ဒင်္ဂါးသွန်းစက်ရုံ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
၁၂၂၇ ခုနှစ် တန်ဆောင်မုန်းလ က ဖွင့်လှစ်ခဲ့သော ဒင်္ဂါးစက်ရုံတော်

ဒင်္ဂါး ခတ်လုပ်ရန် အုတ် အင်္ဂတေ တို့ဖြင့် ကြီးကျယ် ခိုင်ခံ့သည့် စက်ရုံကြီး တစ်ခုကို နန်းတော် သစ်တပ်အတွင်း ပဟိုရ်စင် မြောက်ဘက်၌ ၁၂၂၇ ခု၊ (ခရစ် ၁၈၆၅) တန်ဆောင်မုန်းလအတွင်း ဆောက်လုပ် ပြီးပြေခဲ့သည်။ ယင်း စက်ရုံတွင် ဒင်္ဂါးခတ် လုပ်ရန် - ငွေရည် ကျိုရာ တိုက်ခန်း၊ ငွေပြားကြီး ကြိတ်ရာ တိုက်ခန်း၊၎ ကြိတ်ပြီး ငွေပြားကို ပျော့ပျောင်းအောင် ဆေးရည်ဓာတ် စိမ်ရာ တိုက်ခန်း၊၎ ငွေပြားကို ညီညွတ်အောင် အဆင့်ဆင့် သံလုံး စက်ဖြင့် ကြိတ်လုပ်သည့် တိုက်ခန်း၊ ငွေပြားကြီးကို ဒင်္ဂါးပြား၊ ငါးမူးပြား၊ မတ်စေ့ပြား၊ မူးစေ့ပြား ဖြစ်အောင် ဘောက်စက်နှင့် ဘောက်ယူသည့် တိုက်ခန်း၊ ဘောက်ပြီး ဒင်္ဂါးကို ထောင့်ဘိရာ တိုက်ခန်း၊ ထောင့်ဘိပြီး ဒင်္ဂါးကို ပျော့ပျောင်းအောင် ထပ်မံ လုပ်သည့် တိုက်ခန်း၊ ဒင်္ဂါး ဖြူစင် သန့်ရှင်းအောင် ဆေးရည် ဓာတ်ရည်တို့ဖြင့် ဆေးကြောသည့် တိုက်ခန်း၊၎ ဆေးကြောပြီး ဒင်္ဂါးကို ပွတ်သပ်သည့် တိုက်ခန်း၊ ပွတ်သပ်ပြီး ဒင်္ဂါးများကို အရုပ် ပန်းထောင့်ပိတ် ဖြစ်အောင် ရိုက်သည့် စက်ခန်း၊၎ ရိုက်ပြီး ဒင်္ဂါး များကို ချိန်မှတ်ရန် ချိန်ခွင်ထားသည့် တိုက်ခန်း တို့ဖြင့် ပြည့်စုံစွာ ရှိခဲ့သည်။ ဒင်္ဂါး ခတ်စက်ကို အင်္ဂလိပ် ကုန်သည်ကြီး ဝီလျံဝါလစ်က ပြင်သစ်မှ မှာထား ဝယ်ယူ ပေးသွင်း သည်ဟု ယူဆ ရသည်။ ထိုသို့ ဒင်္ဂါးစက် ဝယ်ယူ ပေးသွင်းသည့် အတွက် ဝီလျံဝါလစ်ကို တောင်ငူ သစ်တောရှိ သစ်များ ဝယ်ယူ နိုင်ခွင့် ပေးခဲ့ဟန် တူသည်။ ဒင်္ဂါးစက် တန်ဖိုးကို ဝီလျံဝါလစ် တင်ပြ တောင်းဆိုသည့် အတိုင်းပင် ငွေပေးခဲ့သည် ဆိုသော်လည်း တန်ဖိုးငွေ မည်ရွေ့ မည်မျှဟု တိတိကျကျ မသိရချေ။ ထို့နောက် ၁၂၂၈ ခု၊ ကဆုန်လမှ သီတင်းကျွတ်လ (ဧပြီ၊ အောက်တိုဘာ ၁၈၆၆) အတွင်း မောင်ရွှေလှ နှင့် ဟာရီ ဆိုသူ တို့ကို ဘင်္ဂလားသို့ ငွေဒင်္ဂါး၊ ရွှေဒင်္ဂါးရိုက် တံဆိပ် ဝယ်ယူရန် စေလွှတ်ခဲ့သည်။ ထို့ပြင် ၁၂၂၇ ခု၊ ဝါဆိုလ (ဇူလိုင် ၁၈၆၅) အတွင်း ယောမင်းကြီး ဦးဘိုးလှိုင် သည် ကာလကတ္တား ဒင်္ဂါး စက်ရုံ စီမံ အုပ်ချုပ်ပုံ စည်းမျဉ်း ဥပဒေများ၊ ငွေကို စင်အောင် ပြုလုပ်နည်း၊ ငွေဒင်္ဂါး တစ်ကျပ်လျှင် သတ္တု ရောသည့် စံနှုန်းနှင့် ဒင်္ဂါး စက်ရုံနှင့် ပတ်သက်၍ သိသင့် သိထိုက် သမျှ အကြောင်းအရာ များကို ကာလကတ္တား ဒင်္ဂါး စက်ရုံမှ ရယူ ပေးရန် ဗြိတိသျှ အစိုးရ ကိုယ်စားလှယ်ထံ စာရေးသား အကြောင်း ကြားခဲ့သည်။

ရတနာပုံ ဒင်္ဂါး စက်ရုံတွင် ၁၂၂၇ ခု၊ တန်ဆောင်မုန်း လပြည့်ကျော် ၉ ရက် (၁၁ နိုဝင်ဘာ ၁၈၆၅)၊ စနေနေ့ နံနက် တစ်ချက်တီးကျော် အချိန် အခါတော်နှင့် ဒင်္ဂါး စတင် ခတ်လုပ် ခဲ့သည်။ ရွှေ ငွေ ကြေးနီ သံဖြူနှင့် ခဲဒင်္ဂါးများ ထုတ်လုပ်ခဲ့ရာ ဒေါင်းတံဆိပ် ကျပ်သုံး ငွေဒင်္ဂါး များကို မင်းတုန်းမင်း နန်းတက် သက္ကရာဇ် ၁၂၁၄ ခု၊ ခတ်နှိပ် ထုတ်လုပ်သည်။ ၁၈၇၀ ပြည့်နှစ်တွင် ဒင်္ဂါးစက်ရုံ၏ လုပ်ငန်းမှာ ကောင်းစွာ အောင်မြင်လျက် ရှိပပြေီ။ ထိုစဉ်က ဗြိတိသျှ အစိုးရကိုယ်စားလှယ်က ဒင်္ဂါး စက်ရုံနှင့် ပတ်သက်၍ မြန်မာဘုရင် အစိုးရကို ချီးကျူး ထိုက်ကြောင်း ဝန်ခံရမည် ဖြစ်ပါသည်ဟု အစီရင်ခံစာ ရေးသား ခဲ့သည်။ ၁၈၇၃ ခု၊ မေလ အတွင်း ကာနယ် ဘရောင်းနှင့် အဖွဲ့တို့ ရတနာပုံ ဒင်္ဂါး စက်ရုံကို ဝင်ရောက် ကြည်ရှု့ခဲ့စဉ်က စက်ရုံ၏ ထုတ်လုပ် စွမ်းအားမှာ တနေ့လျှင် ကျပ် ၁၀,ဝဝဝ မှ ၁၅,ဝဝဝ ထိ ရှိသည်ဟု ဆိုသည်။ စက်ရုံအတွင်း ကြီးကြပ်အုပ်ချုပ် လုပ်ကိုင်ရေးကို နိုင်ငံခြားသားများ လုံးဝ မပါဘဲ မြန်မာ တို့ပင် စီမံလုပ်ဆောင်သည်။ ၁၈၇၀ ပြည့်နှစ် အတွင်း ဒင်္ဂါး စက်ရုံကို ကြီးကြပ် လုပ်ဆောင် ရသူ အရာရှိသည် ရွှေဒင်္ဂါးများ လုပ်ဆောင်ရာတွင် မရိုးမသား၍ မှုခင်းကြီးစွာ ဖြစ်ခဲ့သည်ဟု ဆိုသည်။ ရတနာပုံ ဒင်္ဂါး စက်ရုံထွက် ငါးကျပ်တန် ရွှေဒင်္ဂါး များသည် ၁၈၇၃ ခုနှစ်က လေးကျပ် လေးပဲထိ ဈေးကျခဲ့သည်။ တချိန်တွင်မူ နပြေည်တော် ပြင်ပ၌ တန်ဖိုး သုံးကျပ် အထိပင် လျော့ကျ ခဲ့သည်။ သီပေါမင်း ပါတော်မူသည် အထိ အနှစ် ၂၀ အတွင်း ယင်း စက်ရုံမှ ခတ်လုပ် ခဲ့သည့် ငွေဒင်္ဂါး တန်ဖိုးမှာ ခန့်မှန်းခြေ အားဖြင့် အောက်ပါ အတိုင်း ၂၈ သန်း ကျော်ခန့် ရှိသည်။

  • တစ်ကျပ်သုံးဒင်္ဂါး …. ၂၆,၄၀၆,ဝဝဝ (ပြားရေ) - ၂၆,၄၀၆,ဝဝဝ (တန်ဖိုးကျပ်)
  • ငါးမူးစေ့ …. ၁,၉၇၃,၃၀၀၀ (ပြားရေ) - ၉၈၆,၅၀၀ (တန်ဖိုးကျပ်)
  • မတ်စေ့ …. ၂,၈၆၆,ဝဝဝ (ပြားရေ) - ၇၁၆,၅၀၀ (တန်ဖိုးကျပ်)
  • မူးစေ့ …. ၅,၁၇၃,ဝဝဝ (ပြားရေ) - ၆၄၆,၆၂၅ (တန်ဖိုးကျပ်)
  • စုစုပေါင်း တန်ဖိုးကျပ် ၂၈,၇၅၅,၆၂၅

ရတနာပုံ ဒင်္ဂါး စက်ရုံထွက် တစ်ကျပ်သုံး ဒေါင်းတံဆိပ် ငွေဒင်္ဂါး များမှာ အိန္ဒိယသုံး ငွေဒင်္ဂါးနှင့် အလေးချိန်နှင့် အရည်အသွေးတို့ တတန်းတစားတည်း ဖြစ်စေရန် ရည်သန် လုပ်ဆောင် ခဲ့သည်။ ယင်းသို့ လုပ်ဆောင် ခြင်းဖြင့် ဗြိတိသျှ မြန်မာနိုင်ငံနှင့် ကူးသန်း ရောင်းဝယ်ရေး ဖြောင့်ဖြူး လွယ်ကူ စေရန် စီမံခဲ့ခြင်း ဖြစ်သည်။[၁] [၂] မြန်မာစက်မှုခေတ်ပြောင်းတော်လှန်ရေး၏ ပြယုဂ်ဖြစ်သော ဒင်္ဂါးသွန်းစက်ရုံကို မင်းတုန်းမင်းကြီးနှင့် အိမ်ရှေ့စံ ကနောင်မင်သားတို့ တည်ဆောက်ခဲ့သည်။

တည်နေရာ[ပြင်ဆင်ရန်]

အောင်မြေသာစံမြို့နယ်၊ မန္တလေး နန်းမြို့တွင်း၌ တည်ရှိသည်။ အရှေ့ဘက်တွင် အတွင်းမြို့ရိုးသစ်တပ်နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရုံး၊ အနောက်ဘက်တွင် မြနန်းစံကျော်ရွှေနန်းတောကြီး၊ တောင်ဘက်တွင် မင်းတုန်းမင်း အုတ်ဂူပြာသာဒ်နှင့် ဗဟိုရ်စင်၊ မြောက်ဘက်တွင် စစ်အကျဉ်းထောင်ဟောင်းတို့ တည်ရှိသည်။

ခေတ်ကာလ[ပြင်ဆင်ရန်]

ရတနာပုံခေတ်လက်ရာဖြစ်သည်။

ထူးခြားချက်[ပြင်ဆင်ရန်]

မြန်မာစက်မှုခေတ်ပြောင်းတော်လှန်ရေး၏ ပြယုဂ်ဖြစ်သည်။ ရတနာပုံခေတ် ဒင်္ဂါးသွန်းစက်ရုံဖြစ်သည်။

သမိုင်းအကျဉ်း[ပြင်ဆင်ရန်]

မင်းတုန်းမင်းလက်ထက် ညီတော် အိမ်ရှေ့စံကနောင်မင်းသား ကိုယ်တော်တိုင် ကြီးကြပ်၍ ဒင်္ဂါးခတ်လုပ်ရန် ဒင်္ဂါးသွန်းစက်ရုံကြီးကို တည်ဆောက်ခဲ့သည်။ သက္ကရာဇ် ၁၂၁၄ ခုနစ်တွင် စတင်တည်ဆောက်ခဲ့ရာ သက္ကရာဇ် ၁၂၂၇ ခုနစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၉ ရက်၊ (၁၁-၁၁-၁၈၆၅)၊ နံနက်၌ အမြောက်သုံးချက်ပစ်ဖောက်၍ စတင်ဖွင့်လှစ်ခဲ့သည်။ ဒေါင်းဒင်္ဂါး၊ ဒေါင်းပိုက်ဆံ၊ မူးစေ့၊ မတ်စေ့၊ ပဲစေ့၊ ရွှေဒင်္ဂါးခတ်စက်ကို အင်္ဂလိပ်ကုန်သည်ကြီး ဝီလျံဝါလစ်က ပြင်သစ်မှ မှာယူပေးသွင်းခဲ့သည်။

အမျိုးအစား[ပြင်ဆင်ရန်]

အုတ်အင်္ဂတေဖြင့် ဆောက်ထားသော အဆောက်အအုံဖြစ်သည်။ ခေါင်းတိုင်နှင့်တကွ အခန်း ခုနစ်ခန်းပါ ထောင့်မှန်စတုဂံပုံ အဆောက်အအုံဖြစ်၍ လုပ်ငန်းစဉ်အလိုက် အခန်းများ ခွဲခြားထားသည်။

လက်ရှိအခြေအနေ[ပြင်ဆင်ရန်]

အဆောက်အအုံမှာ အနောက်ဘက်သို့ မျက်နှာပြုတည်ဆောက်ထားပြီး ဝင်ပေါက်ကို သံတံခါးတပ်ထားသည်။ ပုံစံမှာ ထောင့်မှန်စတုဂံပုံ အဆောက်အအုံဖြစ်ပြီး အလယ်တွင် ကွက်လပ်ထား၍ အရှေ့တောင်ထောင့်တွင် မြင့်မားသော ခေါင်းတိုင်ပါဝင်တည်ဆောက်ထားသည်။ ရတနာပုံခေတ်တွင် တည်ဆောက်ခဲ့ပြီး တိုင်များတွင် ကြာပန်းများမပါရှိပဲ ဝင်္ကပါပုံဖော်ထားသည်။ အမိုးတိုင်များတွင် ဖရုံမြှောင့်အပြင် အဝင်ပေါက်များ၏ အပေါ်ခုံးပန်းများမှာ အတုမရှိကျောင်းအမွှမ်းပန်းပုံစံမျိုးဖြစ်သည်။ အခန်းများမှာလည်း လုပ်ငန်းစဉ်အလိုက် ငွေအရည်ကျိုခန်း၊ သတ္ထုရောခန်း၊ ပုံနှိပ်ခန်း စသည်ဖြင့်ခွဲခြားထားသည်။

ထိန်းသိမ်းမှု[ပြင်ဆင်ရန်]

ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနက ထိန်းသိမ်းစောင့်ရှောက်ထားသည်။ [၃]

အကိုးအကား[ပြင်ဆင်ရန်]

  1. ဒင်္ဂါးစက်ရုံ။ ၁၆ ၊ ၂၀၁၂ တွင် ပြန်စစ်ပြီး။ဖေဖေါ်ဝါရီ ၂၀၁၂ တွင် ပြန်စစ်ပြီး။
  2. မကြန် (၂၀၀၄ အောက်တိုဘာ). ကုန်းဘောင်၏ နောက်ဆုံး အားမာန်, ပထမ အကြိမ်. မြန်မာ့ရတနာ စာပေ. 
  3. မန္တလေးဒေသ ရှေးဟောင်းအဆောက်အအုံများမှတ်တမ်း၊ အမှတ် (၁)၊ ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန၊ ဒုကြိမ်၊ ဖေဖော်ဝါရီ ၂၀၁၁။