂ္ဂတွင် မြန်မာနိုင်ငံ အဖွဲ့ဝင်ဖြစ်ရေးအတွက် ဗြိတိသျှ အစိုးရက ထောက်ခံကူညီမည်။

ဤစာချုပ် ချုပ်ဆိုနိုင်ခြင်းအားဖြင့် ဗြိတိသျှအစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ စက္ကူဖြူစီမံကိန်း ခေါ် စက္ကူဖြူအုပ်ချုပ်ရေးသည် လုံးဝ ချုပ်ငြိမ်းသွားသည်။ ဤစာချုပ် အရပင် တိုင်းပြု ပြည်ပြု လွှတ်တော် ခေါ်နိုင်၍ အချုပ်အခြာအာဏာပိုင် သမ္မတနိုင်ငံ ထူထောင်ခွင့်ရခဲ့သည်။ ဥပဒေသဘောအရ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင်မှ လွတ်လပ်ရေး ရခဲ့သော်လည်း လက်တွေ့သဘောအရ ကြည့်လျှင် ဤစာချုပ်ချုပ်သည့် နေ့မှာပင် လွတ်လပ်ရေးရသည်ဟု ဆိုနိုင်ရာသည်။

အောင်ဆန်း - အက်တလီစာချုပ်[ပြင်ဆင်ရန်]

ဘုရင်မင်းမြတ်၏ အစိုးရနှင့် မြန်မာနိုင်ငံတော် ဘုရင်ခံမင်းကြီး၏ အမှုဆောင် ကောင်စီမှ ကိုယ်စားလှယ်တော်တို့ ဆွေးနွေး တိုင်ပင်ရာမှ ရောက်ရှိခဲ့သော အဆုံးသတ်ချက်များ

ကိုယ်စားလှယ်တော်များက အရေးဆိုသော ဂရိတ် ဗြိတိန်နှင့် မြန်မာနိုင်ငံတော်တို့၏ အနာဂတ် ဆက်ဆံရေးနှင့် သက်ဆိုင်သော ကိစ္စအဝဝတို့ကို ဘုရင်မင်းမြတ် အစိုးရနှင့် မြန်မာနိုင်ငံတော် အမှုဆောင်ကောင်စီ၏ ကိုယ်စားလှယ်တော်များ ဆွေးနွေးတိုင်ပင်ပြီးလျက် ကော်မော်ဝဲလ်သ် (Common Wealth) အတွင်းတွင် ဖြစ်စေ၊ အပြင်မှ ဖြစ်စေ၊ စောလျင် နိုင်သမျှ စောလျင်စွာ မြန်မာနိုင်ငံတော်သူ နိုင်ငံတော်သားများတို့သည် မိမိတို့ လွတ်လပ်ရေးကို ဆွတ်ခူးနိုင်စေမည် ဖြစ်သော နည်းလမ်းများနှင့် စပ်လျဉ်း၍ အောက်ပါ သဘောတူ အဆုံးသတ်ချက်များကို ရောက်ရှိကြလေသည်။

၁။ တိုင်းပြုပြည်ပြုလွှတ်တော်[ပြင်ဆင်ရန်]

မြန်မာနိုင်ငံတော်သူ နိုင်ငံတော်သားတို့သည် မိမိတို့ နိုင်ငံ၏ အနာဂတ် အုပ်ချုပ်ရေးကို စောလျင်နိုင်သမျှ လျင်စွာ ဆုံးဖြတ်နိုင်စေသောငှာ ၁၉၃၅ - ခုနှစ် အက်ဥပဒေအရ ဥပဒေပြု အဖွဲ့အစား တိုင်းပြု ပြည်ပြု လွှတ်တော်ကို ရွေးကောက် တင်မြှောက်စေရမည်။ ဤကိစ္စအတွက် ၁၉၃၅ ခုနှစ် အက်ဥပဒေ ရွေးကောက်နည်းစနစ်ကို အသုံးပြုလိမ့်မည်။

လူမျိုးသီးခြား မထားရှိသော လူစု၊ ကရင် အမျိုးသား လူစု၊ အင်္ဂလိပ် မြန်မာ ကပြား လူစုများ အတွက် ရွေးကောက်ပွဲကို ဧပြီလတွင် ကျင်းပလိမ့်မည်။ လူစု အသီးသီးအတွက် အဖွဲ့ဝင် နှစ်ဦးစီ ရွေးကောက် တင်မြှောက်ရမည်။ အထက်တွက် စာရင်းသွင်းပြီးသော [နောက်ဆက်တွဲ (က) တွင် ရှင်းလင်း ဖော်ပြသည့် အတိုင်း] မြန်မာနိုင်ငံ လူမျိုး တဦးကို လူမျိုးသီးခြား မထားရှိသော လူစုစာရင်းတွင် တင်သွင်းရလိမ့်မည်။

၂။ ခေတ်ပြောင်းချိန် အစိုးရ အမျိုးအစား[ပြင်ဆင်ရန်]

ခေတ်ပြောင်းချိန် ကာလအတွင်း မြန်မာနိုင်ငံ အစိုးရသည် ယခုအတိုင်း ကဲ့သို့ပင် ၁၉၃၅ ခုနှစ် အက်ဥပဒေ အပိုဒ် ၁၃၉ အရ၊ အပ်နှင်းထားသော အထူး အာဏာများနှင့် ၁၉၄၅ ခုနှစ်၊ ယာယီ စီမံချက် အက်ဥပဒေ နှင့်တကွ ယင်းဥပဒေအရကောင်စီတွင် ထုတ်ပြန်လိုက်သော အမိန့်ဟူသမျှ အတိုင်း ဆောင်ရွက်သွားလိမ့်မည်။

အစိုးရ တဦး တဘက် သဘောတွင် အထူး ဆောင်ရွက်ရန် လိုသည်ဟု ထင်မြင်သော ထူးခြားသည့် အကြောင်းအချက်များ ပေါ်ပေါက်လျှင် ထိုအကြောင်းအချက်များကို လိုက်လျောရန် ပြောင်းလဲနိုင်ချက် ရှိလျှင် မည်သို့သော ပြောင်းလဲ နိုင်ချက် ပြုလုပ်နိုင်သည်ကို ဘုရင်မင်းမြတ် အစိုးရက စဉ်းစားလိမ့်မည်။

၃။ ကြားဖြတ် ဥပဒေပြု အဖွဲ့[ပြင်ဆင်ရန်]

ကြားဖြတ်ကာလအတွင်း ၁၉၄၅ ခုနှစ် အက်ဥပဒေက ပြဋ္ဌာန်းသည့်အတိုင်း ဖြစ်သော ဥပဒေပြု ကောင်စီ တခု ရှိလိမ့်မည်။ အခွင့်ပြုထားသော ဦးရေကို ၅ဝ မှ ၁၀ဝ သို့ တိုးမြှင့်ရန် အာဏာကို ဘုရင်မင်းမြတ် အစိုးရက ကောင်စီတွင် ထုတ်ပြန်သော အမိန့်ဖြင့် ဖွေရှာလိမ့်မည်။

တိုင်းပြုပြည်ပြု လွှတ်တော်အတွက် ရွေးကောက် တင်မြှောက်ခြင်းများ ပြီးဆုံးသည်နှင့် တပြိုင်နက် ဘုရင်မင်းကြီးသည် ဦးရေ ၁၀ဝ ပါဝင်သော ဥပဒေပြု ကောင်စီတခုကို အမည်တပ် ခန့်အပ် လိမ့်မည်။ ထိုကောင်စီအဖွဲ့တွင် တိုင်းရင်း မဟုတ်သော လူနည်းစုများ၏ ကိုယ်စား ဆောင်ရွက်ရန် လူဦးရေ အနည်းငယ်ကို ပါဝင်စေလျက် တိုင်းပြု ပြည်ပြု လွှတ်တော်သို့ ရွေးကောက် တင်မြှောက် လိုက်သော သူများထဲမှ ရွေးချယ်လိမ့်မည်။

ဥပဒေပြု ကောင်စီ၏ အာဏာများမှာ မကြာသေးမီက ဖျက်သိမ်းလိုက်သော ဦးရေ ၅ဝ ပါဝင်သည့် ဥပဒေပြုကောင်စီ ရရှိထားသော အာဏာများနှင့် ထပ်တူထပ်မျှ ဖြစ်လိမ့်မည်။

၄။ ကြားဖြတ် အစိုးရ[ပြင်ဆင်ရန်]

ဘုရင်ခံမင်းကြီး၏ အမှုဆောင် ကောင်စီသည် မြန်မာနိုင်ငံတော်၏ ကြားဖြတ်အစိုးရ ဖြစ်လိမ့်မည်။ အထက်ပါ အပိုဒ် ၂ တွင် ဖော်ပြခဲ့သော အဖြူထည် ဘောင်အတွင်းတွင် ဆက်လက် တည်ရမည် ဖြစ်သော အမှုဆောင်ကောင်စီ၊ သို့မဟုတ် ဘုရင်ခံမင်းကြီး၏ တရားဝင် အာဏာများကို မပြောင်းလဲစေရန် မဖြစ်နိုင်သော်ငြားလည်း ကြားဖြတ်အစိုးရသည် ယခုအခါ အိန္ဒိယ ကြားဖြတ် အစိုးရ နည်းတူ ယေဘုယျအားဖြင့် ဆောင်ရွက် သွားလိမ့်မည့်ပြင်၊ အထူးသဖြင့်

  • (က) အမှုဆောင် ကောင်စီကို ဒိုမီနီယန် အစိုးရ များအား ရင်းနှီးစွာ တိုင်ပင် နှီးနှော အလေးဂရု ပြုဘိ သကဲ့သို့ ပြုမူလိမ့်မည့်ပြင် အမှုဆောင် ကောင်စီ နိုင်ငံ အုပ်ချုပ်ရေး ဆောင်ရွက်မြဲ တာဝန်များကို ဆောင်ရွက်ရာ၌ အကြီးနိုင်ဆုံးသော လွတ်လပ်ခွင့်ကို ရရှိလိမ့်မည်။ ဝန်ကြီးအဖွဲ့ အစည်းအဝေးပွဲများတွင် ဘုရင်ခံမင်းကြီးက ဥက္ကဋ္ဌ အဖြစ်ဖြင့် ဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ ၁၉၃၅ ခုနှစ် အက်ဥပဒေ တည်ဆဲ သဘောအတွင်း အသုံးပြုသော ဓလေ့ထုံးစံကို အမှုဆောင်ကောင်စီနှင့် သက်ဆိုင်ရာတွင်ပင် ဆက်လက် ကျင့်သုံး လိမ့်မည်။
  • (ခ) မြန်မာနိုင်ငံတော် အစိုးရသည် ကိုယ်ပိုင် ဘဏ္ဍာရေး အုပ်ချုပ်မှု [နောက်ဆက်တွဲ (ခ) ကို ကြည့်ပါ] ကို ရရှိစေမည်ဟု မူအားဖြင့် ဘုရင်မင်းမြတ်၏ အစိုးရက သဘောတူညီကြသည်။
  • (ဂ) ကာကွယ်ရေးနှင့် နိုင်ငံခြားရေးဆိုင်ရာ ကိစ္စများကို အမှုဆောင် ကောင်စီတွင် တင်သွင်း လိမ့်မည်။ အမှုဆောင် ကောင်စီသည် ဤအရေး ကိစ္စများကို စီမံခန့်ခွဲရာတွင် အပြည့်အစုံ တွဲဘက် ဆောင်ရွက်လိမ့်မည်။
  • (ဃ) ထိုကိစ္စများ ဆောင်ရွက်မြဲ တာဝန်ကို ဘုရင်ခံမင်းကြီးက ကာကွယ်ရေးနှင့် နိုင်ငံခြားရေး အတိုင်ပင်ခံ ဝန်ကြီးအား တာဝန် လွှဲအပ်လိမ့်မည်။

တရားဝင် အခြေအနေတွင် သက်ရောက်သော ကန့်သတ်ချက်များမှ အပ အမှုဆောင် ကောင်စီ အဖွဲ့သည် စီမံကိန်းနှင့် အုပ်ချုပ်မှု နယ်ပယ်တွင် ပေါ်ပေါက်သော ကိစ္စ ဟူသမျှကို အရေးဆိုရန်လည်းကောင်း၊ စဉ်းစားရန်လည်းကောင်း၊ ဆွေးနွေးရန်လည်းကောင်း၊ ဆုံးဖြတ်ရန်လည်းကောင်း လုံးဝ လွတ်လပ်ခွင့် ရှိလိမ့်မည်။

၅။ နိုင်ငံခြားရေး ကိစ္စများ[ပြင်ဆင်ရန်]

လန်ဒန် မြို့တော်တွင် မြန်မာအစိုးရ ကိုယ်စားလှယ် အဖြစ် ဆောင်ရွက်ရန် မြန်မာနိုင်ငံတော် အတွက် မဟာမင်းကြီး တပါး ခန့်ထားစေလိမ့်မည်။ မြန်မာ နိုင်ငံတော်က တိုင်းရေးပြည်မှု စေ့စပ် ပြောဆိုသူ ကိုယ်စားလှယ် လဲလှယ်လိုသော နိုင်ငံများ၏ အစိုးရများအား ထိုကဲ့သို့ လဲလှယ်ခြင်းကို သဘောတူရန် ဘုရင်မင်းမြတ် အစိုးရက တောင်းဆိုလိမ့်မည်။

၆။ ပြည်ထောင်ချင်းချင်း အဖွဲ့အစည်းများ၏ အဖွဲ့ဝင် အဖြစ်[ပြင်ဆင်ရန်]

ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့တွင် အဖွဲ့ဝင် တဦး အဖြစ်ဖြင့် ပါဝင်ရန် မြန်မာနိုင်ငံတော်၏ လျှောက်ထားချက်ကို မြန်မာနိုင်ငံတော်၏ တိုင်းပြု ပြည်ပြုရေး အခြေအနေသည် ထိုလျှောက်ထားချက်မျိုးကို လက်ခံနိုင်လောက်အောင် ဖြစ်သည်နှင့် တပြိုင်နက် ဘုရင်မင်းမြတ် အစိုးရက လုံးဝ ထောက်ခံချက် ပေးလိမ့်မည်။ ဤအတော အတွင်းတွင် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့က ကြီးမှူးသော အစည်းအဝေးများတွင် မြန်မာနိုင်ငံတော်က မည်မျှလောက် ပါဝင် ဆောင်ရွက်နိုင်သည်ကို ကမ္ဘာ့ကုလသမဂ္ဂ၏ အထွေထွေ အတွင်းရေးမှူးနှင့် စုံစမ်း ညှိနှိုင်းလိမ့်မည်။

မြန်မာနိုင်ငံတော်က ချဉ်းကပ် ဆက်သွယ်စေလိုသော အခြားအခြားသော ပြည်ထောင် အချင်းချင်း အဖွဲ့အဝင်များသို့လည်း ထိုအဖွဲ့များ၏ အလုပ်တွင် အဖွဲ့ဝင်နိုင်ငံ အဖြစ်ဖြင့်၊ သို့မဟုတ် အခြားနည်းဖြင့် မြန်မာနိုင်ငံတော်က ပါဝင် ဆောင်ရွက်နိုင် မနိုင်ကို ထောက်လှမ်း စစ်ရှောက်သော သဘောနှင့် ချဉ်းကပ် ဆက်သွယ်လိမ့်မည်။

၇။ ကာကွယ်ရေး[ပြင်ဆင်ရန်]

  • (က) တည်မြဲလျက် ရှိသော လုပ်ရိုး လုပ်စဉ် အတိုင်း မြန်မာနိုင်ငံတော်တွင် ချထားသော ဗြိတိသျှ စစ်သည်တော်များ အားလုံးသည် ဘုရင်မင်းမြတ် အစိုးရ၏ အဆုံးစွန်သော အုပ်ချုပ်မှု လက်အောက်တွင် နေလိမ့်မည်။
  • (ခ) မြန်မာ စစ်သည်တော် အားလုံးတို့မှ မြန်မာ နိုင်ငံတော် အစိုးရ၏ အုပ်ချုပ်မှု လက်အောက်သို့ ချက်ချင်း ရောက်ရှိလိမ့်မည်။
  • (ဂ) မြန်မာနိုင်ငံတော် စစ်ဗိုလ်ချုပ်ကြီးသည် စောနိုင်သမျှ စောစော ဖြစ်နိုင်သော အချိန်၌ ဘုရင်မင်းကြီးနှင့် မြန်မာနိုင်ငံတော် အစိုးရ လက်အောက်ခံ ဖြစ်စေရမည် ဟူသည်ကို မူအားဖြင့် ဘုရင်ခံမင်းမြတ် အစိုးရက သဘောတူညီကြောင်း။ သို့ရာတွင် ယခု အခိုက်အတန့်မှာ နိုင်ငံပေါင်း များစွာတွင် ပြန့်နှံ့လျက်ရှိသော မဟာမိတ် အချင်းချင်း စစ်ဘက်ဆိုင်ရာ အုပ်ချုပ်မှု အစီအစဉ် များကို မရုပ်သိမ်းသေးသမျှ မြန်မာနိုင်ငံတော် စစ်ဗိုလ်ချုပ်ကြီးသည် အရှေ့ အာရှတိုက် တောင်ပိုင်း ကုန်းတပ်များ လက်အောက်ခံ ဖြစ်နေလိမ့်မည်။ ဤကာလအတွင်း မြန်မာနိုင်ငံတော် အစိုးရနှင့် ဆိုင်ရာ အာဏာပိုင်တို့သည် ဓမ္မတာ အတိုင်းပင် ရင်းနှီးစွာ ပူးပေါင်း ဆောင်ရွက် လိမ့်မည်။ ရေတပ်၊ လေတပ်များနှင့် စပ်လျဉ်း၍လည်း အလားတူ သင့်တင့် လျောက်ပတ်သော အစီအစဉ်များကို သတ်မှတ် ထားလိမ့်မည်။
  • (ဃ) မြန်မာနိုင်ငံတော် ကာကွယ်ရေးတပ်များ ဖွဲ့စည်းခြင်းတွင် ကူညီ ထောက်ပံ့ရန် ပြဿနာသည် နှစ်ဦးသော အစိုးရတို့ ဆွေးနွေးရန် ကိစ္စ ဖြစ်ပေလိမ့်မည်။ ဘုရင်မင်းမြတ် အစိုးရက ဤကိစ္စတွင် မြန်မာနိုင်ငံတော် အစိုးရအား အစွမ်းကုန် ကူညီရန် ဆန္ဒရှိသော်လည်း ကမ္ဘာ့ပေါ်ရှိ အခြား ရပ်ကွက် ဒေသများတွင် ယူပြီးသော ကြီးလေးသည့် တာဝန်များကိုလည်း ဂရု ထားရပေဦးမည်။
  • (င) အုပ်ချုပ်ရေးသစ် ဖြစ်ထွန်း သက်ရောက်လာသည့်နောက် မြန်မာနိုင်ငံတော်ရှိ ဗြိတိသျှ တပ်များကို ဆက်လက်ထားရှိရန်၊ သို့မဟုတ် အသုံးပြုရန် ပြဿနာမှာ ဘုရင်မင်းမြတ် အစိုးရနှင့် မြန်မာ နိုင်ငံတော် အစိုးရတို့ သဘောတူရန် ကိစ္စ ဖြစ်ပေ လိမ့်မည်။

၈။ နယ်ခြားဒေသများ[ပြင်ဆင်ရန်]

နယ်ခြားဒေသများနှင့် ဝန်ကြီးများ အုပ်ချုပ်သော မြန်မာနိုင်ငံတော်ကို ထိုဒေသများတွင် နေထိုင်သော သူများ၏ လွတ်လပ်သော သဘောတူချက်နှင့် အချိန်မနှောင်း ပေါင်းစည်းခြင်း အောင်မြင်ရန်မှာ ဘုရင်မင်းမြတ် အစိုးရနှင့် မြန်မာနိုင်ငံ ကိုယ်စားလှယ်တော်များ နှစ်ဦးနှစ်ဖက်၏ သဘော တူပြီးသော ရည်ရွယ်ချက် ဖြစ်သည်။ ဤအတောအတွင်း နယ်ခြားရှိ လူများသည် နှစ်ဦးနှစ်ဖက် လက်ခံနိုင်သော နည်းဖြင့် မြန်မာ နိုင်ငံတော် အစိုးရတို့နှင့် ရင်းနှီးစွာ ပေါင်းသင်း တွဲဖက်ရာသည်။ ဤသည်တို့ကို မြှော်ကိုး၍ သဘော တူညီကြသည်မှာ

  • (က) နယ်ခြားဒေသ လူများနှင့် ဝန်ကြီးချုပ်များ အုပ်ချုပ်သော မြန်မာနိုင်ငံတော် လူများသည် အတားအဆီး မရှိဘဲ လွတ်လပ်စွာ ကူးလူး ဆက်ဆံခြင်း ရှိစေရမည်။
  • (ခ)
    • (၁) နယ်ခြား ကိစ္စများပေါ်တွင် ဘုရင်ခံမင်းကြီးကို အကြံဉာဏ် ပေးရန်နှင့် အမှုဆောင် ကောင်စီနှင့် ရင်းနှီးစွာ ဆက်ဆံရန် နယ်ခြား ကိုယ်စားလှယ် ခန့်ထားခြင်းဖြင့် လည်းကောင်း၊ သို့မဟုတ်
    • (၂) နယ်ခြား ကိစ္စများကို အုပ်ချုပ်သော အမှုဆောင် ဝန်ကြီး အဖြစ်ဖြင့် နယ်ခြားဒေသ ကိုယ်စားလှယ် တဦး ခန့်ထားခြင်းဖြင့် လည်းကောင်း၊ သို့မဟုတ်
    • (၃) အခြားနည်းဖြင့် လည်းကောင်း၊ ခေတ်ပြောင်း ခေတ်လွှဲ ကာလအတွင်း လက်ခံနိုင်မည်ဟု မိမိတို့ ထင်မြင်သော မြန်မာနိုင်ငံတော် အစိုးရနှင့် ပူးတွဲ ပေါင်းဖက်ပုံနှင့် ပတ်သက်၍ မိမိတို့ ထင်မြင်ချက်များကို ထုတ်ဖော် ပြောဆိုနိုင်ရန် နောက်လဆန်းတွင် ကျင်းပမည် ဖြစ်သော ဝန်ကြီး ကွန်ဖရင့်တွင် လည်းကောင်း၊ သို့မဟုတ် ဤကိစ္စ အတွက် ကျင်းပသော အထူး ကွန်ဖရင့်တွင် လည်းကောင်း၊ နယ်ခြားဒေသရှိ လူများ၏ ခေါင်းဆောင်များ ကိုယ်စားလှယ်များကို မေးမြန်း ရမည်။
  • (ဂ) ပင်လုံ အစည်းအဝေး၊ သို့မဟုတ် အထူး ကွန်ဖရင့် အစည်းအဝေး ပြီးဆုံးသည့် အခါတွင် ဘုရင်မင်းမြတ် အစိုးရနှင့် မြန်မာနိုင်ငံတော် အစိုးရ တို့သည် နယ်ခြားလူများ ထုတ်ဖော် ပြောဆိုသော ထင်မြင်ချက်များနှင့် လိုက်လျောညီစွာ အများ သဘောတူ လိုလားချက်များ ဖြည့်စွမ်းရန် အကောင်းဆုံးသော နည်းစနစ်ကို သဘောတူညီချက် ယူလိမ့်မည် ဖြစ်ကြောင်း။
  • (ဃ) မြန်မာနိုင်ငံတော် အုပ်ချုပ်ရေး ဥပဒေသစ် အတိုင်း ဆောင်ရွက်ရာ၌ နယ်ခြားသားများ ပေါင်းစည်း ဆက်ဆံနိုင်ရန် အကောင်းဆုံးသော နည်းစံနစ် ရှာဖွေရန်အတွက် စုံစမ်းရေး ကော်မတီ တခုကို ချက်ချင်း တည်ထောင်ရန် ဝန်ကြီးများ အုပ်ချုပ်သော မြန်မာနိုင်ငံတော် ရပ်ကွက်ဒေသမှ အမှုဆောင်ကောင်စီ အဖွဲ့က တင်မြှောက်သော အဖွဲ့ဝင်များနှင့် နယ်ခြားဒေသ ခေါင်းဆောင်များကိုပင် နှီးနှောလျက် တင်မြှောက်သော အဖွဲ့ဝင်များ၊ ထိုကော်မတီတွင် ဦးရေ အညီအမျှ ပါဝင်လိမ့်မည့်ပြင်၊ သဘောတူ ရွေးချယ်သော မြန်မာနိုင်ငံတော် အပြင်အပမှ ကြားနေပုဂ္ဂိုလ် တဦးကို ဥက္ကဋ္ဌ ခန့်ထားမည် ဖြစ်ကြောင်း၊ ဤကော်မတီက တိုင်းပြု ပြည်ပြု လွှတ်တော် အစည်းအဝေး မစမီ အစီရင်ခံစာ တင်သွင်းရန် တောင်းဆိုမည်။

၉။ ဘဏ္ဍာရေး[ပြင်ဆင်ရန်]

ဘဏ္ဍာရေး ပြဿနာများ အတော်အတန် စဉ်းစားခဲ့ပြီး၍ ဤကိစ္စများကို မည်သို့စီမံခန့်ခွဲရန် သဘောတူညီချက် တခု ဆိုက်ရောက်ခဲ့ပြီး ဖြစ်သည်။ သဘောတူချက်ကိုမူ ပူးတွဲပါ နောက်ဆက်တွဲတွင် ဖော်ပြထားသည်။

နောက်ဆက်တွဲ (က)[ပြင်ဆင်ရန်]

လာမည့် ရွေးကောက်ပွဲများတွင် မဲဆန္ဒပေး ရွေးကောက်ခြင်း ခံနိုင်ခွင့် အလို့ငှာ မြန်မာနိုင်ငံတော်တွင် မွေးဖွား၍ ၁၉၄၂ ခု၊ ဇန်နဝါရီလ ၁ ရက်၊ သို့မဟုတ် ၁၉၄၇ ခု၊ ဇန်နဝါရီလ ၁ ရက်နေ့ မရှေးမနှောင်း ဖြစ်သော ၁ဝ နှစ် အတွင်းတွင် စုစုပေါင်း ၈ နှစ်ထက် မနည်း၊ မြန်မာနိုင်ငံတော်တွင် နေထိုင်ခဲ့သော ဗြိတိသျှ လက်အောက်ခံ၊ သို့မဟုတ် အိန္ဒိယနယ် လက်အောက်ခံ နိုင်ငံသားကို မြန်မာ အမျိုးသားဟု အဓိပ္ပာယ် ဖော်ပြသည်။

နောက်ဆက်တွဲ (ခ)[ပြင်ဆင်ရန်]

ဘဏ္ဍာရေး။[ပြင်ဆင်ရန်]

  • ၁။ မြန်မာနိုင်ငံတော်သည် ကိုယ်ပိုင် ဘဏ္ဍာရေး အုပ်ချုပ်ခွင့် ရှိသည်ကို ဘုရင်မင်းမြတ် အစိုးရတို့က သဘောတူပြီး ဖြစ်သည်။
  • ၂။ နိုင်ငံ အချင်းချင်း ငွေကြေး ရန်ပုံ နှင့် နိုင်ငံချင်းချင်းဘဏ်တွင် ပါဝင်လိုက လျှောက်ထားရန် အခြေအနေရှိသည်နှင့် တပြိုင်နက် ခိုင်လုံသော အဖွဲ့ဝင် တဦး အဖြစ်ကို ရစိမ့်သောငှာ ဘုရင်မင်းမြတ် အစိုးရတို့က စွမ်းအား ရှိသလောက် ဆောင်ရွက်ရန် တာဝန်ယူပြီး ဖြစ်သည်။
  • ၃။ ၁၉၄၅ ခု၊ အောက်တိုဘာလမှ ၁၉၄၆ ခု၊ စက်တင်ဘာလအထိ မြန်မာနိုင်ငံတော် ဘဏ္ဍာရေး နှစ်အတွင်း မြန်မာနိုင်ငံတော်က အတိုးလွတ် ရွှေဒင်္ဂါးပေါင်း ၈၀၀၀၀၀ဝ ခန့် (အသားတင်) ရရှိခဲ့ပြီး ထို့ပြင် ၁၉၄၆ ခု၊ အောက်တိုဘာလမှ စ၍ ၁၉၄၇ ခု၊ စက်တင်ဘာလအထိ ဘဏ္ဍာရေး နှစ်အတွင်း နောက်ထပ် ၇၅ သန်း (အသားတင်) ရရှိရန် အတွက် သဘောတူပြီး ဖြစ်သည်။ နယ်ခြားဒေသများအတွက် ထောက်ပံ့ကြေးများကို ထည့်သွင်း စဉ်းစား၍ ရိုးရိုး ဘတ်ဂျက်တွင် ယခုနှစ် လျော့သော ငွေအတွက် ထပ်မံ ထောက်ပံ့မည်ဟု ယခု ဘုရင်မင်းမြတ် အစိုးရက သဘောတူပြီး ဖြစ်သည်။
  • ၄။ (အစိုးရတို့၏ ကူးသန်း ရောင်းဝယ်ရေး လုပ်ငန်းများနှင့် ယေဘုယျအားဖြင့် သက်ဆိုင်သော) ပရိုဂျက် စီမံကိန်းဆိုင်ရာ ဘတ်ဂျက်နှင့် စပ်လျဉ်း၍ ဘုရင်မင်းမြတ်က ဘိလပ်နိုင်ငံမှ အချုပ်အချယ် မရှိသော်လည်း အပြန်အလှန် အပြည့်အစုံ အကြောင်းကြားနည်းနှင့် သတ်မှတ် ထားသော ငွေချေးရေးကိစ္စ ပြုလုပ်နိုင်မည် မလုပ် နိုင်မည်ကို ဘုရင်မင်းမြတ် အစိုးရက စုံစမ်း စစ်ဆေးလိမ့်မည်။
  • ၅။ ဘဏ္ဍာရေး အခြေမှန်များကို ထပ်မံ တွဲဖက် စစ်ဆေး၍ ရသော တွက်ကိန်းများကို သတိမူပြီးလျှင် အတိုးလွတ် ချေးငှားသော ငွေတစိတ် တဒေသကို အပြီးအငြိမ်း ထောက်ပံ့ငွေ အဖြစ်သို့ ပြောင်းလဲနိုင်သည်ကို မူအားဖြင့် သဘောတူရန် ဘုရင်မင်းမြတ် အစိုးရက အဆင်သင့် ရှိသည်။

၁၀။ အခြားကိစ္စများ[ပြင်ဆင်ရန်]

မြန်မာနိုင်ငံတော်၏ အဆင့်အတန်း ပြောင်းလဲခြင်းနှင့် စပ်လျဉ်း၍ ဘုရင်မင်းမြတ်၏ အစိုးရနှင့် မြန်မာနိုင်ငံတော် အစိုးရတို့ သဘောတူ ဆိုက်ရောက်ရန် အခြားပြဿနာ ပေါ်ပေါက် လိမ့်မည်။ ဤပြဿနာများကို ပေါ်ပေါက်လာသည့် အလျောက် လက်ခံ၍ ယခု ဆွေးနွေးပွဲများတွင် ထင်ရှားခဲ့သော မိတ်ဆွေရင်းချာများ သမဝါယမ နှလုံးထားဖြင့် ဆောင်ရွက်လိမ့်မည်။

ဘုရင်မင်းမြတ် အစိုးရနှင့် မြန်မာ အမှုဆောင်ကောင်စီ၏ ကိုယ်စားလှယ်များသည် တိုင်ပင် နှီးနှောခြင်းနှင့် ကူညီ ရိုင်းပင်းခြင်း၊ ယခုနည်းကို ဆက်လက်စေသောအားဖြင့် ဗြိတိသျှ ‘ကော်မော်ဝဲလ်သ်’ အတွင်းတွင် ဖြစ်စေ၊ အပြင်အပမှ ဖြစ်စေ၊ ကိုယ်ပိုင် လွတ်လပ်သော မြန်မာနိုင်ငံတော် ဘဝသို့ ရောက်စေလိုသော နှစ်ဦးနှစ်ဖက် ရည်ရွယ်ချက်ကို ချောမော လျင်မြန်စွာ တိုးတက်အောင် ပြုလုပ်နိုင်လိမ့်မည်ဟု တထစ်ချ ယုံကြည်ကြသည်။ သို့အတွက်ကြောင့် မြန်မာနိုင်ငံတော်၏ အုပ်ချုပ်ရေးသစ် မရောက်မီ ခေတ်ပြောင်း ခေတ်လွှဲတလျောက် ပေါ်ပေါက်လိမ့်မည် ဖြစ်သော အနာဂတ် ကိစ္စများကို သဘောတူ ဆိုက်ရောက်ရေးတွင် တဦးကို တဦး ယိုင်းပင်း ကူညီရန် သဘောတူလေသည်။


အောင်ဆန်း


စီ၊ အာ၊ အက်တလီ

၁၀၊ ဒေါင်းနင်းလမ်း

ဇန်နဝါရီလ ၂၇ ရက်၊ ၁၉၄၇။


မှတ်ချက်။ ။ ဝန်ကြီး သခင်ဗစိန်နှင့် ဝန်ကြီး ဦးစော တို့သည် ဤအဆုံးသတ်ချက်များတွင် ဘက်စပ်ရန် မတတ်နိုင်ကြချေ။

အောင်ဆန်း - အက်တလီစာချုပ်ကို ၁၉၄၇ ခု၊ ဇန်နဝါရီလ ၂၇ ရက်နေ့တွင်၊ နှစ်ဦးနှစ်ဖက် ခေါင်းဆောင်ကြီးများသည် လက်မှတ် ရေးထိုးကြလေသည်။ ထိုသို့ လက်မှတ် ရေးထိုးရာတွင် မြန်မာနိုင်ငံမှ တက်ရောက်ကြသော ကိုယ်စားလှယ်များတွင် အပါအဝင် ဖြစ်သည့် ဂဠုန် ဦးစောနှင့် သခင်ဗစိန်တို့သည် လက်မှတ် ရေးထိုးခြင်း မပြုကြချေ။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၂၀၀ဝ ခုနှစ် တတိယ အကြိမ်ထုတ် တက္ကသိုလ်များ သမိုင်း သုတေသန ဌာန၊ ဂျီအီးစီ (ပညာရေး) သမဝါယမ အသင်းက ထုတ်ဝေတဲ့ မြဟန်ရဲ့ 'ကိုလိုနီခေတ် မြန်မာ့ သမိုင်း အဘိဓာန်' စာအုပ်နှင့် နံသာတိုက် ကနေ နိုင်ငံရေး ဆိုင်ရာ စာပေ ခွင့်ပြုချက် အမှတ် (၃၂၆/က) ဖြင့် ၁၉၆၈ ခုနှစ်မှာ ပထမ အကြိမ်အဖြစ် ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ ရဲဘော် လှမျိုးရဲ့ 'ပြည်ထောင်စု မြန်မာနိုင်ငံ သမိုင်းဝင် စာချုပ် စာတမ်းများ' စာအုပ်