ရေနံချောင်းမင်းကြီး
ရေနံချောင်းမင်းကြီး (မြန်မာ ၁၁၆၅-၁၂၅၇)
[ပြင်ဆင်ရန်]ရေနံချောင်းမင်းကြီးသည် ရေနံတွင်းရိုးတွင်းစား၊ ရွှေတိုက်စာရင်းဝင် ရေနံချောင်းမြို့နေ ဦးအင်း၊ မယ်အိတို့၏သား ဖြစ်သည်။ ဘိုးတော်မင်းတရားကြီးလက်ထက် သက္ကရာဇ် ၁၁၆၅-ခုနှစ် သီတင်းကျွတ်လတွင် ဖွားမြင်သည်။ ဖွားရက်၊ ဖွားနေ့မှာ သီတင်းကျွတ်လ ၁ဝ ရက်၊ တနင်္ဂနွေနေ့ဟု သိရသော်လည်း လဆန်း ၁ဝ ရက် ဖြစ်သည်။ သို့မဟုတ် လဆုတ် ၁ဝ ရက် ဖြစ်သည်ဟူ၍ကား အတိအကျ မသိရချေ။ အမည်မှာ ဦးစို ဖြစ်သည်။
မိဘနှစ်ပါးတို့က မိမိတို့၏သားငယ်ကို ယင်းတောမင်းကြီးထံ၌ အပ်နှံထားလေသည်။ ဦးစိုသည် ထိုယင်းတောမင်းကြီး၏ ပုရပိုက်ထမ်း နောက်ပါစာရေးအဖြစ် လိုက်ပါရ၍ သင်ကြားပြ သသော နည်းနာဥပဒေသများကို ကျိုးနွံစွာ ခံယူမှတ်သားခဲ့ရလေသည်။ ယင်းတောမင်းကြီးကလည်း ဦးစိုသည် လက်ရေးလက်သား ကောင်း၍ စာရေးစာဖတ် တတ်မြောက်သည်ကို သိတော်မူသဖြင့် တစ်ဆင့်တစ်ဆင့် ကြီးမြင့်စေရန် ဆန္ဒရှိသည့်အတိုင်း စာရေးတော်ခေါင်းအောက် စာရေးငယ်အဖြစ်နှင့် ဗြဲတိုက်စာရေး၊ လွှတ်တော်စာရေး၊ သံတော်ဆင့် ရာထူးတိုင်အောင် မစခဲ့လေသည်။
ထိုနောက် အမရပူရမြို့ ပုဂံရွှေနန်းရှင်လက်ထက်တွင် မြစ်စဉ်ဝန်၊ ကိုးခရိုင်ဝန်၊ ရမည်းသင်းဗိုလ်၊ ရမည်းသင်းဗိုလ်မှူးကြီး အဖြစ်နှင့် သူကောင်းပြုတော်မူခြင်းကို ခံရလေသည်။ ဒုတိယ အင်္ဂလိပ်မြန်မာစစ်ပွဲအတွင်းက တောင်ငူ၊ စစ်တောင်း၊ ဘီးလင်း၊ မုတ္တမ၊ မင်းလှတပ်တို့တွင် အမှုတော်ထမ်းရွက်ခဲ့ရလေသည်။ တစ်ဖန် ရတနာပုံမြို့တည် ပဉ္စမသင်္ဂါယနာတင် မင်းတရားကြီးလက်ထက်တွင် ရှမ်းပြည် သိန္နီကြောင်း စစ်ဗိုလ်မှူးကြီး အဖြစ်နှင့် ချီတက်၍ သူပုန်များကို နှိမ်နင်းတိုက်ခိုက်ရသည်။
သက္ကရာဇ် ၁၂၂၈ ခုနှစ်တွင် မြင်ကွန်းမြို့စား မင်းသား ညီနောင်တို့အရေး ဖြစ်ပေါ်လာရာ မင်းတရားကြီးက စိုးရိမ်တော်မူသဖြင့် ဗိုလ်မှူးကြီးအား အကျယ်ချုပ် ချထားလေသည်။ ၁၂၃၁ ခုနှစ်သို့ ရောက်သောအခါ ဗိုလ်မှူးကြီးအား ရှေ့တော်သို့ ဝင်ရောက်ခစားစေပြီးလျှင် အရှင်၏ကျေးဇူးသစ္စာတော်ကို စောင့်သိ ရိုသေသောဂုဏ်ကို နှစ်သက်အားရတော်မူသဖြင့် မြစ်စဉ်ဝန်၊ မြင်းဝန်၊ ရမည်းသင်းဗိုလ်မှူးမင်းကြီး မဟာမင်းလှမင်းခေါင်ကျော်ဘွဲ့ တံဆိပ်နှင့် ရေနံချောင်းမြို့စား ဝန်ကြီးရာထူးဖြင့် ချီးမြှောက်ခန့်ထား သနားတော်မူလေသည်။ ထိုအခါမှစ၍ ရေနံချောင်းမင်းကြီးဦးစိုဟူသော အမည်ဖြင့် ထင်ရှားလာလေသည်။ ပုဂံ ရွှေနန်းရှင်လက်ထက် မြစ်စဉ်ဝန်အဖြစ် အမှုထမ်းစဉ်က အမရပူရမြို့မှ မြစ်ကြောင်းစုန်ဆင်းလာရာ ရေနံချောင်းမြို့ကို မစားရသောကြောင့် မြို့အနီးသို့ရောက်လျှင် ကျောခိုင်း၍ လှေတော်ကို အောက်သို့ တောက်လျှောက် စုန်စေပြီးနောက်၊ မြို့နှင့်ဝေးရာ ဆိပ်ကမ်းတွင် စခန်းချနားသည်ဟု ဆိုသည်။ ရေနံချောင်းမြို့စား ဝန်ကြီးရာထူးကို ရသောအခါ ရည်ရွယ်ချက်အတိုင်း ဆုတောင်းပြည့်သည်ဟူ၍ ဝန်ကတော်နှင့် သားသမီး ကျေးကျွန်တို့ကို ဝမ်းမြောက်ဝမ်းသာ ပြောပြသည်ဟု ဆိုလေသည်။
သီပေါမင်းတရားလက်ထက်၌လည်း ရာထူးရင်းတွင် အမှုထမ်းရသည်။ သို့ရာတွင် ၁၂၄၂ ခုနှစ်၌ ညောင်ရမ်းမင်းသား ညီနောင် နှစ်ပါးထံသို့ လက်ဆောင်ပဏ္ဏာ ဆက်သကြောင်း ရွှေနားတော်ပေါက်ကြားသဖြင့် ဘုရင့်အမိန့်တော်နှင့် ရှေ့တော်သို့ ဝင်ရောက်ခစားရန် ဆင့်ခေါ်ခြင်းခံရလေသည်။ ရေနံချောင်းမင်းကြီးကလည်း မုသားမပြောလိုသဖြင့် မှန်ရာကိုသာ ဝန်ခံမည်၊ အဆုံးစီရင်သော် အသေခံမည်ဟုဆို၍ ဝန်ကတော်ကြီးနှင့် တကွ သားသမီး၊ ကျေးကျွန်ရင်းတို့ကို လွတ်ရာသို့ ပြေး၍ ပုန်းလျှိုးနေစေလေသည်။ ရှေ့တော်မှောက်သို့ အခစား ရောက်သောအခါ ရေနံချောင်းမင်းကြီးက ကျေးဇူးရှင်သခင်များ၏ သားစဉ်မြေးဆက် ကျေးဇူးတော်မြတ်ကို မမေ့အပ်သဖြင့် နောင်တော်တို့ထံ လက်ဆောင်ပဏ္ဏာဆက်သရကြောင်း မကွယ်မထောင့် လျှောက်တင်လေသော် ဘုရင်လည်း မျက်တော်မူ၍ ဝန်ကြီးရာထူးမှ နုတ်ပယ်လိုက်လေသည်။
၁၂၄၆ ခုနှစ်သို့ ရောက်လျှင် ဘုရင်မင်းမြတ်က မင်းကြီးအား သတိရသောကြောင့် ဆင့်ခေါ်တော်မူ၍ မူလ ရေနံချောင်းမြို့စား ရာထူးကို ပြန်လည်ပေးအပ်သည့်အပြင်၊ ကျောက်စီတောင်ဝှေးတော်ကိုလည်း သနားတော်မူမည်ဟု မိန့်ကြားလေသည်။ ထိုအခါ မင်းကြီးက အသက်အရွယ်ကြီးရင့်အိုမင်းပြီ ဖြစ်ပါ၍ အမှုတော်ကို မထမ်းရွက်နိုင်ကြောင်း လျှောက်တင်လျက် ရာထူးကို လက်မခံခဲ့ချေ။
တစ်ဖန် ၁၂၄၇ ခုနှစ်တွင် နိုင်ငံတော်အရေး ပေါ်ပေါက်လာသဖြင့် ဘုရင်မင်းမြတ်က မင်းကြီးအား စစ်ရေးစစ်ရာအတွက် တာဝန်ပေးအပ်ပြန်ရာ၊ အိုမင်းမစွမ်းရှိသောကြောင့် အမှုတော်ကို သက်စွန့်ကြိုးပမ်း မထမ်းရွက်နိုင်ကြောင်း လျှောက်တင်၍ ငြင်းပယ်ခဲ့လေသည်။
ရေနံချောင်းမင်းကြီးသည် တည်ကြည်ခိုင်မာသောစိတ် ရှိသည်ဟု ဆိုသည်။ ကဗျာသီချင်းတို့၌ ဝါသနာပါသည်။ တောတောင်၊ ဆဲ့နှစ်ရာသီတို့နှင့် ဆိုင်သော တေးထပ်၊ ရှစ်ဆယ်ပေါ်၊လေးချိုးကြီး၊ ပတ်ပျိုးကြီး၊ ယိုးဒယား၊ ဘောလယ် ဗုဒ္ဓဟေချီး အခန်းများကို နှုတ်ရဆောင်သည်ဟုလည်း ပြောထုံးတွင်လေသည်။
ရေနံချောင်းဝန်ကြီးမင်းသည် ၁၂၅၇ ခုနှစ် နယုန်လဆုတ် ၂ ရက်နေ့ အသက် ၉၂ နှစ်အရွယ်တွင် အနိစ္စရောက်လေသည်။ ဝန်ကြီးကတော်နှစ်ဦးမှာ ဒေါ်သီလှနှင့် ဒေါ်ချိုဖြစ်၍၊ ဒေါ်ချိုသည် ဦးစို ရေနံချောင်းမင်းကြီးမဖြစ်မီက အနိစ္စ ရောက်လေသည်။ ဝန်ကြီးကတော် ဒေါ်သီလှတွင် မမယ်ကလေးခေါ် မခင်ကလေး၊မောင်မောင်ကင်း၊ မောင်မောင်ဝင်းဟူ၍ သားသမီး သုံးယောက် ရှိသည်။ ဝန်ကြီးကတော် ဒေါ်ချိုကြေးမြှင် မိဖုရား မမခင်နှင့် မြေနန်းဝန်မောင်မောင် ကလေးယူ၍ သားသမီး နှစ်ယောက်ရှိရာ ပျဉ်းမနားကိုယ်တော်ကြီးသည် ကြေးမြှင်မိဖုရား၏ သားတော် ဖြစ်လေသည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)