ဆင်ဖြူတော်

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
ဆင်ဖြူတော်နှင့် မင်းခမ်းမင်းနား

ဆင်ဖြူတော်ဆိုသည်မှာ ရှားပါးစာရင်းဝင် ဆင်အမျိုးအစား တစ်ခုဖြစ်သော်လည်း သီးသန့် မျိုးနွယ်စုတစ်ခုတော့ မဟုတ်ပေ။ ဆင်ဖြူတော်ကို အခါအားလျော်စွာ မိုးနှင်းကဲ့သို့ ဖော်ပြလေ့ရှိသော်လည်း အများအားဖြင့် နီညိုရောင်ဖျော့ဖျော့သာ တွေ့ရလေ့ရှိပြီး ရေစိုစွတ်သောအခါ ပန်းရောင်ဖျော့ဖျော့သို့ ကူးပြောင်းသွားလေ့ရှိသည်။ အရောင်ဖျော့သော မျက်ခွံ နှင့် ခွာ တို့လည်း ရှိသည်။

ဆင်ဖြူသည် ရှားပါး တိရစ္ဆာန် ဖြစ်၍ ဆင်ဖြူကို တစ်ကောင်ဟု မသုံးပဲ ရတနာကဲ့သို့ တန်ဘိုးထားရှိသောကြောင့် တော်ဟု တပ်ကာ ဆင်ဖြူတော်ဟု သုံးနှုန်းသည်။ မြန်မာရာဇဝင်၌ ရှေးဘုရင်တွင် ဆင်ဖြူတော် (အသေ) ကိုပင် ရရှိပင်လျှင် ဆင်ဖြူရှင်ဘွဲ့ကို ခံယူခဲ့သူ ရှိနေပါသည်။ ဆင်ဖြူတော်သည် ကျက်သရေမင်္ဂလာနှင့် ပြည့်စုံသည်ဟုလည်း ယုံကြည်ကြသည်။ ထို့ကြောင့် ဆင်ဖြူရှင် မင်းတြားကြီး၊ တစီးရှင်၊ ငါးစီးရှင်၊ ဆင်ဖြူမရှင် မိဖုရားကြီး စသည်ဖြင့် ရှေးဘုရင်များခေတ်က ဘွဲ့ ခံခဲ့ကြသည်။ (ဆင်ဖြူအသေတစ်စီးမျောလာသည်ကို ဆယ်ယူစေပြီး ဆင်ကတင်ကာ ဆင်ဖြူရှင်ဘွဲ့သဖြင့် သမိုင်းတွင် တစ်စီးရှင် သီဟသူအဖြစ်၎င်း၊ ပင်းယမြို့တည် သီဟသူ အဖြစ်၎င်း ကျော်ကြားပေသည်။)

ဆင်ဖြူတော်အယူအဆ[ပြင်ဆင်ရန်]

ဆင်ဖြူတော်၏ ကြန်အင်လက္ခဏာ[ပြင်ဆင်ရန်]

  1. မျက်လုံးသည် ပုလဲရောင် ရှိရမည်။
  2. ခွာသည် အဖြူရောင် ရှိရမည်။
  3. ဆင်၏ကျောကုန်းသည် ငှက်ပျောကုန်း သဏ္ဌာန်ရှိရမည်။
  4. အမွေးရောင်သည် ကျွဲဖြူလို ရှိရမည်။
  5. အစွယ် စုံရှိရမည်။
  6. အမြီးသည် တံခါးလက်ဝါးပုံစံဖြစ်ရမည်။
  7. နားရွက်သည် သာမန် ဆင်တွေထက် ကြီးရမည်။
  8. သာမန်ဆင်များနှင့် မတူဘဲ က္ကုန္ဒြေသိက္ခာရှိပြီး တည်ငြိမ်နေရမည်။[ကိုးကားချက်လိုသည်]

အင်းဝခေတ် ဆင်ဖြူတော်

ဆင်ဖြူ အမျိုးအစားများ[ပြင်ဆင်ရန်]

ရတနာမျိုး၌ပါသော ဆင်(၁၂)မျိုးရှိသည့်အနက် ဆင်တစ်ကိုယ်လုံးမဟုတ်ပဲ ဆင်ဦးကင်းများသည် ငွေရောင်၊ ငွေသွေးကဲ့သို့ ဖြူနေသော ဆင်များကို “ရတနာသရဘူ”ဟုခေါ်ပြီး ရှင်ဘုရင်ထိုင်ရာနေရာဖြစ်သော မင်းနေ (သို့) မင်းထိုင်နေရာတို့၌ ဖြူသောဆင်ကို “ရတနာပလ္လင်” ဟုခေါ်သည်။ ဆင်ကတင်မည့်နေရာ၌ ဖွေးသောဆင်ကို “ရတနာ ကတင်” ဟုခေါ်သည်။ စတုတ္ထတစ်မျိုးဖြစ်သော “ရတနာကကျည်း” ဆင်ဖြူတွင် ဆင်၏ကိုယ် ဝဲယာ၌ ဖြူ၍နေသောအမျိုးအစားဖြစ်သည်။ “ရတနာထောက်ရှည်” ဟူသော ဆင်အမျိုးအစား၌ ၎င်း၏ နံတွင် လှည်းဘီးခန့်လောက် ဖြူပြီး ခြေလေးချောင်းလုံး ဖြူ၍နေသည်။ ကျောတည့်တည့် အလယ်ခေါင်ကုန်း၌ ဖြူနေသောဆင်အား “ရတနာပြဿဒ်” ဟုခေါ်သည်။ ဆင်အမြီးသည် သရက်စေ့သဏ္ဍာန်ရှိပြီး ထိုအမြီးမှ ဖွာနေသော အမြီးဆံမျှင်နှင့်တကွ ဖြူသောဆင်အား “ရတနာပိန်းဆင်” ဟုခေါ်သည်။ “ရတနာမုံ” ဟုခေါ်သောဆင်၌ ဆင်၏ မေးစေ့တွင် ဖြူသောအမွေးများပေါက်ပြီး မေးစေ့ပါဖြူ၍နေသည်။ နှာဖျားမှ နှာရင်းထိ ဖြူသော အမွေးများရှိသော ဆင်ကို “ရတနာဆုပ်”ဆင်ဖြူတော်ဟု ခေါ်ပြီး ဝမ်းဗိုက်ပါဖြူနေသောဆင်ကို “ရတနာကြံဆင်” ဟုခေါ်သည်။ နားရွက်နှစ်ဘက်ဖြူနေသောဆင်ကို “ရတနာယပ်” ဆင်ဟုခေါ်၍ အထက်ဖော်ပြပါအချက်များအားလုံးနှင့်ပြည့်စုံသော ဆင်ကို “ရတနာကြန်စုံ” ဟုခေါ်သည်။ ထိုကဲ့သို့ ခွဲခြားထားသော ဆင်အမျိုးအစားကို မှတ်သားရန်အတွက် “ရတနာဆင်၊ ဒွါရတင်ကား ငွေစဉ်ဦးကင်း၊ ဖြူဝင်းသည်မှာ ရတနာသရဘူ” “ဖြူသည် မင်းနေ၊ မှတ်တွေသင်ညာ၊ ရတနာပလ္လင်” “ကခွင်ဖွေးစွာ ရတနာကတင်” “ကိုယ်ပြင်ဝဲယာ ဖြူဖွေးစွာလျှင် ရတနာကကျည်း” “ကိုယ်မှီး၊ ကပြီး၊ လှည်းဘီး၊ ခန့်မျှ နံ၏ပြင်ပ၊ ပါဒလေးဘက်၊ ဖြူချက်သန့်စွာ၊ ရတနာထောက်ရှည်” “ဖြူသည်ကုန်းမှာ ရတနာပြဿဒ်” “ဖြူဆွတ်ပေါက်လျှံ၊ မြီးဆံ၊ သရက်စေ့၊ ငွေ့အတိမှာ၊ ရတနာပိန်း” “ခေါ်ထိမ်းမှတ်ရိုး မေးဆုံးဖြူစွာ ရတနာမုံ” “နှာယုံ၊ နှာဖျား၊ ဆူထွားလှစွာ၊ ရတနာဆုပ်” “သစ်ချုပ် ဟိုး ဟိုး ဝမ်းရိုးအတွင်း၊ လမင်းရောင်ဝါ ရတနာကြံဆင်” “နှုံးတွင်းပါးစပ် နားနချပ်တွင်၊ ဖြူသန့်လှစွာ ငွေပမာကို ရတနာယပ်” “စေ့စပ်သေချာ (၁၁)ဖြာတည်း များစွာဤတွင် စုံလင်သည်မှာ ရတနာကြန်စုံ” ဟူ၍ စာချိုးထားသည်။[ကိုးကားချက်လိုသည်]

“ဆင်အပုံတို့၊ ဝန်းရုံရံခ
ရှိဦးသသို ဂဇဖုန်းစည်၊
မျိုးဇာနည်တည့် ပြည့်သာဂရ
မတ္တတည်းဟူ သိကြောင်းကိုလော့
ဆင်ဖြူ ခေါ်သင့် ခေါ်စဉ်တည်း။”[၁]

ရှေးမြန်မာမင်းများ လက်ထက်က မာတင်္ဂဆင်၊ ကေလာသဟထ္ထိဆင်၊ ပုဏ္ဍရိကဆင်နှင့် အရုဏ ဟထ္ထိဆင်ဟူ၍ ဆင်ဖြူတော် ၄ မျိုးရှိပြီး ဗေဒင်ကျမ်းဂန်များတွင်မူ ခန္ဓာဇလပ်ပွင့်အဆင်း ကဲ့သို့ ဖြူဖွေးသော သေတဂဇရာဇာဆင်၊ ဖွတ်လျော်ပြီးစဖြူဖွေးသော အဝတ်ပုဆိုးကဲ့သို့ အဆင်းရှိသည့် သေတဂဇရာဇာဆင်၊ မျောက်ငိုပွင့်အဆင်းရှိသော သေတဂဇရာဇာဆင်၊ ဧကရာဇ်ပွင့် အဆင်းရှိသော သေတဂဇရာဇာဆင်၊ သေတသုဝဏ္ဏဒန္တဆင်၊ ဆင်ဖြူရွှေမွေး၊ ရွှေကွန်ယက်အုပ်ဆင် ဟူ၍ ဆင်ဖြူ (၇) မျိုးရှိသည်ဟုဆိုသည်။[ကိုးကားချက်လိုသည်]

မြန်မာနိုင်ငံ၌ တွေ့ရှိခဲ့မှုများ[ပြင်ဆင်ရန်]

ပျူခေတ်[ပြင်ဆင်ရန်]

မြန်မာမင်းတို့သည် ဆင်ဖြူတော်ကို ရတနာအဖြစ် သတ်မှတ်ကြသည်။ ရှေးဦးပျူခေတ် (အေဒီ ၁ ရာစုမှ ၉ ရာစု) ကပင် ဆင်ဖြူတော်ကို အထွတ်အမြတ် ထားကြသည်။ မဇ္ဇျိမဒေသသို့ ဘုရားဖူးသွားသော တရုတ်ဘုန်းတော်ကြီးများသည် အပြန်ခရီးတွင် ပျူနိုင်ငံသို့ဝင်၍ ခရီးတထောက်နားပြီးမှ တရုတ်ပြည်သို့ ပြန်လေ့ရှိရာ ပျူမြို့၌ သူတို့တွေ့မြင်ခဲ့ရသောအကြောင်းများကိုခရီးသွားမှတ်တမ်းများ၌ ရေးသားမှတ်တမ်းတင် ခဲ့ကြသည်။ ယင်းသို့ မှတ်တမ်းတင်ရာတွင် ပျူမင်းတို့သည် ခရီးတိုသွားသောအခါ လူထမ်းသော ရွှေဝေါယာဉ်စီး၍ လည်းကောင်း၊ အခမ်းအနားထွက်တော်မူရာ၌ ရတနာကျောက်မျက်စီခြယ်ထားသော ကကြိုးတန်ဆာဆင်ထားသည့် ဆင်တော်ကိုစီး၍ လည်းကောင်း၊ ဝေးလံသောခရီးသွားပါက မြင်းတော်ကိုစီး၍လည်းကောင်း ခရီးသွားကြ သည်ဟု ရေးသားဖော်ပြထားသည်။

တရုတ်မှတ်တမ်းများတွင် သရေခေတ္တရာ နေပြည်တော်၌ ကျောက်ဖြူသားနှင့် ထုလုပ်ထားသော ပေ ၁ဝဝ ခန့်ရှိ ဆင်ဖြူတော်ရုပ် ၂ရုပ်ရှိကြောင်း၊ ဘေးအန္တရာယ်နှင့် ကြုံတွေ့ရသောအခါ ဆင်ဖြူတော်ရုပ်ကိုပူဇော်ပသ၍ ဘေးရန်ကင်းရန် ဆုတောင်းကြ ကြောင်းပါရှိသည်။

ပုဂံခေတ်[ပြင်ဆင်ရန်]

အနော်ရထာမင်းလက်ထက် (အေဒီ ၁ဝ၄၄ - ၁ဝ၇၇)တွင် အေဒီ ၁ဝ၅၄ခုနှစ်၌ သထုံသို့ ချီတက်၍ မနူဟာမင်း ဆက်သသော ပိဋကတ်တော်များ၊ ဘုရားဆင်းတုတော်များ၊ ဓါတ်တော်များကို ဆင်ဖြူတော် ၃၂စီးဖြင့် ပုဂံနေပြည်တော်သို့ ပင့်ဆောင်ခဲ့ကြောင်း တွေ့ရသည်။ ထို့ပြင် သရေခေတ္တရာခေတ် ဒွတ္တဘောင်မင်း တည်ခဲ့သော စေတီတော် ပြိုပျက်ရာမှ ဘုရားဖူး သင်းကျစ်တော် ရခဲ့ရာ ရတနာအတိပြီးသော ဆင်ဖြူတော်ဖြင့် ပင့်ဆောင်ခဲ့ကြောင်း၊ သီရိလင်္ကာနိုင်ငံမှ ပင့်လာသော ဗုဒ္ဓစွယ်တော်ကိုလည်း ‘ပုလဲပြုံး’ အမည်ရှိ ဆင်ဖြူတော်တွင် ပြာသာဒ်နှင့် တင်ဆောင်ကာ အဓိဋ္ဌာန်ပြုလွှတ်ရာတွင် ယနေ့ ရွှေစည်းခုံ စေတီတော် တည်ရှိရာ သဲခုံတွင် လည်းကောင်း၊ တန့်ကြည်တောင်ထိပ်တွင် လည်းကောင်း၊ တုရင်တောင်တန်းပေါ်တွင် လည်းကောင်း၊ ကျောက်ဆည်အနီးရှိ ပြက္ခရွှေတောင်ထိပ်တွင် လည်းကောင်း ဆင်ဖြူတော်ဝပ်သော နေရာများကို စွယ်တော်စေတီများ တည်ခဲ့ကြောင်း ဘုရားသမိုင်းများတွင် ဖော်ပြထားသည်။ အနော်ရထာမင်းသည် ဆင်ဖြူတော်ပေါင်း ၃၈စီး ပိုင်ဆိုင်ကြောင်း ရာဇဝင်ကျမ်းများ၌ ဖော်ပြထားသည်။

အနော်ရထာမင်းကို ဆက်ခံခဲ့သော ကျန်စစ်သားမင်း၊ သူ့ကိုဆက်ခံသော မြေးတော် အလောင်းစည်သူမင်းတို့သည် ဆင်ဖြူရှင်များ ဖြစ်ကြောင်း ကျောက်စာများ၌ ဖော်ပြထားသည်။ အလောင်းစည်သူမင်း ရေးထိုးသော ရွှေမုဋ္ဌော ကျောက်စာတွင် ‘ဆင်ဖြူတော် ၃၆စီး သခင်ဖြစ်သော အလောင်းစည်သူမင်းကြီး’ ဟု ဖော်ပြထားသည်။

ပုဂံခေတ်နောက်ပိုင်း မြန်မာ့မင်းဆက်အသီးသီးတွင်လည်း ဆင်ဖြူတော်ရရှိသော သို့မဟုတ် ဆက်ခံရရှိသော မင်းတို့သည် ဆင်ဖြူရှင်ဘွဲ့ကို ခံယူကြသည်။

၅၀၀ဝ ကျပ် (၂၀၀၉) စက်တင်ဘာ၂၅ ရက်နေ့ ၊ဆင်ဖြူတော် နှင့် လွှတ်တော်အဆောက်အဦး

တောင်ငူခေတ်[ပြင်ဆင်ရန်]

၁၉-ရာစု ဆင်ဖြူတော်၊ ထိုင်းလက်ရာ

ကုန်းဘောင်ခေတ်[ပြင်ဆင်ရန်]

ဘိုးတော်ဘုရား(ဦးဝိုင်း)လက်ထက်တွင် ဆင်ဖြူတော် ၉ စီးရရှိကာ ကုန်းဘောင်မင်းများလက်ထက်တွင် ဆင်ဖြူအများဆုံးမင်းဟုဆိုရပေမည်။ ဘိုးတော်ဦးဝိုင်းကိုယ်တိုင်ကပင် ပထမဆင်ဖြူရရှိချိန်တွင် ဆင်ဖြူရှင်ဘွဲ့ဟု ခံယူခဲ့ပြီး၊ နောက်တစ်စီးတိုးလာသောအခါ ဆင်ဖြူများရှင် ဟုခံယူခဲ့သည်။ ထိုဆင်ဖြူကိုးစီးထဲတွင် နိဗ္ဗာန်ရွာမှ ရသောဆင်ဖြူတော်သည် အထင်ရှားဆုံး ဖြစ်သည်။ နိဗ္ဗာန်ရွာမှ ရသော ဆင်ဖြူတော် သည်ဆဒ္ဒန်မျိုး တကိုယ်လုံးဖြူစင်နူးညံ့စွာရှိပြီး ဘုရားသမိုင်းတော်လာ ဆဒ္ဒန်မျိုး၏ အရည်အချင်းများနှင့်လည်း ပြည့်စုံနေပေသည်။ ဆင်ဖြူတော်ကို ဖမ်းမိချိန်တွင် ဆင်ဖြူ၏ အခြွေအရံ ဆင်မည်း တစ်ထောင်တို့က ဆင်ဖြူတော်ကို မြေမည်းများဖြင့် လူးကြလေ၏ ဟုဆိုကြသည်။ ဆင်ဖြူတော်ကို ဆင်ဦးစီး ၃ဝ ခြေလျင် ၃၀၀ဝ တို့နှင့် ဝန်းရံလေရာ အရံဆင်များခွာသွားကြသဖြင့် ဆင်ဖြူတော်ကို အသာအယာ ဖမ်းမိလေသည်။ ဆင်ဖြူတော်ကို နေပြည်တော်သို့ ပို့ဆောင်ရာတွင် မင်းတရားကြီးက ပုဂံမြို့သို့ ကြွရောက် ကြိုဆိုရာတွင် ထိုမြို့မှ မင်းကွန်း စံနန်းတော်အထိ မိုင် ၁၀ဝ ကျော် ဧရာဝတီကမ်း ဝဲ-ယာတွင် ရာဇမတ်ကာလျက် သစ်ပင်များ စိုက်ထူကြရ၏။ ပွဲသဘင် အစုံ ရှိနေစေပြီး ဆင်ဖြူတော် ရပ်နားရာ စခန်းတို့တွင် ရွှေအတိပြီးသော တန်ဆောင်းပြာသာဒ်များ ဆောက်လုပ်စေသည်။ ထိုနောက် ဆင်ဖြူတော် ကို မင်းဆွေတော်မျိုးတော်တို့က လက်ဖွဲ့ကြသည်။ ဆင်ဖြူတော်ကို ရေချတော်မူသောအခါ ထီးဖြူတော် ၄ စင်း မိုးလျက်၊မင်းခန်းတော် အစုံနှင့် အိမ်ရှေ့မင်းက ဦးဆောင် လိုက်ပါရသည်။ ရာဇဘိသေကပွဲတွင် ပြုသည့်အသွင် ဂင်္ဂါရေ၊ နဝတတ်အိုင်ရေ၊ အုတ်သစ်ခွ ရေတော်များနှင့် တကွ ဂင်္ဂါမြေ၊ မြစ်လယ်မြေ၊ ဝက်စွယ်၌ ပါသောမြေ၊ နပုန်းအိမ်အောက်မြေ၊ လမ်းလေးခွမြေ၊ ဘုရားမြေ၊ နတ်စင်မြေ၊ ထွန်သွား၌ ပါသော မြေ စသည်တို့ကိုလည်း ဆင်မင်းတန်ဆောင်းတွင်း ဖြန့်ကြဲရသည်။ သင်္ကြန်ခေါ်ရန် တရော် ရ မျိုး၊ ကင်ပွန်း ၅ မျိုး၊ ဂမုန်းပေါင်း၊ ပန်းပေါင်း၊ နံ့သာဖြူ၊ အကျော်၊ စံပယ်၊ ကရမက်၊ ကြာမျိုးငါးပါး ဝတ်ဆံများကို သင်္ကြန်တန်ဆောင်း၌ အသင့် ထားရသည်။ တန်ဆောင်းတွင်း ဂုဏ်တော်များ ရွတ်ဖတ် လေသည်။ ဆင်ဖြူတော်ကို ပြုစုသူများအားလုံး ပါဝင် ပရိတ်နာကြရသည်။ ထိုအချိန်မှစပြီး သင်္ကြန်တော် ခြံဝင်းကို စစ်သည်တော် ၉ တပ် ခင်းကျင်း စောင့်ရှောက်စေသည်။ တန်ဆောင်းသို့ ရောက်လျှင် မြောက်အရပ်သို့ မျက်နှာမူလျက် အခါတော် လင့်ရသည်။ ထိုအခါ မင်းတရားကြီး၏ သားတော် ၄ ပါးတို့က တရော်ရည်၊ ကင်ပွန်းရည် တို့ဖြင့် ဆင်ဖြူတော်ကို ဦးခေါင်း ပရိတ်သွန်းလောင်းကြရသည်။ ပြီးလျှင် ဆင်ဖြူတော်ကို ဧရာဝတီမြစ်သို့ သက်စေပြီး ရေချိုးစေသည်။ ထိုနောက့် ရတနာကိုးပါး ဖြင့် ဆန်းကြယ်စွာ လုပ်ဆောင်သော တန်ဆာဆောင်များ ဆင်ယင်ပေးသည်။ အရံဆင်တော် များကိုလည်း တစ်ချိန်တည်း ဦးခေါင်း ဆေးရသည်။ ပြီးလှျင် ရှေ့ ၆ တပ်၊ နောက် ၆ တပ် နှင့် ဆင်မင်း၏ နန်းဘုံသို့ပြန်ပို့ကြသည်။

ဘိုးတော် ဘုရား လက်ထက်က နောက်ဆုံး ရရှိသော ဆင်ဖြူတော်၏ အစွယ်ကို ရန်ကုန် တိရိစ္ဆာန်ဥယျာဉ်၏ အတွင်းက သဘာဝသမိုင်း ပြတိုက်မှာ တွေ့ရှိနိုင်သည်။

ယနေ့ခေတ် ဆင်ဖြူတော်[ပြင်ဆင်ရန်]

ယခင် ထောက်လှမ်းရေးအကြီးအကဲ ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့် လက်ထက်တွင် (၂ဝ.၁.၂ဝဝဝ)ရက်တွင် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့ နယ်မှ ဆင်ဖြူတော်(၃)စီး ရရှိကာ ရန်ကုန်၊ မင်းဓမ္မလမ်းရှိ မင်းဓမ္မတောင် ဆင်ဖြူတော်ဥယျာဉ်များ တည်ဆောက်ကာ ထားရှိသည်။ ရာဇဂဟ သီရိပစ္စယဂဇရာဇာ ရတနာဆင်ဖြူတော်ဟု ဘွဲ့တော်ပေးထားသည်။

ရှေးဦးစွာ ဆင်ဖြူအထီး တစ်ကောင်ကို ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာအနီးမှ ၂၀၀ဝ ပြည့်နှစ် ဇန်နဝါရီလ ၂ဝ ရက်နေ့တွင် လည်းကောင်း၊ ဆင်မကြီး တစ်ကောင်ကို မောင်းတောမြို့နယ်အတွင်းမှ ၂၀၀၂ ခုနှစ် ဧပြီလ ၅ ရက် နေ့တွင်လည်းကောင်း၊ ဆင်မ အငယ် တစ်ကောင်ကို မောင်းတောမြို့နယ် ကိုင်းကြီးကျေးရွာဟောင်း အနီး၌ ၂၀၀၂ ခုနှစ် ဒီဇင်ဘာလတွင်လည်းကောင်း ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဖမ်းမိသော ဆင်ဖြူမ(ဓာတ်ပုံ - imageshack.us)

မောင်းတောမြို့နယ်အတွင်း တောဆင် ငါးကောင်အုပ်ထဲမှ ဆင်ဖြူ အမ တစ်ကောင်ကို ဒေသခံတို့၏ သတင်းပေးပို့ချက်ဖြင့် သစ်တောရေးရာဝန်ကြီးဌာန သစ်တောဦးစီးဌာနနှင့် မြန်မာ့သစ်လုပ်ငန်းမှ ဆင် ဖမ်းအဖွဲ့များက ရှာဖွေဖမ်းဆီးခဲ့ရာ ၂၀၁၀-ခု၊ ဇွန်လ ၂၆ ရက် ညနေ ၄ နာရီ ၂၅ မိနစ်ခန့်တွင် ဖမ်းဆီးရမိခဲ့ကြောင်း၊ ယင်း ဆင် မှာ အသက် ၃၈ နှစ်ခန့် ဖြစ်ပြီး အရပ် ၇ပေ ၄ လက်မခန့်ရှိကာ လုံးပတ် ၁ဝ ပေ ၁၁ လက်မရှိသည်။ အဆိုပါ ဆင်ဖြူမကို ဖမ်းဆီး ရန် အတွက် အချိန် ခြောက်လခန့်ကြာခဲ့ကြောင်း သိရသည်။ စစ်အာဏာပိုင်များက ရခိုင်ရိုးမတောင်တန်း တစ်လျှောက်တွင် ဆင်ဖြူတော် ရှာဖွေရေး စီမံကိန်း လုပ်နေခဲ့ကြခြင်းဖြစ်သည်။ ထိုဆင်ဖြူမ၏ ဘွဲ့တော်မှာ ဘဒ္ဒဝတီ ဖြစ်ပြီး နေပြည်တော်ရှိ ဆင်ဖြူတော် ရတနာဆောင်တွင် ထားရှိသည်။ [၂]

၂၀၁၀-ခုနှစ်၊ စက်တင်ဘာ ၂၃ ရက် မွန်းလွဲပိုင်းတွင် ဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်အရ သစ်တောရေးရာဝန်ကြီးဌာန သစ်တောဦးစီးဌာနနှင့် မြန်မာ့သစ်လုပ်ငန်းမှ အဖွဲ့များက ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းမှ ဆင်ဖြူတော် ရတနာတစ်စီးအား ထပ်မံရရှိခဲ့သည်။ ယင်းဆင်ဖြူတော်မှာ အသက် ၁၈ နှစ်ခန့်ရှိပြီး အရပ်အမြင့် ရ ပေ ၁ လက်မ၊ လုံးပတ် ၁ဝ ပေ ၃ လက်မရှိပြီး ဆင်မဖြစ်သည်။ ထို့ပြင် ဆင်ဖြူတော်သည် ဆင်ဖြူတော်ရတနာ၏ ကြန်အင်လက္ခဏာများနှင့် အထူးပင် ပြည့်စုံသည်ဟုသိရပြီး ဘွဲ့တော်မှာ နန္ဒဝတီ ဖြစ်ပြီး နေပြည်တော်ရှိ ဆင်ဖြူတော် ရတနာဆောင်တွင် ထားရှိသည်။[၃]

စကားပုံ[ပြင်ဆင်ရန်]

  • ဆင်ဖြူတော် ဝင်မှာ ချည်တစ်ခင်နှင့် ကျိန်းကျေ (ဆင်ဖြူတော်ဝင်ကိန်းရှိရာတွင် ချည်ဝင်တစ်လုံး ဝင်လာသည်နှင့် ကျိန်းကျေသွားသကဲ့သို့ ပစ္စည်းဥစ္စာ အစုလိုက်အပုံလိုက် ဝင်ကိန်းရှိရာတွင် မဖြစ်လောက်သည့် ပစ္စည်းတစ်ခုဝင်လာသည်နှင့် ကျိန်းကျေသွားသည်။)
  • ဆင်ဖြူမျက်နှာ ဆင်မည်းမကြည့်ဝံ့
  • ဆင်ဖြူတော်မှီ ကြံစုပ်

ကိုးကား[ပြင်ဆင်ရန်]

  1. (မုံရွေးဇေတဝန်ဆရာတော် အရိယာဝံသအာဒိစ္စရံသီ မဟာထေရ်ရဲ့ ကုသပျို့သစ်။ ပျို့၊ လင်္ကာ၊ (၁၈၅)စာပိုဒ် မှ ရှင်းလင်းချက်များ)
  2. မြန်မာ့အလင်း သတင်းစာ
  3. ၂၀၁ဝ ခုနှစ် စက်တင်ဘာ ၂၅ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ
  • (မန်းရာပြည့်ခေါ် မန္တလေးမြို့ နှစ်၁၀ဝပြည့်ကာလ (၁၉၅၉ခုနှစ်)တွင် မန္တလေး တက္ကသိုလ်၌ ပညာရှိကြီး ရွှေပြည်ဦးဘတင် ဟောပြောချက်များအား မိတ္ထီလာတက္ကသိုလ်မှ စာရေးဆရာဝင်းတင့်က တိပ်ခွေမှ ကူးယူပေးပို့ချက်များအား အတွေးအမြင်စာစဉ် အမှတ်(၁၉၇) ၂၀၀၈ ခုနှစ် ဩဂုတ်လ တွင် ဖေါ်ပြပါရှိချက်အား ထပ်ဆင့်ကူးယူဖေါ်ပြပါသည်။)