သင်္ဂါယနာ

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

ဘာသာတရား
ဗုဒ္ဓဘာသာ

Lotus-buddha.svg
သမိုင်း
ဗုဒ္ဓဝင် - သမိုင်း - သင်္ဂါယနာများ
ဘုရားများ
နှစ်ကျိပ်ရှစ်ဆူ- ကကုသန်ဘုရား- ကောဏဂုံဘုရား- ကဿပဘုရား-ဂေါတမဘုရား
ဆရာ (အစရိယ)
သိဒ္ဓတ္ထဂေါတမ - ဘိက္ခု (ရဟန်း) - ဘိက္ခုနီ (သီလရှင်)
လက္ခဏာရေးသုံးပါး
အနိစ္စ - အနတ္တ - ဒုက္ခ
ရတနာသုံးပါး

ရတနာသုံးပါး-ဗုဒ္ဓ - ဓမ္မ - သံဃာ

အယူဝါဒ
သစ္စာလေးပါး - ခန္ဓာငါးပါး - ငါးပါးသီလ - သီတင်းသီလ
တိပိဋကနှင့်ကျမ်းစာများ
တိပိဋက (ဝိနည်းပိဋကတ် - သုတ်ပိဋကတ် - အဘိဓမ္မာပိဋကတ်)
အဆင့်များ
ပုထုဇဉ်ကိုရင်ရဟန်းသောတာပန်သကဒါဂါမ်အနာဂါမ်ရဟန္တာဧတဒဂ်ဘုရားနိဗ္ဗာန်
ကျင့်စဉ်များ
သမထဝိပဿနာသတိပဋ္ဌာန်ဓုတင်ကမ္မဋ္ဌာန်းဒုက္ကရစရိယာနိကာယ် ငါးရပ်
ဂါထာများ
ကျင့်၀တ်သုတ်တော်ဂုဏ်တော်ဂါထာတော်ဘုရားပင့်သြကာသပုတီးစိပ်နည်း
ဂိုဏ်းများ
ထေရဝါဒ - မဟာယာန-တိဘက်ဗုဒ္ဓဘာသာ
နိုင်ငံနှင့်ဒေသများ
ဓမ္မစကြာ

မဟာသက္ကရာဇ် ၆၈ ခုနှစ်၊ ဘီစီ ၆၂၃ တွင် ဗုဒ္ဓမြတ်စွာဘုရား ဖွားမြင်တော်မူခဲ့ပါသည်။ကမ္ဘာပေါ်တွင် ဗုဒ္ဓဘာသာ သည် (ခရစ်တော်မပေါ်မီ ဘီစီ ၅၈၈ ) လွန်ခဲ့သောနှစ်ပေါင်း၂၆၀ဝ ကျော် မဟာသက္ကရာဇ် ၁၀၃ ခု ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့တွင် စတင် ပွင့်ထွန်း ပေါ်ပေါက်ခဲ့ပါသည်။ မဟာသက္ကရာဇ် ၁၀၃ ခု ဝါဆိုလပြည့် စနေနေ့ ဘီစီ ၅၈၈ မှာ ဓမ္မရတနာ စတင်ခဲ့သည်။ မဟာသက္ကရာဇ် ၁၀၃ ခု ဝါဆိုလပြည့်ကျော် ၂ ရက် တနင်္လာနေ့ ဘီစီ ၅၈၈ တွင် သံဃာရတနာ စတင်ပေါ်ပေါက်ခဲ့ပါသည်။ ဂေါတမဗုဒ္ဓမြတ်စွာဘုရားသည် ကမ္ဘာပေါ်တွင် ဝိပဿနာကျင့်စဉ်ကို ဘီစီ ၅၈၈ လွန်ခဲ့သော နှစ်ပေါင်း ၂၆၀⁠၀ ကျော်တွင်ပထမဆုံးသော စတင်တွေ့ရှိကျင့်ကြံအားထုတ်ခဲ့သူဖြစ်သည်။ မြတ်ဗုဒ္ဓသည် ဘုရားအဖြစ်နှင့် ၄၅ နှစ်နေပြီး မဟာသက္ကရာဇ် ၁၄၈ ခု ကဆုန်လပြည့် အင်္ဂါနေ့ ဘီစီ ၅၄၃ မှာ ပရိနိဗ္ဗာန် စံလွန်တော်မူသည်။ ဘုရားရှင်ပရိနိဗ္ဗာန်ပြုပြီးနောက် ဘုရားရှင်၏ တရားတော်များ မပျက်စီး မပျောက်ပျက်ရလေအောင် ဘုရားရှင်၏ တရားဓမ္မများအား ကျွမ်းကျင် တတ်ကျွမ်းသော သံဃာတော်များ စုပေါင်းပြီး ဗုဒ္ဓ၏ဓမ္မအား သန့်ရှင်းတည်တံ့ပြန့်ပွားနိုင်ရန် အတွက် စစ်မှန်သော ဓမ္မကိုသာ သံဃာများ၏ သဘောတူညီမှုရယူကာ ရွတ်ဖတ်မှတ်တမ်းတင် အတည်ပြုကြခြင်းကို သင်္ဂါယနာတင်ခြင်း ဟုခေါ်သည်။ မင်းထုနှင့်ပြည်သူလူထုမှ ပံ့ပိုးကူညီကြသည်။

သာသနာ့အမွေဆက်ခံခဲ့ခြင်း - ဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီးနောက် ဘုရားရှင်၏ တပည့်ရဟန်းတို့သည် ခေတ်အသီးသီးမှ အာဏာရှိသော မင်းထုနှင့် ဗုဒ္ဓသာသနာဝင် ပြည်သူလူ ထုပူးပေါင်းပြီး သံဃာထု၊ မင်းထု၊ ပြည်သူလူထု၊ ထု ၃ ထု ပူးပေါင်း ကာ သင်္ဂါယနာ ၆ ကြိမ်တိုင်တိုင် စုပေါင်းတင်ခဲ့ကြပြီး ဗုဒ္ဓသာသနာ့အမွေ မပျက်စီးမပျောက်ပျက်ရလေအောင် စောင့်ရှောက် ထိန်းသိမ်း ခဲ့ကြလေသည်။

ဝေါဟာရရင်းမြစ်[ပြင်ဆင်ရန်]

သင်္ဂါယနာတင်သမိုင်း[ပြင်ဆင်ရန်]

ခရစ်တော်မပေါ်မီ ၅၈၉ ခုနှစ်တွင် မြတ်စွာဘုရားသည် ဤကမ္ဘာမြေတွင် ပွင့်တော်မူခဲ့၏။ မြတ်စွာဘုရားသည် သက်တော် (၃၉) နှစ်အရွယ်တွင် ဘုရားအဖြစ် ပွင့်တော်မူခဲ့ခြင်း ဖြစ်သည်။ ဘုရားစင်စစ် ဖြစ်တော်မူပြီးသည်မှ စ၍ လောကရှိ သတ္တဝါတို့၏ အကျိုးစီးပွားအတွင် လုံ့လဝီရိယကြီးမားစွာဖြင့် တရားတော်တို့ကို မနားမနေ ဟောပြော ညွှန်ပြခဲ့သည်။ မြတ်စွာဘုရားက အာနန္ဒာအား - “ချစ်သား အာနန္ဒာ၊ ငါဘုရား ဟောကြားသော သုတ်၊ ဝိနည်း၊ အဘိဓမ္မာတရားတော်သည် ငါဘုရား ပရိနိဗ္ဗာန်စံတော်မူသောအခါ သင်တို့၏ ဆရာဖြစ်သည်” ဟုမှာကြားတော်မူခဲ့သည်။

ထိုမှာကြားချက်အရ “ဂမ္မဝိနယ” ခေါ်သော သုတ်၊ ဝိနည်း၊ အဘိဓမ္မာ တရားတော်များ ထင်ရှားစွာ ရှိနေသမျှ ကာလပတ်လုံး မြတ်စွာဘုရား သက်တော်ထင်ရှား ရှိနေသည် မည်၏။ “သာသနာ” ဆိုသည်မှာလည်း ဤသုတ်၊ ဝိနည်း၊ အဘိဓမ္မာ တရားတော်များပင် ဖြစ်၏။ သုတ်၊ ဝိနည်း၊ အဘိဓမ္မာ တရားတော်များ ကွယ်ပျောက်သွားပါက သာသနာလည်း ကွယ်ပျောက်သွားမည် ဖြစ်သည်။

သို့ဖြစ်၍ ဘုရားတပည့် ရဟန်းသံဃာတို့သည် ခေတ်ကာလ အဆက်ဆက်က ဓမ္မဝိနယဟု ခေါ်သော သုတ်၊ ဝိနည်း၊ အဘိဓမ္မာတရားတော်များ မညစ်နွမ်း မကွယ်ပျောက်ရန် စောင့်ရှောက်တော်မူခဲ့ကြသည်။ သို့ရာတွင် ခေတ်အဆက်ဆက်မှာပင် သာသနာတော်အတွက် ဆန့်ကျင်ဘက် အန္တရာယ် ရန်စွယ်များ ပေါ်ပေါက်လာ၏။ ထိုကဲ့သို့သော အရေးကိစ္စများအတွက် ဘုရားတပည့် ရဟန်းသံဃာတို့သည် သာသနာ မကွယ်ပျောက်ရန်၊ သာသနာ သန့်ရှင်းစေရန်၊ သာသနာ စည်ပင်ပြန့်ပွားစေရန် သင်္ဂါယနာ အသီးသီးကို တင်တော်မူခဲ့ကြသည်။

မြတ်စွာဘုရားသည် ခရစ်တော်မပေါ်မီ ၅၄၄ - ခုနှစ်တွင် ပရိနိဗ္ဗာန်စံတော်မူခဲ့၏။ ထိုအချိန်မှစ၍ သာသာနာတော်နှစ် (၁)နှစ်အဖြစ် စတင်ရေတွက်ခဲ့ကြသည်။ ယခုအခါ သာသနာတော်သည် သာသနာတော်နှစ် ၂၅၀၀-ကျော် လွန်ခဲ့ပြီး ဖြစ်ပေသည်။ထိုနှစ်များအတွင်းတွင် ထေရဝါဒ သင်္ဂါယနာ (၆) ကြိမ်တင်ခဲ့ပြီး ဖြစ်သည်။ သုတ်၊ ဝိနည်း၊ အဘိဓမ္မာတရားတော်များအား အမှားအယွင်းမရှိအောင် စုပေါင်းရွတ်ဆို၍ အတည်ပြုခြင်းကို သင်္ဂါယနာတင်သည်ဟု ခေါ်သည်။ ထိုသို့ ပြုရာတွင် မြတ်စွာဘုရားဟောကြားတော်မူခဲ့သော တရားတော်များကို ဟောကြားတော်မူခဲ့သည့်အတိုင်း သင်္ဂါယနာတင်ကြခြင်း ဖြစ်ပေသည်။ တစ်စုံတစ်ရာ ဖြည့်စွက်ခြင်း၊ နှုတ်ပယ်ခြင်း မရှိပေ။[၁]

သင်္ဂါယနာတင်ခဲ့သည့် အချက်အလက်များ[ပြင်ဆင်ရန်]

စဉ် သာသနာနှစ် တည်နေရာ ဦးဆောင်သူ ဒါယကာမင်း သံဃာဦးရေ ကြာမြင့်ချိန် အကြောင်းအရင်း
ဘုရားပရိနိဗ္ဗာန်ပြုပြီး ၃ လ နှင့် ၄ ရက် ရာဇဂြိုလ်ပြည် ဝေဘာရတောင် သတ္တပဏ္ဏိလိုဏ်ဂူ အရှင်မဟာကဿပမထေရ်
အရှင်ဥပါလိ
အရှင်အာနန္ဒာ
အဇာတသတ်မင်း ရဟန္တာပေါင်း ၅၀ဝ ၇ လ သုဘဒ္ဒဟုခေါ်သော ရဟန်းသည် ဘုရားရှင် ပရိနိဗ္ဗာန်ပြုသည်နှင့် လွတ်လပ်ပြီဆိုပြီး ကြွေးကြော်ကာ သာသနာအား ညှိုးနွမ်းအောင် ပြုလုပ်ခဲ့ခြင်း
၁၀ဝ နှစ် ဝေသာလီပြည်၊ ဝါဠုကာရာမကျောင်း အရှင်ယသမထေရ်
အရှင်ရေဝတ
အရှင်သဗ္ဗကာမိ
ကာလာသောကမင်း ရဟန္တာပေါင်း ၇၀ဝ ၈ လ ဝဇ္ဇီတိုင်းသားရဟန်းများ (ဒေဝဒတ်၏တပည့်များ)မှ အဓမ္မဝတ္ထု ၁၀ ပါးကို တောင်းဆိုခဲ့ကြခြင်း
၂၃၅ နှစ် ပါဋလိပုတ်ပြည် အသောကာရုံကျောင်း အရှင်မဟာမောဂ္ဂလိပုတ္တိဿမထေရ် သီရိဓမ္မာသောကမင်း ရဟန္တာပေါင်း ၁၀ဝ၀ ၉ လ ပါဋလိပုတ်ပြည်တွင် မိစ္ဆာအယူရှိသော ရဟန်းအတု ၆၀ဝ၀ဝ ကျော်အထိ သာသနာအတွင်း အယောင်ဆောင်ပြီး ဝင်ရောက်လာကြခြင်း
၄၅၀ နှစ် သီဟိုဠ်နိုင်ငံ မလယဇနပုဒ် အလောကလိုဏ်ဂူ အရှင်မဟာဓမ္မရက္ခိတမထေရ် ဝဋ္ဋဂါမဏိမင်း ရဟန္တာပေါင်း ၅၀ဝ တစ်နှစ် သီဟိုဠ်နိုင်ငံသို့ သာသနာကူးပြောင်းလာခဲ့ရာတွင် အငတ်ဘေးနှင့် သူပုန်ဘေးကြီး ၁၂ နှစ်ကြာ ကျရောက်ခဲ့ရသဖြင့် သံဃာအစစ်များ ဒုက္ခရောက်ခဲ့ကြခြင်း
၂၄၁၅ နှစ် မြန်မာနိုင်ငံမန္တလေးမြို့၊ ရတနာပုံနေပြည်တော် အရှင်ဇာဂရမထေရ် မင်းတုန်းမင်း ရိုး⁠ရိုးရဟန်းပေါင်း ၂၄၀ဝ နှုတ်ဖြင့် ၅ လ ၃ ရက်
ကျောက်ထက်တင် ၇ နှစ် ၆ လ ၁၄ ရက်
စတုတ္ထနှင့်ပဉ္စမအကြိမ်ကြားတွင် နှစ်ပေါင်း ၂၀ဝ၀ ခန့် ကြာမြင့်ခဲ့သည့်အတွက် ပေရွက်ပေါ်တင်ထားမှုသည် ရာသီဥတုနှင့် ပိုးမွှားအန္တရာယ်တို့ကြောင့် ကြာရှည်ခံနိုင်မှုမရှိခြင်း၊ မူကွဲများဖြစ်ပေါ်လာခြင်း
၂၄၉၈ နှစ် မြန်မာနိုင်ငံရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေ၊ မဟာပါသဏလိုဏ်ဂူတော် ညောင်ရမ်းဆရာတော် အရှင်ရေဝတ၊
မဟာစည်ဆရာတော် အရှင်သောဘဏ၊
မင်းကွန်းဆရာတော် အရှင်ဝိစိတ္တသာရာဘိဝံသ
ဦးနု ရိုး⁠ရိုးရဟန်းပေါင်း ၂၅၀ဝ သာသနာထွန်းကားရာ မြန်မာနိုင်ငံသည် တစ်ပါးသော ဘာသာဝင်တို့၏ သူ့ကျွန်ဘဝရောက်ခဲ့ပြီး နှစ် ၁၀ဝ ခန့် သာသနာညှိုးနွမ်းမှုခဲ့ခြင်း

ပထမအကြိမ် သင်္ဂါယနာတင်ခြင်း[ပြင်ဆင်ရန်]

သာသနာတော်နှစ် ၁ နှစ် (ခရစ်တော်မပေါ်မီ ၅၄၄-ဘီစီ) မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပြီးသည့်နောက် ရာဇဂြိုလ်ပြည်ရှိ ဝေဘာရတောင်၌ ရှိသော သတ္တပဏ္ဏိ လိုဏ်ဂူရှိ မဏ္ဍပ်တော်တွင် ပြုလုပ်ခဲ့သည်။ သုဘဒ္ဒအမည်ရှိသော ရဟန်းကြီးက သာသနာတော်အား ထိပါးပုတ်ခတ် ပြောဆိုမှုများ ရှိလာ၏။ထိုအခါ သာသနာ့ အန္တရာယ်သည် ပေါ်ပေါက်လာ၏။

အရှင်မဟာကဿပ၊ အရှင်ဥပါလိ၊ အရှင်အာနန္ဒာတို့က အမှူးပြုသော ရဟန္တာမထေရ်ကြီး အပါးငါးရာတို့က သင်္ဂါယနာ တင်တော်မူခဲ့ကြသည်။ ထိုသို့တင်ရာတွင် ရာဇဂြိုလ်ပြည် အဇာတသတ်မင်းနှင့် ပြည်သူပြည်သားတို့ကလည်း အဘက်ဘက်မှ ကူညီပံ့ပိုးခဲ့ကြပေသည်။ သာသနာတော်နှစ် ၁ နှစ်၊ ဝါခေါင်လပြည့်နေ့မှစ၍ သင်္ဂါယနာတင်ကြရာ ပြီးဆုံးသည်အထိ ၇ လကြာ၏။ ထိုသင်္ဂါယနာတင်ပွဲသည် နှုတ်တက်ရွတ်ဆိုရာသော် သင်္ဂါယနာ ဖြစ်သည်။

သုဘဒ္ဒရဟန်းအားအကြောင်းပြုပြီး အရှင်မဟာကဿပမထေရ်မှ ဦးဆောင်ပြီး အရှင်ဥပါလိမှ ဝိနည်းတော်ကို၎င်း ညီတော်အာနန္ဒာမှ သုတ္တန်နှင့် အဘိဓမ္မာကို၎င်း သံဃာအစည်းအဝေးသို့ တင်သွင်းခဲ့သည်။ ဘုရားရှင်ဟောကြားခဲ့သော ဓမ္မသည် လွန်စွာများပြားလှသဖြင့် တရားအစုအဖွဲ့အသေးများ စုဖွဲ့ခြင်းကို ဓမ္မက္ခန္ဓာဖွဲ့ခြင်းဖြင့် ဓမ္မက္ခန္ဓာပေါင်း စုစုပေါင်း ၈၄၀ဝ၀ ရရှိခဲ့သည်။ ၎င်းကို ထပ်မံပြီး သဘောတရားတူရာအလိုက် အုပ်စုဖွဲ့လိုက်ရာ အုပ်စု ၃ စု ရရှိပြီး ပိဋကတ် ၃ ပုံဟု ခေါ်တွင်သည်။ ၎င်းပိဋကတ် ၃ ပုံမှာ ဝိနည်းပိဋကတ်တွင် ဓမ္မက္ခန္ဓာ ၂၁၀ဝ၀၊ သုတ္တန် ပိဋကတ်တွင် ဓမ္မက္ခန္ဓာ ၂၁၀ဝ၀၊ အဘိဓမ္မာပိဋကတ်တွင် ဓမ္မက္ခန္ဓာ ၄၂၀ဝ၀ ထည့်သွင်းကာ သဘောတူခဲ့ကြသည်။ အစည်းအဝေး တက်ရောက်ကြသော ရဟန္တာများသည် ဘုရားရှင်အားမှီခဲ့ကြပြီး အနီးကပ်ဆုံးတရားတော်များ နာကြားသင်ယူခဲ့ရသည့် ပဋိသမ္ဘိဒါပတ္တ တန်ခိုးကြီးမားပြီး စင်ကြယ်လှသော ရဟန္တာကြီးများ ဖြစ်ကြသည်။

ပထမအကြိမ် သင်္ဂါယနာတင်ခြင်းကို နှုတ်(ပါးစပ်)ပေါ်မှာသာ တင်ခဲ့ကြပြီး သံဃာအစည်းအဝေးတွင် ပိဋကတ် ၃ ပုံ စတင်သတ်မှတ် စီစဉ်ခဲ့ကြစဉ် ဘုရားရှင် ဟောကြားခဲ့သော တရားတော်များ အကုန်လုံး ပြည့်စုံမှု ဖြစ်မဖြစ် (လိုနေလို့ ထပ်ဖြည့်ရန်၎င်း၊ ပိုနေလို့ နုတ်ပယ်ရန်၎င်း)ကို စီစစ်ခဲ့ကြရာ အားလုံးမှ ပြည့်စုံပြီဖြစ်ကြောင်း တညီတညွတ်တည်းသဘောတူ ဆုံးဖြတ်ခဲ့ကြသည်။ ဘုရားရှင်၏ဓမ္မကို မူရင်းအတိုင်း ထိန်းသိမ်းစောင့်ရှောက်ပြီး လိုတိုးပိုလျော့ လုံးဝလုပ်ခွင့်မရှိ သံဃာတော်များမှ ထေရ်စဉ်ဝါစဉ်အလိုက် စောင့်ရှောက် ကြပါစို့ဟု သဘောတူညီမှုယူခဲ့ပြီး ထေရဝါဒဗုဒ္ဓသာသနာ ဟု ခေါ်တွင်ခဲ့ပေသည်။

ဒုတိယအကြိမ်သင်္ဂါယနာတင်ခြင်း[ပြင်ဆင်ရန်]

သာသနာတော်နှစ် ၁၀၀ ခရစ်တော်မပေါ်မီ ၄၄၃-ဘီစီတွင် ဝေသာလီပြည် ဝဇ္ဇီတိုင်းသား ရဟန်းများက ရဟန်းတို့၏ ဝိနည်းနှင့် မညီသော အကျင့်(အဓမ္မဝတ္ထု) ဆယ်ပါးကို ဟောပြော ပြုကျင့်ကြသောကြောင့် သာသနာတော်တော်အတွင် အန္တရာယ်သည် ပေါ်လာပြန်သည်။

အရှင်သဗ္ဗကာမိ၊ အရှင်ရေဝတ၊ အရှင်ယသ အမှူးပြုသော ရဟန္တာမထေရ်မြတ်ကြီး အပါး ၇၀၀ တို့သည် ဒုတိယအကြိမ်မြောက် သင်္ဂါယနာတင်တော်မူခဲ့ကြသည်။ ထိုသို့တင်ရာတွင် ဝေသာလီပြည် ကာဘာသောကမင်းနှင့် တိုင်းသူပြည်သားတို့သည် အဘက်ဘက်မှ ကူညီပံ့ပိုးခဲ့ကြသည်။ နှုတ်ဖြင့်ရွတ်ဆိုသော သင်္ဂါယနာဖြစ်သည်။ အချိန်ကာလသည် ရှစ်လတိတိကြာမြင့်ခဲ့သည်။

ဝဇ္ဇီတိုင်းသားရဟန်းပျက်များကို အကြောင်းပြုပြီး အရှင်ယသမထေရ်မှ ဦးဆောင်ပြီး အရှင်ရေဝတနှင့် အရှင်သဗ္ဗကာမိနှစ်ပါးမှ အမေးအဖြေများ ပြုလုပ်စိစစ်ခဲ့ကြပြီး နှုတ်ထက်အက္ခရာတင်ခဲ့ကြရာ ၈ လ ကြာမြင့် ခဲ့သည်။ ရဟန္တာ ၇၀ဝ သော သံဃာထု ကာလာသောကမင်း၏ မင်းထုနှင့် ပြည်သူလူထု၏ အကူအညီရယူပြီး ထု ၃ ထု ပူးပေါင်းပြီး ရဟန်းပျက်များအား စိစစ်ခဲ့ရာမှ ရဟန်းပျက်ပေါင်း ၁၀ဝ၀ဝ ကျော်အား နှင်ထုတ်ခဲ့ရသည်။ ၎င်းရဟန်းပျက် ၁၀ဝ၀ဝ ကျော်ကို တိုင်းပြည်မှ နှင်ထုတ်လိုက်ရာ ၎င်းတို့သည် ဟိမဝန္တာတောင်ခြေဖက် သို့ သွားရောက်ခဲ့ရာ ၎င်းနေရာရှိ မင်းတစ်ပါးမှ သနားပြီး ခိုလှုံခွင့်ပေးလိုက်ရာမှ ၎င်းတို့သည်လည်း သင်္ဂါယနာစင်ပြိုင်တင်ခဲ့ကြသည်။ ၎င်းတို့မှာ ကြီးမားသော အင်အားရှိသဖြင့် မဟာသံဃိကဂိုဏ်းဟု ခေါ်ဆိုကြပြီး ဝေသာလီ၌ ကျန်ရှိခဲ့ကြသော ရဟန္တာ ၇၀ဝ ပါသော အဖွဲ့အား ဟီနယာနဂိုဏ်း သေးငယ် သောအဖွဲ့ဟု ခေါ်တွင်ခဲ့ကြသည်။ သာသနာတော်ညှိုးနွမ်းလာသော အန္တရာယ်ကို ကာကွယ်ရန် သံဃာထု မင်းထု ပြည်သူလူထု ထု ၃ ထုမှ ပူးပေါင်းပြီး ထိန်းသိမ်း စောင့်ရှောက် လာခဲ့ခြင်းသာ ဖြစ်ပေသည်။

ဒုတိယသံဂါယနာတင်ရခြင်းအကြောင်း[ပြင်ဆင်ရန်]

  1. သိင်္ဂီလောဏကပ္ပ။ ။သားချိုဖြင့် ဆားကိုထည့်၍ ဆားမရှိသောအခါ ယာဝကာလိကဘောဇဉ်နှင့် ရော၍စားခြင်းသည် ရဟန်းတို့အားအပ်၏ဟု အယူရှိခြင်း။
  2. ဒွင်္ဂုလကပ္ပ။ ။နေမွန်းတည့်၍ အရိပ်လက်နှစ်သစ်လွန်မှ ယာဝကာလိကဘောဇဉ်ကို စားခြင်းသည် ရဟန်းတို့အားအပ်၏ဟု အယူရှိခြင်း။
  3. ဂါမန္တရကပ္ပ။ ။တန်ပြီဟု မြစ်မိသောဘောဇဉ်ကို အတိရိက်ဝိနည်းကံ မပြုဘဲ ရွာတပါးသို့သွားအံ့ဟု နှလုံးပြု၍စားခြင်းသည် ရဟန်းတို့အားအပ်၏ဟု အယူရှိခြင်း။
  4. အာဝါသကပ္ပ။ ။သိမ်တခုတည်းတွင် အထူးထူးသောနေရာ၌နေ၍ အသီးအသီး ကံဆောင်ခြင်းသည် ရဟန်းတို့အားအပ်၏ဟု အယူရှိခြင်း။
  5. အနုမတိကပ္ပ။ ။မရောက်လာသေးသော ရဟန်းတို့၏ အလိုဆန္ဒ သဘောတူညီချက်ကိုယူ၍ ကံဆောင်ခြင်းသည် ရဟန်းတို့အားအပ်၏ဟု အယူရှိခြင်း။
  6. အာစိဏ္ဏကပ္ပ။ ။ဆရာဥပဇ္ဈာယ်တို့၏ အယူအလေ့ဟူသရွေ့သည် အပ်၏ဟု အယူရှိခြင်း။
  7. အမထိတကပ္ပ။ ။နို့ရည်အဖြစ်ကိုလည်း မစွန့်သေး၊ နို့ဓမ်းအဖြစ်သို့လည်း မရောက်သေးသော နို့ရည်ကို ပဝါရိတ်သင့်သောရဟန်းသည် အတိရိက်ဝိနည်းကံ မပြုဘဲ စားခြင်း၊ သောက်ခြင်းငှာသင့်၏ဟု အယူရှိခြင်း။
  8. ကပ္ပတိ ဇလောဂိံ ပါတုံ။ ။သေနုကိုသောက်ခြင်းငှာ ရဟန်းတို့အားအပ်၏ဟု အယူရှိခြင်း။
  9. ကပ္ပတိ အဒသကံ နိသီဒနံ။ ။အဆာမရှိသော နိသီဒိုင်သည် ရဟန်းတို့အားအပ်၏ဟု အယူရှိခြင်း။
  10. ကပ္ပတိ ဇာတရူပ ရဇတံ။ ။ရွှေငွေကို အလှူခံခြင်းသည် ရဟန်းတို့အား အပ်၏ဟု အယူရှိခြင်း။

ဤ မသူတော်တို့၏ တရား ၁၀-ပါးကြောင့် ဖြစ်ပေသည်။

တတိယအကြိမ်သင်္ဂါနာတင်ခြင်း[ပြင်ဆင်ရန်]

သာသနာတော်နှစ် ၂၃၅ (ခရစ်တော်မပေါ်မီ ၃၅၈ ဘီစီ)တွင် ပါဋလိပုတ်ပြည် အသောကကျောင်းတိုက်၌ တတိယ သင်္ဂါယနာ တင်ခဲ့ကြသည်။ ရဟန်းတု၊ ရဟန်းယောင်(တိတ္ထိ) ခြောက်သောင်းတို့က ရဟန်းကောင်းအသွင်ဖြင့် သာသနာအတွင်း ဝင်ရောက်ပြီး မိစ္ဆာဝါဒများကို သွတ်သွင်းလာကြသော သာသနာ့ အန္တရာယ်ကြောင့် တတိယ သင်္ဂါယနာ တင်ကြခြင်းဖြစ်သည်။

ရဟန်းအတု ၆၀ဝ၀ဝ ကျော် သာသနာအတွင်းဝင်ရောက်လာခဲ့ကြပြီး ကတုံးတုံးသင်္ကန်းစည်းသည်နှင့် ရဟန်းဖြစ်ပြီးလုပ်ချင်သလို လုပ်နေကြရာ သာသနာ လွန်စွာမှ ညှိုးမှိန်လာခဲ့ပြီး ဝိနည်းတော်နှင့်အညီ ကျင့်ကြံအားထုတ်နေကြသော ရဟန်းအစစ်တို့မှာ လွန်စွာချို့တဲ့ဒုက္ခရောက်ခဲ့ကြရသည်။အရှင်မောဂ္ဂလိပုတ္တတိဿ၊ အရှင်မဇ္စုန္တိက၊ အရှင်မဟာဒေဝ အမှူးပြုသော ရဟန္တာမထေရ်ကြီး အပါး ၁၀၀၀ တို့က တတိယ အကြိမ်မြောက် သင်္ဂါယနာ တင်ခဲ့ကြသည်။ ထိုသို့တင်ရာတွင် ပါဋလိပုတ်ပြည် သီရိဓမ္မာသောကမင်းကြီးနှင့် တိုင်းသူပြည်သားတို့သည် အဘက်ဘက်မှ ကူညီပံ့ပိုးခဲ့ကြသည်။ နှုတ်ဖြင့်ရွတ်ဆိုသော သင်္ဂါယနာ ဖြစ်သည်။ အချိန်ကာလ ကိုးလကြာမြင့်သည်။

အယောင်ဆောင်ဝင်လာသော ရဟန်းအတုများအား စိစစ်ပြီးလူဝတ်လဲစေခြင်း သာသနာတော်မှ နှင်ထုတ်ခဲ့ခြင်းတို့ဖြင့် သာသနာတော် ညှိုးနွမ်း နေမှုကို ပြန်လည်ထိန်းသိမ်း စောင့်ရှောက်ခဲ့ကြပေသည်။ သီရိဓမ္မာသောကမင်းသည် သင်္ဂါယနာတင်ပြီးနောက် ကိုးတိုင်းကိုးဌာန သာသနာပြုအဖွဲ့များစေလွှတ်ပြီး အကြီးမားဆုံးသော သာသနာပြု လုပ်ငန်းကို ကမ္ဘာအနှံ့ ပြုလုပ်ခဲ့ရာ ကမ္ဘာ့အင်ပါယာတစ်ခုလုံး၏ ၅ ပုံ ၄ ပုံသည် ဗုဒ္ဓသာသနာတော် လွှမ်းမိုးခဲ့ရသည်။ မြန်မာနိုင်ငံ သုဝဏ္ဏဘူမိသို့ အရှင်သောဏမထေရ်နှင့် အရှင်ဥတ္တရမထေရ်တို့ အမှူးပြုသော ရဟန္တာ အရှင်မြတ်ကြီး ငါးပါးတို့ ကြွရောက် သာသနာပြုခဲ့ကြသည်။

စတုတ္ထအကြိမ်သင်္ဂါနာတင်ခြင်း[ပြင်ဆင်ရန်]

သီရိဓမ္မာသောကမင်း၏ သားတော်ရဟန္တာအရှင်မဟိန္ဒနှင့် သမီးတော်ရဟန္တာ သင်္ဃမိတ္တာထေရီတို့ ပြုခဲ့သောသာသနာသည် သီဟိုဠ်တွင် ထွန်းကားခဲ့ရာမှ သာသနာတော်နှစ် ၄၅၀၊ (ခရစ်တော်မပေါ်မီ ၄၉ ဘီစီ)တွင် သီရိလင်္ကာနိုင်ငံ (သီဟိုဠ်)နိုင်ငံတွင် သူပုန်ဘေး၊ ငတ်မွတ်ခေါင်းပါးဘေးကြီးကို ၁၂ ကြာ ခံစားရသောကြောင့် ပိဋကတ်တော်များ မပျောက်ပျက်ရအောင် ရဟန်းသံဃာတော်များသည် ပင်ပင်ပန်းပန်း ခက်ခက်ခဲခဲ ဆောင်ထားကြရသည်။ အငတ်ဘေးနှင့် သူပုန်ဘေးများ ၁၂ နှစ်ကြာ ပေါ်ပေါက်သဖြင့် ဒါယကာ ဒါယိကာမများမှ ပစ္စည်းလေးပါးပံ့ပိုးမှုမရှိတော့သဖြင့် ဝိနည်းလေးစားသော သံဃာအစစ်တို့သည် ဒုက္ခရောက်ကြရသည်။ နောင်အခါကာလ ဤသို့ဘေးများပေါ်ပေါက်လာပါက သတိ၊ သမာဓိ၊ ပညာဆုတ်ယုတ်ကာ နှုတ်တက် မဆောင်နိုင်မည်ကို မြင်တော်မူကြသဖြင့် စတုတ္ထအကြိမ်မြောက် သင်္ဂါယနာ တင်ကြသည်။

အရှင်မဟာဓမ္မရက္ခိတ အမှူးပြုသော ရဟန္တာမထေရ်ကြီး အပါး ၅၀၀ တို့က သီရိလင်္ကာနိုင်ငံ(သီဟိုဠ်) ပဠဂါမဏိမင်း လက်ထက်တော်တွင် ပေရွက်ပေါ်တွင် အက္ခရာတင်ကာ စတုတ္ထအကြိမ်မြောက် သင်္ဂါယနာတင်ခဲ့သည်။ မလယဇနပုဒ်နေ အကြီအကဲများနှင့် ဇနပုဒ်သူ ဇနပုဒ်သားတို့သည် အဘက်ဘက်မှ ကူညီပံ့ပိုးပေးခဲ့ကြပေသည်။ အချိန်ကာလ ၁ နှစ်ကြာမြင့်သည်။ ပိဋကတ်တော်များသည် နှုတ်ထက်အက္ခရာတင်လျှင် နောင်တွင် အလွယ်တကူ ပျောက်ကွယ်သွား နိုင်သည်ကို သိလာသဖြင့် မှတ်တမ်းအဖြစ် ပေရွက်ပေါ် ရေးတင်ပြီး ပေထက်အက္ခရာတင်ခဲ့ရာ တစ်နှစ် ကြာမြင့်ခဲ့သည်။

ပဉ္စမအကြိမ် သင်္ဂါယနာတင်ခြင်း[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ပဉ္စမအကြိမ် သင်္ဂါယနာတင်ခြင်း

သာသနာတော်နှစ် ၂၄၁၅[ကိုးကားချက်လိုသည်]၊ (ခရစ်နှစ် ၁၈၇၁) မြန်မာသက္ကရာဇ် ၁၂၃၂ ခုနှစ် တန်ဆောင်မုန်းလဆန်း ၁ ရက်နေ့တွင် မြန်မာနိုင်ငံ၊ မန္တလေးမြို့ (ရတနာပုံ နေပြည်တော်)၌ ပေရွက်ပေါ်တင်ထားသော ပိဋကတ် ၃ ပုံတို့သည် ရာသီဥတုနှင့် ပိုးမွှားအန္တရာယ်တို့ကြောင့် ပျက်စီးလာခဲ့ခြင်းနှင့် အချို့မူကွဲများ ဖြစ်ပေါ်လာခြင်းတို့ကြောင့် အရှင်ဇာဂရ မထေရ် ဦးဆောင်သော ရဟန်း ၂၄၀ဝ ပါဝင်သော သံဃာထု သည် ထောက်ပံ့ကူညီပေးသော မင်းတုန်းမင်း၏ မင်းထု နှင့် သာသနာဝင်များ ပြည်သူလူထု စသော ထု ၃ ထု ပူးပေါင်းပြီး မန္တလေးမြို့ ရတနာပုံနေပြည်တော်တွင် ပဉ္စမသင်္ဂါယနာ တင်ခဲ့ကြသည်။ ပိဋကတ်တော်များကို ပေ၊ ပုရပိုက်များပေါ်တွင် ရေးသားထားခြင်းအားဖြင့် ကြာရှည်စွာ မခိုင်မြဲ၊ မတည်တံ့နိုင်ခြင်း၊ မူအမျိုးမျိုးကွဲနေခြင်း စသော အန္တရာယ်များမှ ကာကွယ်ရန် ကျောက်ထက်အက္ခရာတင်ကာ ပဉ္စမအကြိမ်မြောက် သင်္ဂါယနာ တင်ခဲ့ကြသည်။ မန္တလေးမြို့၊ ဒက္ခိဏာရာမဘုရားကြီးတိုက်ဆရာတော် တိပိဋကရေမဟာဓမ္မဥရာဇာဒိ ရာဇဂုရု ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တဇာဂရာဘိဝံသမထေရ် အမှူးပြုသော သံဃာတော် အပါး ၂၄၀၀ တို့က သင်္ဂါယနာ တင်ခဲ့ကြသည်။

ထိုသို့တင်ရာတွင် မန္တလေးတောင်ခြေရှိ လောကမာရဇိန်(ကုသိုလ်တော်) ဘုရားဝင်းအတွင်း၌ စကျင်ကျောက်ဖြူ ၇၂၉ ချပ်ပေါ်တွင် အက္ခရာရေးထွင်း၍ သင်္ဂါယနာတင်ကြရာ ၇ နှစ်၊ ၆ လ၊ ၁၄ ရက် ကြာခဲ့သည်။ ယင်းကျောက်ထပ်အက္ခရာတင်ပြီးနောက် နှုတ်ဖြင့်ရွတ်ဆို၍ သင်္ဂါယနာတင်ကြရာ ၅ လ နှင့် ၃ ရက်အကြာတွင် ပြီးစီးအောင်မြင်ခဲ့သည်။

ဆဋ္ဌမအကြိမ်သင်္ဂါယနာတင်ခြင်း[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ဆဋ္ဌမအကြိမ်သင်္ဂါယနာတင်ခြင်း

သာသနာတော်နှစ် ၂၄၉၈၊ (ခရစ်နှစ် ၁၉၅၄၊ မြန်မာသက္ကရာဇ် ၁၃၁၆)ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ၊ မဟာပါသာဏလိုဏ်ဂူတော်ကြီး၌ ဆဋ္ဌမသင်္ဂါယနာ တင်ခဲ့ကြသည်။ မြန်မာနိုင်ငံသည် နှစ်(၁၀၀)ခန့် သူ့ကျွန်ဘဝ၌ နေခဲ့ရ၍ သာသနာတော် သန့်ရှင်းစင်ကြယ်ရေး၊ ပိဋကတ်တော် သန့်ရှင်းစင်ကြယ်ရေးတို့အတွက် ဆဋ္ဌမအကြိမ်မြောက် သင်္ဂါယနာတင်ကြခြင်း ဖြစ်သည်။

ညောင်ရမ်းဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တရေဝတ၊ မဟာစည်ဆရာတော် အဂ္ဂမဟာပဏ္ဍိတဂါရိက ဘဒ္ဒန္တသောဘဏ(ပုစ္ဆက)၊ မင်းကွန်းဆရာတော် တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ(ဝိသဇ္ဇက) စသော မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ သီရိလင်္ကာ နိုင်ငံ ၅ နိုင်ငံမှ ရဟန်းသံဃာတော် ၂၅၀၀ တို့က သင်္ဂါယနာ တင်ခဲ့ကြသည်။

မြန်မာနိုင်ငံ အစိုးရနှင့် ပြည်သူပြည်သားများ၊ သီရိလင်္ကာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား စသော ထေရဝါဒနိုင်ငံများနှင့် အခြားနိုင်ငံပေါင်း ၂၅ နိုင်ငံတို့ကလည်း အဘက်ဘက်မှ ကူညီပံ့ပိုးပေးခဲ့ကြသည်။ ဗုဒ္ဓသာသနာထွန်းကားဆုံးဖြစ်သော မြန်မာနိုင်ငံသည် သူ့ကျွန်ဘဝ နှစ် ၁၀ဝ ခန့် ကြာမြင့်ခဲ့ပြီး သာသနာတော် လွန်စွာညှိုးနွမ်းလာခဲ့သည်။ သူ့ကျွန်ဘဝမှ လွတ်မြောက်လာသည်နှင့် သာသနာနှစ် ၂၄၉၈ နှစ်တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေ မဟာပါသာဏ လိုဏ်ဂူတွင် ဆဋ္ဌမအကြိမ် သင်္ဂါယနာတင်ပြီး သာသနာတော်ကို စောင့်ရှောက်ခဲ့ရသည်။ ဖဆပလ ဦးနုအစိုးရဦးဆောင်သော မင်းထုနှင့် သာသနာဝင်များ ပြည်သူလူထုစသော ထု ၃ ထု ပူးပေါင်းဆောင်ရွက်ပြီး ယခင် ပိဋကတ်တော်များကို ကျောက်ပြားပေါ်မှာ ဖတ်နေရာမှ အလွယ်တကူ ဖတ်မှတ်လေ့လာနိုင်ရန် ပိဋကတ်တော်များကို စာအုပ်များပေါ်တွင် ကူးပြောင်းရိုက်နှိပ်ပြီး ဆဋ္ဌမအကြိမ်သင်္ဂါယနာတင်ပြီး သာသနာတော်ကို စောင့်ရှောက်ခဲ့ကြသည်။

မှတ်သားရမည့်ဥပမာ[ပြင်ဆင်ရန်]

- တတိယအကြိမ်သင်္ဂါယနာတင်ခဲ့သော သီရိဓမ္မာသောကမင်း သည် မှတ်တမ်းတင်ကျောက်စာတိုင်များ ထုလုပ်စိုက်ထူခဲ့စဉ်က ကျောက်တိုင်များ၏ ထိပ်တွင် တိရစ္ဆာန် ၄ ကောင်ကို ထုလုပ်ခဲ့သည်။

  1. ခြင်္သေ့ = ခြင်္သေ့ကဲ့သို့ ရဲဝံ့သောသတ္တိရှိရန်
  2. ဆင် = ဆင်ကဲ့သို့ ခွန်အားကြီးမားမှုရှိရန်
  3. မြင်း = မြင်းကဲ့သို့ သွက်လက်ဖြတ်လတ်စွာ လုပ်ဆောင်ရန်
  4. နွား = နွားကဲ့သို့ ဝန်ဆောင်နိုင်သကဲ့သို့ သည်းငြီးခံနိုင်ရန်

သာသနာပြုသူတို့သည် ၎င်းတိရစ္ဆာန် ၄ ကောင်၏ ထင်ရှားသော စရိုက်ကဲ့သို့ အတုယူလုပ်ဆောင် ကြရန် ဥပမာပေးခဲ့ပေသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်ခန်းစာ - မဟာသန္တိသုခ ဗုဒ္ဓသာသနာပြုကျောင်းတော်ကြီး