ဂျပန်နိုင်ငံ၌ ကျင့်သုံးသောဗုဒ္ဓဘာသာ

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

ဂျပန်နိုင်ငံသို့ ဗုဒ္ဓဘာသာ စတင်ရောက်ရှိခဲ့သည်မှာ အစောဆုံး အေဒီ ငါးရာစုပတ်ဝန်းကျင် ကိုဖွန်း (Kofun) ခေတ်တွင် ဖြစ်သည်။ တရုတ်နိုင်ငံရှိ မှတ်တမ်းများအရ ထိုခေတ်တွင် ဂန္ဓာရ(ယနေ့ခေတ် အာဖဂန်နစ္စတန်ပတ်ဝန်းကျင်) မှ ရဟန်းတော် ငါးပါး ဂျပန်နိုင်ငံကို ကြွခဲ့သည်ဟု ဆိုသည်။ သို့သော် ဂျပန်နိုင်ငံတွင် ဗုဒ္ဓဘာသာ အားစကောင်းသည်မှာ အေဒီ ခြောက်ရာစုမှ ရှစ်ရာစုကြား အာစုကာ (Asuka) နှင့် နာရာ (Nara) ခေတ်တွင်ဖြစ်သည်။ အေဒီ ငါးရာစုခန့် အာစုကာခေတ်တွင် ကိုရီးယားနိုင်ငံမှ ဂျပန်နိုင်ငံသို့ ဘိက္ခူနှင့် ဘိက္ကူနီများပါဝင်သည့် သာသနာပြုအဖွဲ့တစ်ဖွဲ့ ရောက်ရှိလာခဲ့သည်။ ထိုသာသနာပြုအဖွဲ့သည် ဗုဒ္ဓရုပ်ပွားတော်တစ်ဆူနှင့် သုတ္တန်ကျမ်းစာတစ်ချို့ကို ယူဆောင်လာခဲ့သည်။ ထိုနောက်ပိုင်းတွင် ဂျပန်နိုင်ငံ၌ ဗုဒ္ဓဘာသာသည် ဘုရင်နှင့် မင်းမျိုးမင်းနွယ်များ၏ အားပေးခြင်းကို ခံရပြီး စတင်ပြန့်ပွားလာခဲ့သည်။ အထူးသဖြင့် ရှိုတိုကုမင်းသားကြီး (Prince Shotoku) သည် အာစုကာခေတ် ဗုဒ္ဓသာသနာတော်ကို ယုံကြည်သက်ဝင်သော မင်းမျိုးမင်းနွယ်များထဲတွင် အလွန်ထင်ရှားခဲ့သည်။ ရှိုတိုကုမင်းသားကြီးသည် စန်ဂျိုဂိရှို (Sangyo Gisho) အမည်ရှိ ကျမ်းသုံးစောင်ကို ပြုစုခဲ့သည်။ ထိုကျမ်းသုံးစောင်မှာ သဒ္ဓမ္မပုဏ္ဍရိကာသုတ်၊ ဝိမလကိတ္တိသုတ်၊ သီရိမာလာဒေဝီသီဟနာဒသုတ် ဟူသော မဟာယာနသုတ္တန်သုံးပုဒ်၏ အဖွင့်ဋီကာများ ဖြစ်သည်။ ရှိုတိုကုမင်းသားကြီးသည် ဘုရားအလောင်း ဗောဓိသတ္တတစ်ပါးအဖြစ် ကိုးကွယ်ခြင်းခံရပြီး၊ တချို့က အဝလောကိတေသွာရ ဘုရားအလောင်း ဝင်စားသည်ဟု ယူဆကြသည်။

the Temple of the Golden Pavilion, in Kyoto, Japan.

မာတိကာ

ဂျပန်နိုင်ငံရှိ ဗုဒ္ဓဘာသာဂိုဏ်းများ[ပြင်ဆင်ရန်]

နာရာခေတ် ဂျပန်နိုင်ငံဗုဒ္ဓသာသနာ[ပြင်ဆင်ရန်]

အစကနဦးတွင် တရုတ်ပြည်က ဗုဒ္ဓဘာသာဂိုဏ်း ခြောက်ဂိုဏ်း ဂျပန်နိုင်ငံမှာ စတင်ပြန့်ပွားခဲ့သည်။ ဒီဂိုဏ်းခြောက်ဂိုဏ်းကို Nanto Rokushu (နာရာခေတ် ဂိုဏ်း ခြောက်ဂိုဏ်း) ဟုခေါ်ဆိုကြသည်။ အဲဒီဂိုဏ်းခြောက်ဂိုဏ်းကတော့ ရစ်ရှုဂိုဏ်း၊ ဂျိုဂျစ်ဆုဂိုဏ်း၊ စန်ရွန်ဂိုဏ်း၊ ဟိုဆိုဂိုဏ်းနှင့် ကေဂွန်ဂိုဏ်းတို့ဖြစ်ကြသည်။

ရာကုရှိဂျီ(Yakushi-ji)ဘုရားကျောင်းတွင်းရှိ စေတီတော် နာရာခေတ် (၇၃၀)

၁။ ရစ်ရှု(Risshu) - ဝိနည်းဂိုဏ်း[ပြင်ဆင်ရန်]

ဝိနည်းကို အသားပေးတဲ့ ဂိုဏ်းဖြစ်သည်။ မျက်မမြင် တရုတ်ဆရာတော် ချန်ကျန်း (ဂျပန်အခေါ် ဂန်ဂျင်း(Ganjin))က စတင်တည်ထောင်ခဲ့ပါသည်။ (ထေရဝါဒမှာ ကျင့်သုံးတဲ့ ဝိနည်းမှာ သိက္ခာပုဒ် ၂၂၇ သွယ်ရှိသလို မဟာယာနမှာ ကျင့်သုံးတဲ့ ဝိနည်းဖြစ်တဲ့ ဓမ္မဂုတ္တကဝိနည်းမှာ သိက္ခာပုဒ် ၂၅၀ သွယ်ရှိပါသည်။ ဒီဝိနည်းတွေကို အခုအချိန်ထိ တရုတ်၊ ကိုရီးယား၊ ဗီယက်နမ်၊ ထိုင်ဝမ်တို့မှာ ကျင့်သုံးနေဆဲဖြစ်သည်။ တိဗက်မှာတော့ သိက္ခာပုဒ် ၂၅၃ ခုရှိတဲ့ မူလသဗ္ဗတ္ထိဝါဒဝိနည်းကို စောင့်ထိန်းကြသည်။ ယခုအခါ ဂျပန်နိုင်ငံ၌ ဝိနည်းစောင့်တဲ့ ရဟန်းတွေဟာ မရှိသလောက်ဖြစ်သွားပြီ ဖြစ်သည်။ ရစ်ရှုဂိုဏ်းဟာ မေဂျီ(Meiji)ခေတ်မှာ ရှင်ဂွန်းဂိုဏ်းရဲ့ ဝါးမြိုခြင်း ခံခဲ့ရသည်။ အခုခေတ်အချိန်တွင် နာရာမြို့က တိုရှိုဒိုင်း (Tshodai-ji) ဘုရားကျောင်းသာ ရစ်ရှုဂိုဏ်းအနေနဲ့ ကျန်ရှိနေပါတော့သည်။ ယနေ့ခေတ်၌ ရစ်ရှုဂိုဏ်းဝင်တွေဟာ ရှင်ဂွန်းဂိုဏ်းနဲ့ ပူပေါင်းထားတဲ့ ရှင်ဂွန်းရှစ်ရှုဂိုဏ်းဝင်တွေ အဖြစ်ရှိနေကြသည်။

၂။ ဂျိုဂျစ်ဆု(Jojitsu) - သစ္စာသိဒ္ဓိဂိုဏ်း[ပြင်ဆင်ရန်]

ရှေးဦးဗုဒ္ဓဘာသာဂိုဏ်းခွဲတစ်ဂိုဏ်းဖြစ်တဲ့ ဗဟုသုတိကဂိုဏ်းရဲ့ အဆက်အနွယ်ဖြစ်သည်။ ဒီဂိုဏ်းဟာ တရုတ်ပြည်မှာတော့ ချန်ရှီဆောင် လို့ခေါ်ပြီး ဂျပန်ပြည်မှာတော့ ဂျိုဂျစ်ဆုလို့ အမည်တွင်ခဲ့ပါသည်။ အေဒီ လေးရာစုခန့်က အိန္ဒိယဆရာတော် အရှင်ဟရိဝါမန်ရေးသားခဲ့တဲ့ သစ္စာသိဒ္ဓိသျှတ္တရကို မှီပြီးတည်ထောင်ခဲ့တဲ့ ဂိုဏ်းဖြစ်ပါသည်။ ဒီကျမ်းရဲ့ မူရင်းသက္ကတမူကတော့ ပျောက်ဆုံးသွားခဲ့ပြီး အရှင်ကုမရဇီဝမထေရ် ဘာသာပြန်ခဲ့တဲ့ တရုတ်ဘာသာနဲ့မူသာ တရုတ်တိုင်ရှိုပဋိကတ်မှာ ကျန်ခဲ့သည်။ သစ္စာသိဒ္ဓိသျှတ္တရဟာ ဓမ္မတရားတို့ရဲ့ သုညတသဘောကို ရှင်းလင်းရေးသားထားတဲ့ ကျမ်းစာဖြစ်သည်။ (ဒီနေရာမှာ ဓမ္မတရားဆိုတာ ဒေသနာတရားဓမ္မကို ရည်ညွှန်းတာမဟုတ်ပဲ ခန္ဓာငါးပါး၊ ဓါတ်ကြီးလေးပါး၊ ကျွန်ုပ်တို့ တွေ့ကြုံတွေ့ထိအပ်သော reality ကိုဖြစ်ပေါ်စေသော အရာတွေကို ရည်ညွှန်းပါသည်။)

၃။ ကုရှ(Kusha) - အဘိဓမ္မာဂိုဏ်း[ပြင်ဆင်ရန်]

အေဒီလေးရာစုခန့်က အရှင်ဝသုဗန္ဓုရေးသားခဲ့တဲ့ အဘိဓမ္မာကောသကျမ်းကို မှီပြီးတည်ထောင်ခဲ့တဲ့ဂိုဏ်းဖြစ်ပါသည်။ ဂိုဏ်းခွဲခြောက်ခုထဲမှာ တစ်ခုတည်းသော ဟိနယာနဂိုဏ်းဖြစ်သည်။ အဘိဓမ္မာကောသကျမ်းဟာ ရှေးဦးဗုဒ္ဓဘာသာဂိုဏ်းခွဲတစ်ခုဖြစ်တဲ့ သဗ္ဗတ္ထိဝါဒဂိုဏ်း (ဝေဘာသိကဂိုဏ်း)ရဲ့ အဘိဓမ္မာအယူအဆတွေကို ရှင်းလင်းရေးသားထားတဲ့ ကျမ်းဖြစ်ပါသည်။ ကုရှဆိုတဲ့နာမည်ဟာ အဘိဓမ္မာကောသကို ဂျပန်အသံထွက်နဲ့ခေါ်တဲ့ အဘိဓမုမကုရှ ကနေလာပါသည်။ ထိုကြောင့် ကုရှဂိုဏ်းကို သဗ္ဗတ္ထိဝါဒဂိုဏ်းရဲ့ အဆက်အနွယ်လို့ ယူဆမယ်ဆိုရင်လည်း မမှားပါဘူး။ ဒီဂိုဏ်းဟာ အပေါ်မှာဖော်ပြခဲ့တဲ့ (ပရမတ်)ဓမ္မတရားတွေဟာ"ကိုယ်ပိုင်သဘာဝ" ရှိကြသည်။ ဥပမာဆိုရလျှင် တေဇောဓါတ်ဟာ အမြဲတမ်း ပူတဲ့သဘောရှိတယ်။ ဒီသဘောတွေဟာ အတိတ်၊ ပစ္စပ္ပုန်၊ အနာဂတ် ကာလသုံးပါးစလုံးမှန်တယ်ဆိုတဲ့ အယူအဆရှိတဲ့ဂိုဏ်း ဖြစ်ပါသည်။

၄။ စန်ရွန်း(Sanron) - မာဓျာမိကဂိုဏ်း[ပြင်ဆင်ရန်]

တရုတ်နိုင်ငံ စန်လွန်းဂိုဏ်းရဲ့ အဆက်အနွယ်ဖြစ်သည်။ မဟာယာနဗုဒ္ဓဘာသာမှာ အဓိကအားဖြင့် အဘိဓမ္မာထောက်တိုင်နှစ်ခု ရှိသည်။ တစ်ခုက ယောဂါစာရဖြစ်ပြီး၊ ကျန်တစ်ခုမှာ မာဓျာမိကဂိုဏ်း( မဇ္ဈမိကဂိုဏ်း) ဖြစ်သည်။ မာဓျာမိကဂိုဏ်းကို အေဒီနှစ်ရာစုခန့်မှာ အရှင်နာဂဇ္ဇုမထေရ်က တည်ထောင်ခဲ့သည်။ ဒီဂိုဏ်းဟာ သဗ္ဗတ္ထိဝါဒဂိုဏ်းအဘိဓမ္မာကို ဆန့်ကျင့်တဲ့သဘောနဲ့ ပေါ်ပေါက်ခဲ့တာဖြစ်သည်။ ဒီဂိုဏ်းအယူအဆကတော့ ပဋိစသမုပ္ပါဒ်သဘောအရ အရာခပ်သိမ်းဟာ မှီတွယ်နေသည်။ ဘယ်အရာမှ တစ်ကိုယ်တည်း မရပ်တည်နိုင်။ ကိုယ့်ဟာကိုယ် မဖြစ်ပေါ် မတည်ရှိနိုင်။ ဒီလိုမရှိနိုင်တဲ့အတွက်ကြောင့် ဘယ်အရာမှ "ကိုယ်ပိုင်သဘာဝ" မရှိ။ သမုတိ(conventional) သဘောအရအရာဝတ္တုတွေ တည်ရှိနေပေမယ့် ပရမတ်(ultimate) သဘောအရ ဘယ်အရာမှ ကိုယ်ပိုင်တည်ရှိမှု မရှိ၊ ကိုယ်ပိုင်သဘာဝမရှိ။ ဒီသဘောကို သုညတ (sunyata/emptiness) လို့ခေါ်သည်။ အနတ္တသဘောကို အကျယ်ချဲ့ထားတာပဲဖြစ်ပါသည်။ မာဓျာမိကဂိုဏ်းရဲ့ အယူအဆတွေဟာ သံယုတ္တိနိကာယ်လာ ကစ္စာနဂေါတ္တသုတ်ကို အဓိက အခြေခံထားသည်။ ( အရှင်နာဂဇ္ဇုနဟာ မူလမာဓျာမိကာရိကာကျမ်းကို ကစ္စာနဂေါတ္တသုတ်အဖွင့်အဖြစ် ရေးသားစီရင်ခဲ့တယ်လို့ ပညာရှင်အချို့က ကောတ်ချက်ချကြပါသည်။) " "အလုံးစုံသည်ရှိ၏" ဟူသော ဤအယူသည် တစ်ခုသော အစွန်းပေတည်း။ "အလုံးစုံသည်မရှိ" ဟူသော ဤအယူသည်လည်း နှစ်ခုမြောက်ဖြစ်သော အစွန်းပေတည်း။ ကစ္စာန ဤနှစ်ပါးသော အစွန်းတို့ကို မကပ်ရောက်မူ၍ အလယ်အလတ်အားဖြင့် မြတ်စွာဘုရားသည် တရားဟောတော်မူ၏။" ဆိုတဲ့ ကစ္စာနဂုတ္တသုတ်လာ မြတ်စွာဘုရားရှင်ရဲ့ ဟောပြောချက်ဟာ မာဓျာမိကဂိုဏ်းအတွက် အချက်အချာကျတဲ့ ဒေသနာတစ်ရပ်ဖြစ်ပါသည်။ ဒါကြောင့် "မာဓျာမိက" - (အစွန်းနှစ်ဖက်ကလွတ်သော) အလယ်အလတ်လမ်းစဉ်ဆိုပြီး အမည်ခေါ်တွင်ခြင်း ဖြစ်သည်။ မာဓျာမိကကျမ်းစာတွေကို အေဒီ ငါးရာစုမှာ အရှင်ကုမာရဇီဝက တရုတ်ပြည်သို့ ယူဆောင်ခဲ့ပါသည်။ စွန်လွန်း (သို့မဟုတ်) စန်ရွန်းရဲ့ အဓိပ္ပါယ်ကတော ကျမ်းသုံးစောင် ဂိုဏ်းလို့ အမည်ရပါသည်။ အဘယ်ကြောင့်ဆိုသော အရှင်နာဂဇ္ဇုနမထေရ်ရဲ့ မူလမာဓျာမိကာရိကာကျမ်းနှင့် ဒွါဒဿနိကာယသျှတ္တရကျမ်းနှင့် အရှင်အရိယဒေဝမထေရ်ရဲ့ သာတကသျှတ္တရကျမ်း စုစုပေါင်း (၃) ကျမ်းပေါ်မှီပြီး တည်ထောင်ထားတဲ့ ဂိုဏ်းဖြစ်ပါသည်။ ဒီဂိုဏ်းဟာ ကိုရီးယားဆရာတော် ဟေဂွမ်( ဂျပန်အခေါ် အီကန်) ကနေတဆင့် ဂျပန်ပြည်မှာ ပြန့်ပွားခဲ့ပါသည်။ သို့သော် နောက်မှ ပေါ်လာတဲ့ဂိုဏ်းတွေဖြစ်သော ရှင်ဂွန်းနှင့် တန်ဒိုင်းဂိုဏ်းတို့ရဲ့ ဝါးမြိုမှုကို ခံခဲ့ရပါသည်။

၅။ ဟိုဆို(Hosso) - ယောဂါစာရဂိုဏ်း[ပြင်ဆင်ရန်]

မဟာယာနဗုဒ္ဓဘာသာမှာ ယောဂါစာရနဲ့ မဓျာမိက အဘိဓမ္မာနှစ်ဂိုဏ်းရှိသည်ဟု အပေါ်တွင် ဖော်ပြခဲ့ပါသည်။ စန်ရွန်းဟာ မာဓျာမိကဂိုဏ်းဖြစ်သလို ဟိုဆိုဂိုဏ်းဟာ ယောဂါစာရအဘိဓမ္မာအပေါ်မှီပြီး တည်ထောင်ခဲ့တဲ့ဂိုဏ်း ဖြစ်ပါသည်။ ယောဂါစာရဂိုဏ်းကို ဝိဉာဏဝါဒလို့လည်း ခေါ်ကြပါသည်။ ယောဂါစာရဂိုဏ်းကို တည်ထောင်သူတွေကတော့ အရှင်အသုင်္ဂနဲ့ အရှင်ဝသုဗန္ဓု မထေရ်ညီနောင်နှစ်ပါးဖြစ်ပါသည်။ အရှင်ဝသုန္ဓုဟာ အပေါ်မှာပြောခဲ့သော အဘိဓမ္မာကောသကျမ်းကို ရေးခဲ့တဲ့ မထေရ်ပဲဖြစ်ပါသည်။ အစမှာ အရှင်ဝသုဗန္ဓုဟာ သဗ္ဗတ္ထိဝါဒဂိုဏ်းဝင်ဖြစ်ပေမယ့် အစ်ကိုဖြစ်သူ အရှင်အသုင်္ဂကြောင့် မဟာယာနဂိုဏ်းဝင် ဖြစ်လာခဲ့သည်။ ယောဂါစာရဂိုဏ်းဟာ လောကရဲ့ အရှိ၊ မရှိတရားတွေကို စူးစမ်းလေ့လာတဲ့ တက္ကိဗေဒ (metaphysics) မဟုတ်ပဲ ကျွန်ုပ်တို့ တွေ့ကြုံရတဲ့ အတွေ့အကြုံ (experience) တွေကို ရှင်းပြတဲ့ ဒေသနာဖြစ်ပါသည်။ တနည်းအားဖြစ် လောကရဲ့ သဘာဝအစစ်အမှန် ရှင်းပြဖို့ မဟုတ်ပဲ ကမ္မဋ္ဌာန်းတရား ဘာဝနာ ကျင့်ကြံသူတွေအတွက် လမ်းညွှန်သဘော ဖြစ်ပါသည်။ ထို့ကြောင် ယောဂါစာရ (ယောဂ/ တရားဘာဝနာ ကျင့်ကြံသူ၊ ယောဂ/ တရားဘာဝနာအကျင့် တစ်နည်း အားဖြင့် ပဋိပတ်) လို့ခေါ်ဆိုခြင်း ဖြစ်ပါသည်။ ယောဂါစာရအယူအဆအရ ခန္ဓာငါးပါးထဲက သိမှု ဝိညာဏခန္ဓာကို ရှစ်မျိုးခွဲလို့ ရပါသည်။ ပထမငါးခုကတော့ အာရုံခံအင်္ဂါတို့နဲ့ စပ်ဆိုင်တဲ့ သိမှုဝိဉာဏ်တို့ ဖြစ်ပြီး ခြောက်ခုမြောက်ကတော့ နာမ်နဲ့ဆိုင်တဲ့ မနောဝိဉာဏ်ဖြစ်ပါသည်။ ခုနှစ်ခုမြောက်ကတော့ ငါစွဲ၊ အတ္တစွဲကိုဖြစ်ပေါ်စေတဲ့ သံကိလိဋ္ဌဝိဉာဏ်ဖြစ်သည်။ ဒါတွေဟာ ကိလေသာတွေကို ဖြစ်ပေါ်စေသည်။ ဒီရှစ်မျိုးအနက် ခုနှစ်မျိုးဟာ အခြေခံအကျဆုံးဝိဉာဏ်ဖြစ်တဲ့ အာလယဝိဉာဏ်အပေါ်မှာ မှီတွယ်ပြီး ဖြစ်ပေါ်သည်။ အာလယဝိဉာဏ်ဟာ ကမ္မဗီဇ ဒါမှမဟုတ် မိမိပြုလုပ်ခဲ့တဲ့ ကံ မျိုးစေ့တွေ ကိန်းအောင်းရာ ဂိုထောင်သဖွယ် ဖြစ်တယ်လို့ ဆိုပါသည်။ ဒါကြောင့် အာလယဝိဉာဏ်ကို ဂိုထောင်ဝိဉာဏ် သို့မဟုတ် သိုလှောင်ရုံဝိဉာဏ် (storehouse consciousness) လို့ ခေါ်ပါသည်။ (အာလယဝိဉာဏ်ဟာ ထေရဝါဒရဲ့ ဘဝင်စိတ်နဲ့ ဆင်တူသည်) အာလယဝိဉာဏ်ဟာ ကမ္မမျိုးစေ့တို့ သိုလှောင်ရုံသဖွယ် တင်စားထားပေမယ့် တကယ်တမ်းကတော့ ကမ္မမျိုးစေ့တို့ ဖြစ်ပေါ်လိုက် ပျောက်ပျက်လိုက်ဖြစ်နေတဲ့ "collective" တစ်ခုသာဖြစ်ပြီး အတ္တဝိဉာဉ်မျိုးမဟုတ်ပါဘူး။ ထိုအပြင် ဟိန္ဒူဘာသာရဲ့ ဗြဟ္မလို့ခေါ်တဲ့ Universal (Collective) Sprit/ Consciousness သဘောမျိုးလည်း မဟုတ်ပါဘူး (ဆိုလိုတဲ့သဘောကတော့ သတ္တဝါတစ်ဦးစီမှာ အာလယဝိဉာဏ်တစ်ခုစီ ရှိသည်။ ထို့အပြင် အာလယဝိဉာဏ်ဟာ အဆုံးအစွန် ပရမတ္တအရှိတရားလည်း မဟုတ်ပါဘူး။ အနိစ္စသဘောအတိုင်း အမြဲပြောင်းလဲနေသည်။) ဗောဓိဉာဏ်ကို ရရှိပြီး ဘုရား၊ ရဟန္တာအဖြစ်ကို ရောက်ရှိတဲ့အခါမှာတော့ ဒီ ဝိဉာဏ်ရှစ်ပါးဟာ ချုပ်ငြိမ်းသွားပြီး ဗောဓိဉာဏ်အလျောက် စင်ကြယ်တဲ့ သိမှုတို့ အစားထိုးပေါ်ပေါက်လာတယ်လို့ ဆိုသည်။ ဟိုဆိုဂိုဏ်းကို တည်ထောင်ခဲ့သူကတော့ ဆရာတော် ကူဂျိ ဖြစ်ပါသည်။ ဟိုဆိုဂိုဏ်းဟာ တစ်ချိန်က အလွန် အားကောင်းခဲ့ပြီး ဘုရင့် ဩဇာကိုပါ ယှဉ်ပြိုင်နိုင်စွမ်း ရှိခဲ့ပေမယ့် အခုခေတ်မှာတော့ ဟိုဆိုဂိုဏ်းဟာ သေးငယ်တဲ့ ဂိုဏ်းငယ်အဖြစ်သာ ကျန်ခဲ့သည်။

၆။ ကေဂွန်(Kegon) - အဝဋံသကဂိုဏ်း[ပြင်ဆင်ရန်]

မဟာယနဗုဒ္ဓဘာသာသုတ္တန်တွေထဲက အရှည်ဆုံးလို့ ပြောလို့ရတဲ့ မဟာဝေပုလ္လဗုဒ္ဓအဝဋံသကသုတ္တန် (အတိုခေါက်အခေါ် အဝဋံသကသုတ္တန်) ကိုမှီပြီး တည်ထောင်ခဲ့တဲ့ ဂိုဏ်းဖြစ်ပါသည်။ တရုတ်ပြည်မှာတော့ ဟွာယန်း (အတဋံသက) ဂိုဏ်းလို့ ခေါ်သည်။ ကေဂွန်ဆိုတဲ့ နာမည်ကတော့ ဟွာယန်းဆိုတဲ့ တရုတ်အမည်ကို ဂျပန်လိုတိုက်ရိုက် ဘာသာပြန်ထားခြင်းပင်။ အဝဋံသကသုတ္တန်အကြောင်း နောက်တစ်ချိန် တိုဒိုင်းကျောင်းတော် (Todai-ji) ဖြစ်လာမယ့် ကင်ရှိုစန်းကျောင်းတော် (Rinshosen-ji) မှာ ဟောပြောရင်းနဲ့ ကေဂွန်ဂိုဏ်း ကို တည်ထောင်ခဲ့ပါသည်။ အဝဋံသကသုတ္တန်ဟာ သုတ္တန်ငယ်ပေါင်း လေးဆယ်နဲ့ ဖွဲ့စည်းထားပြီး အဲဒီအထဲမှာမှ ဗောဓိသတ္တလမ်းစဉ် ဘူမိဆယ်ဆင့်ကို ရှင်းပြထားတဲ့ ဒဿဘူမိကသုတ်နဲ့ သုဓနသတို့သားရဲ့ တရားရှာမှီးပုံကို ရေးဖွဲ့ထားတဲ့ ဂဏ္ဍဗျူဟာသုတ်တို့ဟာ ထင်ရှားသည်။ ဂဏ္ဍဗျူဟာသုတ်အရ အရာခပ်သိမ်းဟာ အချင်းချင်း အပြန်အလှန် ဖောက်ထွင်းစိမ့်ဝင် ဖြန့်ကျက်နေတဲ့သဘော (Interpenetration) ရှိတယ်လို့ ဆိုသည်။ ဒီသဘောကို သိရှိမျက်မှောက်ပြုနေတဲ့ ဉာဏ်ဟာ သဗ္ဗညုတဉာဏ်တော်ဖြစ်တယ်လို့ ဆိုပါသည်။ ကမာကူရခေတ် အရောက်မှာ ဂျပန်ပြည် အဝဋံသကဂိုဏ်းစာ တရုတ်ပြည် အဝဋံသကဂိုဏ်းနဲ့ မတူပဲ ဝဇိရယာန (တန္တရ) ဗုဒ္ဓဘာသာရဲ့ လွှမ်းမိုးမှုတွေ ခံလာရပြီး "မစ်ကျို" လို့ခေါ်တဲ့ တန္တရကျင့်စဉ်တွေကို လက်ခံကျင့်သုံးလာကြသည်။ ယနေ့ခေတ်မှာ ကေဂွန်ဂိုဏ်းဝင် လေးသောင်းခန့် ရှိတယ်လို့ စစ်တမ်းတွေအရ သိရှိရသည်။
ဒီဂိုဏ်းတွေဟာ မြို့တော်တွေဖြစ်တဲ့ အစုကာနဲ့ နာရာတို့မှာ အဓိကအခြေစိုက် ခဲ့ကြသည်။ ယနေ့ခေတ်မှ သမိုင်းဝင် ဘုရားကျောင်းတွေ ဖြစ်တဲ့ အစုကာမှာ ဟိုကိုဘုရားကျောင်း (Hoko-ji) ကို တည်ဆောက်ခဲ့သလို နာရာမှာ တိုဒိုင်း (Todai-ji) ဘုရားကျောင်းတို့ကို တည်ဆောက်ခဲ့ကြသည်။ ဒီခေတ်တွေမှာ သာမန်လူတို့အနေနဲပ ဗုဒ္ဓဘာသာကျမ်းစာတို့ကို အလွယ်တကူ လေ့လာကျင့်ကြံခွင့် မရခဲ့ကြပါဘူး။ ကျမ်းတက်၊ စာတက်ဘုန်းတော်ကြီးနဲ့ အထက်တန်းလွှာ လူပုဂ္ဂိုလ်တစ်ခု လက်ထဲမှာသာ ရှိနေခဲ့သည်။ ဒါကြောင့် သာမန်ပြည်သူတို့အတွက် ဘိက္ခူရဟန်းမခံထားတဲ့ "လူဘုန်းကြီး" လို့ ပြောလို့ရတဲ့ လူတန်းစားတစ်ရပ် ပေါ်ပေါက်လာခဲ့သည်။ ဒီလူဘုန်းကြီးတွေဟာ ဗုဒ္ဓဘာသာ၊ တာအို(Tao) ဘာသာနဲ့ ရှင်တို(Shinto)ဘာသာတို့ ရောမွှေထားတဲ့ ကျင့်စဉ်အယူအဆတွေကို ကျင့်ကြံဟောပြောခဲ့ကြပါသည်။

ဟိယန်ခေတ် ဂျပန်နိုင်ငံဗုဒ္ဓသာသနာ[ပြင်ဆင်ရန်]

နာရာခေတ်အကုန် ဟီယန်(Heian)ခေတ် အေဒီ ရှစ်ရာစုမှ ဆယ့်နှစ်ရာစုအတွင်းမှာတော့ ဂျပန်ပြည်ကို ဝဇိရယာနဗုဒ္ဓဘာသာ စတင်ပြန့်ပွားလာပြီး ရှင်ဂွန်းဂိုဏ်းနဲ့ တန်ဒိုင်းဂိုဏ်းတို့ ပေါ်ပေါက်လာခဲ့သည်။ ဟိယန်ခေတ် ဂျပန်ဗုဒ္ဓဘာသာဂိုဏ်းတွေရဲ့ ထူးခြားချက်ကတော့ နာရာခေတ်ဂိုဏ်းတွေလို တရုတ်ပြည်က တိုက်ရိုက်ဆင်းသက်လာတာမျိုးမဟုတ်ပဲ ရှင်ဂွန်းဂိုဏ်းဟာ အိန္ဒိယတောင်ပိုင်း ဝဇိရယာနဗုဒ္ဓဘာသာရဲ့ အဆက်အနွယ်ဖြစ်သလို တန်ဒိုင်းဂိုဏ်းဟာလည်း တရုတ်ပြည်ရှိ တိယန်တိုင်းဂိုဏ်းနဲ့ ဝဇိရယာနကျင့်စဉ်အယူအဆတို့ ရောနှောပြီး ပေါ်ပေါကလာခဲ့တဲ့ ဂိုဏ်းဖြစ်သည်။

၁။ ရှင်ဂွန်းဂိုဏ်း(Shingon)[ပြင်ဆင်ရန်]

ရှင်ဂွန်းဂိုဏ်းကို ဆရာတော်ကုကိုင်း (Kukai)မှ တည်ထောင်ခဲ့သည်။ ရှင်ဂွန်ဂိုဏ်းဟာ ယနေ့ခေတ်အထိ ကျန်နေခဲ့သေးတဲ့ အရှေ့အာရှ ဝဇိရယာနဂိုဏ်းတွေထဲက ဂိုဏ်းတစ်ဂိုဏ်း ဖြစ်သည်။ (ဝဇိရယာနဂိုဏ်းဟာ တိဗက်၊ ဘူတန်၊ မွန်ဂိုလီယားတို့မှာ အများစုတည်ရှိနေသည်။) ရှင်ဂွန်ဂိုဏ်းဝင်တွေဟာ ဆရာတော် ကုကိုင်းကို ကိုဘိုဒိုင်ရှိ (Kobodaishi) - သာသနာပြုမဟာဂုရုကြီး လို့ တလေးတစားခေါ်ဝေါ်ကြသည်။ ဆရာတော် ကုကိုင်းဟာ ကိုးရာစုအစောပိုင်းမှာ တရုတ်ပြည် တန်မင်းဆက်ရဲ့ မြို့တော် ချန်အန်မြို့ကိုသွားပြီး အစမှာ တရုတ်ဗုဒ္ဓဘာသာနဲ့ သက္ကတဘာသာတို့ကို နာလိန္ဒတက္ကသိုလ်မှာ ပညာသင်ကြားခဲ့တဲ့ အရှင်ပညာမထေရ် ဆီမှာ အရင်သင်ကြားခဲ့သည်။ ထို့နောက်မှာတော့ တန္တရဗုဒ္ဓဘာသာကျင့်စဉ်တို့ကို တဖက်ကမ်းခတ်အောင် တက်မြောက်တဲ့ စမကန်မြို့သား အရှင်အမောဃဝဇိရမထေရ်ရဲ့ တပည့်ရင်း ဆရာတော် ဟွီကောထံမှာ တန္တရကျင့်စဉ်တို့ သင်ယူခဲ့သည်။ ဆရာတော် ကုကိုင်းရဲ့ မှတ်တမ်းအရ ဆရာတော်ဟွီကောဟာ သူ့ကို မြင်မြင်ချင်း ပြုံးပြီး "သင့်ကို ကျွန်ုပ်စောင့်နေတာ ကြာပြီး။ နောက်ဆုံးတော့ သင်ရောက်လာပြီ။ ငါ့သက်တမ်းဟာ မကြာခင်ကုန်းဆုံးတောမယ်။ ငါ့မှာ ဓမ္မတရားကို ဆက်လက် လက်ဆင့်ကမ်းစရာ တပည့်လည်း မရှိတော့ဘူး။ ကဲ ပြင်ဆင်စရာရှိတာတွေ မြန်ပြင်ပြီး အဘိသိတ်သွန်းခံတော့" လို့ ပြောတယ်လို့ ရေးသားထားသည်။ ဝဇိရယာဗုဒ္ဓဘာသာမှာ တန္တရကျင့်စဉ်တွေကို ကျင့်ကြံဖို့ အရင်ဆုံး အဘိသိတ်သွန်းခံ ရသည်။ ဆရာတော် ဟွိကော ဟာ ဆရာတော် ကုကိုင်းကို တန္တရဗုဒ္ဓဘာသာ ကျင့်စဉ်တွေကို သင်ကြားပေးပြီး ဂျပန်ပြည်ကိုပြန် သာသာနာပြုဖို့ မှာကြားပြီး မကြာခင်မှာပဲ ပျံလွန်တော်မူခဲ့သည်။ ဂျပန်ပြည်အပြန်မှာ ဆရာတော် ကုကိုင်းဟာ သက္ကတနဲ့ တရုတ်ဘာသာနဲ့ ရေးသားထားတဲ့ ဝဇိရယာနဗုဒ္ဓဘာသာကျမ်းစာ အများအပြားကို ယူဆောင်ခဲ့သည်။ ဒါပေမယ့် ဆရာတော် ဂျပန်ပြည်ကို ပြန်အရောက်မှာ ဆရာတော်ရဲ့ တရုတ်ပြည် ပညာတော်သင်ခရီးစဉ်ကို အားပေးခဲ့တဲ့ ကမ်မူဘုရင်မင်းမြတ် (Emperor Kammu) ဟာ နတ်ရွာစံသွားခဲ့ပြီ ဖြစ်ပြီး သူ့အရိုက်အရာကို ဆက်ခံတဲ့ ဟေးဇအိဘုရင် (Empperor Heizei) ဟာ ဗုဒ္ဓဘာသာကို အားမပေးခဲ့လို့ ဆရာတော်အနေနဲ့ အခတ်ကြုံခဲ့ရသည်။ သို့သော် မကြာခင်မှာပဲ ဟေးဇအိဘုရင်ဟာ နတ်ရွာစံခဲ့ပြီး အသစ်တက်လာခဲ့တဲ့ စာဂဘုရင် (Emperor Saga) ဟာ ဗုဒ္ဓဘာသာကို ပြန်လည်အားပေးခဲ့ပြီး ဆရာတော် ကုကိုင်းကိုလည်း မင်းဆရာအဖြစ် တင်မြှောက်ခဲ့သည်။ စာဂဘုရင်ကို ဆက်ခံတဲ့ ဂျွန်းန (Emperor Junna) နဲ့ နင်မျို (Emperor Ninmyo) တို့ဟာလည်း အစဉ်အဆက် ထောက်ခံခဲ့ကြသည်။ ဆရာတော် ကုကိုင်းဟာ ဒီအတောအတွင်းမှာ ရှင်ဂွန်ဂိုဏ်းရဲ့ အရေးကြီးတဲ့ ကျမ်းစာတော်တော် များများကိုလည်း ရေးခဲ့သည်။ အေဒီ ၈၃၂ ခုနှစ်ခန့်မှာတော့ ဆရာတော်ဟာ ကိုယတောင်ပေါ် (Mount Koya) ကို ကြွသွားခဲ့ပြီး ပျံတော်မူတဲ့ အေဒီ ၈၃၈ ခုနှစ်အထိ နေခဲ့သည်။ ပျံတော်မူခါနီးမှာ ဆရာတော်ဟာ ဈာန်သမာပတ်ကို မပြတ်ဝင်စားနေခဲ့သည်။ ဆရာတော် ပျံလွန်တော်မူခဲ့တဲ့အခါ ဆရာတော်ရဲ့ ဆန္ဒအရ အစဉ်အလာအတိုင်း မီးမသင်္ဂြိုဟ်ပဲ ဂူသွင်းခဲ့သည်။ ကာလအတန်အကြာမှာ ဂူကို ပြန်ဖွင့်ကြည့်တဲ့အခါ ဆရာတော်ရဲ့ ရုပ်ကလာပ်ဟာ ပုပ်သိုးဆွေးမြေ့ခြင်းမရှိပဲ ဆံပင်တွေတောင် အနည်းငယ်ရှည်ပြီး အိပ်နေသလိုရှိနေတယ်လို့ ဆိုကြသည်။ ဒဏ္ဍာရီအရ ဆရာတော်ဟာ ကိုယတောင်ပေါ်မှာ ဈာန်သမာပတ်ဝင်စားရင်း အရိမေတ္တယျဘုရား ပွင့်ချိန်စောင့်နေတယ်လို့ ဆိုကြသည်။
ရှင်ဂွန်းဂိုဏ်းရဲ့ ကျင့်စဉ်နဲ့ အယူအဆတွေဟာ အစောပိုင်း ဗုဒ္ဓဘာသာ တန္တရကျမ်းစာတွေဖြစ်တဲ့ မဟာဝေရာစနသုတ်၊ ဝဇိရသေခရသုတ်၊ အဓရာဓါသေတိကပညာပါရမီတာသုတ်နဲ့ သုသိဒ္ဓိခရသုတ်တို့ အပေါ်မှာ အခြေခံထားသည်။ ရှင်ဂွန်းဂိုဏ်း အယူအဆအရ လူတိုင်းမှာ ဗုဒ္ဓသဘာဝ (Buddha-nature) သို့မဟုတ် တထာဂတဂဗ္ဘ ကိန်းဝပ်တည်ရှိနေသည်။ ဆိုလိုချင်တဲ့ သဘောကတော့ လူတိုင်းဟာ ကျင့်ကြံကြိုးပမ်းပါက ဗုဒ္ဓအဖြစ်ကိုရရှိနိုင်သည် (သို့မဟုတ်) ဗောဓိဉာဏ်ကို မျက်မှောက်ပြုနိုင်သည်။ ဒါကြောင် ဗောဓိဉာဏ်ဟာ ကာလပေါင်း အင်္သခေျ ကျင့်ကြံစရာမလိုပဲ ယခုမျက်မှောက် လက်ရှိဘဝမှာ ဆရာဂုရုရဲ့ လမ်းညွှန် ပြသချက်အတိုင်း ကိုယ်၊ နှုတ်၊ စိတ်သုံးပါးကို စင်ကြယ်အောင် ကျင့်ကြံနိုင်ရင် ရရှိမျက်မှောက်ပြုနိုင်တယ်ဟု ဆိုလိုသည်။ မန္တာန်၊ မုဒြာ (ကိုယ်ဟန်အနေအထား) နဲ့ မဏ္ဍလ (အဓိပ္ပါယ်အမျိုးမျိုးရှိတဲ့ ဗုဒ္ဓနဲ့ ဗောဓိသတ္တပုံတို့ ပါဝင်တဲ့ ရုပ်ပုံ၊ ပန်းချီကားချပ် စသဖြင့်) တို့ဟာ ဓမ္မကာယကို ဖော်ညွှန်းတယ်လို့ ဆိုပါသည်။ ဓမ္မကာယဆိုတာ စကြာဝဠာ၊ လောကရှိ အရာခပ်သိမ်းရဲ့ အစစ်အမှန်သဘာဝဖြစ်တဲ့ သုညတ (သို့မဟုတ်) အနတ္တသဘောကို ရည်ညွှန်းခြင်း ဖြစ်သည်။ ဒီ ဓမ္မကာယ (သို့မဟုတ်) သုညတ၊ အနတ္တသဘောကို မဟာဝေရောစနဗုဒ္ဓအနေနှင့် ရှင်ဂွန်းဂိုဏ်းက သင်္ကေတပြု ပြောဆိုသည်။
ရှင်ဂွန်းဂိုဏ်းဟာ ယနေ့မျက်မှောက်ခေတ် ဂျပန်နိုင်ငံ ဗုဒ္ဓဘာသာဂိုဏ်းတွေထဲမှာ အကြီးဆုံး ဂိုဏ်းတစ်ဂိုဏ်း ဖြစ်ပါသည်။

၂။ တန်ဒိုင်းဂိုဏ်း(Tendai)[ပြင်ဆင်ရန်]

Byōdō-in (Pure Land sect), located in Uji, Kyoto

တိယန်တိုင်းဂိုဏ်းကို တရုတ်ပြည်မှာ ဆရာတော်ဇီယိမှ အေဒီ ခြောက်ရာစု ပတ်ဝန်းကျင်ခန့်မှာ စတင်တည်ထောင်ခဲ့သည်။ ဆရာတော် သီတင်းသုံးခဲ့ရာ တိယန်တိုင်းတောင်ကို အစွဲပြုပြီး နာမည်တွင်ခဲ့တာ ဖြစ်ပါသည်။ ဒီဂိုဏ်းဟာ သဒ္ဓမ္မပုဏ္ဍရိကာသုတ် (ကြာပန်းသုတ်)ကို အလေးထားတဲ့ဂိုဏ်း ဖြစ်သောကြောင့် ကြာပန်းဂိုဏ်း (Lotus School) လို့လည်း ခေါ်ကြသည်။ ဆရာတော်ဟာ ကျမ်းစာအမျိုးမျိုး၊ အယူအဆအမျိုးမျိုး ဖြစ်နေရခြင်းမှာ ဗုဒ္ဓမြတ်စွာဘုရားဟာ နာယူသူပရိသတ်ရဲ့ နာယူနိုင်မှု၊ နာခံနိုင်မှုကို လိုက်ပြီး တရားဓမ္မဟောကြားခဲ့လို့ ဖြစ်တယ်ဟု ဆိုပြီး အကွဲကွဲအပြားပြားဖြစ်နေတဲ့ အာဂါမ (နိကာယ်)တွေ၊ မဟာယာနသုတ္တန်တွေ၊ သျှတ္တရ အဋ္ဌကထာကျမ်းတွေကို တစုတစည်းထဲဖြစ်အောင် စုစည်းခဲ့သည်။ ထိုပြင် ဆရာတော်ဟာ သမထနဲ့ ဝိပဿနာကျင့်ကြံမှုကို အားပေးခဲ့ပြီး ကိုယ်တိုင်လည်း အထင်ကရကျမ်းတဆုဖြစ်တဲ့ မဟာသမထဝိပဿနာကျမ်းကို ရေးသားပြုစုခဲ့သည်။ အာနာပါနနုဿတိကို အဓိက အလေးပေးခဲ့သည်။

ဂျပန်ပြည် တန်ဒိုင်းဂိုဏ်းကို တည်ထောင်ခဲ့သူ ကတော့ ဆရာတော် ဆိုင်ချိုဖြစ်ပါသည်။ ဆရာတော် ဆိုင်ချိုဟာ အသက်နှစ်ဆယ်အရွယ်မှာ တိုဒိုင်းကျောင်းတော်မှာ ရဟန်းခံခဲ့သည်။ ရဟန်းခံပြီး မကြာခင်မှာ ဟိအိတောင် (Mount Hiei) ပေါ်သွားပြီး ကမ္မဋ္ဌာန်းဘာဝနာ ပွားများခဲ့ပါသည်။ မကြာခင်မှာပဲ ဟိအိတောင်ပေါ်မှာ ဆရာတော်နဲ့ အတူ လိုက်လံကျင့်ကြံသူတွေ ရှိလာသည်။ ဒါဟာ တန်ဒိုင်းဂိုဏ်းရဲ့ အစဆိုရင်လည်း မမှားပါဘူး။ နောက်တစ်ချိန်မှာ နာမည်ကျော် အန်ရာကု ကျောင်းတော် (Enryaku-ji) ကို ဟိအိတောင်ပေါ်မှာ တည်ဆောက်ခဲ့ပါသည်။ မကြာခင်မှာပဲ ဆရာတော်မဟာ မှူးမတ်၊ မင်းမျိုးမင်းနွယ်တွေရဲ့ ပင့်ဖိတ်ကိုးကွယ်ခြင်းကို ခံခဲ့ရပါသည်။ ဆရာတော်ဟာ ကမ်မူဘုရင်ရဲ့ အားပေးမှုနဲ့အတူ တရုတ်ပြည် တန်မင်းဆက်ထံ စေလွှတ်တဲ့ သံတမန်အဖွဲ့ တစ်ဖွဲ့နဲ့ အတူလိုက်ပါပြီး တိယန်တိုင်းဂိုဏ်း ကျမ်းစာတွေကို ဂျပန်ပြည်ပြန်ယူခဲ့ဖို့ စေလွှတ်ခြင်းခံခဲ့ရသည်။ ဆရာတော်ဆိုင်ချိုဟာ တိယန်တိုင်းတောင်မှာ တိယန်တိုင်းဂိုဏ်း ခုနှစ်ဆက်မြောက် ဂိုဏ်းချုပ်ဆရာတော် တောက်စွီထံမှာ တိယန်တိုင်းဂိုဏ်း အယူအဆ၊ ကျမ်းစာများ၊ ဝိနည်းနှင့် သမထ ဝိပဿနာဘာဝနာတို့ကို ၁၃၅ ရက်တိတိ သင်ယူခဲ့သည်။ ထို့အပြင် ဆရာတော် ဆိုင်ချိုဟာ ယွေကျူးမြို့ (ယနေ့ခေတ် ရှောက်ကျင်းမြို့) ကိုသွားရောက်ပြီး ဝဇိရယာန ဗုဒ္ဓဘာသာ ကျင့်စဉ်တွေ၊ ကျမ်းစာတွေကို သွားရောက်သင်ယူခဲ့သည်။ အဲဒီနောက်မှာတော့ ဆရာတော်ဟာ ဂျပန်ပြည်ကို ပြန်ပြီး တရုတ်ပြည်မှာ သင်ယူခဲ့တဲ့ တိယန်တိုင်း အတွေးအခေါ်တွေ၊ ကျမ်းဂန်တွေ၊ ကျင့်စဉ်တွေနဲ့ ဝဇိရယာနကျင့်စဉ်ကျမ်းစာတွေကို စုပေါင်းပြီး တန်ဒိုင်းဂိုဏ်းကို အေဒီ ၈၀၆ ခုနှစ်မှာ စတင်တည်ထောင်ခဲ့သည်။ဆရာတော် ကုကိုင်း တရုတ်ပြည်က ပြန်လည်ယူဆောင်ခဲ့တဲ့ ဝဇိရယာနကျင့်စဉ်အချို့ကိုလည်း တန်ဒိုင်းဂိုဏ်းတွင် လက်ခံကျင့်သုံးခဲ့ပါသည်။ ထို့ကြောင့် တန်ဒိုင်းနှင့် ရှင်ဂွန်းကျင့်စဉ်အချို့မှာ ဆင်တူတာတွေရှိပါသည်။ သို့ပေမယ့် ကွာခြားချက်ကတော့ ရှင်ဂွန်းဟာ ဝဇိရယာနသက်သက် ဂိုဏ်းဖြစ်ပြီး တန်ဒိုင်းဟာ ဝဇိရယာန ကျင့်စဉ်တွေကို လက်ခံတဲ့ မဟာယာနဂိုဏ်းဖြစ်သည်။ ဆရာတော် ဆိုင်ချို၏ တန်ဒိုင်းဂိုဏ်းမှာ မဟာယာနဂိုဏ်း စစ်စစ်ဖြစ်သောကြောင့် အစဉ်အလာ ကျင့်သုံးခဲ့တဲ့ (ဓမ္မဂုတ္တက) ဟိနယာနဝိနည်းကို လိုက်နာကျင့်သုံးစရာမလိုဟု ယူဆပြီး မဟာယာန ဗြဟ္မဇာလသုတ္တန်လာ ဗောဓိသတ္တဝိနည်းနှင့် ရဟန်းခံမှုကို အစားထိုးဖို့ ကြိုးပမ်းခဲ့သည်။ ဒီကြိုးပမ်းမှုဟာ ဆရာတော် ပျံတော်မှုပြီး (အေဒီ ၈၂၂ ခုနှစ်) မှသာ အထမြောက်ခဲ့သည်။ ဒီအချက်ဟာ ဂျပန်ပြည် ဗုဒ္ဓသာသနာအပေါ်မှာ အတော်လေး ရိုက်ခတ်ခဲ့တယ်လို့ ဆိုကြသည်။ နောက်ပိုင်းမှာ ရဟန်းခံမှုတွေမှာ တခြားဂိုဏ်းတွေဟာလည်း တန်ဒိုင်းဂိုဏ်းကို အတုယူပြီး ဓမ္မဂုတ္တကဝိနည်းအစား ဗောဓိသတ္တဝိနည်းနှင့် ရဟန်းခံမှုများပြားလာခဲ့သည်။

တန်ဒိုင်းဂိုဏ်းဟာ ရှင်တိုကမီ (Kami) နတ်ဘုရားတွေကိုလည်း ဗုဒ္ဓဘာသာအတွင်းမှာ သွတ်သွင်းလာခဲ့ကြသည်။ တန်ဒိုင်းဂိုဏ်းဟာ လူတိုင်းလူတိုင်းမှာ (ရှင်ဂွန်းဂိုဏ်းအတိုင်း) ဗုဒ္ဓသဘာဝ၊ တထာဂတဂဗ္ဘ ရှိသည်ဟု ယူဆသည်။ ဒီအယူအဆကနေ မှတဆင့် ဟွန်ဂကု (Hongaku) လို့ခေါ်တဲ့ သတ္တဝါတိုင်းဟာ အတွင်းသဘာဝမှာ ဗုဒ္ဓနှင့် တူညီတဲ့ အဖြစ်ရှိပြီးသားလို့ ယူဆသည်အထိ ဖြစ်သွားသည်။ ဆိုလိုသည်မှာ အရာခပ်သိမ်းဟာ ပရမတ္တအမြင်အရ အဒွယတာသဘောချည်း ဖြစ်သည်။ အရာခပ်သိမ်းဟာ ဆက်နွယ်နေတဲ့အတွက် သုညတ သဘောချည်းဖြစ်သည်။ ထိုကြောင့် သာမန်ပုထုဇဉ်လူသားနှင့် ဗောဓိဉာဏ် အလင်းဆိုက်ပြီးတဲ့ ဗုဒ္ဓတို့ဟာ တူညီတဲ့ (သုညတ) သဘာဝရှိကြသည် ဟု ယူဆခြင်းဖြစ်သည်။ လောကရှိ ဘယ်အရာမဆို ဓမ္မကာယ သုညတ သဘောချည်းသာဖြစ်သည်။ တနည်းအားဖြင့် ဘယ်အရာမဆို တရားသဘောကို ဖော်ပြနိုင်စွမ်းရှိကြသည်။ ဒီလိုယူဆချက်ကြောင့် (တန်ဒိုင်းဂိုဏ်းရဲ့ လွှမ်းမိုးမှုနှင့်) ဂျပန်ဗုဒ္ဓဘာသာမှာ ဘာသာရေးနှင့် ဆက်နွယ်တဲ့ ကဗျာတွေ၊ ပန်းချီကားတွေကို အများအပြား တွေ့ရခြင်းဖြစ်သည်။

ကမာကူရခေတ် ဂျပန်ဗုဒ္ဓဘာသာ ဂိုဏ်းခွဲတွေကို တည်ထောင်ခဲ့တဲ့ ဆရာတော်တွေ အားလုံးဟာ တန်ဒိုင်းဂိုဏ်းထွက်တွေချည်း ဖြစ်ကြသည်။

ဟိယန်ခေတ်မှာ ဂျပန်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေ တဖြည်းဖြည်း အားကောင်းပြီး ဘုရင့် အာဏာကိုတောင် ယှဉ်ပြိုင်လာနိုင်ကြသည်။ အဲဒီခေတ်မှာ ဆိုဟေး (Sohei) လို့ခေါ်တဲ့ ဘုန်းကြီးစစ်သားတွေလည်း ပေါ်ပေါက်ခဲ့သည်။ သူတို့ဟာ Naginata ခေါ် လှံရှည်ကို အဓိက စွဲကိုင်ကြသည်။ Kanabo လို့ခေါ်တဲ့ သံတင်းပုတ်တွေကိုလည်း ကိုင်ဆောင်ကြသေးသည်။ သံကိုယ်ကြပ် အင်္ကျီတွေကိုလည်း ဝတ်ဆင်ကြသည်။ ဆိုဟေးတွေဟာ ဂိုဏ်းခွဲတွေ တစ်ခုနှင့် တစ်ခု အချင်းဖြစ်ပွားရာမှာ ပါဝင်ခဲ့ကြသလို စစ်ဘုရင်တွေ အချင်းချင်း စစ်ခင်းကြရာမှာလည်း ပါဝင်ခဲ့ကြသည်။

ကမာကူရခေတ် ဂျပန်နိုင်ငံဗုဒ္ဓသာသနာ[ပြင်ဆင်ရန်]

ကမကူရခေတ်(Kamakura) ဟာ ၁၁၈၅ ခုနှစ်မှာ စတင်ပါသည်။ မီနာမိုတို နို ယိုရီမိုတို(Minamoto no Yorimoto) က ကမာကူရမြို့မှာ အုပ်ချုပ်သူ ရှိုဂန်းအစိုးရဖွဲ့စည်းပြီး ဧကရာဇ်ဘုရင်ရဲ့ ဩဇာအာဏာကျဆင်းလာခါ ဆာမူရိုင်းတွေ့နဲ့ ၎င်းတို့ကို အုပ်ချုပ်တဲ့ ရှိုဂန်တွေရဲ့လက်ထဲ အာဏာရောက်ရှိလာခဲ့ပါသည်။ အဲဒီအချိန်ကစပြီး ဆာမူရိုင်းခေတ် စတင်လာခဲ့ပါတော့သည်။ ကမာကူရခေတ်မှာ ပေါ်ပေါက်ခဲ့တဲ့ ဂျပန်ဗုဒ္ဓဘာသာဂိုဏ်းတွေကတော သုခဝတီဂိုဏ်း(ဂျိုဒိုရှုနှင့် ဂျိုဒိုရှင်ရှု)၊ ဇဲန်ဂိုဏ်း နှင့် နီချီရန်ဂိုဏ်းတို့ ဖြစ်ကြသည်။ အဲဒီခေတ်ကို ရောက်ရှိလာတဲ့အခါမှာတော့ ဗုဒ္ဓဘာသာဟာ အထက်တန်းလွှာအတွက်သာမဟုတ်တော့ပဲ သာမန်ပြည်သူလူထုအတွက်ပါ ဖြစ်လာပါတော့သည်။

၁။ သုခဝတီဂိုဏ်း(Pure Land)[ပြင်ဆင်ရန်]

သုခဝတီဂိုဏ်းဟာ အဓိကအားဖြင့် ဂျိုဒိုရှု (Jodo-shu) နှင့် (Jodo-shinshu) ဆိုပြီး အဓိကအားဖြင့် ဂိုဏ်းနှစ်ဂိုဏ်း ရှိပါသည်။ ဂျိုဒိုဟာ သုခဝတီ (Pure Land) လို့ အဓိပ္ပါယ်ရပါသည်။ ဒီလို နာမည်တွင်ခြင်းကတော့ သုခဝတီဗျူဟာသုတ္တန်ကို အခြေခံထားလို့ပဲ ဖြစ်ပါသည်။ သုခဝတီဂိုဏ်းနှင့် ဆက်စပ်တဲ့ ကျမ်းစာတွေကတော့ သုခဝတီဗျူဟာသုတ္တန် (အတိုနှင့် အရှည်နှစ်ခု) နှင့် အမိတာယုဈနသုတ္တန် (အမိတာယုဗုဒ္ဓနုဿတိသုတ္တန်) တို့ဖြစ်ကြပါသည်။ ဒီသုတ္တန်တွေမှာ ဗုဒ္ဓနုဿတိကမ္မဋ္ဌာန်းတစ်မျိုးကို အဓိကဖော်ပြထားပြီး အမိတာဘာဗုဒ္ဓဘုရားရှင်ရဲ့ အနောက်ဘက်ရှိ ဗုဒ္ဓခေတ္တရာ (Buddha-field/ Budda-land) သုခဝတီပြည် အကြောင်းကို ရေးသားဖော်ပြထားပါသည်။ ဂျပန်လိုတော့ သုခဝတီပြည်ကို ဂိုကုရာကု (Gokuraku - ထာဝရသုခဘုံ) သို့မဟုတ် အန်(န်)ရာကု (Anraku - ငြိမ်းချမ်းသောသုခဘုံ) လို့ ခေါ်ကြပါသည်။ ဒီသုတ္တန်တွေဟာ ကမ္မဋ္ဌာန်းဘာဝနာနှင့် စပ်ဆိုင်ပြီး စတင်ပေါ်ပေါက်ခဲ့ဟန် ရှိပြီး တဖြည်းဖြည်းနှင့် အမိတာဘာဘုရားရဲ့ သုခဝတီပြည်ဟာ တကယ့်ဘုံဌာနတစ်ခုအဖြစ် ယူဆလာကြဟန်ရှိပါသည်။ သုခဝတီဂိုဏ်း အယူအဆအရ လူ့ဘုံလောကဟာ ဆုတ်ကပ်ဖြစ်တဲ့ ခေတ်မှာ အကုသိုလ်အမျိုးမျိုး၊ အနှောင့်အယှက်အမျိုးမျိုးနှင့် ပြည့်နှက်နေတဲ့အတွက် နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့မလွယ်။ ထိုကြောင့် အမိတာဘာဗုဒ္ဓဘုရားရဲ့ သုခဝတီပြည်ကို အရင်ရောက်အောင် အားထုတ်ရမည် ဖြစ်သည်။ သုခဝတီပြည်ကို ရောက်တဲ့အခါမှာ အမိတာဘာဗုဒ္ဓဘုရားရှင်ရဲ့ ရှေ့မှောက်မှာ ဗောဓိဉာဏ်အလင်းကို အနှောင့်အယှက် တစ်စုံတရာမရှိပဲ ငြိမ်းချမ်းစွာ အားထုတ်နိုင်မယ်လို့ ယူဆကြသည်။ ဒီလို သုခဝတီကို ရောက်ဖို့အတွက် အမိတာဘာဗုဒ္ဓဘုရားရှင်ကို အာရုံပြုပြီး "နမောအမိတာဘာဗုဒ္ဓ" (တရုတ်လို "နမောအမိတောဖော"၊ ဂျပန်လို "နမူအမိဒဘုစု") လို့ ရွတ်ဆိုပြီး အမိတာဘာဗုဒ္ဓဘုရားရှင်ကို အောက်မေ့ရင်း သမာဓိ ထူထောင်ရမည်။ တရုတ်ပြည်မှာတော့ သုခဝတီဂိုဏ်း ရယ်လို့ သပ်သပ်မရှိပါဘူး။ သုခဝတီအယူအဆတွေဟာ တရုတ်ဗုဒ္ဓဘာသာမှ ဒီအတိုင်းပဲ ရောနှောပါဝင်နေတာ ဖြစ်ပါသည်။ ဂျပန်ပြည်မှာတော့ အထက်မှာ ပြောခဲ့သည့်အတိုင်း နှစ်ဂိုဏ်းရှိပါသည်။ ဂျိုဒိုရှုဂိုဏ်းက သုခဝတီပြည်ဟာ နောက်တမလွန်မှသာ ရောက်နိုင်တယ်လို့ ယူဆပါသည်။ ဂျိုဒိုရှုဂိုဏ်းအတွက် သုခဝတီဟာ နိဗ္ဗာန်နဲ့ သံသရာစပ်ကြား ပေါင်းကူးပေးရာ တံတားတစ်ခုသဖွယ် ဖြစ်ပသည်။ ဂျိုဒိုရှင်ရှုဂိုဏ်းကတော့ ရှင်ဂျင်း (shinjin) လို့ခေါ်တဲ့ ကြည်လင်သန့်စင်တဲ့ စိတ်အခြေအနေတစ်မျိုးကို ရရှိသူဟာ သုခဝတီကို ယခုလက်ရှိဘဝမှတင် ရရှိနိုင်သည်ဟု ယူဆပြီး သေလွန်တဲ့အခါမှာ အမိတာဘာဗုဒ္ဓဘုရားရှင်နှင့် ဆုံတွေ့ရပြီး ဗောဓိသတ္တအဖြစ်ကို ရကာ လူ့လောကကို ပြန်လည်ဆင်းသက်ပြီး သတ္တဝါအပေါင်းကို ကယ်တင်ဖို့ ဗောဓိသတ္တလမ်းစဉ်အတိုင်း ဆောင်ရွက်ရမည်ဟု ယူဆကြပါသည်။

ဂျိုဒိုရှုဂိုဏ်ကို ဆရာတော် ဟိုနန် (Honen) က ၁၁၇၅ ခုနှစ်မှာ တည်ထောင်ခဲ့ပါသည်။ ဆရာတော်ဟာ အစက တန်ဒိုင်ဂိုဏ်းဝင်ဖြစ်ပြီး ဟီအိတောင်မှာ ပညာသင်ကြားခဲ့ပါသည်။ သိုပေမယ့် ဆရာတော်ဟာ တန်ဒိုင်းအယူအဆတွေကို ဘဝင်မကျဖြစ်ပြီး တရုတ်ဆရာတော် ရှန်တောက် ရေးသားခဲ့တဲ့ သုခဝတီနှင့် စပ်ဆိုင်တဲ့ ကျမ်းစာတွေကို လေ့လာရာ ကစပြီး အမိတာဘာဗုဒ္ဓဘုရားရှင် အပေါ် သဒ္ဒါဓိကလမ်းစဉ်ကို ဖော်ဆောင်ခဲ့ပါသည်။ မကြာခင်မှာပဲ ဆရာတော် ဟိုနန်ရဲ့ လမ်းစဉ်ဟာ သာမန်ပြည်သူလူထုရဲ့ ကျားမမရွေး ထောက်ခံမှုများစွာ ရရှိခဲ့ပါသည်။ ဒါတွေကို ကျိုတိုရှိ မင်းမျိုးမင်းနွယ် မှူးမတ်တို့က စိုးရိမ်မကင်းဖြစ်လာပြီး ဆရာတော် ဟိုနန်နဲ့ တပည့်တွေကို နှိပ်ကွပ်ခဲ့ပါသည်။ ဆရာတော်ရဲ့ တစ်ချို့သော တပည့်တွေဟာ သေဒဏ်ပေးခြင်း ခံခဲ့ရသည့်အပြင် ဆရာတော် ဟိုနန်ကိုယ်တော်တိုင်လည်း နယ်နှင်ဒဏ်ပေးခြင်း ခံခဲ့ရပါသည်။ ဆရာတော်ရဲ့ တပည့်ကြီးတွေဟာလည်း အလားတူ နယ်နှင်ဒဏ်ပေးခြင်း ခံခဲ့ရပါသည်။ ဒီအထဲမှာ နောင်အခါ ဂျိုဒိုရှင်ရှုဂိုဏ်းကို တည်ထောင်မည့် ဆရာတော် ရှင်ရန် (Shinran) လည်းပါဝင်သည်။ ဆရာတော် ဟိုနန်ရဲ့ နယ်နှင်ဒဏ်အမိန့်ကို ၁၂၁၁ ခုနှစ်မှာ အစိုးရက ပယ်ဖျက်ပေးခဲ့ပြီး ပြည်တော်ပြန်ခွင့် ပေးခဲ့ပေမယ့် တစ်နှစ်အကြာမှာ သူရဲ့ တရားဒေသနာတွေကို အတိုချုပ်ထားတဲ့ အိချိမိုင်းကိရှိုမွန် (Ichimai-kishomon) တစ်မျက်နှာစာတမ်း ရေးသားပြီး နှစ်ရက်အကြာမှာ ပျံတော်မူခဲ့ပါသည်။

ဂျိုဒိုရှင်ရှုဂိုဏ်းကို တည်ထောင်ခဲ့တဲ့သူကတော့ ဆရာတော် ဟိုနန်ရဲ့ တပည့်တစ်ပါးဖြစ်တဲ့ ဆရာတော် ရှိုနင်ဖြစ်ပါသည်။ ဆရာတော် ရှိုနင်ဟာ မင်းမျိုးမင်းနွယ် ဖြစ်ပါသည်။ ဟိယန်ခေတ်အကုန် ကမာကူရခေတ် နိုင်ငံမတည်မငြိမ် ဖြစ်နေချိန် ဘုရင့်ဩဇာကျဆင်းနေချိန်မှာ မွေးဖွားခဲ့ပြီး သူ့ဦးလေးဖြစ်သူက သူ့ကို ငယ်စဉ်ကတည်းက ဟိအိတောင်ကို စေလွတ်ပြီး ရဟန်းဘောင် ဝင်စေခဲ့သည်။ ဆရာတော် ရှင်ရန်ဟာ တရားဘာဝနာ အပြင်အထန် ကျင့်ကြံအားထုတ်ခဲ့ပေမယ့် တရားမရခဲ့ပါဘူး။ ဒါကြောင့် ဆရာတော်ဟာ စိတ်ပျက်ပြီး ဟိအိတောင်ကနေ ထွက်လာပြီး ချိုဟိုကျောင်း (Choho-ji) မှာ ထပ်မံပြီး တရားဘာဝနာ ပွားများခဲ့ပါသည်။ ဒီလို ပွားများနေစဉ်မှာ ရှိုတိုကု မင်းသားကြီးကို အိပ်မက်ထဲမှာ တွေမြင်ခဲ့ရပြီး ရှိုတိုကု မင်းသားကြီး က ဆရာတော် ရှင်ရန်ကို ဆရာတော် ဟိုနန်ဆီသွားဖို့ စေခိုင်းခဲ့သည်။ နယ်နှင်ဒဏ်ခံခဲ့ရတဲ့အခါ ဆရာတော် ရှင်ရန်ဟာ အိချိဂိုနယ် (Echigo) ကို အနှင်ခံခဲ့ရပါသည်။ အဲဒီအချိန်ကစပြီး ဆရာတော် ဟိုနန်နဲ့ ပြန်မဆုံတော့ပေ။ ဒီလို နယ်နှင်ဒဏ်ခံရချိန်မှာ ဘွဲ့အမည်ကို စွန့်လွှတ်ပြီး ရဟန်းအဖြစ်ကလည်း လျှောကျပြီး ဖြစ်တဲ့အတွက် သူ့ကိုယ်သူ ဂူတိုကု (Gutoku) - ဦးပြည်ကတုံးနဲ့ ရူးသွပ်မိုက်မဲသူဆိုပြီး ကိုယ့်ကိုယ်ကို နာမည်ပေးခဲ့သည်။ ဆရာတော် ရှင်ရန်ဟာ အိမ်ထောင်လည်း ပြုခဲ့သည်။ (ထိုစဉ်က ဂျပန်ရဟန်းဘုန်းတော်ကြီးတွေဟာ ဝိနည်းသိက္ခာပုဒ်တွေ စောင့်ထိန်းကြသေးသည်။ ထိုကြောင့် ဆရာတော် ရှင်ရန်ရဲ့ လုပ်ရပ်ဟာ အကြီးအကျယ် အုတ်အော်သောင်းနင်း ဖြစ်စေခဲ့ပါသည်။) ဆရာတော် ရှင်ရန်ဟာ တရားဓမ္မလှည့်လည် ဟောပြောရင်း သူ့တရားတွေဟာ သူ့ဆရာ ဆရာတော် ဟိုနန်ရဲ့ အယူအဆတွေနဲ့ တဖြည်းဖြည်း ကွဲပြားလာသည်။ သူ့တပည့်တွေက မူလ ဂျိုဒိုရှင်ဂိုဏ်းနှင့် ကွဲအောင် "စစ်မှန်သော သုခဝတီဂိုဏ်း" ဆိုသော အဓိပ္ပါယ်ရသည့် ဂျိုဒိုရှင်ရှုဆိုတဲ့ နာမည်ကို ယူခဲ့ကြပါသည်။ ဆရာတော် ရှင်ရန်ဟာ ၁၂၆၃ ခုနှစ် သက်တော် ၉၀ မှာ ပျံတော်မူခဲ့ သည်။

ယနေ့ခေတ်မှာတော့ သုခဝတီဂိုဏ်းဟာ ဂျပန်ပြည်မှာ အများဆုံး ကိုးကွယ်ကြသော ဂိုဏ်းတွေထဲမှာ ပါဝင်ပါသည်။

၂။ ဇဲန်ဂိုဏ်း(Zen)[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ဇင်ဗုဒ္ဓဘာသာ

ဇဲန် (သို့မဟုတ်) ဇင်ဂိုဏ်းရဲ့ မြစ်ဖျားခံရာဟာ တရုတ်ပြည်မှာပဲ ဖြစ်ပါသည်။ အေဒီ ငါးရာစုခန့်မှာ ဆရာတော် ဗောဓိဓမ္မဟာ အိန္ဒိယကနေ တရုတ်ပြည်ကို ကြွလာပြီး သာသနာပြုရာက စတင်ခဲ့သည်။ ဆရာတော်ဟာ ချန်(Chan) ဂိုဏ်းကို တည်ထောင်ခဲ့သည်။ ချန်ဟာ သက္ကတစကားလုံး ဓျာန (ပါဠိ - ဈာန) ကို တရုတ်ဘာသာနဲ့ ခေါ်ဆိုခြင်း ဖြစ်ပါသည်။ ဇဲန်ဟာ ချန်ကို ဂျပန်လို ခေါ်ဆိုခြင်းသာ ဖြစ်ပါသည်။ စိတ်တည်ငြိမ်မှု အလေ့အကျင့် (သို့မဟုတ်) ကမ္မဋ္ဌာန်းဘာဝနာလို့ အဓိပ္ပါယ်ရသည်။ ဒဏ္ဍာရီ အစဉ်အလာအရ ချန်ဂိုဏ်းဟာ ဗုဒ္ဓမြတ်စွာ ဘုရားရှင် လက်ထက်တော်ကနေ စတင်ခဲ့တယ်လို့ ဆိုသည်။ ဗုဒ္ဓမြတ်စွာဘုရားရှင်ဟာ ဂိဇ္ဈကုဋ်တောင်မှာ သီတင်းသုံးစဉ်မှာ ဥပါသကာတစ်ဦး လှူဒါန်းထားသော အဖြူရောင်ပန်းခိုင်တစ်ခိုင်ကို စကားတစ်လုံးမှ မိန့်တော်မမှုပဲ မြှောက်ပြလိုက်သည်။ ဒီအချင်းအရာကို ပရိသတ်ထဲက အရှင်မဟာကဿပတစ်ပါးသာ နားလည်ပြီး ပြုံးတော်မူပါသည်။ ဒီအချိန်ကနေ ချန်(ဇဲန်) အစဉ်အလာစခဲ့တယ်လို့ ဆိုကြသည်။ ဆိုလိုတဲ့သဘောကတော့ အဆုံးစွန်သော ပရမတ္တသစ္စာတရားဟာ စကားလုံး အညွှန်းဘောင်တွေ အားလုံးကနေ လွတ်မြောက်နေသည်။ စကားလုံးနှင့် ဖော်ပြ၍မရဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါသည်။ နောက်တစ်မျိုးအဓိပ္ပါယ် ဖွင့်ဆိုမှုကတော့ အရာခပ်သိမ်းရဲ့ ပကတိသဘော (Suchness ) အတိုင်းသိမြင်ခြင်း ဖြစ်ပါသည်။ ချန်ဟာ သုတ္တန်စာပေတွေကို အလေးထားပေမယ့် တရားအစ်အမှန်ဟာ စာပေကျမ်းဂန်ရဲ့ အပြင်မှာ ရှိတယ်လို့ ယူဆကြသည်။ တနည်းအားဖြင့် ပရိယတ်ထက် ပဋိပတ်ကို ချန်(ဇဲန်) ရဟန်းတော်တွေဟာ ပိုပြီး အသားပေးကြသည်။

ချန်(ဇဲန်) အရ ဓမ္မကျမ်းဂန်တွေကို သင်အံ ရွတ်ဖတ် လေ့လာခြင်းသက်သက်နဲ့ ဗောဓိဉာဏ် မရနိုင်။ ဓမ္မအတွေ့အကြုံကို စာဖြင့် ဖော်ပြမရနိုင်။ ဇဲန်ဟာ မိမိ စိတ်နှလုံးကို တိုက်ရိုက် ညွှန်ပြခြင်း ဖြစ်သည်။ မိမိသဘာဝကို ရှုမြင် သုံးသပ်ခြင်း အားဖြင့်သာ ဗောဓိဉာဏ်အလင်းကို ရနိုင်သည်။ ထိုကြောင့် ဇဲန်မှာ ကိုအန် (Koan) လို့ ခေါ်တဲ့ အဓိပ္ပါယ်မရှိ၊ အမြီးအမှောက်မတဲ့သော ပုစ္ဆာတွေရှိသည်။ ဒီအမေးပုစ္ဆာတွေရဲ့ ရည်ရွယ်ချက်ကတော့ ကျွန်ုပ်တို့ရဲ့ ဟိုရောက် ဒီရောက်တွေးတောတက်တဲ့ အကျင့်၊ ပရမတ္တသစ္စာတရားကို စကားလုံးနဲ့ ဖော်ပြဖို့ ကြိုးပမ်းမှုတွေ အားလုံးကို အဆုံးသပ်စေဖို့ ပါပဲ။ ဥပမာ "လက်ခုပ်တဖတ်တီးသံဟာ ဘာလဲ"၊ "သင့်ကို မမွေးခင် သင့်မျက်နှာင်ဟာ ဘာပုံသဏ္ဍာန်ရှိလဲ" အစရှိသဖြင့် ဖြစ်သည်။ ဇဲန်ကမ္မဋ္ဌာန်းကို ဂျပန်လို ဇာဇဲန် (Zazen) လို့ခေါ်သည်။ တရုတ်စကားလုံး ကျိုးချန်ကို ဂျပန်လို ခေါ်ခြင်းဖြစ်သည်။ ဂျပန်မှာ အဓိကအားဖြင့် ဇဲန်ဂိုဏ်း နှစ်ဂိုဏ်းရှိသည်။ ရင်ဇိုင်းဂိုဏ်း (Rinzai) နှင့် ဆိုတို (Soto) ဂိုဏ်း တို့ဖြစ်သည်။ ရင်ဇိုင်းဂိုဏ်းရဲ့ ဇာဇဲန်မှာ ကမ္မဋ္ဌာန်းထိုင်မှုအပြင် ကိုအန်ပုစ္ဆာအဖြေရှာမှု တွေလည်း ပါဝင်သည်။ ဆိုတိုဂိုဏ်းတွင်တော့ ကိုအန်ပုစ္ဆာတွေကို သိပ်သုံးလေ့ မရှိကြပါဘူး။ ကမ္မဋ္ဌာန်းထိုင်မှုကို ရင်ဇိုင်းဂိုဏ်းထက် ပိုပြီး အားထားကြသည်။ ဆိုတိုဂိုဏ်းကို တည်ထောင်ခဲ့တဲ့ ဆရာတော် ဒိုဂန် (Dogen) ရဲ့ ကိုအန်တွေဟာ ရင်ဇိုင်းဂိုဏ်းလို ပုစ္ဆာတွေ မဟုတ်ပဲ အများအားဖြင့် ဓမ္မတရားအကြောင်း ရေးဖွဲ့ထားတဲ့ ကဗျာတွေဖြစ်ပါသည်။

ဇာဇဲန်ကမ္မဋ္ဌာန်းဟာ သမထနဲ့ ဝိပဿနာ နှစ်မျိုးလုံးပါဝင်တဲ့ နည်းတစ်မျိုးဖြစ်ပြီး ဆိုတိုဂိုဏ်းရဲ့ ဇာဇဲန်ကမ္မဋ္ဌာန်းကို ရှီကန်တာဇ (Shikantaza) လို့ ခေါ်ပါသည်။ ဇဲန်ကမ္မဋ္ဌာန်းဟာ အဓိကအားဖြင့် ဝင်လေထွက်လေကို ဆင်ခြင်တဲ့ အာနပါနနုဿတိ ဖြစ်ပါသည်။ စိတ်ရဲ့ ဖြစ်ပျက်မှုတွေကို ရှုရတဲ့ စိတ္တာနုပဿနာနှင့် ဝေဒနာကိုရှုရတဲ့ ဝေဒနာနုပဿနာ သဘောတွေလည်း ပါဝင်ပါသည်။ ရှုမှတ်စဉ်မှာ ပေါ်ပေါက်လာတဲ့ အရာခပ်သိမ်းကို သတိနဲ့ ရှုမှတ်ရပါသည်။ ဒါ့အပြင် ဇဲန်ဟာ လက်ရှိပစ္စုပ္ပန်ကို တည့်တည့်ရှုဖို့လည်း အလေးထားပါသည်။ ထမင်းစားစား၊ ရေသောက်သောက်၊ ဘာလုပ်လုပ် သတိကပ်ဖို့ ဇဲန်မှာ ညွှန်ကြားပြသထားပါသည်။ ဒီလို ဇာဇဲန်ကို ကျင့်ကြံရင်း မိမိရဲ့ သဘာဝ အစစ်အမှန် အနတ္တသဘာဝ၊ သုညတသဘာဝကို အမှန်အတိုင်း မြင်လာပြီး ဒီလိုမိမိရဲ့ သဘာဝအစစ်အမှန် ငါအတ္တမရှိတဲ့ သဘောအတိုင်း အမှန်အတိုင်း မြင်ခြင်းကို ကန်ရှို (Kensho) လို့ ခေါ်သည်။ ဇဲန်ဆရာတစ်ချို့က ဒီအတွေ့အကြုံကို ရုတ်တရက် ဉာဏ်အလင်းပေါက်မှုအဖြစ် ရေးသား ဖော်ပြလေ့ရှိကြပါသည်။ ဒီ ကန်ရှိုအတွေ့အကြုံကို ဆာတိုရီ (Satori) လို့လည်း ခေါ်ပါသည်။ ဒါပေမယ့် ဆာတိုရီဟာ လမ်းဆုံး မဟုတ်ပါဘူး။ ဗောဓိဉာဏ်လမ်းစဉ်ရဲ့ ပထမဆုံး ခြေလှမ်းသာ ဖြစ်သည်။ ဇဲန်ယောဂီဟာ ဇာဇဲန်ကမ္မဋ္ဌာန်း ဘာဝနာကို ဆက်လက်ပွားများရပြီး ဒီလိုနဲ့ ကမ္မဋ္ဌာန်း အဆင့် တဖြည်းဖြည်း တက်လာရင်း နိဗ္ဗာန်ကို မျက်မှောက်ပြုရပါတော့သည်။

ရင်ဇိုင်းဂိုဏ်းဟာ တရုတ်ပြည်က လင်ချိဂိုဏ်းရဲ့ အဆက်အနွယ်ဖြစ်သည်။ တည်ထောင်သူမှ ဆရာတော် အိဆိုင်း (Eisai) ဖြစ်သည်။ ဆရာတော် အိဆိုင်းဟာ မူလက တန်ဒိုင်းဂိုဏ်းဝင်ဖြစ်ပြီး ဂျပန်ပြည် ဗုဒ္ဓသာသနာ အခြေအနေကို ဘဝင်မကျဖြစ်တာနှင့် တန်ဒိုင်းဂိုဏ်း အစပြုရာ တရုတ်ပြည် တိယန်တိုင်းတောင်ကို ခရီးထွက်ခဲ့သည်။ တိယန်တိုင်းတောင် အရောက်မှာ ချန်ဂိုဏ်းအကြောင်းကို ကြားသိခဲ့ရသည်။ ဆရာတော်ရဲ့ တရုတ်ပြည်ပထမဆုံး ခရီးစဉ်ဟာ ခြောက်လသာ ကြာခဲ့ပေမယ့် နောက်တစ်ချိန်မှာတော့ တရုတ်ပြည်ကို ချန်ဂိုဏ်းအကြောင်း လေ့လာရန် ပြန်လာခဲ့ပါသည်။ ဆရာတော်ဟာ ချင်တေစုကျောင်းမှာ ချန်ဂိုဏ်းကျင့်စဉ်တွေ၊ ကျမ်းဂန်စာပေတွေကို သင်ကြားပြီး ချန်စာပေတွေ၊ လက်ဖက်စေ့တွေကို သယ်ဆောင်ပြီး ဂျပန်ပြည်သို့ ပြန်လာခဲ့သည်။ ပထမဆုံး ဂျပန်ဇဲန်ကျောင်းကို ကျူရှု (Kyushu) မှာ တည်ဆောက်ခဲ့သည်။

အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း ဂျပန်မှာ ရင်ဆိုင်းနှင့် ဆိုတို ဆိုပြီး အဓိက ဇဲန်ဂိုဏ်းနှစ်ဂိုဏ်း ရှိပါသည်။ နောက်ပေါ်လာတဲ့ ဂိုဏ်းတစ်ဂိုဏ်းရှိပြီး အိုဘာကု (Obaku) ဟုခေါ်ပြီး ထိုဂိုဏ်းပါ ထည့်ပေါင်းလျှင် သုံးဂိုဏ်းရှိသည်။ အိုဘာကုဂိုဏ်းကို တည်ထောင်သူဟာ တရုတ်ဆရာတော် ယင်ကွမ်လုံကျီ (ဂျပန်အခေါ် အင်ဂန် ရုကီ) ဖြစ်သည်။ ၁၇ ရာစုမှ တည်ထောင်ခဲ့ပါသည်။ ဆရာတော်ဟာ မူလက ရင်ဇိုင်းဂိုဏ်းဝင်ဖြစ်သည်။ အိုဘာကုဂိုဏ်းဟာ (ဓမ္မဂုတ္တက) ဝိနည်းကို တင်းကြပ်စွာ ကျင့်သုံးမှုကို အလေးထားခဲ့သည့်အပြင် အခြား ဇဲန်ဂိုဏ်းတိုနှင့် မတူပဲ ပရိယတ္တိကိုပါ အားပေးခဲ့သည်။ ထိုပြင် သုခဝတီဂိုဏ်းရဲ့ "နမူအမိဒဘုစု" သရဇ္ဇယ်မှုကိုလည်း ကျင့်သုံးခဲ့သည်။ အိုဘာကုဂိုဏ်းရဲ့ နောက်ထူးခြားချက်တစ်ခုကတော့ ဖုချရိုးရိ (fucha-ryori)ဆိုတဲ့ သက်သက်လွတ် ဟင်းချက်နည်းတွေနှင့် ဆန်ချ (San-cha) လက်ဖက်ရွက်ကို အသုံးပြုတဲ့ လက်ဖက်ရည်ကြမ်းပွဲတွေပဲ ဖြစ်ပါသည်။ ၁၉ ရာစုမှာတော့ အိုဘာကုဂိုဏ်းရဲ့ ကျင့်စဉ်တွေဟာ ရင်ဇိုင်းဂိုဏ်းနှင့် ထပ်တူနည်းပါ တူညီသွားပါတော့သည်။

ဇဲန်ဟာ ဂျပန်ဗုဒ္ဓဘာသာ ဂိုဏ်းခွဲတွေအနက် ဂျပန်နိုင်ငံ အပြင်ဘက်မှာပါ လူသိအများဆုံး ဂိုဏ်းတစ်ဂိုဏ်း ဖြစ်သည်။ အနောက်တိုင်းတွင်လည်း တွင်ကျယ်စွာ ပျံ့နှံ့နေပါသည်။

၃။ နီချီရန်ဂိုဏ်း(Nichiren)[ပြင်ဆင်ရန်]

နီချီရန်ဂိုဏ်းဟာ ဆရာတော်နီချီရန်ရဲ့ ဟောပြောမှုတွေ အပေါ်မှာ အခြေခ့ထားသည်။ ဆရာတော် နီချီရန်ဟာလည်း ဟိနန်၊ ရှိုနင်၊ အိဆိုင်း၊ ဒိုဂန် စတဲ့ဆရာတော်တွေလိုပဲ အစက တန်ဒိုင်းဂိုဏ်းဝင်ဖြစ်ပါသည်။ ဆရာတော်နီချီရန်ဟာ ၁၂၂၂ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ၁၂၈၂ ခုနှစ် သက်တော် ၆၀ အရောက်မှာ ပျံလွန်တော် မူခဲ့ပါသည်။ ဆရာတော်ဟာ အသက် ၁၆ နှစ်အရွယ်မှာ သာသနာ့ဘောင်သို့ ဝင်ရောက်ခဲ့ပါသည်။ ဆရာတော်ဟာ ထိုအချိန်က တန်ဒိုင်းဂိုဏ်းဝင်ဖြစ်ပေမယ့် ဂျိုဒိုရှု၊ ဇဲန်နှင့် ရစ်ရှုဂိုဏ်းတို့ရဲ့ အယူအဆတွေကိုလည်း သင်ကြားလေ့လာခဲ့ပါသည်။ ဒါ့အပြင် ကိုယတောင်ကို သွားပြီး တန္တရကျင့်စဉ် အယူအဆတွေကိုလည်း သင်ကြားခဲ့ပါသေးသည်။ ဆရာတော်ဟာ ကိုယတောင်ပေါ်မှာ တန္တရအယူအဆတွေကို သင်ကြားနေစဉ်နှင့် ကမာကူရမှာ ရစ်ရှုဂိုဏ်းရဲ့ (ဓမ္မဂုတ္တက) ဝိနည်းတို့ကို လေ့လာနေခိုက်မှာ သဒ္ဓမ္မပုဏ္ဍရိကာသုတ်ဟာ မြတ်စွာဘုရားရှင်ရဲ့ ဒေသနာတော်အားလုံးထဲမှာ အမြင့်မြတ်ဆုံးဖြစ်တယ်လို့ ရှုမြင်မိလာပါတော့သည်။ ထိုနောက်ပိုင်းမှာတော့ ဆရာတော်ဟာ သဒ္ဓမ္မပုဏ္ဍရိကာသုတ်ကို အမြင့်မြတ်ဆုံးဓမ္မသုတ္တန် ဒေသနာအဖြစ် ရိုသေလေးမြတ်မှု၊ သဒ္ဓမ္မပုဏ္ဍရိကာသုတ်လာ အဆုံးအမ ကျင့်စဉ်တို့ကို လိုက်နာမှုသည်သာ မျက်မှောက်ခေတ်အတွက် အသင့်တော်ဆုံးဖြစ်သည်ဟု ဟောပြောခဲ့သည်။ ဆရာတော်ရဲ့ ဟောပြောမှုတွေဟာ ကမာကူရမှာ အထူးအောင်မြင်ခဲ့ပြီး ဆာမူရိုင်း အများအပြားဟာ ဆရာတော်ရဲ့ ဥပသကာတွေ ဖြစ်လာခဲ့ကြပါသည်။ ဒါ့အပြင် ဆရာတော်ဟာ ဂျပန်ပြည်ကို မွန်ဂိုတို့ ဝင်ရောက်တိုက်ခိုက်လိမ့်မည်ဟု ဟောကိန်းထုတ်ခဲ့ပါသေးသည်။ (ဒီဟောကိန်းဟာ ၁၂၇၄ ခုနှစ်မှာ မှန်ကန်ခဲ့ပါသည်) ဒီအချိန်မှာပဲ ဆရာတောဟာ သူ့ရဲ့ အထင်ကရ ကျမ်းစာတွေကို ရေးသားပြုစုခဲ့ပါသည်။

ဒီနောက်ပိုင်းမှာတော့ ဆရာတော်ဟာ အဖျက်အန္တရာယ်တွေ၊ အခက်အခဲတွေ၊ အသက်ကို လုပ်ကြံမှုတွေနှင့် ကြုံတွေ့ခဲ့ရပါသည်။ သို့ပေမယ့် ဆရာတော်ဟာ ဒီအဖျက်အမှောင့်တွေကို အားလုံးကို ကျော်လွှားနိုင်ခဲ့သည်။ ဆရာတော်ဟာ နီချီရန်ဂိုဏ်းဝင်တို့ အထွဋ်အမြတ်ထားကြတဲ့ ဂိုဟွန်ဇွန် (Gohonzon) မဏ္ဍလကို ၁၂၇၂ ခုနှစ်မှာ ရေးဆွဲခဲ့ပါသည်။ ဆရာတော်ဟာ အသက်အရွယ် ကြီးရင့်လာတဲ့အခါ မိနိုဘုတောင် (Mount Minobu) ပေါ်မှာ အနားယူခဲ့ပါသည်။ ဆရာတော် သီတင်းသုံးဖို့အတွက် မိနိုဘုတောင်ပေါ်မှာ ကုအွန်ကျောင်းတော် (Kuon-ji) ကို တပည့်တွေက ဆောက်လုပ်လှူဒါန်းခဲ့ပါသည်။ ဆရာတော်ဟာ သူ့ရဲ့ ဝါအရင့်ဆုံးဖြစ်တဲ့ တပည့်ကြီး ခြောက်ပါးကို သူ့ရဲ့ နေရာဆက်ခံဖို့ အတွက် ထားခဲ့ပြီး ပျံတော်မူခဲ့ပါသည်။

နီချီရန်ဂိုဏ်းရဲ့ အဓိက ယူဆချက်ကတော့ အထက်မှာ ပြောခဲ့သည့်အတိုင်း သဒ္ဓမ္မပုဏ္ဍရိကာသုတ်ကို အထွဋ်အမြတ်ထားခြင်းပဲ ဖြစ်ပါသည်။ ဒီလို ဦးထိပ်ထားမှုကို နီချီရန်ဂိုဏ်းဝင်တို့ဟာ နမူ မျိုဟု ရင်ဂေကျို (Namu Myoho Renge Kyo) ဆိုတဲ့ မန္တန်ကို ရွတ်ဖတ်ပူဇော်ကြပါသည်။ Myoho Renge Kyo ဆိုတာ့ကတော့ ဂျပန်ဘာသာနှင့် သဒ္ဓမ္မပုဏ္ဍရိကာသုတ်ကို ခေါ်ဆိုတာဖြစ်ပြီး Namu ဆိုတာကတော့ သက္ကတစကားလုံး နမောရဲ့ ဂျပန်အသံထွက် ဖြစ်ပါသည်။ ဒီမန္တာန်ကို ဒိုင်မိုကု (Daimoku) ဟုခေါ်ပြီး ဒိုင်မိုကု ကို ရွတ်ဖတ် သရဇ္ဇယ်ခြင်းကိုတော့ ရှိုဒိုင်း (Shodai) လို့ ခေါ်ပါသည်။ နိချီရန်ဂိုဏ်းဝင်တို့ဟာ သတ္တဝါအားလုံးမှာ ဗုဒ္ဓသဘာဝရှိတာကြောင့် ယခုလက်ရှိ မျက်မှောက်ဘဝမှာတင် ဗောဓိဉာဏ် အလင်းတန်းကို ရရှိမျက်မှောက်ပြုနိုင်သည်ဟု ယူဆကြပါသည်။ ဂိုဟွန်ဇွန်မဏ္ဍလကို နီချီရန်ဂိုဏ်းဝင်တို့ရဲ့ ဘုရားစင်တွေမှာ တွေ့ရှိနိုင်ပါသည်။ ဂိုဟွန်ဇွန်မဏ္ဍလမှာ အဓိက ပါဝင်လေ့ရှိသည်ကတော့ ဒိုင်မိုကု မန္တန်ဖြစ်ပါသည်။ ဒိုင်မိုကု မန္တန်ကို အလယ်မှာထားပြီး ဝန်းရံထားတာကတော့ ဗုဒ္ဓနှင့် ဗောဓိသတ္တအရှင်မြတ်တွေရဲ့ အမည်နာမတော်တွေ ဒီနောက်မှာ သာသနာစောင့် နတ်မင်းတွေ၊ သမ္မာဒေဝ နတ်ကောင်းနတ်မြတ်တွေရဲ့ အမည်နာမတွေဖြစ်ပါသည်။

ကမာကူရခေတ်နောက်ပိုင်း ဂျပန်နိုင်ငံဗုဒ္ဓသာသနာ[ပြင်ဆင်ရန်]

ကမာကူရခေတ်ပြီး မူရိုမာချီ (Muromachi) ခေတ် ( ၁၄ - ၁၆ ရာစု) မှာတော့ ရင်ဇိုင်းဂိုဏ်းဟာ ရိုဂန်ရဲ့ အလေးပေးခြင်းကို ခံခဲ့ရသည်။ မူရိုမာချီခေတ်ပြီး အဲဒိုခေတ် (Edo) ခေတ်မစမှီကြား ကာလ ဂျပန်ပြည် စစ်ဘုရင်တို့ တစ်နယ်တစ်မင်းကြီးစိုးတဲ့ ခေတ်ကုန်ခါနီးမှာတော့ ဗုဒ္ဓသာသနာ အတန်ငယ် ညိုးမှိန်ခဲ့သည်။ အဲဒိုခေတ် အရောက်မှာတော့ အထက်မှာ ဖော်ပြခဲ့သည့်အတိုင်း အိုဘာကုဇဲန်ဂိုဏ်းကို တရုတ်ဆရာတော် ယင်ယွမ် လုံကျီ (အင်ဂန် ရုကီ) က တည်ထောင်ခဲ့ပါသည်။ ဒါ့အပြင် ဒီခေတ်မှာ အိုဘာကုဂိုဏ်းဝင် ဆရာတော်တစ်ပါးဖြစ်တဲ့ ဆရာတော် တက်စုဂန်ဒိုဂိုက တရုတ်ဘာသာနှင့် ပိဋိကတ်တော်ကို ဂျပန်ပြည်မှာ ပထမဆုံးအနေနှင့် ထုတ်ဝေနိုင်ခဲ့သည်။ မေဂျီ (Meiji) ခေတ်မှာတော့ မေဂျီအစိုးရဟာ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေရဲ့ ဩဇာကို ချိုးနှိမ့်ခဲ့သည်။ ရဟန်းတော်တွေကို ဝိနည်းစောင့်စရာမလို၊ အိမ်ထောင်ပြုလိုက ပြုနိုင်သည်ဟု ဆိုပြီး အမိန့်ထုတ်ပြန်ခဲ့ခြင်းကြောင့် ဘုန်းကြီးရဟန်းနှင့် လူဝတ်ကြောင်ကြား ကွာဟချက် နည်းလာပြီး ဘုန်းတော်ကြီးတွေရဲ့ ဩဇာကျဆင်းသွားခဲ့သည်။ ဓမ္မဂုတ္တကဝိနည်းတော်အရ ရဟန်းခံမှုတွေ မရှိသလောက်ဖြစ်သွားပြီး တန်ဒိုင်းနည်းအရ စောင့်ထိန်းရတဲ့ မဟာယာနဗြဟ္မဇာလသုတ်လာ ဗောဓိသတ္တနည်းတွေကိုပါ တင်းကြပ်စွာ စောင့်ထိန်းမှုတွေ နည်းလာခဲ့ပါသည်။ မေဂျီအစိုးရဟာ ရှင်တိုဘာသာကို အဓိက အားပေးခဲ့ပါသည်။

ဒုတိယကမ္ဘာစစ် အပြီးကနေ ယခု မျက်မှောက်ခေတ် ကာလ အချိန်အတွင်း ဂျပန်ဗုဒ္ဓဘာသာဝင် ဦးရေဟာ တဖြည်းဖြည်း လျော့နည်းလာသည်။ ဂျပန်နိုင်ငံတွင် ဗုဒ္ဓဘာသာဦးရေဟာ ၆၀ ရာခိုင်နှုန်း ပတ်ဝန်းကျင်ခန့်သာ ကျန်ပါတော့သည်။ ဒါပေမယ့် ဂျပန်ပြည် အသုဘထုံးတမ်း တော်တော်များများကို ဗုဒ္ဓဘာသာထုံးတမ်းနဲ့ အညီ ဆောင်ရွက်ဆဲဖြစ်ပါသည်။ ထိုပြင် "Critical Buddhism" လို့ခေါ်တဲ့ ဗုဒ္ဓဘာသာကို ဝိဘဇ္ဇဝါဒ နှင့်အညီ ခွဲခြမ်းစိတ်ဖြာ သုံးသပ်တဲ့ လှုပ်ရှားမှု၊ ဗုဒ္ဓဘာသာကို စနစ်တကျ လေ့လာမှုတွေတော့ ဂျပန်နိုင်ငံမှာ ပြန်လည်ပေါ်ပေါက်လို့ နေပြီ ဖြစ်ပါသည်။

ဂျပန်နိုင်ငံ၌ ကိုးကွယ်သော ဗုဒ္ဓနှင့် ဗောဓိသတ္တများ[ပြင်ဆင်ရန်]

ဂျပန်ဘာသာနဲ့ ဗုဒ္ဓကို ညိုရိုင်း (Nyorai) ဟု ခေါ်ပြီး ဘုရားလောင်း ဗောဓိသတ္တတွေကို ဘိုစပ်စု (Bosatsu) ဟုခေါ်သည်။ ဂျပန်ပြည်မှာ ကိုးကွယ်တဲ့ ဗုဒ္ဓနဲ့ ဗောဓိသတ္တ အများအပြားရှိသည်။ ဒါအပြင် မျို (Myo-o) လို့ခေါ်တဲ့ ကြောက်မက်ဖွယ် အသွင်ကို ဆောင်ထားတဲ့ ဝိဇ္ဇာရာဇာတွေကိုလည်း ကိုးကွယ်ကြသည်။ ဒီ ဗုဒ္ဓ၊ ဗောဓိသတ္တ ဝိဇ္ဇာရာဇာတို့ အထဲမှ တစ်ချို့ကို ကောတ်နုတ်ပြရလျှင်-

၁။ ရှကညိုရိုင်း(Shaka Nyorai)[ပြင်ဆင်ရန်]

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - ဂေါတမဗုဒ္ဓ

သကျမုနိဂေါတမဗုဒ္ဓမြတ်စွာဘုရားရှင်။

၂။ အမိဒညိုရိုင်း (Amida Nyorai)[ပြင်ဆင်ရန်]

ကိုတိုကူးအင်တွင်တည်ရှိသော အမိတာ ရုပ်ပွားတော်

အမိတာဘာဗုဒ္ဓမြတ်စွာဘုရားရှင်။ သုခဝတီဂိုဏ်းတွေဖြစ်တဲ့ ဂျိုဒိုရှုနဲ့ ဂျိုဒိုရှင်ရှုတွေမှာ အဓိက ကိုးကွယ်ကြပါသည်။ နာမည်ကျော် ကမာကူရရုပ်ပွားတော်ဟာ အမိတာဘာဗုဒ္ဓမြတ်စွာဘုရားရှင်ရဲ့ ရုပ်ပွားတော် ဖြစ်ပါသည်။

၃။ ဒိုင်နိချိညိုရိုင်း(Dainichi Nyorai)[ပြင်ဆင်ရန်]

မဟာဝေရာစနဗုဒ္ဓမြတ်စွာဘုရားရှင်။ ရှန်ဂွန်းဂိုဏ်းက အဓိက ကိုးကွယ်သည်။ ဓမ္မကာယသဘောကို ကိုယ်စားပြုသည်။

၄။ ယာကုရှိညိုရိုင်း(Yakushi Nyorai)[ပြင်ဆင်ရန်]

ဘေသဇ္ဇဂုရုဗုဒ္ဓမြတ်စွာဘုရားရှင်။ ရောဂါဘယ ခပ်သိမ်းတို့ကို ပျောက်ကင်းစေတက်သော၊ ကိလေသာ တဏှာတို့ကို ပယ်ပျောက်စေသော၊ ဆင်းရဲဒုက္ခအားလုံးကို ကင်းငြိမ်းစေတက်သော သဘောကို ဆောင်တော်မူသည်။

၅။ ကန်နွန်ဘိုစပ်စု(Kannon Bosatsu)[ပြင်ဆင်ရန်]

အဝလောကိ တေသွာရဗောဓိသတ္တ။ တရုတ်ပြည်မှာတော့ ကွမ်ရင်ဟု ခေါ်ပြီး၊ ဂျပန်နိုင်ငံတွင် ကန်နွန်ဟု ခေါ်သည်။ တိဗက်ပြည်မှာတော့ ချန်ရေဇစ်ဟု ခေါ်သည်။ မဟာဂရုဏာကို ကိုယ်စားပြုတဲ့ ဘုရားလောင်း ဖြစ်သည်။ လက်နှစ်ဖတ်နှင့်ပဲ ထုဆစ်လေ့ရှိသလို လက်ပေါင်း တစ်ထောင်နှင့်လည်း ထုဆစ်လေ့ရှိသည်။ သတ္တဝါအပေါင်းကို လက်ကမ်းကယ်တင်တဲ့ သဘော ဖြစ်သည်။ အမိတာဘာ ဗုဒ္ဓဘုရားရှင်၏ သာဝက အဖြစ်လည်း ယူဆကြသည်။

Kannon statue in Daien'i, Mount Koya, Japan.

၆။ ဂျိဇိုဘိုစပ်စု(Jizo Bosatsu)[ပြင်ဆင်ရန်]

ကသိတိဂဗ္ဘဗောဓိသတ္တ။ ဂေါတမဗုဒ္ဓ မြတ်စွာဘုရားရှင်နှင့် နောင်ပွင့်မယ့် အရိမေတ္တယျမြတ်စွာဘုရားရှင်ကြား လောကကို စောင့်ရှောက်သူ၊ ငရဲကြီးခြောက်ထပ်မှာ ဝဋ်ဒုက္ခခံစားနေရတဲ့ သတ္တဝါ အပေါင်းကို ကုန်စင်အောင် မကယ်တင်နိုင်သရွေ့ ဘုရားအဖြစ်ကို မယူဆိုပြီး သစ္စာအဓိဋ္ဌာန်ပြုထားသော ဘုရားလောင်းလည်း ဖြစ်သည်။ ကလေးသူငယ်တို့ကို စောင့်ရှောက်သူအဖြစ်လည်း ယူဆကြသည်။ တောင်ဝှေးနှင့် စိန္တာမဏိပတ္တမြားကို စွဲကိုင်ထားသည်။

၇။ ဖူဒိုမျို(Fudo Myo-o)[ပြင်ဆင်ရန်]

အစလနာထ။ ဝိဇ္ဇာရာဇာတစ်ပါးဖြစ်သည်။ မီးလျှံတောက်လောင်နေသော ဓားကို ကိုင်ထားပြီး ကြိုးကွင်းကို ကျန်လက်တစ်ဖက်က ကိုင်ထားသည်။ ဖူဒိုမျို ကို ရှင်ဂွန်း၊ တန်ဒိုင်း၊ နီချီရန်နှင့် ဇဲန်ဂိုဏ်းတွေအပြင် ယာမာဘူရှိဟု ခေါ်သော တပသီတွေ၊ တောင်ရသေ့တွေကလည်း ကိုးကွယ်ကြသည်။ လောဘ၊ ဒေါသ၊ မောဟတို့ကို့ ဖျက်ဆီးဖယ်ဖျောက်သည့် သဘောကို ဆောင်သည်။

၈။ ဖူဂန်ဘိုစပ်စု(Fugen Bosatsu)[ပြင်ဆင်ရန်]

သမန္တဘဒြဗောဓိသတ္တ။ နီချီရန်ဂိုဏ်းက သဒ္ဓပုဏ္ဍကာသုတ်ကို စောင့်ရှောက်တဲ့ ဗောဓိသတ္တအဖြစ်ယူဆကြသည်။ တန်ဒိုင်းနှင့် ရှင်ဂွန်းဂိုဏ်းတွေကလည်း ကိုးကွယ်ကြသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Otakus's Digest(Vol -1,Issue 3), Japan Cultural Magazine in Myanmar.
  2. Earky Japanese Buddhism [၁]
  3. A Guide to Japanese Buddhism [၂]
  4. What is and isn't Yogācāra [၃]
  5. About Pure Land Buddhism [၄]
  6. Japanese Mythology A to Z - Jeremy Roberts
  7. A Buddhist Bible - Dwight Goddard
  8. ယောဂါစာရ ဗုဒ္ဓဒဿန - လင်းထက်ဆွေ[၅]
  9. ဟွာယင်း (အဝဋံသက) ဂိုဏ်း၏ ပရိပုဏ္ဏသမ္ပန္န ဒဿန အမြင် (The Philosophy of Totality) - လင်းထက်ဆွ [၆]
  10. ဈင်ဗုဒ္ဓဘာသာ - ပါရဂူ
  11. လက်တွေ့ဇင်ဗုဒ္ဓဓမ္မခရီး - ဒေါတ်တာသင်းသင်း