ချိန်၊ ဦး (လှေသင်းအတွင်းဝန်)

ဝီကီပီးဒီးယား မှ
(လှေသင်းအတွင်းဝန် မှ ပြန်ညွှန်းထားသည်)
Jump to navigation Jump to search

လှေသင်းအတွင်းဝန် ဦးချိန် သည် ကုန်းဘောင်ခေတ်က ဝေါဟာရလိနတ္ထဒီပနီကျမ်းကို ပြုစုခဲ့သော ပညာရှိမှူးမတ်တစ်ဦး ဖြစ်သည်။ နှိုင်းနှိုင်းချိန်ချိန် သုခမိန် ဆိုသော မြန်မာလူမျိုးတို့ ဆိုရိုးစကားနှင့် လျော်ညီစွာ ကုန်းဘောင်ခေတ်တွင် အရာခတ်သိမ်းတို့၌ နှိုင်းချိန်ဝေဖန် မြော်မြင်တတ်သော ပညာရှိတစ်ဦး ပေါ်ထွန်းခဲ့လေသည်။ ပညတ်သက်ရာ ဓာတ်သက်ပါ ဆိုသော စကားကဲ့သို့ ထိုပုဂ္ဂိုလ်ကြီး၏ နာမည်တွင် သူ၏နှိုင်းချိန်ခိုင်မြဲသော အလေ့အထကို ဖော်ပြလျက် ရှိပေသည်။ ယင်းသုခမိန်ကား ဝေါဟာရလိနတ္ထဒီပနီကျမ်းပြု ဆရာ ဦးချိန်ပင် ဖြစ်သည်။

မြန်မာဂန္တဝင်တွင် ဝေါဟာရလိနတ္ထဒီပနီကျမ်းကြီး ထင်ရှားသလောက် ဦးချိန်၏ အမည်ထင်ပေါ်ခြင်း မရှိခဲ့သည်မှာ ဝမ်းနည်းစရာဖြစ်၏။ ဦးချိန်မှာ ဆရာကောင်းတပည့်တစ်ဦး ဖြစ်ပေသည်။ ဦးချိန်သည် မုံရွေးဇေတဝန်ဆရာတော်ဟု ကျော်စောထင်ရှားပြီးလျှင် ပဉ္စာဝုဓပျို့၊ နာဒရပျို့၊ သီလဝပျို့များနှင့် သမန္တစက္ခု ဒီပနီ၊ ရာဇောဝါဒကျမ်း၊ ကဝိမဏ္ဍနီ သတ်ပုံကျမ်းများကို ပြုစုတော်မူခဲ့သော အရိယာဝံသအာဒိစ္စရံသီ ဆရာတော်၏ အေန္တဝါသိက တပည့်အဖြစ်ဖြင့် နှစ်ပေါင်းများစွာ ဆည်းကပ်သင်ကြား ခဲ့သည်။ သူသည် ဘာသန္တရ၊ ဂန္ထန္တရဗဟုသုတတို့နှင့် ပြည့်စုံသောပုဂ္ဂိုလ် တစ်ဦး ဖြစ်သည့်ပြင်၊ နက်နက်နဲနဲ ကြံဆတွေးတောခြင်း၊ မေးမြန်း စူးစမ်းခြင်းများကိုလည်း ပြုလုပ်ခဲ့သည်။

မုံရွေးဇေတဝန်ဆရာတော်ဘုရား ရေးသားသော သမန္တစက္ခု ဒီပနီကျမ်းတွင် ဦးချိန် ရှင်သာမဏေ ရှင်သီရိမာလာ ဘဝက မေးမြန်းသော ပုစ္ဆာများကို တွေ့မြင်နိုင်ပေသည်။ ဦးချိန်သည် အထူးသဖြင့် ပါဠိစာပေ၊ သင်္သကြိုဋ်စာပေများတွင် နှံ့စပ် ကျွမ်းကျင်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပေသည်။ ထို့ကြောင့် သာသနာပိုင် ဗားကရာဆရာတော်ဘုရားကြီး၏ တိုက်တွန်း တော်မူချက်အရ၊ မာဂဓအဘိဓာန်ကျမ်း၏အဖွင့်ဖြစ်သော အဘိဓာနတ္ထဝိသောဓနီကျမ်းကို ပြုစုခဲ့သည်။ ပုဂံမင်းလက်ထက် မကွေးဝန်ထောက်တော်မင်း၊ မင်းကြီးမဟာမင်းလှစည်သူ တောင်းပန်တိုက်တွန်းချက်အရ၊ ဝေါဟာရလိနတ္ထဒီပနီကျမ်းကို ပြုစုခဲ့သည်။ ဤကျမ်းမှာ မြန်မာဝေါဟာရများ၏ တိမ်မြှုပ်နေသော အဓိပ္ပာယ်များကို ဖော်ပြထားသောကျမ်း ဖြစ်သည်။

ကျမ်းပြုပုဂ္ဂိုလ်သည် ပင်ပန်းကြီးစွာနှင့် စေ့စေ့ငင စုံစမ်းရှာဖွေ ခဲ့ရကြောင်း သူ၏ကျမ်းက သက်သေခံပေသည်။ သို့ရာတွင် ဦးချိန်မှာ ပါဠိ၊ မာဂဓဘာသာများတွင် အားသန်သူဖြစ်ရကား များစွာသော မြန်မာဝေါဟာရများကို မာဂဓဘာသာဖက်သို့ ဆွဲငင်၍ ရေးသားထားသည်ကို တွေ့ရသည်။ ထိုမှတစ်ပါးဦးချိန်သည် တဇ္ဇတ္ထဒီပနီအမည်ဖြင့် တစ္ဆေ ညွန့်ပေါင်းကျမ်း ကိုလည်း ရေးသားခဲ့သေးသည်။ ဦးချိန်၏ တစ္ဆေဝတ္ထုများမှာ ဖတ်ရှုဖွယ်ကောင်းသော ရှေးဟောင်း တစ္ဆေဝတ္ထုများ ဖြစ်ပေသည်။ သူ၏တစ္ဆေပုံပြင်ဝတ္ထုများကို ဒုတိယကမ္ဘာစစ်ကြီး မဖြစ်မီက၊ ရန်ကုန်တက္ကသိုလ် ကျောင်းအုပ်ကြီး ဦးဖေမောင်တင်က အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုရေးသားခဲ့သည်။

ဦးချိန် ကျမ်းဂန်နှံ့စပ်တတ်ပွန်ပုံကို ကဝိလက္ခဏာဒီပနီ ဆရာ မြောင်လှမြို့စား မင်းကြီးသီရိမဟာဇေယျသူ ဘွဲ့ခံဦးခြိမ့် က သူ၏ ကဝိလက္ခဏာဒီပနီကျမ်းတွင် ခြီးကျူးထားသည်မှာ မာဂဓဘာသာ၊ သက္ကဋဘာသာမျိုးနှင့်တကွ ဂန္ထန္တရဗဟုသုတ အရာတွင် ကမ်းတဘက်ရောက် ဆိုတန်ဆိုထိုက်သော ငါတို့ ဆရာ ၁၁၅၈ ခုဖွား၊ လှေသင်းအတွင်းဝန်မင်းကြီး မဟာဇေယျသင်္ခယာစသည်ဖြင့် ဖြစ်သည်။

ဦးချိန်ကို ဘိုးတော်ဘုရားလက်ထက် သက္ကရာဇ် ၁၁၅၈ ခုနှစ် အလုံမြို့စီရင်စု မုံရွာမြို့တွင် ဖွားမြင်သည်။ ဘကြီးတော် ဘုရားလက်ထက်တွင် မဟာဇေယျသင်္ခယာဘွဲ့နှင့် သံတော်ဆင့်ကြီးအရာ ခန့်အပ်ခြင်းခံရသည်။ ထို့နောက် သာယာဝတီမင်း၊ ပုဂံမင်းနှင့် မင်းတုန်းမင်းတရားကြီးလက်ထက်တိုင် အမှုတော်ကို ဆက်လက် ထမ်းဆောင်သည်။ မင်းတုန်းမင်းတရားကြီး လက်ထက်တော်တွင် မင်းကြီးမဟာဇေယျသင်္ခယာဘွဲ့နှင့် လှေသင်းအတွင်းဝန်ရာထူးတို့ဖြင့် ချီးမြှင့်မြှောက်စားခြင်းကို ခံရသည်။

ထိုသို့ မင်း ၄ ဆက်တိုင်တိုင် သူကောင်းပြုခြင်း ခံရသော ပညာရှိကြီးမှာ သက္ကရာဇ် ၁၂၁၇ ခုနှစ်တွင် အနိစ္စရောက်လေသည်။ ဦးချိန်သည် ကျမ်းဂန်တတ်မြောက်သော်လည်း မာန်မာန ထောင်လွှားခြင်းမရှိ၊ မိမိကိုယ်ကို နှိမ့်ချတတ်၍ သီလဂုဏ်၊ သမာဓိဂုဏ်တို့နှင့် ပြည့်စုံသည်။ ပညာရှာမှီး ဆည်းပူးတတ် သော ပုဂ္ဂိုလ်ကြီး ဖြစ်ပေသည်ဟု မှော်ဘီဆရာသိန်းကြီး ရေးသားသော ပညာရှိကြီများအကြောင်း၌ ဖော်ပြပါရှိသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)