လင်ပန်းမိဖုရား
ဤ ဆောင်းပါးသည် စိစစ်အတည်ပြုနိုင်ရန်အတွက် နောက်ထပ်ကိုးကားချက်များ လိုအပ်နေသည်။ |
လင်ပန်းတိုက်စားမိဖုရားသည် စစ်ကိုင်းမင်း (ဝါ) ဘကြီးတော် လက်ထက်က ကနောင်-မြန်အောင် နှစ်မြို့ဝန် ဦးသာဖြူ (မူကွဲ ဦးမင်းယုန်)နှင့် ဒုတိယဝန်ကတော် သခင်ကြီး ၏ သမီးဖြစ်သည်။ သက်ပန်းမိဖုရား၏ အစ်မရင်း ဖြစ်သည်။ ဦးသာဖြူ၏ ပထမဝန်ကတော် သခင်ကြီး(မူကွဲ ဒေါ်မင်းလှ) မှမွေးသော မြောက်နန်းမိဖုရား ခင်သဲ၏ အမိကွဲညီမလည်းဖြစ်သည်။ တစ်ဖန် ဦးသာဖြူဆုံးသောအခါ ဒုတိယ ဝန်ကတော်သခင်ကြီးမှာ ပုဂံမင်းလက်ထက်က ကျောက်ပန်းတောင်းမင်းကြီး ဦးရွှေကြည်နှင့် နောက်အိမ်ထောင်ပြုရာ သရစိမ်းမိဖုရား၊ မောင်လေးငယ်နှင့် မောင်သူတော်တို့ကို မွေးဖွားသောကြောင့် သရစိမ်းမိဖုရား၏ အဖကွဲအစ်မလည်းဖြစ်သည်။
၁၆ နှစ်အရွယ်တွင် မင်းတုန်းမင်းနှင့်စုံဖက်သည်။ ဘွဲ့တော်မှာ သီရိသုစန္ဒာဒေဝီ ဖြစ်သည်။
သားတော်၊ သမီးတော်များ
သားတော်၊ သမီးတော်တို့မှာ သုသီရိမြတ်စွာ ရတနာဒေဝီဘွဲ့ခံ စလင်းမြို့စား စုဖုရား(တပင်တိုင်စံ)၊ သီရိမဟာ ဓမ္မရာဇာဘွဲ့ခံ ကျပင်းမြို့စား မင်းသား၊ သီရိ သုဓမ္မရာဇာဘွဲ့ခံ ရနောင်မြို့စား မင်းသားတို့ဖြစ်သည်။ စုစုပေါင်း သား ၄ ဦး၊သမီး ၁ ဦး မွေးဖွားခဲ့သော်လည်း ဒုတိယနှင့် တတိယသားတော်တို့မှာ အဖတ်မတင်ခဲ့ပေ။ "သားကျပင်း၊သမီးသလင်း"ဟုဆိုရလောက်အောင်ပင် လင်ပန်းမိဖုရားမှဖွားသော သားတော် ကျပင်းမင်းသားနှင့် သမီးတော် စလင်းစုဖုရားတို့မှာ ခမည်းတော် မင်းတုန်းမင်းတရားကြီး၏ အချစ်ဆုံးသားနှင့်သမီးပင် ဖြစ်သည်။
ကွယ်လွန်ခြင်း
မြန်မာသက္ကရာဇ် ၁၂၅၅ တွင် ကွယ်လွန်ခဲ့ရာ ငါးထပ်ကြီးဘုရား ဝင်္ကပါတောင်ကုန်းပေါ်တွင် ဂူသွင်းသင်္ဂြိုဟ်ခဲ့သည်။[၁]
ကိုးကား
- ↑ မောင်သန်းဆွေ(ထားဝယ်) (၂ အောက်တိုဘာ ၂၀၁၃)။ ငါးထပ်ကြီးဘုရားအနီးမှ ဆွေတော်မျိုးတော်များ သင်္ချိုင်းရှင်းတမ်း။ ပဲ့တင်သံဂျာနယ်။