သင်္ဘော စက်ရုံ

ဝီကီပီးဒီးယား မှ

သင်္ဘော စက်ရုံ[ပြင်ဆင်ရန်]

မန္တလေးရတနာပုံ ရွှေမြို့တော် အနောက်မျက်နှာ မြို့ကြီးပြင် ပန်းစက် တံခါး အထွက် ဧရာဝတီမြစ် အရှေ့ဘက် ကမ်းနဖူးတွင် သင်္ဘောတော်များ တည်လုပ်ရန်၊ ပျက်လျှင် ပြင်ဆင်ရန် စက်ရုံတော်ကြီး တည်ရှိ ခဲ့သည်။ သင်္ဘောကျင်း တည်ရာ ဌာနသည် အသိုက်အဝန်း အလွန် လျော်ကန် ကောင်းမွန်သည်။ စက်ရုံ များသည် ကမ်းနဖူး ကုန်းမြင့်များ ပေါ်တွင် ရှိ၍ ဧရာဝတီမြစ်ရေ အမြင့်ဆုံး အချိန်၌ ပင်လျှင် ရေလျှံ နစ်မြုပ် မည်ကို စိုးရွ့ံဖွယ် မရှိ ဖြစ်သည်။ ယင်းသို့ မြစ်ရေ တိုးချိန်ဝယ် သင်္ဘော များကို စက်ရုံ ဝန်းကျင်သို့ အရောက် တင်ဆောင် နိုင်သည်။ ဤ သင်္ဘော ကျင်းနှင့် စက်ရုံ များကို မည်သည့် ခုနှစ်တွင် တည်ဆောက် သည်ဟု အတိအကျ မဖော်ပြ နိုင်ပါ။ ၁၈၇ဝ ပြည့်နှစ် အတွင်း သင်္ဘော ကျင်းမှ သင်္ဘောများ ဆောက်လုပ် ပြီးမြောက်လျက် ရှိပြီ ဖြစ်ကြောင်း တွေ့ရ၍ ၁၈၆၄ ခုမှ ၁၈၇ဝ ပြည့်နှစ် အတွင်း ခေတ်မီ စက်ကိရိယာ အချို့ တပ်ဆင် ဆောက်လုပ် ပြီးစီး သည်ဟု ခန့်မှန်း ရသည်။ ထို့ပြင် ၁၂၃၄ ခု (ခရစ် ၁၈၇၂) နှစ်တွင် သင်္ဘော ကျင်းကို ထပ်မံ ပြုပြင် တိုးချဲ့လျက် ခေတ်မီ စက်ကြီးများ တပ်ဆင် ပြုလုပ် ကြောင်းကို ၁၂၃၄ ခု ပထမ ဝါဆို လပြည့်ကျော် ၁၅ ရက် (၅ ဇူလိုင် ၁၈၇၂) သောကြာ နေ့ထုတ် မြန်မာ သတင်းစာတွင် 'သင်္ဘော များကို ဆွဲတင်၍ ပြင်ဆင်ရန် လုပ်ဆောင်သော ကျင်းစက်ကြီး အလွန် ကြီးကျယ် ပေသည်။ ကျင်းကို တူးပြီး ပါပြီ၊ စက်များလည်း အနည်းငယ် တပ်ဆင်စ ပြုလေပြီ။ ထိုစက်ကြီးသည် သင်္ဘောပြည်မှာ စက်များ ကဲ့သို့ပင် ကြီးကျယ် ကောင်းမွန်ရန် ရှိသည်' ဟု ဖော်ပြ ထားသည်။ ယင်း သင်္ဘောကျင်း စက်ရုံတွင် ခေတ်မီ၍ ကောင်းမွန်သော စက်များ၊ ပစ္စည်း ကိရိယာများ ပြည့်စုံစွာ ရှိခဲ့သည်။ စက်များမှာ များသော အားဖြင့် စကော့တလန် ပြည်လုပ် ဖြစ်၍ ဒန်ဒပ် (စ်) နှင့် ဂလပ်စဂိုမြို့ စမစ် ကုမ္ပဏီ ထွက်များ ဖြစ်သည်။ ယင်းတို့ အနက် ပွတ်စက် လေးလုံး၊ တွင်စက် ငါးလုံး၊ ကတ်ကျေး စက်ကြီး တလုံးနှင့် ဗဟိုခွာအားသုံး ရေစုပ်စက် တခုလည်း ပါဝင်သည်။ ၁ဝ တန် ဝန်ချီစက်နှင့် စက်မောင်း လက်ကြီး တို့သည် ဗြိတိသျှတို့ သိမ်းပိုက်ချိန်ထိ မတပ်ဆင် ရသေးဘဲ ပကတိ အတိုင်းပင် ရှိနေ ခဲ့သည်။ စက်ရုံ အမှုထမ်း ၁၂၇ ယောက် ရှိခဲ့၍ လစာ အားဖြင့် တလလျှင် စပါး ၂၈၅၅ တင်း ရရှိ ခဲ့ကြသည်။


ရတနာပုံသင်္ဘောစက်ရုံတွင် ၁၈၇ဝ ပြည့်နှစ် သို့မဟုတ် ထိုထက် အနည်းငယ် စောစွာက မြစ်တွင်းသွား ခေတ်မီ မီးသင်္ဘောများ စတင် ဆောက်လုပ် ခဲ့သည်။ မြန်မာ ဘုရင် အစိုးရသည် အစ ပထမ၌ နိုင်ငံခြားသား ကုမ္ပဏီများ၊ ကုန်သည် ကြီးများနှင့် ဆက်သွယ်ကာ သင်္ဘောများ ဝယ်ယူရန် စီစဉ်၍ သက္ကရာဇ် ၁၂၂၆ ခု (ခရစ် ၁၈၆၄ - ၅) နှစ် အတွင်း ဟယ်လီဒေးဘူးလုပ် ကုမ္ပဏီမှ အဖိုးငွေ ၂၁၀,၀၀ဝ ကျပ်ပေး၍ သင်္ဘော တစင်း ဝယ်ယူ ခဲ့သည်။ အခြား ကုမ္ပဏီများ၊ ကုန်သည်များ နှင့်လည်း သင်္ဘော ယူရန် စာချုပ်များ ချုပ်ဆိုသည်။ ထို့နောက် ခေတ်မီ အခင်းအကျင်း ပစ္စည်း ကိရိယာ အစုံနှင့် စက်အားကောင်း မြစ်တွင်းသွား အလျား အတောင် ၁၂၀၊ အနံ အတောင် ၂၀၊ စောက် ခြောက်တောင်၊ ရေစူး နှစ်တောင်ရှိ သံတိုက် မီးသင်္ဘော နှစ်စင်း ဝယ်ယူရန် စီစဉ်လျက် ၁၂၃ဝ ပြည့်၊ နှောင်းတန်ခူး လပြည့်ကျော် ရ ရက် (၂ ဧပြီလ ၁၈၆၉) နေ့ ပခန်းမင်းကြီးက ဗြိတိသျှ ကိုယ်စားလှယ် စလေဒင် ထံသို့ စာရေးသား စုံစမ်းသည်။ ယင်း ကိစ္စကား အမြောက် သေနတ် လက်နက်များ ဝယ်ယူရေး စီမံကိန်း ကဲ့သို့ပင် ဗြိတိသျှ အစိုးရ တို့က ပိတ်ပင် ဖျက်ဆီး သည်နှင့် မအောင် မြင်ခဲ့ပေ။ ဤတွင် မြန်မာဘုရင်အစိုးရသည် နစ်ကိုလ်ဆင် ဆိုသူ သင်္ဘော ဆောက်လုပ် တတ်သူ ပညာရှင် တဦးကို ရန်ကုန်မြို့မှ ခေါ်ယူ၍ ၁၈၇ဝ ပြည့်နှစ် အတွင်း ရတနာပုံ သင်္ဘောကျင်းတွင် ခေတ်မီ မီးသင်္ဘောများ စတင် ဆောက်လုပ် ခဲ့သည်ဟု ထင်မြင် ရသည်။ နစ်ကိုလ်ဆင်၏ လက်ရာ ဖြစ်သည့် မြစ်တွင်းသွား ရိုးရိုး မီးသင်္ဘော တစင်းကို ၁၂၃၂ သီတင်းကျွတ် လဆန်း ၁၃ ရက် (၇ အောက်တိုဘာ ၁၈၇၀) နေ့ ရေချ နိုင်ခဲ့သည်။ ယင်း သင်္ဘော ကိုယ်ထည်ကို ကျွန်းသစ်ဖြင့် ဆောက်လုပ်သည်။ ဗြိတိသျှ အစိုးရ တို့ကမူ ယင်း သင်္ဘောကို မြန်မာ တို့က တိုက်သင်္ဘော အဖြစ် လုပ်ဆောင် အသုံး ပြုမည်ဟု သံသယ ကြီးစွာ ရှိနေ သည်နှင့် နေပြည်တော်ရှိ ဗြိတိသျှ ကိုယ်စားလှယ်က သင်္ဘော အကြောင်း မျက်ခြည် မပြတ် ထောက်လှမ်း သတင်း ပေးခဲ့ ရသည်။


ရတနာပုံ သင်္ဘော စက်ရုံတွင် ၁၈၇ဝ ပြည့် အောက်တိုဘာလ အတွင်း သင်္ဘော တစင်း ရေချ နိုင်ပြီးနောက် နစ်ကိုလ်ဆင်အား အလားတူ သင်္ဘော ၁ဝ စင်း တပြိုင်တည်း ဆက်လက် လုပ်ဆောင် စေသည်။ ယင်းသင်္ဘော ၁ဝ စင်း၏ ဧရာ များကို ၁၈၇၁ ခု မတ်လ ၅ ရက်နေ့ ပွဲလမ်း အကြီးအကျယ် ပေး၍ တပြိုင်တည်း ပန္နက်ရိုက် လုပ်ဆောင်သည်။ ယင်းနေ့က နန်းတော် မြို့တော် နေပြည်တော် တခုလုံး နေ့လွတ် နေ့အား အဖြစ် တရားရုံး ခွင်မှ အစ လုပ်ငန်း များ ပိတ်ထား၍ မြို့သူ မြို့သားများ မှူးမတ် မင်းစိုး ကတော် မယား မင်းညီ မင်းသား ပေါင်းစုံ တို့လည်း ဗောင်းနားဋောင်း ဝတ်ကောင်း စားလှ ရွှန်းရွှန်းပပ ဆင်ယင်ကာ ယင်း အခမ်းအနားကို တက်ရောက် ခဲ့ကြသည်။ နစ်ကိုလ်ဆင် ကြီးကြပ် ဆောက်လုပ်၍ ၁၈၇၁ ခု မတ်လ ၅ ရက်နေ့ ဧရာ တည်ခဲ့သည့် ယင်း သင်္ဘော ၁ဝ စင်း အနက် နှစ်စင်းကို ယင်းနှစ် ဇွန်လ ၂ ရက်နေ့ မင်းညီ မင်းသား မှူးကြီး မတ်ကြီး အစုံအညီ မင်းခမ်း မင်းနားနှင့် အမြောက် ၁၂ ချက် ပစ်ဖောက်လျက် အောင်မြင်စွာ ရေချ နိုင်ခဲ့သည်။ ကျန် သင်္ဘော ရှစ်စင်း ကိုလည်း မကြာမြင့်မီ ရေချ နိုင်ရန် လျင်လျင်ထက်ထက် လုပ်ဆောင် စေသည်။ သင်္ဘော များကို မြစ်တွင်းသွား မီးသင်္ဘောများ အဖြစ် တည်ဆောက်မည် ဖြစ်၍ သင်္ဘောစက် များကို ဆပ်သလင်မက္ကဇီ ကုမ္ပဏီ၊ ဒေါ်ဆင်ဆင်ပဆင် ကုမ္ပဏီ နှင့် အက်ဒမန်ဂျုံး ကုမ္ပဏီ တို့က ဝယ်ယူ ပေးသွင်းရန် စာချုပ်ဆို ကြသည်။ သင်္ဘော များသည် ဧရာ အလျားပေ ၁၅ဝ မှ ပေ ၁၈ဝ ရှိ၍ အကျယ် ၂၄ ပေ၊ စောက် ခြောက်ပေ ရှိသည်။ ၁၈၇၁ ခု မတ်လ အတွင်းက ရတနာပုံ သင်္ဘော စက်ရုံတွင် အလျား ၁၅၆ ပေ၊ အနံ ၂၈ ပေရှိ တိုက်မီးသင်္ဘော တစင်း ကိုလည်း စတင် တည်ဆောက်သည်။ ယင်း စစ်သင်္ဘောကို ဆောက်လုပ်သူ သင်္ဘော ဆရာမှာ မော်လမြိုင်မြို့မှ ဆရာရှမ်း ဆိုသူ မြန်မာ အမျိုးသား တယောက် ဖြစ်၏။ သင်္ဘောဧရာကို ပွဲကြီး လမ်းကြီး ပေး၍ အမြောက် သေနတ်များ ပစ်ဖောက်ကာ မင်းခမ်း မင်းနားနှင့် ၁၈၇၁ ဇူလိုင်လ ၂ ရက်နေ့ ရေချသည်။ သင်္ဘောမှာ လေး၍ ရေစူး များသည်။ ထုတပေရှိ တံကူများ ခံ၍ ငါးလက်မ ပျဉ်များကို စပ်လျက် ဆောက်လုပ်ပုံမှာ အထူး သေသပ် ခိုင်ခံ့သည်။ အမြောက် ၂ဝ တပ်ဆင် နိုင်ရန် စီမံထားလျက် သင်္ဘောဦးတွင် ဓားလွတ်ကိုင် မြန်မာ ရဲမက် တဦး၏ ပုံ ကျွန်းသား ပန်းပု ရုပ်လုံး လက်ရာကောင်း လက်ရာမွန် တခုကို တပ်ဆင် ထားသည်။ ယင်း သင်္ဘောကို ဆောက်လုပ်သည့် မြန်မာ အမျိုးသားကို အထူး ချီးမွမ်း ဂုဏ်ပြု ထိုက်သည်ဟု ဗြိတိသျှ အစိုးရ ကိုယ်စားလှယ် အရေးပိုင်က ချီးကျူး မှတ်တမ်း တင်ခဲ့သည်။ သင်္ဘော ဆောက်လုပ်ရာ၌ ဆရာ ရှမ်းနှင့် အတူ အလုပ်သမား ၂၀ဝ ကျော်တို့ တွဲဖက် လုပ်ဆောင် ကြသည်။ ယင်းတို့ အနက် လုပ်သား ၅ဝ ခန့်မှာ မော်လမြိုင် မြို့မှ လက်သမားများ ဖြစ်ကြ သည်ဟု ဆိုသည်။ သက္ကရာဇ် ၁၂၃၃ ခု (ခရစ် ၁၈၇၁ ) နှစ် ကုန်ဆုံး ချိန်ဝယ် ရတနာပုံ သင်္ဘော စက်ရုံ၏ ထုတ်လုပ် စွမ်းအားမှာ -

ဆောက်လုပ်ပြီး တန် ၂၅ဝ ချီသင်္ဘောသုံးစင်း၊ ဆောက်လုပ်ဆဲ တန် ၂၅ဝ ချီ တိုက်သင်္ဘောတစ်စင်းနှင့် ဆောက်လုပ်ဆဲ တန် ၂၀ဝ ချီသင်္ဘော ၁ဝ စင်း ဟူ၍ ဖြစ်သည်။


ဗြိတိသျှ အစိုးရ ကိုယ်စားလှယ်သည် ရတနာပုံ သင်္ဘော စက်ရုံသို့ မကြာခဏ သွားရောက် ကြည့်ရှု၍ ၎င်း သင်္ဘော ဆရာ နစ်ကိုလ်ဆင်နှင့် လျှို့ဝှက်စွာ ဆက်သွယ်ကာ ၎င်း သင်္ဘောတို့ အခြေအနေကို ထောက်လှမ်း စုံစမ်းကြောင်း တွေ့ရသည်။ ဗြိတိသျှ အစိုးရတို့ အရေးတကြီး သိလိုသည့် အချက်ကား ဆရာ ရှမ်း ဆောက်လုပ် နေသည့် တိုက်သင်္ဘော မည်မျှ ပြီးမြောက် အောင်မြင်သည် ဆိုသည့် အချက်ပင် ဖြစ်သည်။ ယင်း အချက်ကို တိတိကျကျ သိရှိ နိုင်ရန် ဗြိတိသျှ ကိုယ်စားလှယ်သည် ၁၈၇၂ ခုနှစ် အတွင်း ဇန်နဝါရီလ ၃ ရက်နေ့တွင် တကြိမ် မေလ ၃၁ ရက်နေ့တွင် တကြိမ် သင်္ဘော စက်ရုံသို့ သွားရောက် အကဲခတ်သည်။ ထို့ပြင် ၁၈၇၁ ခု ဇူလိုင်လ အတွင်း သင်္ဘော ဆရာ နစ်ကိုလ်ဆင်ထံ တိတ်တဆိတ် စာရေးသား ဆက်သွယ်၍ ယင်း သင်္ဘော ဆရာ ဆောက်လုပ် နေသည့် သင်္ဘော ၁ဝ စင်း အကြောင်း အသေးစိတ်ကို စုံစမ်းသည်။ ထိုစဉ်က သင်္ဘောဆရာ နစ်ကိုလ်ဆင်က သူ ဆောက်လုပ် နေသည့် သင်္ဘော ၁ဝ စင်းသည် သာမန် မြစ်တွင်း သွားများ ဖြစ်ကြသည်၊ သို့သော် အလို ရှိ၍ အနည်းငယ် ပြုပြင် လိုက်က ဦးပဲ့ အမြောက်ကြီး နှစ်စင်း၊ ဘေး အမြောက်ငယ် လေးစင်းမှ ရှစ်စင်း အထိ တပ်ဆင်နိုင် ပစ်နိုင်သည့် တိုက်သင်္ဘောများ ဖြစ်လာ နိုင်ကြောင်း၊ သို့သော် မြန်မာ ဘုရင် အစိုးရက ထိုသို့ ပြုပြင် လုပ်ဆောင်ရန် အမိန့် တစုံတရာ ပေးထားခြင်း၊ မရှိကြောင်း ပြန်ကြား လိုက်သည်။ ထို့ပြင် နစ်ကိုလ်ဆင်က အခြား အလို ရှိသည့် မည်သည့် အကြောင်းအရာကို မဆို ဝမ်းမြောက် ဝမ်းသာ ပေးပို့ရန် အသင့် ရှိကြောင်းနှင့် သူ သတင်း ပေးပို့ကြောင်းကို မြန်မာ ဘုရင် အစိုးရ နားသို့ မပေါက် မကြားအောင် ထိန်းသိမ်း စောင့်ရှောက် ပေးမည့် အကြောင်း ကိုလည်း ရေးသား လိုက်သည်။


ရတနာပုံ သင်္ဘော စက်ရုံတွင် ဆောက်လုပ်သည့် သင်္ဘော များကို ၁၈၇၂ မှ ၁၈၇၄ ခုနှစ် အတွင်း ဆက်လက်၍ ရေချ နိုင်ခဲ့သည်။ အတိအကျ ဖော်ပြ ရသော် ၁၂၃၄ ခု ဒုတိယ ဝါဆို လဆန်း ရ ရက် (၁၂ဇူလိုင် ၁၈၇၂) နေ့ သင်္ဘော တစင်း ရေချ ခဲ့၍ မကြာမီ ရက်များ အတွင်း သုံးစင်း ထပ်မံ ရေချ နိုင်ခဲ့ သည်ဟု ယူဆ ရသည်။ ယင်းသို့ သင်္ဘော ရေချ နိုင်ရန် အတွက် ၁၈၇၂ ခု မေလ အတွင်း ကုန်သည်ကြီး မစ္စတာ ဒေါ်ဆင်က သင်္ဘော တစင်း အတွက် စက်ကိရိယာများ ဝယ်ယူ တင်သွင်းသည်။ ထိုအတွင်း အဖိုးငွေ ၁ဝ သိန်းခန့် ပေး၍ အင်္ဂလန် နိုင်ငံမှ ဝယ်ယူသည့် သင်္ဘော လေးစင်းကို ရတနာပုံ သင်္ဘော စက်ရုံ တွင်ပင် တပ်ဆင် မွမ်းမံ ပြုပြင်သည်။ ယင်း သင်္ဘော လေးစင်းကို ရန်ကုန် မြို့ရှိ ဟာနံဒေး ကုမ္ပဏီမှ တဆင့် ဝယ်ယူခြင်း ဖြစ်သည်။ သင်္ဘော များမှာ မြစ်တွင်းသွား ပဲ့ခုတ် စက်ရဟတ်တပ် မီးသင်္ဘောများ ဖြစ်ကြသည်။ ယင်း သင်္ဘော များကို ရတနာပုံ သင်္ဘော စက်ရုံ၌ မွမ်းမံ တပ်ဆင်ရန် အတွက် မစ္စတာ ဘိန်း ဆိုသူ အင်ဂျင်နီယာ တဦး ထပ်မံ ခေါ်ယူ အမှုထမ်း စေခဲ့သည်။ ၁၂၃၅ ခု တော်သလင်း လပြည့်ကျော် ၃ ရက် (၉ စက်တင်ဘာ ၁၈၇၃) နေ့ ယင်း သံသင်္ဘော တစင်းကို ကောင်းစွာ ရေချ နိုင်ခဲ့သည်။ ကျန် သုံးစင်း မှာမူ ပြီးပြည့်စုံလုနီး အခြေတွင် ရှိသော်လည်း မြစ်ရေ ကျသွားပြီ ဖြစ်၍ နောက်နှစ် မှပင် ရေချ နိုင်ခဲ့ သည်ဟု မှန်းဆရသည်။ ၁၂၃၆ ခု နယုန်လ (ဇွန် ၁၈၇၄) အတွင်း မင်းခမ်း မင်းနား ကြီးကျယ်စွာ ပွဲကြီး လမ်းကြီး သဘင် အငြိမ့် ကသီ တီးမှုတ်လျက် ရတနာပုံ သင်္ဘော စက်ရုံမှ သင်္ဘော သုံးစင်း ရေချသည်။ ယင်း အခမ်းအနားကို ၁၂၃၆ ခု နယုန် လပြည့်ကျော် ၁၄ ရက် (၁၃ ဇွန် ၁၈၇၄)၊ စနေနေ့ထုတ် မြန်မာ သံတော်ဆင့် သတင်းစာတွင် အောက်ပါ အတိုင်း ဖော်ပြ ထားသည်။


ရွှေမြို့တော်၌ တည်ဆောက်သော သင်္ဘော သုံးစင်း ပြီး၍ မင်းခမ်း မင်းနားဖြင့် ရေသို့ ချခြင်း -

"လွန်ခဲ့သည့် တနင်္လာနေ့ နှစ်ပတ် သုံးပတ်က ရွှေမြို့တော်၌ တည်ထား လုပ်ကိုင်သော သင်္ဘော သုံးစင်း အပြီး အဆုံးသို့ ရောက်သည်နှင့် အထက် သင်္ဘော တည်ရာ ကုန်းမှ ရေထဲသို့ ချရာ ဘုန်းတော် ကြီးလှသော ဘုရား သားတော် မက္ခရာ မင်းသား၊ ရွှေဂူ မင်းသား၊ ထိုမှ တပါးသော မင်းသား နှစ်ပါးတို့ ဆင်တော်ကို ရွှေကြိုး ရွှေက အစုံ တင်လျက် တန်ဆာ ဆင်ယင် စေပြီးလျှင် မိမိ တို့လည်း အဖိုး များစွာ ထိုက်တန်သော ဝတ်လဲတော် ပုဆိုး မင်းညီ မင်းသား အဆောင်အယောင် တို့ဖြင့် တင့်တယ်စွာ ဆင်ယင် ဝတ်စားလျက် စီးနင်း ပြီးလျှင် မှူးတော် မတ်တော် အရာရှိ အထူးရှိ ကတော် စိုးမင်း တို့နှင့် မင်းခမ်း မင်းနား ကြီးကျယ်စွာ ပွဲကြီး လမ်းကြီး သဘင် အငြိမ့် ကသီ တီးမှုတ် စေလျက် သင်္ဘောတော်ကို ချကြ လေသည် .…

စက်ဆရာကြီး ဘိန်း သည်လည်း စက်ကြိုး အရာ သေချာ စေ့စပ် အရပ်ရပ် လျှောက်ပတ် တတ်ကျွမ်းသူ တယောက် ဖြစ်သည်နှင့် အညီ လုပ်ဆောင် သမျှ အဝဝမှာ ဝိသုကမ္မ ယိုးမှား သိကြားမင်း လက်သုံး ကဲ့သို့ နှုန်းပမာ တူပေသည် .…"


ဖော်ပြပါ သင်္ဘော သုံးစင်းမှာ 'ရွှေမြို့တော်၌ တည်ဆောက်သည်' ဆိုသော်လည်း စင်စစ် အင်္ဂလန်မှ ဝယ်ယူ၍ ရတနာပုံ သင်္ဘော စက်ရုံတွင် စက်ဆရာ ဘိန်းအား ပြုပြင် မွမ်းမံ တပ်ဆင် စေသည့် သံသင်္ဘော များဟု တွေးထင် နိုင်ဖွယ် ရှိသည်။ ၁၈၇၃ ခုနှစ်က လုပ်ဆောင် ပြီးစီး သော်လည်း မြစ်ရေ ကျသွား သည်နှင့် ၁၈၇၄ ခုနှစ် တွင်မှ ရေချ ရဟန် တူသည်။ ထို့နောက် ၁၂၃၆ ခု ဝါခေါင် လဆန်း ၁ ရက် (၁၃ ဩဂုတ် ၁၈၇၄) ရက်နေ့တွင် နစ်ကိုလ်ဆင် ဆောက်လုပ်သည့် သင်္ဘော တစင်းကို စက်ကိရိယာ အပြည့်အစုံ တပ်ဆင်ပြီး ရေချ ခဲ့နိုင် ပြန်သည်။ ထိုစဉ်က သံသင်္ဘော များကို တပ်ဆင် ပေးသည့် မစ္စတာ ဘိန်းကို မြန်မာဘုရင်အစိုးရက အမြောက် ၁၆ စင်းတင် တိုက်သင်္ဘောတစ်ခု ဆောက်လုပ်ရန်လည်း စေခိုင်းခဲ့သည် ဟုဆိုသည်။ မော်လမြိုင်မှ ဆရာရှမ်း ဆောက်လုပ်သည့် တိုက်သင်္ဘော မှာမူ ၁၈၇၂ ခု အောက်တိုဘာလ အတွင်း မှာပင် ပြီးစီး ပြည့်စုံ၍ ရေချ နိုင်မည်ဟု ဆိုသော်လည်း ၁၈၇၃ ခု မေလ ၂၆ ရက်နေ့ သင်္ဘော စက်ရုံသို့ ကာနယ် ဘရောင်းတို့ အဖွဲ့ လာရောက် ကြည့်ရှုစဉ်က ယင်း တိုက်သင်္ဘောမှာ ရေ မချရ သေးဘဲ ရှိနေလေသည်။ ထိုစဉ်က လိုအပ်သည့် စက်များမှာ အင်္ဂလန် မှပင် မရောက်ရှိ သေးကြောင်းနှင့် ကာနယ် ဘရောင်း၏ မှတ်တမ်းတွင် ရေးသား ထားသည်။ တိုက်သင်္ဘောများ အတွက် စက်များကို အိနြီ္ဒနောက ဝယ်ယူ တင်ဆက် မည်ဟု စာချုပ်ဆို ခဲ့သည်ဟု ဆိုသည်။ သို့သော် ယင်း တိုက်သင်္ဘောမှာ မည်သည့် ခုနှစ် နေ့ရက်တွင် ပြီးပြည့် စုံ၍ ရေချ နိုင်ခဲ့သည်၊ မည်မျှ ကောင်းမွန် အောင်မြင် အသုံး ဝင်ခဲ့သည် ဟူ၍ကား အတိအကျ ပြောဆို နိုင်ရန် အထောက်အထား မတွေ့ ရသေး ဖြစ်သည်။ ၁၈၇၅ ခု ဇန်နဝါရီ လအတွင်း မြန်မာ ဘုရင် အစိုးရသည် မြစ်တွင်းသွား သင်္ဘော တစင်းကို အမြောက် ၁၂ လက် ဆင်လျက် စစ်ရေး လေ့ကျင့် ခဲ့သည် ဟူ၍ လည်းကောင်း၊ နစ်ကိုလ်ဆင် ဆောက်လုပ်သည့် သင်္ဘော တစင်းတွင် အမြောက် ၁၄ လက် တပ်ဆင် အောင်မြင်လျက် ၁၈၇၅ ခု ဧပြီလ အတွင်း ဗန်းမော်သို့ ဆန်တက် ခဲ့သည် ဟူ၍ လည်းကောင်း သာမန် မျှသာ သိရသည်။ ရတနာပုံ သင်္ဘော စက်ရုံ၏ ၁၈၇၄ ခု နောက်ပိုင်း သီပေါမင်း လက်ထက် လုပ်ရည် လုပ်အားကို ဖော်ညွှန်းသည့် အထောက်အထား များလည်း မတွေ့ ရသေး ဖြစ်သည်။ သိရ သမျှသော် ရတနာပုံ သင်္ဘော စက်ရုံမှ ၁၈၇ဝ ပြည့် မတိုင်မီ ဆောက်လုပ် ပြီးသည့် သင်္ဘော သုံးစင်း၊ ၁၈၇၁ ခုနှစ်မှ စ၍ နစ်ကိုလ်ဆင် ဆောက်လုပ်သည့် ကျွန်းသင်္ဘော ၁ဝ စင်း၊ ဆရာရှမ်း ဆောက်လုပ်သည့် အမြှောက်တင် တိုက်သင်္ဘော တစင်းနှင့် ဆရာဘိန်း စက်ကိရိယာများ တပ်ဆင် လုပ်ဆောင်သည့် သံသင်္ဘော လေးစင်း၊ ပေါင်း သင်္ဘော ၁၈ စင်း ထုတ်လုပ် နိုင်ခဲ့ သည်ဟု မှတ်ယူ ရမည် ကဲ့သို့ ရှိသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မကြန် ၏ 'ကုန်းဘောင်၏ နောက်ဆုံး အားမာန်' (မြန်မာ့ရတနာ စာပေ၊ ပထမ အကြိမ်၊ ၂၀၀၄ စက်တင်ဘာထုတ်) စာအုပ်မှ