သုတ္တန်ပိဋကတ်

ဝီကီပီးဒီးယား မှ
(သုတ်ပိဋကတ် မှ ပြန်ညွှန်းထားသည်)
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

သုတ္တန်ပိဋကတ်သည် ဝေနေယျသတ္တဝါတို့၏ စရိုက် ဝါသနာကိုလိုက်၍ လူအများ သိရှိနားလည်လွယ်သော ဝေါဟာရများကို အခြေခံကာ ဟောကြားထားသော တရားတော်များဖြစ်သည်။ မိမိအကျိုးစီးပွား၊ သူတစ်ပါးအကျိုးစီးပွား၊ လောကီအကျိုးစီးပွား၊ လောကုတ္တရာ အကျိုးစီးပွား တို့ကိုပြတတ် ပြုတတ်သောကြောင့်၎င်း၊ ဝေနေယျသတ္တဝါတို့၏ သဘောအနုအရင့်နှင့် လျော်စွာ ဟောတော်မူသောကြောင့် ၎င်း သုတ္တမည်၏။ ၎င်းသုတ္တကိုပင် သုတ္တန္တ-သုတ္တန်ဟုခေါ်သည်။ သုတ္တန်ပိဋကတ်သည် ဝေနေကျသတ္တဝါတို့၏ စရိုက်ဝါသနာကိုလိုက်၍ လူအများသိရှိနားလည်လွယ်သောဝေါဟာရများကိုအခြေခံကာ ဟောကြားထားသော တရားတော်များဖြစ်သည်။

“သုတ္တ”သည် “တမျဉ်းချည်၊ ပန်းသီတံ၊ ပန်းသီကြိုး”ဟု တိုက်ရိုက် အနက်အဓိပ္ပါယ်ရ၍ မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော ဓမ္မဒေသနာတို့အား ဖရိုဖရဲ မဖြစ်ရအောင် သီကုံးပေးထားသော ကြိုးသဖွယ် ယူဆနိုင်ပါသည်။ (ပါဠိဝေါဟာရ “သုတ္တ”အား သုတ်, သုတ္တန်, သုတ္တံစသဖြင့် မြန်မာမှုပြု လေ့ရှိသည်။)

ဓမ္မစကြာသုတ်၊ အနတ္တလက္ခဏာသုတ်၊ ပဋိစ္စသမုပ္ပါတ်သုတ်၊ မဟာသတိပဋ္ဌာနသုတ်တော် များသည် သုတ္တန်ပိဋကတ် တွင် ပါဝင်သည်။ သုတ္တန်(၁၉)ကျမ်း ရှိသည်။

နိကာယ် ငါးရပ်[ပြင်ဆင်ရန်]

နိကာယ (နိကာယ်) ဆိုသည်မှာ အစုအဝေးကို ခေါ်သည်။ သုတ္တန်ပိဋကတ်တွင် နိကာယ် ငါးရပ်ရှိသည်။

  1. ဒီဃနိကာယ် = ရှည်လျှားသော သုတ်တို့၏ အစုအဝေး၊
  2. မဇ္ဈိမနိကာယ် = အလယ်အလတ် သုတ်တို့၏ အစုအဝေး၊
  3. သံယုတ္တနိကာယ် = ဟောကြားသည့် အကြောင်းအရာ၊ နာကြားသည့် ပုဂ္ဂိုလ် စသည်အားဖြင့် ဆက်စပ်မှုရှိသော သုတ်များကို အခန်းကဏ္ဍအလိုက် ခွဲခြား၍ စုစည်းထားသော အစုအဝေး၊
  4. အင်္ဂုတ္တရနိကာယ် = အကြောင်းအရာ တစ်ခုကို ဟောကြားသောသုတ်၊ အကြောင်းအရာ နှစ်ခုကို ဟောကြားသောသုတ် စသည်ဖြင့် တစ်ခုနှင့် တစ်ဆယ့်တစ်ခု အထိ အစဉ်အတိုင်း တိုး၍ စီစဉ်ထားသော သုတ်တို့၏ အစုအဝေး၊
  5. ခုဒ္ဒကနိကာယ် = ဤနိကာယ်လေးရပ်တွင် မပါဝင်သော ကျမ်းများကို `ခုဒ္ဒကဂန ္ထကျမ်းငယ်´များဟု ခေါ်သည်။

(၃၇)ကျမ်း[ပြင်ဆင်ရန်]

  1. ဒီဃနိကာယ် = (၃)ကျမ်း
  2. မဇ္ဈိမနိကာယ် = (၃)ကျမ်း
  3. သံယုတ္တနိကာယ်= (၅)ကျမ်း
  4. အင်္ဂုတ္တရနိကာယ် = (၁၅)ကျမ်း
  5. ခုဒ္ဒကနိကာယ် = (၁၁)ကျမ်း

စုစုပေါင်း (၃၇)ကျမ်းဖြစ်သည်။