ဒင်္ဂါး

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

မြန်မာနိုင်ငံတွင် လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ကျော်မှစ၍ ဒင်္ဂါးများကိုအသုံးပြုကြသည် ဆိုသည်။ မြန်မာတို့သည် ဒင်္ဂါးဟူသောဝေါဟာရကို ပါဠိစကားလုံး ဋင်္က မှ ထုတ်ယူသုံးစွဲဟု အဆိုရှိသည်။ ဘုရင့်တံဆိပ်လက်ရာရှိသောငွေကြေး ဟုအဓိပ္ပာယ်ရသည်။ အချို့ကလည်း မြန်မာအခေါ် ဒင်္ဂါးသည် သက္ကတဘာသာ တင်္က ဟူသောစာလုံးမှ ရွေ့လျားလာသည်ဟုဆိုသည်။ ဒင်္ဂါးဟူသောဝေါဟာရသည် မြန်မာစကား အသုံးအနှုန်းထဲ၌သာမက စာပေ၊ ကဗျာ ၊ လင်္ကာတို့၌ပင် ပါဝင်နေသဖြင့် မြန်မာတို့နားရည်ဝနေသည်မှာ ကြာပြီဖြစ်သည်။မြန်မာလင်္ကာဆရာကြီး ဖိုးသူတော်ဦးနု၏ အင်္လကာတစ်ခုတွင် ဒင်္ဂါး - ဒင်္ဂါး အရင်းစကားမှာ ဘင်္ဂလားအခေါ် မျက်နှာပွင့်ဆေး သူပါလျှင် ရင်အေးစေတတ်တာမို့ အနုဆေးလို့လဲခေါ်လောက်ပါရဲ့ ဟူ၍တွေ့ရလေသည်။ ထို့ထက်ရှေးကျသော ကဗျာတစ်ပုဒ်မှာ မြန်မာသက္ကရာဇ် ၉၁၂ ခုနှစ်တွင်နန်းတက်သော ဟံသာဝတီ ဆင်ဖြူရှင်မင်းလက်ထက် ရှင်ကုမာရ ရေးသားသော ဓမ္မရာသီပျို့တွင် ဆန်းကြယ်တင့်တယ် တံဆိပ်ခတ်သား ကျပ် - မတ် - မူး - ပဲ သုံးစွဲဖွယ်မူ ဒင်္ဂါးပြ၍ အကုဋေမျှ ရာမကသား ဟုစပ်ဆိုထားသည်ကိုတွေ့ရသည်။ ဒင်္ဂါးနှင့်ပတ်သက်၍ မြန်မာအဘိဓာန်အကျဉ်းချုပ် အတွဲ ၂ (ဆ - န)၌ တံဆိပ်ခတ်နှိပ်၍ အလေးချိန်နှင့်တန်ဖိုးသတ်မှတ်ကာ သွန်းလုပ်ထားသော ရွှေငွေ စသည့် သတ္တုပြား ဟုအဓိပ္ပာယ်ဖွင့်ဆိုထားသည်။