မာတိကာသို့ ခုန်သွားရန်

အဘိဓမ္မာပိဋကတ်

ဝီကီပီးဒီးယား မှ

ဗုဒ္ဓမြတ်စွာဘုရားရှင်သည် သတ္တမမြောက်ဝါကို တာ၀တိံသာနတ်ပြည်တွင် ဝါကပ်တော်မူပြီး မယ်တော်မိနတ်သားအားအမှူးထား၍ အဘိဓမ္မာတရားတော်ကို ဟောကြားတော်မူခဲ့သည်။ ထိုသို့ဟောကြားစဉ် နေ့စဉ်ဆွမ်းခံချိန်၌ နတ်ပြည်တွင် နိမ္မိတရုပ်ပွားကို ကိုယ်စားဟောကြားစေပြီး မြောက်ကျွန်းဥတ္တရကုရုသို့ ဆွမ်းခံကြွတော်မူပါသည်။ ထိုနောက် အနောဓာတ်အိုင်၌ဆွမ်းဘုဉ်းပေးတော်မူပြီး လက်ယာရံ အဂ္ဂသာဝက ရှင်သာရိပုတ္တရာအား အဘိဓမ္မာတရားတော်ကို အကျဉ်းချုပ် ဟောကြားတော်မူပါသည်။ အရှင်သာရိပုတ္တရာသည် ပညာအရာ၌ ဧတဒဂ်ရသည့်အားလျော်စွာ ဘုရားရှင်ဟောကြားအပ်သော တရားအကျဉ်းကို အကျယ်သိမြင်တော်မူပြီး လင်းနို့သားငါးရာဖြစ်ဖူးသော တပည့်ရဟန်းတော်များကို ပြန်လည်ပို့ချခဲ့သည်။ လူ့ပြည်ရှိ အဘိဓမ္မာပိဋကသည် အရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ဟောကြားပို့ချခဲ့သော ပိဋက ဖြစ်သည်။

အဘိဓမ္မာ

[ပြင်ဆင်ရန်]

အဘိဓမ္မာသည် သတ္တလောက၊ ဩကာသလောက၊ သင်္ခါရရလောက ဟုဆိုအပ်သော လောကသုံးပါးနှင့် နိဗ္ဗာန် အကြောင်းအရာများကို ပရမတ္ထ တရားလေးပါးအဖြစ် ခွဲခြမ်းစိတ်ဖြာကာ သဘာဝတရားများကို ဖြစ်စဉ်အတိုင်း အကြွင်းမရှိပြည့်စုံစွာ ဟောကြားတော်မူခဲ့သော ပရမတ္ထဒေသနာတော်ဖြစ်သည်။


အဘိဓမ္မာ ဆိုသည်မှာ ရုပ်၊ နာမ်တရားများကို ဟောကြားရာတွင် နားလည်လွယ်သော ဝေါဟာရများကို အခြေမခံပဲ အရှိအရှိအတိုင်း အမှန်အမှန်အတိုင်း ဓမ္မဓိဋ္ဌာန်ကျကျဖြင့် ဟောပြသောတရားတော်များကို အဘိဓမ္မာတရားတော်များ စုစည်းရာနေရာဖြစ်သည်။

အဘိဓမ္မာတရား ဟောကြားပုံ ဟောကြားနည်း သုံးမျိုးရှိသည်။

[ပြင်ဆင်ရန်]

(က) မြတ်စွာဘုရားရှင် တာဝတိံသာနတ်ပြည်၌ မယ်တော်မိနတ်သားအား အမှူးထား၍ နတ်ဗြဟ္မာပရိသတ်တို့အား အကျယ်နည်းဖြင့် ဟောကြားတော်မူခြင်း။

(ခ) စန္ဒကူးနံ့သာတော၌ အရှင်သာရိပုတ္တရာအား အကျဉ်းနည်းဖြင့် ဟောကြားတော်မူပါသည်။

(ဂ) ဘုရားဟောကြားသော အဘိဓမ္မာတရားကို အရှင်သာရိပုတ္တရာမထေရ်က မဇ္ဈိမဒေသကို ယူဆောင်ပြီး လင်းနို့သားဖြစ်ခဲ့ဖူးသော တပည့်ရဟန်း ၅၀၀ တို့အား မကျဉ်းမကျယ် အလယ်အလတ်နည်းဖြင့်ဟောကြားတော်မူပါသည်။

အဘိဓမ္မာပိဋက နက်နဲခြင်း လေးမျိုး

[ပြင်ဆင်ရန်]

- အဘိဓမ္မာပိဋက ဆိုသည်မှာ ရုပ်၊ နာမ်တရားများကို ပုဂ္ဂလဓိဋ္ဌာန်အားဖြင့် ဖော်ပြခြင်းမပြုဘဲ ဓမ္မဓိဌာန်ကျကျ ဟောပြထားခြင်းဖြစ်ပြီး

- စကားအစဉ်၏ နက်နဲခြင်း၊

- အနက်အဓိပ္ပာယ်၏ နက်နဲခြင်း၊

- ဖော်ထုတ်ဟောပြမှု၏ နက်နဲခြင်း၊

- မှန်ကန်စွာ သိရှိနားလည်ရန် နက်နဲခြင်းစသော နက်နဲခြင်းလေးမျိုးနဲ့ ပြည့်စုံပါတယ်။ ဤသို့ ခက်ခဲနက်နဲသောဂုဏ်နှင့်ပြည့်စုံမှုကြောင့် ကာလကြာ၍ ပရိယတ္တိသာသနာကွယ်ပရာတွင် အဘိဓမ္မာပိဋကတ်က စ၍ကွယ်လိမ့်မည်ဟု အဋ္ဌကထာဖွင့်ပြတော်မူခြင်းဖြစ်ပါတယ်။

သာသနာကွယ်ပခြင်း

[ပြင်ဆင်ရန်]

- သာသနာကွယ်ပရာတွင်

(၁) ပရိယတ္တိသာသနာကွယ်ခြင်း

(၂) ပဋိပတ္တိသာသနာကွယ်ခြင်း

(၃) ပဋိဝေဓသာသနာကွယ်ခြင်း

(၄) ရဟန်းအသွင်ကွယ်ခြင်း

(၅) ဓာတ်တော်၊ မွေတော်ကွယ်ခြင်းဟူ၍ ငါးမျိုးရှိကြောင်း သမ္မောဟဝိနောဒနီ အဋ္ဌကထာ ဉာဏဝိဘင်းအဖွင့်၌ ပြဆိုထားပါတယ်။

- အဘိဓမ္မာပိဋကတ်တွင်လည်း ပဌာန်းကျမ်းကစ၍ ကွယ်မည်ဟု ဖွင့်ဆိုသောကြောင့် နိုင်ငံအနှံ့အသံမစဲ ပဌာန်ရွတ်ဆိုပွဲများ ကျင်းပခြင်းများကို တွေ့မြင်နိုင်ပါတယ်။

အဘိဓမ္မာ ကျမ်းခုနှစ်ကျမ်း

[ပြင်ဆင်ရန်]

အဘိဓမ္မာတရားတော်ကို ဟောကြားပုံနည်းအရ ကျမ်းခုနှစ်ကျမ်းခွဲခြားထားသည်။


အဘိဓမ္မာပိဋကတ်တော်လာ

(၁) ဓမ္မသင်္ဂဏီ ပါဠိတော်

[ပြင်ဆင်ရန်]

ဗုဒ္ဓမြတ်စွာက ၁၂ ရက်တိုင်တိုင်ဟောကြားတော်မူသည်။ ဓမ္မ- တရား၊ သင်္ဂဏီ- ရေတွက်ခြင်း ဟူ၍ အဓိပ္ပာယ်ဖွင့်ပါတယ်။

- အရှင်နာရဒထေရ်က တရားဓမ္မများကို အမျိုးအစားခွဲခြားပြခြင်းဟု အနက်ဖွင့်ပြီး၊

- ဘိက္ခုသကျလောကပဏ္ဍိတက သဘာဝဓမ္မများကို အကျဉ်းချုပ် ဟောကြားချက်များဟု ဖွင့်ဆိုသည်။

- လန်ဒန်ပါဠိစာပေအသင်းကြီး၏ ဥက္ကဋ္ဌ Mrs. Rhys David က ဓမ္မသင်္ဂဏီပါဠိတော်ကို A Buddhist manual of psychological ethics or Buddhist Psychology, of the 4th Century B.C သို့ ပြန်ဆိုခဲ့သည်။

(၂) ဝိဘင်း ပါဠိတော်

[ပြင်ဆင်ရန်]

မြတ်စွာဘုရားက ၁၂ ရက်တိုင်တိုင် ဟောကြားတော်မူခဲ့သည်။

- အရှင်နာရဒထေရ်က တရားကို ခွဲခြမ်းပြသောကျမ်း ဟု အနက်ဖွင့်ပြီး၊

- ဘိက္ခုသကျလောကပဏ္ဍိတက ခွဲခြားစိတ်ဖြာနည်းဖြင့် အကျယ်တဝင့်ဟောကြားချက်များဟု ဖွင့်ဆိုသည်။

- ယင်းကျမ်းများသည် ဓမ္မသင်္ဂဏီကျမ်းတွင် ဟောကြားပြီးဖြစ်သော တရားများကိုပင် ထပ်မံချဲ့ထွင် ခွဲခြမ်းစိတ်ဖြာဟောကြားထားခြင်းဖြစ်သည်။

ဓမ္မသင်္ဂဏီကျမ်းတွင် စုပေါင်းရေတွက်သည့် ပရမတ္တတရားများကို ၁၈ ပိုင်းခွဲပြီး နည်း ၃ နည်းဖြင့် အကျယ်ဝေဖန်ပြသည့် ကျမ်းဖြစ်သည်။ နည်း ၃ နည်းမှာ

၁။ တရားနာပုဂ္ဂိုလ်တိုင်း အလွယ်တကူ နားလည်နိုင်သော သုတ္တန်ဝေဖန်နည်း (သုတ္တနဘာဇနိယနယ)

၂။ အထက်တန်းတရားနာပုဂ္ဂိုလ်များသာ နားလည်နိုင်သော အဘိဓမ္မာဝေဖန်နည်း (အဘိဓမ္မာဘာဇနီယနယ)

၃။ တရားနာရာတွင် အလွန်ထိရောက်သော အမေးအဖြေနည်း (ပဥှပုစ္ဆကနယ) တို့ဖြစ်ပါတယ်။

- ဆရာတော်အရှင်သေဠိလက The Book of ANALYSIS ဖြင့် ပြန်ဆိုခဲ့သည်။

(၃) ဓာတုကထာ ပါဠိတော်

[ပြင်ဆင်ရန်]

- ခြောက်ရက်တိုင်တိုင်ဟောကြားတော်မူခဲ့သည်။

- အရှင်နာရဒထေရ်က ဓာတ်များကို ဆွေးနွေးခြင်း၊

- ဘိက္ခုသကျလောကပဏ္ဍိတက ဓာတ်သဘောတို့ဖြင့် ဟောကြားချက်များ။

- ဆရာတော်အရှင်နာရဒက Discourse on Elements အမည်ဖြင့် ပြန်ဆိုခဲ့သည်။

(၄) ပုဂ္ဂလပညတ် ပါဠိတော်

[ပြင်ဆင်ရန်]

- ခုနှစ်ရက်တိုင်တိုင် ဟောကြားတော်မူခဲ့သည်။

- အရှင်နာရဒထေရ်က ပုဂ္ဂိုလ်အမျိုးမျိုးကို သရုပ်ဖော်ခြင်းကျမ်း ဟု အနက်ဖွင့်ပြီး၊

- ဘိက္ခုသကျလောကပဏ္ဍိတက ပုဂ္ဂိုလ်အမျိုးမျိုးဖြင့် ဟောကြားချက်များ

- A Designation of Human Types အမည်ဖြင့် Bimala Charan Law, M.A., B.L က၎င်း၊

- ဒေါ်မြတင် (မဟာဝိဇ္ဇာ) က Puggala Pannatti ဖြင့် ပြန်ဆိုခဲ့သည်။

(၅) ကထာဝတ္ထု ပါဠိတော်

[ပြင်ဆင်ရန်]

- ရှစ်ရက်တိုင်တိုင်ဟောကြားတော်မူခဲ့သည်။

- အရှင်နာရဒထေရ်က ဗုဒ္ဓဝါဒနှင့် ပရဝါဒတို့ကို ရှင်းလင်းပြခြင်းဟု အနက်ဖွင့်ပြီး၊

- ဦးရွှေဇံအောင်နှင့် Mrs. Rhys David တို့က Points of Controversy or Subjects of Discourse ဖြင့် ပြန်ဆိုခဲ့သည်။

(၆) ယမိုက် ပါဠိတော်

[ပြင်ဆင်ရန်]

- ရက်ပေါင်း ၂၀ တိုင်တိုင် ဟောကြားခဲ့သည်။

- အရှင်နာရဒထေရ်က အစုံလိုက်ပြသောကျမ်း ဟု အနက်ဖွင့်ပြီး၊

- ဘိက္ခုသကျလောကပဏ္ဍိတက စုံတွဲနည်းတို့ဖြင့် ဟောကြားချက်များဟု ဆိုပါတယ်။

- The Books on Pairs အဖြစ် ဆရာတော်ဦးနာရဒက ပြန်ဆိုပါတယ်။ - ယမိုက် ၁၀ မျိုးရှိပြီး မူလယမိုက်၊ ခန္ဓယမိုက်၊ အာယတနယမိုက်၊ ဓာတုယမိုက်၊ သစ္စယမိုက်၊ သင်္ခါရယမိုက်၊ အနုသယယမိုက်၊ စိတ္တယမိုက်၊ ဓမ္မယမိုက်၊ ဣနြ္ဒိယယမိုက်တို့ကို (မူ၊ ခန်၊ အာ၊ ဓါ၊ သစ်၊ သင်္ခါ၊ နုသယ၊ စိတ္တ၊ ဓမ္မ၊ ဣန္ဒြေ ဆယ်ထွေ) ဟု အတိုကောက်မှတ်သားနိုင်ပါတယ်။

(၇) ပဋ္ဌာန်း ပါဠိတော်

[ပြင်ဆင်ရန်]

- ၂၅ ရက်တိုင်တိုင် ဟောကြားခဲ့သည်။

- အလွန်ကျယ်ပြန့်သော တရားတော် (အတိဝိတ္ထာရဒေသနာ)

- မကျယ်လွန်း၊ မကျဉ်းလွန်းသော တရားတော် (နာတိဝိတ္ထိရ နာတိသင်္ခေပဒေသနာ)

- အလွန်ကျဉ်းသော တရားတော် (အတိသင်္ခေပဒေသနာ)

- အရှင်နာရဒထေရ်က ကြောင်းကျိုးဆက်နွယ်မူ့ကိုပြသောကျမ်း

- ဘိက္ခုသကျလောကပဏ္ဍိတက အကြောင်းအမျိုးမျိုးဆက်တို့ဖြင့် ဟောကြားချက်များ

- ဆရာတော် ဦးနာရဒက Conditional Relations အမည်ဖြင့် ဘာသာပြန်ဆို

- ပိဋကတ်သုံးပုံပါ ပဋ္ဌာန်းကျမ်းမှာ မကျဉ်းမကျယ်ဖြစ်ပါတယ်။

- ပဌာန်း ၂၄ ကျမ်း ဆိုသည်မှာ ကျမ်းလေးကျမ်း

(၁) ဓမ္မနုလောမာ ပဋ္ဌာန်း၊

(၂) ဓမ္မပစ္စနီယ ပဋ္ဌာန်း၊

(၃) ဓမ္မနုလောမာ ပစ္စနီယပဋ္ဌာန်း၊

(၄) ဓမ္မပစ္စနီယနုလောမာ ပဋ္ဌာန်းတို့ပါဝင်ပြီး

ကျမ်းတစ်ကျမ်းစီတွင် (၁) တိက၊ (၂) ဒုက (၃) ဒုကတိက (၄) တိကဒုက (၅) တိကတိက (၆) ဒုကဒုကဟူ၍ ကျမ်းငယ်ခြောက်စုံဆီပါ၍ ၂၄ ကျမ်း သို့ ၂၄ ပစ္စည်းဟုခေါ်ဝေါ်ကြခြင်းဖြစ်ပါတယ်။

ပြင်ပလင့်ခ်များ

[ပြင်ဆင်ရန်]