မဲဇာတောင်ခြေ ရတု

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

မဲဇာတောင်ခြေရတု ကို လက်ဝဲသုန္ဒရ အမတ်ကြီးက ရေးသားခဲ့သည်။ လူအမည်မှာ ဦးမြတ်စံ ဖြစ်သည်။ ရွှေဘိုနယ်၊ မန်ကျည်းတုံရွာ၌ ဖွားမြင်သည်။ အင်းဝဘုရင် ဆင်ဖြူရှင်လက်ထက်တွင် ရာဇဝတ်သင့်သည်ဆိုကာ မဲဇာအရပ်သို့ အပို့ခံခဲ့ရသည်။ မဲဇာအရပ်(ယခုကသာထီးချိုင့်နယ်)သည် တောတောင်ကြီးမားသောကြောင့် လူသူအရောက်အပေါက် ရှားပါးသည်။ အလွန်အေး၍ ငှက်ဖျားကြီးသော အရပ်ပင်ဖြစ်သည်။ အမတ်ကြီးသည် မဲဇာသို့ ရောက်ပြီးနောက် ဤရတုကို ရေးစပ်ကာ ရှင်ဘုရင်အား ဆပ်သခဲ့သည်။ ရှင်ဘုရင်က သနားတော်မူပြီး အပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ပေးခဲ့သည်။ ထိုရတုသည် မဲဇာတောင်ခြေရတု ပင်ဖြစ်သည်။

၁။ မဲဇာတောင်ခြေ။ ။ စီးထွေထွေတည့်၊ မြစ်ရေဝန်းလည်၊ မြိုင်တောဆီက၊ ရွှေပြည်ကိုသာ၊ တရှာတော့မိ၊ မိုးရှိရှိလျှင်၊ သီရိကျက်သရေ၊ တက်ဖြိုးဝေသား၊ အောင်မြေကြော့ကြော့၊ ကုန်းမော့မော့နှင့်၊ ဘိုးတော့်ကောင်းမှု၊ တည်ထားပြုသည်၊ ဇဗ္ဗူ့ဆီမီး၊ ခြောက်ရောင်ညီးမျှ၊ ဂူကြီးသခင်၊ ရွှေလင်းပင်နှင့်၊ ရွှေခြင်္သေ့မွေ၊ စ၍ရေသော်၊ ရွှေစေတီကြီး၊ အသီးသီးတည့်၊ ပိတ်ဆီးခြယ်သမ်း၊ လျှပ်ရောင်တန်းမျှ၊ ရွှေနန်းရွှေဘုံ၊ အလုံးစုံကို၊ အာရုံမျက်မြင်၊ ဖူးမြော်ချင်၍၊ သည်တွင်ရွှေမြို့၊ သည်သို့စေတီ၊ သည်ဆီရွှေနန်း၊ ဖြောင့်တန်းတော့မည်၊ စိတ်ကရည်သည်။ ။ ရွှေပြည်ဌာန ဝေးသောကြောင့်။
၂။ သဲသာသောင်မြေ။ ။ မြစ်ကမ်းခြေလည်း၊ အကြေတစ်ပြင်၊ တို့အောက်ခွင်ဝယ်၊ ရေရှင်ပတ်ဝန်း၊ ပျော်ဖွယ်ထွန်းလိမ့်၊ တစ်ကျွန်းလောက်ပင်၊ ဝေးမည်ထင်ခဲ့၊ စီးသွင်ညိုရစ်၊ မဲဇာမြစ်လည်း၊ ထစ်ထစ်သွန်းဘိ၊ ချုံအတိနှင့်၊ တောကြီးဆိတ်ညံ၊ ဆီးကျံကျံဝယ်၊ ဓူဝံမပေါ်၊ ရီမှိုင်းသော်ကြောင့်၊ မမျှော်ပါရ၊ နေကိုတလည်း၊ ဘယ်ကရှေ့နောက်၊ ဘယ်တောင်မြောက်ဟု၊ တွေးထောက်မမှန်၊ ဖြစ်ရဟန်ကို၊ ဖန်ဖန်အံ့ဩ၊ ကြံတိုင်းမောစွ၊ ဘယ်တောဘယ်မြိုင်၊ မသိနိုင်ခဲ့၊ မခိုင်စိတ်ဝမ်း၊ နေ့တိုင်းလွမ်းရှင့်၊ ကင်းစမ်းတောင်က၊ လေဦးစ၍၊ နောက်မှလေရှည်၊ အတည်တည်သည်။ ။ လေပြည်လာက အေးသောကြောင့်။
၃။ ပွဲခါညောင်ရေ။ ။ သွန်းမြဲပေတည့်၊ ရိုသေသဒ္ဒါ၊ ထုံးစဉ်လာဖြင့်၊ မဲဇာသူရပ်၊ တောင်းဆုယူသည်၊ ရွှေဂူတော်နှင့်၊ ရှုတိုင်းတင့်သား၊ မိုးမြင့်သီခေါင်၊ မဲဇာချောင်က၊ တစ်တောင်လုံးမှိုင်း၊ စ၍ဆိုင်းသော်၊ တောင်တိုင်းယှက်၍၊ ဝန်းကာဝှေ့သည်၊ တောင်ငွေ့ဝေဝေ၊ အထွေထွေနှင့်၊ လေလည်းရောရော၊ မိုးမပါဘဲ၊ သံဝါဖြောက်ဖြောက်၊ ဆီးနှင်းပေါက်လည်း၊ မိုးလောက်ပြင်းထန်၊ သွန်းချပြန်သော်၊ ယုဂန်ထင်ရှား၊ တောင်တော်ဖျားက၊ ရထားယာဉ်သာ၊ နေစကြာလည်း၊ ရောင်ဝါမထွန်း၊ ချမ်းရှာလွန်း၍၊ တည့်မွန်းချိန်နေ၊ ရောက်လွယ်စေဟု၊ စေ့ရေလှည့်လည်၊ တလျက်မြည်သည်။ ။ နေခြည်ဖြာမှ နွေးသောကြောင့်။

ကိုးကား[ပြင်ဆင်ရန်]

  1. (စက်တင်ဘာလ ၂၀၀၈ခုနှစ်) မြန်မာ့ဂုဏ်ရည် ရာဇဝင်ဖတ်စာ - အမျိုးသားပညာဝန် ဦးဖိုးကျား, ဒုတိယအကြိမ်, ၈၅၊ ၁၆၄ လမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့: ဦးစန်းဦး၊ စိတ်ကူးချိုချိုစာအုပ်တိုက်၊, ၂၅၁။