ဂျာမန်-မြန်မာ မဟာမိတ်စာချုပ် (၁၈၈၅)
ဤဆောင်းပါးတွင် နိဒါန်းစာပိုဒ် မပါရှိပါ။ |
ဘုန်းတော်အလွန်ကြီးမြတ်တော်မူလှသော ဂျာမန် အံပရောဖြစ်သော ပရွတ်ရှားမင်းမြတ်နှင့် ဘုန်းတော်အလွန်ကြီးမြတ်တော်မူလှသော နေထွက်ဘုရင် မြန်မာမင်းမြတ်တို့ ဂျာမန်နိုင်ငံနှင့် မြန်မာနိုင်ငံ ဆက်ဆံလျက်ရှိသည့် မိတ်အဖြစ် မြဲမြံခိုင်ခန့်သည်ထက် အထူးသဖြင့် မြဲမြံခိုင်ခန့်ခြင်း၊ နှစ်နိုင်ငံအတွင်း ကုန်အရောင်းအဝယ် ကြီးကျယ်တိုးတက်ခြင်း၊ နှစ်နိုင်ငံနေ ပြည်သူ ကျွန်တော်မျိုးတို့ ရသင့်ရထိုက်သည့် အခွင့်များကို အထူးသဖြင့် အခွင့်ပေးပြီးသော နိုင်ငံခြားအမျိုးသားတို့နည်း ခွင့်ပေးရယူစေ၍ ကောင်းမွန်ချမ်းသာစွာ နေထိုင်နိုင်အောင် စောင်မကြည့်ရှု၊ စောင့်ရှောက်ခြင်းများကို အလိုရှိတော်မူပြီးသည်နှင့်အညီ နှစ်နိုင်ငံ ပေါင်းသင်းဆက်ဆံ ကုန်အရောင်းအဝယ်ပြုလုပ်ရန် သဘောတူညီတော်မူကြသည် ဖြစ်၍ မဟာမိတ်တွဲဖက် ကုန်အရောင်းအဝယ်စာချုပ် ချုပ်ဆိုနိုင်အောင် ဘုန်းတော်အလွန်ကြီးမြတ်တော် မူလှသော ဂျာမန်အံပရောဖြစ်သော ပရွတ်ရှားမင်းမြတ်က အရေးလွှဲအပ်သူ ဣတာလျှံမင်းထံ အထူးသီးခြားခန့်ထား အမြဲနေထိုင်ရသော အရေးပိုင် သံကြီးကိုယ်စားလှယ် ကော်မစ်ရှ်ရော်ပတ်မက်က စစ်ဖက်လစ်လီရောပေါ ရတဖွံကျိုဒက်လ ဘုန်းတော် အလွန်ကြီးမြတ်တော်မူလှသော နေထွက်ဘုရင် မြန်မာမင်းမြတ်က အရေးလွှဲအပ်သူ ပြင်သစ်သမ္မတမင်းထံ အထူးသီးခြားခန့်ထားသော မင်းတိုင်ပင် အသင်းဝင် သံကြီးကိုယ်စားလှယ်တော် အရေးပိုင် အတွင်းဝန်မြို့သစ်မြို့စားမင်းကြီး မင်းမဟာ ဇေယျသင်္ကြံတို့ကို အရေးပိုင်အရာ လွှဲအပ်ခန့်ထားရှိသည့်အတိုင်း အရေးပိုင် မင်းနှစ်ဦးပါသော လွှဲအပ်ခန့်ထားရင်း အမိန့်တော်ပြန်တမ်းများကို အသီးသီးတင်ပြ ကြည့်ရှုကြမည့်ကာလ တိုင်းကြီးပြည်ကြီး ဓလေ့ထုံးစံနှင့်အညီ ကောင်းမွန်ခိုင်ခန့် သေချာသည့်အဖြစ်ကို ယုံကြည်ကြသည်ဖြစ်၍ အောက်တွင်ပါသည့် စာချုပ်အချက်များကို သဘောတူ ချုပ်ဆိုကြသည်။
အပိုဒ် ၁။
[ပြင်ဆင်ရန်]ဘုန်းတော် အလွန်ကြီးမြတ်တော်မူလှသောဂျာမန်အံပရောဖြစ်သော ပရွတ်ရှားမင်းမြတ်နှင့် ဘုန်းတော်အလွန်ကြီးမြတ်တော်မူလှသော နေထွက်ဘုရင် မြန်မာမင်းမြတ်တို့ ခိုက်ရန်မဖြစ် စစ်မက်မပြု သားတော် အစည် မြေးတော်အဆက် မြတ်တော်အညွန့် အဓွန့်ရှည်စွာ ရာဇမဟာမိတ် ဖြစ်စေရမည်။ နှစ်နိုင်ငံတွင်နေ ကျွန်တော်မျိုးတို့သည် နိုင်ငံရှင် အသျှင်ဧကရာဇ်မင်း မြတ်နှစ်ပါးကို ရာဇမဟာမိတ်ဖြစ်သည်နှင့်အညီ မျိုးတူမျိုးခြား ကွဲပြားခြင်းမရှိ၊ တစ်ဦးနှင့် တစ်ဦး မိတ်လက္ခဏာ မပျက်မယွင်း ဆက်ဆံပေါင်းသင်း နေထိုင်ကြစေရမည်။
အပိုဒ် ၂။
[ပြင်ဆင်ရန်]ဂျာမန်နိုင်ငံနှင့် မြန်မာနိုင်ငံအတွင်း တစ်နိုင်ငံမှ တစ်နိုင်ငံသို့ လာရောက်နေထိုင်သည့် တိုင်းရေးပြည်မှုနှင့် စပ်ဆိုသည့် ဒီဗလာမတ်ဖြစ်သော အရေးပိုင်အရာရှိ၊ ကုန်မှုနှင့် စပ်ဆိုင်သည့် ကောင်စစ်အရာရှိ၊ သင်္ဘောကိုယ်စားလှယ်အရာရှိတို့ကို လက်ခံနေထိုင်စေရန်အမှု၊ ပြည်သူ ကျွန်တော်မျိုးတို့ ပိုင်ထိုက်သည့် ဥစ္စာပစ္စည်းရပ်များနှင့်တကွ စောင့်ရှောက် စောင်မကြည့်ရှုရန် အရပ်ရပ် ကုန်မျိုးအရောင်းအဝယ် ပြုလုပ်ရန် သင်္ဘောဝင်ထွက် ဆိုက်ရန် အမှုအရပ်ရပ် ဝင်ကုန် ထွက်ကုန် နိုင်ငံဖြတ်ကုန်များကို ကောက်ခံရန် အမှုမှစ၍ မည်သည့် အမှုအရေး အခွင့် အချီးအမြှင့် အစောင့် အရှောက်မဆို နိုင်ငံထုံးစံ တရားဥပဒေနှင့် အညီ အခြားနိုင်ငံများနှင့် ချုပ်ဆိုသည့် စာချုပ်တွင် ပါဝင်ခွင့်ပေး ပြုလုပ်သည့်အတိုင်း အထူးသဖြင့် အခွင်းပေးပြီး ပေးလတန့်သော နိုင်ငံခြား အမျိုးသားတို့နည်း အစိုးရမင်း နှစ်ဦးနှစ်ဖက်မှ အပြန်အလှန် ခွင့်ပေးပြုလုပ်ရမည်။
အပိုဒ် ၃။
[ပြင်ဆင်ရန်]ယခုချုပ်ဆိုသည့် မဟာမိတ်စာချုပ်ကို မင်းနှစ်ဦး လက်မှတ်တော်တင်ပြီးနောက် ထုံးစံရှိရာ စာချုပ်ခြင်း လဲလှယ်ရန်မှာ လရက်မကြာ ရန်ကုန်မြို့ရှိ ဂျာမန်ကောင်စစ်ထံသို့ နှစ်ဦးနှစ်ဖက် ပို့သလဲလှယ်ကြရမည်။ စာချုပ်ပါ သဘောထား အဓိပ္ပာယ်များကို အခိုင်အခန့် တည်စေရန်မှာ မင်းလက်မှတ်တင်ပြီး စာချုပ်လဲလှယ်သည့် နေ့ကစ၍ အစဉ်ထာဝရ မြဲမြံခိုင်ခန့် အတည်အငြိမ် ဖြစ်စေရမည်။ စာချုပ်ရေးသားရန်မှာ ဂျာရမံဘာသာ၊ မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာ သုံးမျိုး အဓိပ္ပာယ် မကွဲမပြား ရေးသားရမည်။ နောင်တစ်စုံတစ်ရာ စာချုပ်ပါ သဘောအဓိပ္ပာယ် အယူအဆ ကွဲပြားစကား ငြင်းပွားရှိလျှင် အင်္ဂလိပ်ဘာသာတွင် ပါသည့် အဓိပ္ပာယ်ကိုသာ ပဓာနထား၍ အခိုင်အမာပြုလုပ်ရမည်ဖြစ်ကြောင်းနှင့် ဘုန်းတော်အလွန် ကြီးမြတ်တော်မူလှသော ဂျာမန်အံပရောဖြစ်သော ပရွတ်ရှားမင်းမြတ်က အရေးလွဲအပ်သူ အီတာလျှံမင်းထံ အထူးသီးသန့်ထား အမြဲနေထိုင်ရသော အရေးပိုင်သံကြီး ကိုယ်စားလှယ်တော် မစ်ရှိရော်ပတ်မတ်က စစ်ဖယ်လစ်လီရေား ပါရတဖွံကျိုဒက်လ် ဘုန်းတော်အလွန်ကြီးမြတ်တော်မူလှသော နေထွက်ဘုရင် မြန်မာမင်းမြတ်အား လွှဲအပ်သူ ပြင်သစ်သမ္မတ မင်းထံ အထူးသီးခြားခန့်ထားသော မင်းတိုင်ပင်အတွင်းဝန် သံကြီးကိုယ်စားလှယ်တော် အရေးပိုင်အတွင်းဝန် မြို့သစ်မြို့စား မဟာဇေယျသင်္ကြံတို့ သဘောတူလက်မှတ်ရေးထိုးကြသည်။
စုံညီဖြည့်ဆက်သွယ်သည့် စကားချက်
[ပြင်ဆင်ရန်]ယခုချုပ်ဆိုသည့် မဟာမိတ်စာချုပ်အပိုဒ် ၂ အချက်တွင် သင်္ဘော ဝင်ထွက် ဆိုက်ရပ် အခွင့်ပေးရန် အမှုမှာ နှစ်နိုင်ငံနေ ကျွန်တော်မျိုးတို့ပိုင် ကုန်သင်္ဘော ဝင်ထွက် ဆိုက်ရပ်ရန်ကိုဆိုသော စကားဖြစ်၍ တိုက်သင်္ဘော ဝင်ထွက်ရန် နှစ်နိုင်ငံမင်းနှစ်ပါးတို့၏ ကိုယ်စား အောက်၌ လက်မှတ်ရေးထိုးသော အရေးပိုင်မင်းနှစ်ဦးတို့ အတည်အလင်း ပြောဆိုသက်သေခံ ပြုလုပ်ပြီးလျှင် ဆက်သွယ်သည့်စကားချက်ကို လက်မှတ်ရေးထိုး တံဆိပ်ခပ်နှိပ်ကြသည်။ မြန်မာသာသနာတော် ၂၄၂၈၊ ကောဇာသက္ကရာဇ် ၁၈၈၅ ခု၊ ဧပြီလ (၂)ရက်နေ့ အီတာလျှံမင်းနေသော ယောမမြို့တွင် စာချုပ်နှစ်စောင် ရေးသား၍ အရေးပိုင်မင်းနှစ်ဦးတို့ လက်မှတ်ရေးထိုး တံဆိပ်ခပ်နှိပ်ကြသည်။
အတွင်းဝန်မြို့သစ်မြို့စား မဟာဇေယျသင်္ကြံ
[ပြင်ဆင်ရန်]ထိုစာချုပ်သည် နှစ်နိုင်ငံဆက်ဆံရေးတွင် အထူးအခွင့်အရေးရ နိုင်ငံအဆင့်အတန်း သတ်မှတ်ရန်သာ ဖြစ်သော်လည်း တမူထူးခြားသည့် စာချုပ်ဖြစ်သည်။ ဗြိတိသျှအစိုးရသည် မြန်မာနိုင်ငံနှင့် တိုက်ရိုက်ဆက်ဆံမှုကို ငြင်းဆိုခဲ့၍ ၎င်းင်းတို့၏ သံတမန်ဆက်သွယ်ရေးကို အိန္ဒိယအစိုးရမှတဆင့် ဆောင်ရွက်ခဲ့သည်။ ထိုအချိန်တွင် မြန်မာနိုင်ငံသည် ဥရောပနိုင်ငံကြီးများမှ သံတမန်အသိအမှတ်ပြုခြင်းကို ရရှိရန် ကြိုးစားခဲ့စဉ်ဖြစ်သည်။ အီတလီနိုင်ငံနှင့် ၁၈၇၁ ခု၊ မတ်လ (၃)ရက်နေ့တွင် စီးပွားရေး မဟာမိတ်စာချုပ် ချုပ်ဆိုပြီး ၁၈၇၂ ခု၊ ဒီဇင်ဘာတွင် အတည်ပြု ပြဋ္ဌာန်းခဲ့သည်။ ၁၈၇၃ ခုနှစ်၊ ဇန်နဝါရီလ (၂၄)ရက်နေ့တွင် ၎င်းင်းကို အတည်ပြုသတ်မှတ်ရန် အခက်အခဲရှိသည့်အတွက် ၁၈၈၅ခု၊ ဧပြီလ (၄)ရက်နေ့၌သာ အတည်ပြုခဲ့သည်။
မြို့သစ်မြို့စား အတွင်းဝန်မင်းကြီး မင်းမဟာဇေယျသင်္ကြံသည် ပါရီမြို့တွင် ၁၈ ရာစု၌ အတည်ပြု ပြဋ်ဌာန်းချက်များကို အောင်မြင်စွာ လဲလှယ်ခဲ့ပြီးနောက် ၁၈၈၅ ခု၊ ဇန်နဝါရီလ (၁၅)ရက်နေ့တွင် စီးပွားရေးစာချုပ်နောက်ဆက်တွဲကို ထပ်မံရေးဆွဲချုပ်ဆိုရာ မြန်မာနိုင်ငံကို အီတလီနိုင်ငံမှတဆင့် ပြန်လည်ရောက်ရှိလာသည်။ ၁၈၈၅ ခု၊ မတ်လ (၃)ရက်နေ့တွင် ရောမမြို့သို့ရောက်ရာ အီတလီနိုင်ငံနှင့် နောက်ဆက်တွဲစာချုပ် ချုပ်ဆိုရန် ကြိုးစားခဲ့သော်လည်း အဆင်မပြေခဲ့ချေ။ သို့ရာတွင် ဂျာမန်သံအမတ်ကြီး ဘာရွန်ဖွန်ကွိုင်ဒယ်နှင့် ဆွေးနွေးပွဲမှာ အဆင်ပြေခဲ့ရာ ၁၈၈၅ ခု၊ ဧပြီလ (၂)ရက်နေ့တွင် လက်မှတ်ရေးထိုးရန် သတ်မှတ်သော်လည်း ဧပြီလ (၄)ရက်နေ့တွင်သာ လက်မှတ်ရေးထိုးပြီး ဧပြီလ (၆)ရက်နေ့တွင် မြန်မာနိုင်ငံအဖွဲ့သည် ရောမမှ ထွက်ခွာခဲ့ကြသည်။ အင်္ဂလိပ်နှင့်ဂျာမန်စာချုပ်များတွင် လက်မှတ်ရေးထိုးသည့် နေ့စွဲမှာ ဧပြီလ (၄)ရက်နေ့သို့ ရွှေ့ပြောင်းထားသော်လည်း မြန်မာမူရင်းတွင် ဧပြီလ (၂)ရက်နေ့ဟုသာ ရေးသားထားသည်။
မြန်မာလွတ်လပ်ရေး ဆုံးရှုံးရမည်ဖြစ်သော ဗြိတိသျှတို့၏ ရာဇသံဖြင့် ရင်ဆိုင်ရသောအခါ ပြင်သစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ် သံချက်ဝန်ထောက် မင်းကြီးမင်းလှမဟာစည်သူကျော်သည် ၁၈၈၅ ခု၊ ဧပြီလ (၄)ရက်နေ့တွင် ချုပ်ဆိုသောစာချုပ်ကို ပြန်လည်၍ ရည်ညွှန်းထောက်ဆိုသည်။ ၁၈၈၅ ခုနှစ် နိုဝင်ဘာလ (၁၀)ရက်နေ့တွင် ဂျာမန်သံအမတ်အား ပေးပို့သည့်စာ (ပြင်သစ်ဘာသာဖြင့်) အောက်ပါအတိုင်း တင်ပြထားသည်။
မြန်မာနိုင်ငံ ဘုရင်မင်းတရားကြီး၏ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော သံအမတ်ကြီး သံချက်ဝန်ထောက်မင်းသည် ဂျာမနီနိုင်ငံ ဧကရာဇ်၊ ပရပ်ရှားဘုရင်မင်းမြတ်၏ သံအမြတ်ကြီး ကေက့်ဖွန်မြွန်စတာအား အောက်ပါအတိုင်း ရိုသေစွာ တင်ပြလျှောက်ထားအပ်သည်။ လက်ရှိဖြစ်ပေါ်နေသော အရေးပေါ်အခြေအနေအရ ရိုက်ချ်စတောဂ်မှ လွှတ်တော်မှ အတည်ပြု ပြဋ္ဌာန်းသော ကုန်သွယ်ရေး မဟာမိတ်စာချုပ်သည် အိန္ဒိယနိုင်ငံအစိုးရမှ အထက်မြန်မာနိုင်ငံ၏ ပြည်ပဆက်ဆံရေးကိစ္စအဝဝကို အာဏာကုန် ထိန်းချုပ်ရန် ကြေညာခြင်း၌ ရန်ကုန်မြို့နှင့် မန္တလေးမြို့တွင် နေထိုင်လျက်ရှိသော ဂျာမန်လူမျိုးများ၏ အကျိုးကိုထောက်ထားသည့်အလျောက် မြန်မာနိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော သံအမတ်ကြီးသည် အရှင်သံအမတ်ကြီးအား ကန့်ကွက်ရန် လျှောက်ထားအပ်သည်မှာ အင်္ဂလိပ် အစိုးရ၏ မုသားကြေညာချက်အရ ဂျာမနီနိုင်ငံနှင့် သဘောတူချုပ်ဆိုထားသော စာချုပ်မှာ အလိုအလျောက် ပျက်ပျယ်သွားမည်ဖြစ်၍ အရှင်သံအမတ်ကြီးအား မင်းသားကြီး ဖွန်ဘစ်စမတ်ခ်ထံ ဤ ကန့်ကွက်သဝဏ်လွှာကို ကြေးနန်းနှင့် ပေးပို့ရန်နှင့် မြန်မာနေပြည်တော်ကြီး၏ တည်မြဲမှုကိုအန္တရာယ်ပြုသော စိုးရိမ်ရသည့် ယခုအခြေအနေတွင် ၎င်းင်း၏ အထောက်အကူကို တောင်းဆိုပါရန် လျှောက်ထားအပ်သည်။
ဘုန်းတော်ရှင်မင်းမြတ်ကြီး သီပေါဘုရင်၏ အစိုးရနှင့် မိမိ၏ တိုင်းသူပြည်သားအပေါ်ကျေပြွန်ရမည့် တာဝန်နှင် ဝတ္တရားကို ထိန်းသိမ်းသည့်အလျောက် မြန်မာနိုင်ငံမှ အထူးအာဏာကုန် လွှဲအပ်ခြင်း ခံရသော သံအမတ်ကြီးသည် အရှင်သံအမတ်ကြီးအား ဤ ကန့်ကွက်ခြင်း သဝဏ်လွှာနှင့် စပ်လျဉ်း၍ ဘာလင်မြို့တွင် အချိန်မီ ဆောင်ရွက်ပေးပါရန် လေးနက်စွာ တောင်းဆိုအပ်သည်။'
၁၈၈၅ ခု၊ မတ်လ (၄) ရက်နေ့တွင် ချုပ်ဆိုသော စာချုပ်မှာ မြန်မာနိုင်ငံ အတွက် လွတ်လပ်ရေးကို ထိန်းသိမ်းမပေးနိုင်ခဲ့သော်လည်း မြန်မာ-ဂျာမန် မဟာမိတ် အစဉ်အလာကို အစပျိုး၍ ၁၉၄၈ ခု၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရသည့် အခါ၌ ဆက်လက်၍ ထိန်းသိမ်းသွားပါမည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ဂျာမန်ရှုဖွယ်၊ တွဲ ၂၄၊ မှတ် ၄ (၁၉၈၅ ခု၊ ဧပြီလ) စာ-၁၊၂