သိမ်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ကလျာဏီသိမ်၊ ပဲခူးမြို့

သိမ်ဆိုသည်မှာ သီမာဟူသော ပါဠိမှ လာသောစကားဖြစ်သည်။ အပိုင်းအခြား နယ်ပယ်ဟု ဆိုလေသည်။ သံဃာတော်များ ကံကြီးကံငယ်ပြုရာ နေရာဋ္ဌာနကို သိမ်ဟုခေါ်သည်။ သိမ်ဟူသည် ရှိသမျှ ရဟန်းတော်များ တစုတဝေးတည်း အညီအညွတ်ပေါင်းစု၍ ကံကြီးကံငယ်ဆောင်ရာ နယ်တခုအဖြစ် သီးခြားသတ်မှတ်ထားသောနေရာပင်ဖြစ်သည်။ ရဟန်းတော်တို့ချည်းသာ ပြုလုပ်ဆောင်ရွက်ရသော ရဟန်းခံခြင်း၊ ဥပုသ်ပြုခြင်း၊ ပဝါရဏာပြုခြင်း၊ ကထိန်သင်္ကန်းပေးခြင်းစသော ကိစ္စများကို သာသနာတော် အသုံးအနှုန်းအားဖြင့် ကံကြီးကံငယ် ဟုခေါ်၏။ ထိုကံကြီးကံငယ်တို့တွင် တခုခုကို ဆောင်ရွက်လိုသောအခါ ရဟန်းတော်တို့ သိမ်အတွင်း စုဝေးကြရသည်။ ထိုသို့စုဝေးရာ၌ တပါးနှင့်တပါး ၂-တောင့်ထွာထက် မဝေးစေဘဲ ထိုင်နေစည်းဝေးခြင်းကိုပင် ကာယသာမဂ္ဂီ ပေးသည်ဟုခေါ်သည်။ ကိုယ်ဖြင့်ညီညွတ်မှု သဘောတူ ကျေနပ်မှုကို ပြသည်ဟုဆိုလိုသည်။ ယင်းသိမ်သည် (၁) ဗဒ္ဓသိမ်၊ (၂) အဗဒ္ဓသိမ် ဟူ၍နှစ်မျိုးရှိသည်။


ထိုသို့စည်းဝေး၍ ကံပြုသောအခါ အစွန်ဆုံးရဟန်းမှ အပြင်ဖက် ၂-တောင့်ထွာ အရပ်အတွင်းသို့ လူဝတ်ကြောင်၊ သာမဏေစသူတို့ မဝင်လာ မရှိစေရပေ။ ဝင်လာခဲ့ ရှိခဲ့သော် ပြုဆဲကံ မပျက်သော်လည်း ကံပြုသော ရဟန်းတော်တို့ အာပတ်သင့်လေသည်။ ထို့ကြောင့် ကံပြုနေစဉ် အဆိုပါပုဂ္ဂိုလ်များ မဝင်လာ မရှိစေဖို့ အရေးကြီးသည်။ ထို့အပြင် ကံပြုနေသော သံဃာ၏ ၂-တောင့်ထွာအရပ်၌ အပြင်ဘက်သိမ်နယ်ပယ်အတွင်း တနေရာ၌ ရဟန်းတပါးပါး သို့မဟုတ် ၂-ပါး၊ ၃-ပါးစသည် မရှိစေဖို့လည်း အရေးကြီးပြန်သည်။ ယင်းသို့ရှိလျှင် ကာယသာမဂ္ဂီကို မပေးသဖြင့် ပြုသောကံကို သဘောမတူရာ ရောက်သောကြောင့် ပြုဆဲကံပျက်လေသည်။ ထို့သို့သိမ်နယ်ပယ်တခုအတွင်းမှာပင် ကံပြုသံဃာ၏ ၂-တောင့်ထွာ အရပ်မှ လွှတ်လျက် အခြားရဟန်းဖြစ်စေ၊ ရဟန်းများဖြစ်စေ ရှိနေခြင်းကို ဝဂ်ဖြစ်သည်ဟု ခေါ်လေသည်။ အစုကွဲသည်ဟု ဆိုလိုပေသည်။

သာသနာတော် အရှည်တည်တံ့နိုင်ရန် ရဟန်းတော်များ အဆက်မပြတ်ရှိနေဖို့ အရေးကြီးသည်။ ရဟန်းအဖြစ်သို့ ရောက်အောင် ဆောင်ရွက်ရန်မှာလည်း သိမ်တမျိုးမျိုးမရှိပဲ မဖြစ်နိုင်ပေ။ ထို့ကြောင့် သိမ်သည် သာသနာတော် အရှည်တည်တံ့ရေးတွင် ရေသောက်မြစ်ပမာ လွန်စွာ ရေးကြီးသောအရာ ဖြစ်ပေသည်။

ဗဒ္ဓသိမ်[ပြင်ဆင်ရန်]

ဗဒ္ဓသိမ်ဆိုသည်မှာ အလိုရှိသလောက်မြေကွက်ကို သတ်မှတ်ပိုင်းခြား၍ သံဃာအားလုံးအညီအညွတ် ကံပြုရာသိမ်အဖြစ်ဖြင့်သံဃာတော်ကသမုတ်ထားသော နယ်ပယ်ဖြစ်သည်။ ထိုနယ်ပယ်မှာ အကျဉ်းဆုံးအားဖြင့် ရဟန်း ၂၁ ပါးစည်းဝေးထိုင်နေလောက်အောင် အကျယ်အဝန်း ရှိစေရသည်။ အကျယ်ဆုံးအားဖြင့် သုံးယူဇနာထက်မပိုစေရ။ ယူဇနာဆိုသည်မှာ အကြီးဆုံးအားဖြင့် ၁၂ မိုင်နှင့် ခြောက်ဖာလုံခန့်၊ အလတ်စားအားဖြင့် ကိုးမိုင်နှင့်ပေ ၄၈ဝ၊ အသေးဆုံးအားဖြင့် တစ်မိုင်နှင့်ပေ၇၂ဝပမာဏရှိသည်ဟု ကျမ်းဂန်တို့၌ပြဆိုထား၏။ ဤအရာ၌ ကြီးလွန်းသည်ကို ပယ်၍ အသေးဆုံး ယူဇနာကိုယူလျှင် အပြစ်ကင်းရာ၏။

အဗဒ္ဓသိမ်ဆိုသည်မှာ သံဃာက မသမုတ်ရတော့ဘဲ သူ့အလိုလိုပင်သီးခြားဖြစ်နေသော နယ်ပယ်ပင်ဖြစ်သည်။

ယင်းမှာ...

  1. ဂါမသိမ်
  2. သတ္တဗ္ဘန္တရသိမ်
  3. ဥဒကုက္ခေပသိမ်(ရေသိမ်) ဟူ၍သုံးမျိုးရှိသည်။
  • (၁)ဂါမသိမ်ဆိုသည်မှာ အာဏာပိုင်အစိုးရတို့က အခွန်တော်ကောက်ခံရန်အတွက်သူကြီး တစ်ပိုင်အဖြစ်ဖြင့် ပိုင်းခြားသတ်မှတ်ထားသောရွာနယ်ပင်ဖြစ်သည်။

ထိုရွာနယ်ထဲမှတစ်စိတ်တစ်ဒေသမြေကွက်ကို ခွဲထုတ်၍ အာဏာပိုင်အစိုးရတို့က အခြားသူတစ်ဦးအား သီးခြားရွာနယ်အဖြစ်ဖြင့် ပိုင်းခြားသတ်မှတ်၍ ပေးလျှင်ယင်းမြေကွက်သည်လည်း ဝိသုံဂါမသီးခြားရွာနယ်တစ်ခုဖြစ်၏။

  • (၂)သတ္တဗ္ဘန္တရသိမ်ဆိုသည်မှာမည်သည့်ရွာနယ်ထဲမှာမျှ မပါဝင်သော တောအရပ်ဒေသ၌ သံဃာ၏ပတ်ဝန်းကျင်အပြင်စွန်းမှ ခုနှစ် ဗ္ဘန္တရတိုင်အောင် ကျယ်ပြန့်သောနယ်ပယ် ပင်ဖြစ်သည်။ ဗ္ဘန္တရတစ်ခုမှာ ၂၈ တောင်ပမာဏရှိသည်။
  • (၃) ဥဒကုက္ခေပသိမ်(ရေသိမ်)ဆိုသည်မှာ မတူးမဆွမပြုလုပ်ရဘဲ သူ့အလိုလိုဖြစ်နေသောမြစ်၊ ချောင်း၊ အင်းအိုင်၊ သမုဒ္ဒရာတို့၌ကံပြုသောသံဃာ၏အပြင်စွန်းမှ လက်ဖြင့် ရေကိုကော်၍ ပက်လိုက်လျှင် ကျလောက်ရာ အရပ်တိုင်အောင်ပြန့်ကျယ်သောပတ်ဝန်းကျင်နယ်ပယ်ပင် ဖြစ်သည်။ ယင်းကိုရေသိမ်ဟူ၍ လည်းခေါ်ကြ၏။ ယင်းရေသိမ်၌ ကံပြုလျှင်ရေထဲသို့ဆင်း၍လည်းပြုနိုင်၏။ ကမ်းနှင့်မဆက်စပ်သောလှေ ဖောင်များနှင့်ရေထဲ၌ဆောက်ထားသော အဆောက်အအုံများပေါ်၌တည်နေ၍လည်း ပြုနိုင်၏။

ဆောင်းဥတု၊ နွေဥတုတို့၌ရေမရှိသော်လည်းမိုးလေးလအတွင်းက မပြတ်ရေရရှိခဲ့သောသောင်ပြင်မြေပြင်ပေါ်၌လည်းပြုနိုင်၏။

ဗဒ္ဓသိမ်သမုတ်ရခြင်း၏အကြောင်း[ပြင်ဆင်ရန်]

သံဃကံတစ်ခုခုကိုပြုလျှင်ထိုပြုရာသိမ် (နယ်ပယ်)အတွင်း၌ ရှိသမျှရဟန်းများကို တပေါင်း တည်းစုဝေးစေရသည်။

  • ဥပမာ။ ။ ငါးမိုင်လောက်ကျယ်သောရွာနယ် (ဂါမသိမ်) အတွင်း၌ ဥပုသ် ပဝါရဏာပြုခြင်းရဟန်းခံခြင်းစသောကံတစ်ခုခုကိုပြုလိုလျှင် ငါးမိုင်ပတ်လည်ထိုရွာနယ်အတွင်း၌ ရှိသမျှသောရဟန်းအားလုံးကိုတစ်ပေါင်းတည်းစုဝေးစေရသည်။ မလာရောက်နိုင်သော ရဟန်းများရှိနေလျှင် ထိုရဟန်းတို့၏ သဘောတူကြောင်းဆန္ဒကိုဆောင်ယူခဲ့ရသည်။


ကံပြုနေဆဲထိုရွာနယ်တွင်းသို့ တစ်ခြားမှ ရဟန်းများဝင်ရောက်လာခြင်းလည်းမရှိစေရ။ ဤသို့တစ်သိမ်တည်း၌ သံဃာအကွဲအပြားမရှိပဲ တညီတညွတ်တည်းပြုပါမှ သံဃကံအောင်မြင်သည်။ ထိုသို့မဟုတ်ပါဘဲ သံဃကံပြုနေဆဲမှာသံဃအစည်း အဝေးမှ အပြင်ဘက် နှစ်တောင့်ထွာ (ဟတ္ထပါသ်) ထက်ဝေးသော အရပ်၌ဆန္ဒမပေးသော ရဟန်း တစ်ပါးမျှရှိနေလျှင်ပင် သံဃာအစုကွဲနေသောကြောင့် ထိုသံဃကံပျက်၏။ ထိုကြောင့်ရဟန်းသံဃာ ပေါများသောအရပ်ဒေသ၌ ဂါမသိမ်ထဲတွင်သံဃာအားလုံး တစ်ပေါင်းတည်းစုရုံးစေ၍ ကံပြုရန်မှာ ခဲယဉ်းလှ၏။ ထိုကြောင့်တစ်ပေါင်းတည်းအညီအညွတ် သံဃာစည်းရုံးရေးလွယ်ကူစေရန်အလို့ငှာနယ်ကျဉ်းသောဗဒ္ဓသိမ်ကိုသမုတ်ရန် မြတ်စွာဘုရားကခွင့်ပြုထားပေသည်။

သိမ်သမုတ်နည်း[ပြင်ဆင်ရန်]

ဂါမသိမ်မည်သောရွာနယ်ထဲ၌သိမ်သမုတ်လိုလျှင် ထိုရွာနယ်ထဲတွင်ရှိသော ရဟန်းများကို အကုန်လုံးပင့်ဆောင်ရသည်။ မလာရောက်နိုင်သော ရဟန်းများရှိနေလျှင် ထိုရဟန်းတို့၏ သဘောတူကြောင်း ဆန္ဒကိုဆောင်ယူရသည်။ ရှေးကသမုတ်ထားသော သိမ်ဟောင်းပေါ်၌ထပ်၍ မသမုတ်အပ်သောကြောင့် သိမ်ဟောင်းရှိနေလျှင်ပျက်ပြယ်သွားစေရန်အလို့ငှာ သမုတ်မည့်နေရာ၌ ရှေးဦးစွာသိမ် နုတ်ရသည်။ သိမ်ဟောင်းမရှိဟုသေသေချာချာသိလျှင်ကားနုတ်ရန်မလိုပြီ။ သိမ်သမုတ်နေဆဲမှာထိုရွာ နယ်အတွင်းသို့ တစ်ခြားမှရဟန်းများ မဝင်လာစေရ။ ထိုရွာနယ်စပ်ဝင်ပေါက်လမ်းများ၌ အစောင့်ချထားရသည်။ သိမ်သမုတ်မည့် မြေကွက်ပတ်လည်အရပ်လေးမျက်နှာ၌ဖြစ်စေ၊ ရှစ်မျက်နှာ၌ဖြစ်စေကျောက်တုံး၊ ရေစသော အမှတ်နိမိတ်များကိုအသင့်ထားရှိစေရသည်။


ဤပုဗ္ဗကိစ္စများပြည့်စုံသောအခါ စွမ်းနိုင်သေရဟန်းတော်တစ်ပါးက ယခုသမုတ်မည့်သိမ်၏ အရှေ့အရပ်၌ အမှတ်အသားနိမိတ်ကား အဘယ်ပါနည်းဟုမေးရသည်။ အခြားရဟန်းတော် တစ်ပါးက ထိုအရပ်၌တည်ရှိနေသောနိမိတ်အားလျော်စွာ ကျောက်တုံးပါဘုရား၊ ရေပါဘုရားစသည်ဖြင့် ဖြေကြား လျှောက်ထားရသည်။ ထိုအခါပထမရဟန်းတော်က ဤကျောက်တုံးသည်ယခုသမုတ်မည့်သိမ်၏အမှတ် နိမိတ်ဟုသံဃာတော်တို့အားပြောကြားကျေညာရလေသည်။


ထိုနောက်အရှေ့တောင်အရပ်၊ တောင်အရပ်စသည်ဖြင့် နိမိတ်ရှိရာအရပ်များကိုအစဉ်အတိုင်းလက်ယာရစ်လှည့်၍ အထက်နည်းတူပင် မေးဖြေပြောကြားကျေညာပြီးလျှင် နောက်ဆုံး၌ အရှေ့အရပ်ကိုလည်းတစ်ဖန်ထပ်၍နည်းတူပင် မေးရဖြေရပြောကြား ကျေညာရသည်။ ဤသို့ပတ်ပတ်လည် နိမိတ်ချင်းဆက်စပ်မိအောင်ပြောကြားကျေညာပြီးလျှင် စွမ်းနိုင်သော ရဟန်းတစ်ပါးက သံဃာတော်အားအောက်ပါအတိုင်း ကျေညာပြောကြားလျက် သံဃာ၏ကိုယ်စား သိမ်ကိုသမုတ်ရသည်။


အရှင်ဘုရားတို့၊ သံဃာတော်သည်အကျွန်ုပ်၏စကားကို နားဆင်တော်မူပါလော့။ ပတ်ဝန်းကျင်၌နိမိတ်တို့ကို ကျေညာပြီးပါပြီ။ အခါအခွင့်သင့်ပါလျှင် သံဃာတော်သည် ယင်းနိမိတ်တို့ ဖြင့်သာတူညီမျှ ဆက်ဆံရာ၊ တစ်ပေါင်းတည်းဥပုသ်ပြုရာ သိမ်ကိုသမုတ်ရာ၏။ ဤသည်ကား ရှေးဦးစွာတိုင်ကြားသိစေသောအဆိုတင်သွင်းချက်ဖြစ်ပါသည်။


အရှင်ဘုရားတို့၊သံဃာတော်သည်အကျွန်ုပ်၏စကားကို နားဆင်တော်မူပါလော့။ ပတ်ဝန်းကျင်၌နိမိတ်တို့ကို ကျေညာပြီးပါပြီ။သံဃာတော်သည်ထိုနိ်မိတ်တို့ဖြင့်သာ တူညီမျှဆက်ဆံရာ၊ တစ်ပေါင်းတည်းဥပုသ်ပြုရာသိမ်ကို သမုတ်ပါ၏။ သဘောမတူလျှင်ကန့်ကွက်ပြောဆိုနိုင်ပါသည်။


သဘောတူလျှင်ဆိတ်ဆိတ်နေပါ။သံဃာတော်က ယင်းနိမိတ်တို့ဖြင့်သာတူညီမျှဆက်ဆံရာ၊ တစ်ပေါင်းတည်းဥပုသ်ပြုရာသိမ်ကို သမုတ်ပြီးပါပြီ။ သံဃာတော်က နှစ်သက်သဘောတူပါသည်။ ထိုကြောင့် ဆိတ်ဆိတ်နေပါသည်။ ဤသို့ ဆိတ်ဆိတ်နေသဖြင့် သဘောတူကြောင်းအကျွန်ုပ်ကအသိအမှတ်ပြုပါသည်။


အထက်ပါအတိုင်းသမုတ်ထားသောသိမ်ကို ဗဒ္ဓသိမ်ဟုခေါ်သည်။ ဤဗဒ္ဓသိမ်၌ သံဃကံကိုပြုလျှင် ယင်းသိမ်အတွင်းကရဟန်းများလောက်သာ အညီအညွန်စည်းဝေးမိဖို့လိုသည်။ ကံပြုနေဆဲမှာ ယင်းသိမ်၏အပြင်ဘက်၌ရဟန်းများရှိနေသော်လည်း ကံမပျက်၊ ယင်းဗဒ္ဓသိမ်မှာလည်းများသောအား ဖြင့်ပေ လေးငါး ခြောက်ဆယ်၊ တစ်ရာလောက်သာရှိသောကြောင့် အတွင်းရှိ သံဃာအားလုံးတစ်ပေါင်းတည်းစုဝေးရန်နှင့်ကံပြုနေစဉ်အပြင်မှ အခြားရဟန်းများမဝင်လာစေရန်ကိစ္စများမှာအလွန်ပင် လွယ်ကူလှပေသည်။ ရဟန်းပြုပေးပုံကိုပြရာတွင် သိမ်တွင်းသို့ဆောင်သွား၍ပြုပေးသည်မှာလည်းဤအညီအညွတ် သံဃာစည်းရုံးရေးလွယ်ကူစေရန်အတွက်ဖြစ်ပေသည်။

ဝိသုံဂါမတောင်းယူ၍သိမ်သမုတ်ခြင်း အထက်ပါပြဆိုခဲ့သည့်အတိုင်းဂါမသိမ်ခေါ်ရွာနယ်ထဲ၌ သိမ်သမုတ်ရခြင်းသည် ရဟန်းသံဃာ ပေါများသောအရပ်ဒေသ၌ သံဃာအားလုံးကို စုရုံးစေရန်နှင့် သိမ်သမုတ်ဆဲမှာထိုရွာနယ်အတွင်းသို့အပြင်ပမှ ရဟန်းများမဝင်လာစေရန်ကိစ္စအတွက် မလွယ်ကူလှ၊ ခဲယဉ်း၏။ ထိုကြောင့်ထိုသို့မခဲယဉ်းစေရန် မူလရွာနယ်ဂါမသိမ်ထဲမှ ခွဲထုတ်၍ ဝိသုံဂါမသီးခြားရွာနယ်သတ်မှတ်ပေးရန် အစိုးရမင်းများထံ သက်ဆိုင်ရာလူပုဂ္ဂိုလ်တဦးကလျှောက်တောင်းရသည်။ အစိုးရမင်းတို့ကထိုမြေကွက်ကို မူလသူကြီးပိုင်ရွာနယ်အဖြစ်မှခွဲထုတ်၍ သီးခြားရွာနယ်အဖြစ်ဖြင့် လျှောက်သူအားပေးလျှင်ထိုမြေကွက်သည်ဝိသုံဂါမ ဖြစ်၏။ မူလရွာနယ်နှင့်မဆိုင်သော သီးခြားရွာနယ်ကလေးဟုဆိုလိုသည်။ ဤအရာ၌အချို့ကအပိုင်စားပေးမှဝိသုံဂါမရောက်သည်ဟုယူဆကြ၏။ မူလရွာသူကြီး၏အခွန်ကောက်ခံရာ အုပ်ချုပ်ရာနယ်ပယ်အဖြစ်မှ လွတ်ခြင်းသည်သာလျှင် ဝိသုံဂါမဖြစ်ခြင်း၏ပဓာနအကြောင်းဖြစ်သည်။

အစိုးရမင်းတို့ကခွဲခြားထားသည့်အတိုင်းရွာနယ်တစ်ခုသည် အခြားရွာနယ်နှင့်မရောယှက်ဘဲ သီခြားရွာနယ်ဖြစ်သကဲ့သို့ပင်တည်း။ ဤဝိသုံဂါမသိမ်ထဲ၌ဗဒ္ဓသိမ်သမုတ်လျှင် ယင်းဝိသုံဂါမမြေကွက်အတွင်းရှိ ရဟန်းများလောက်သာ အညီအညွတ်စည်းဝေး၍ရှေးကပြခဲ့သောနည်းအတိုင်းပင် သမုတ်ရသည်။ ဤဝိသုံဂါမသိမ်၌ဗဒ္ဓသိမ်သမုတ်ရခြင်းမှာ နယ်ကျဉ်းသောကြောင့် သံဃာအားလုံးတစ်ပေါင်းတည်း စုရုံးရန်နှင့်အပြင်ပမှရဟန်းများမဝင်လာစေရန်အတွက် လွယ်ကူလှပေသည်။ထိုကြောင့်ပင်ဝိသုံဂါမတောင်းယူ၍ သမုတ်ရခြင်းဖြစ်သည်။ အထူးမှတ်ရန်မှာသိမ်နုတ်ရာ၊ သိမ်သမုတ်ရာ၌ရဟန်းလေးပါးထက်မနည်း ပါဝင်သောသံဃာကဆောင်ရွက်ရသည်။ [၁]


သာမဂ္ဂီ ခေါ် သံဃာ ညီညွတ်မှုအတွက် ဥပုသ် ၊ ပဝါရဏာ ကံကြီး ၊ ကံငယ် ဆောင်ခြင်းဟူသော သံဃာတော်တို့ ပြုဖွယ်ကိစ္စများ ပြုလုပ်ရန် သတ်မှတ်ထားသော အပိုင်းအခြား လို့ အဓိပ္ပါယ်ရပါတယ်။

ကမ္မဝါစာ ဖြင့် ဖွဲ့အပ်တဲ့ ဗဒ္ဓသိမ် နဲ့ ကမ္မဝါစာ ဖြင့် မဖွဲ့အပ်တဲ့ အဗဒ္ဓသိမ် ဆိုပြီးရှိတယ်။ ဒါအပြင် အသေးစိတ်လိုက်ရင် ခဏ္ဍ ၊သမာန သံဝါသ ၊ ဂါမ ၊ ဥဒကုက္ခေပ စသည် တွေလဲ ရှိတယ်။

သိမ်အာနိသင်ကုန်တာ ၊ သိမ်ပျက်ပြီလို့ သတ်မှတ်တာကတော့

  1. သံဃာ (၂၁)ပါးမထိုင်နိုင်သောသိမ် ၊
  2. ၃-ယူဇနာထက်ကြီးသောသိမ်
  3. နိမိတ်ကျိုးသိမ်
  4. တောရိပ် ၊တောင်ရိပ် ၊ သစ်ပင်ကို မှီသောသိမ်
  5. နိမိတ်မရှိသောသိမ်
  6. သိမ်ပေါ်တည်ထားပြီး သမုတ်သိမ်
  7. မြစ်ပြင်မှာ သမုတ်သိမ်
  8. သမုဒ္ဒရာပြင် သမုတ်သိမ်
  9. ဇာတိဿရအိုင်ပြင်မှာ သမုတ်သိမ်
  10. သိမ်ဟောင်းနဲ့ထပ် နဘေထပ်သမုတ်သိမ်
  11. သိမ်ဟောင်းပျက်ကို ခြုံငုံသမုတ်သိမ် ဟူပြီး ရှိပါတယ်။

သိမ်အာနိသင်ရှိဖို့ ၊ သိမ်စင်ကြယ်ဖို့က

  1. နိမိတ္တသမ္ပတ္တိ - နိမိတ်ပြည့်စုံခြင်း
  2. ပရိသာသမ္ပတ္တိ - ရဟန်းလေးပါးထက်ပြည့်စုံခြင်း
  3. ကမ္မဝါစာသမ္ပတ္တိ - ကမ္မဝါစာပြည့်စုံခြင်း

နိမိတ် သတ်မှတ်တာက (၈) မျိုးရှိတယ်။

  1. ကျောက်တုံး၊ကျောက်တောင် ၊ နိမိတ်
  2. တောင် နိမိတ်
  3. သစ်ပင် နိမိတ်
  4. တော နိမိတ်
  5. လမ်း နိမိတ်
  6. တောင်ပို့ နိမိတ်
  7. မြစ် နိမိတ်
  8. ရေဖြင့် သတ်မှတ်ပိုင်းခြားနိမိတ်

သိမ်အကြောင်းကို ဝိနည်း ၊ မဟာဝါ မှာ ဖတ်နိုင်ပါတယ်။ ဘုရားဟော မူရင်းတွေရှိပါတယ်။

  1. ဒီတော့ သိမ်အာနိသင်က ဒီ လိုအပ်ချက်တွေ နိမိတ်တွေ ပျက်ရင် ပျက်တယ်ပေါ့။
  2. သိမ် ဟောင်း မြေနေရာ တွေမှာ နောက်ပိုင်း လူတွေအိမ်ဆောက်မိရင် ခိုက်တယ် ဆိုတာမျိုးက မဖြစ်နိုင်ဘူးထင်ပါတယ်။ အင်ဒို ၊ အိန္ဒိယ စသည် နိုင်ငံတွေမှာ သိမ်နေရာဟောင်းတွေမှာ လူတွေနေကြတာပါပဲ ။

ထင်ရှားတာကတော့ မြန်မာဘီလူးကျွန်းမှာပါ ။ ရဟန္တာ သိမ် (၄)ခုရှိခဲ့တဲ့ နေရာမှာ လူတွေရောက်နေရာကနေ ၂၀ဝ၅ က မှ မာမက သုတေသီတို့လို လူပညာရှင်တွေနဲ့ ရဟန်းတွေက သိမ်နေရာတွေကို ပြန်ပြီး ဖော်ထုတ်လိုက်ရပါတယ်။

သိမ် နေရာကတော့ လူကြောင့် သိမ်မမြောက်ဖြစ်နိုင်ပါတယ်။ ဓမ္မစေတီ ဆရာတော်ဟောထားတာရှိတယ်။ သိမ်မှာ ကမ္မဝါစာ ဖတ်နေချိန် ၊ သိမ်ဝင်းထဲကို လူဖြတ်လျှောက်တာ ထင်တယ် အဲဒါ သိမ်အာနိသင်ပျက်တယ် ။ သိမ်သွင်းခံရသူလဲ ရဟန်း မဖြစ်ဘူးလို့ ဆိုပါတယ်။

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)