အနန္တသူရိယ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

အနန္တသူရိယ(၄၇၄ ခန့် - ၅၃၅)[ပြင်ဆင်ရန်]

"'သူတည်းတစ်ယောက်၊ ကောင်းဘို့ရောက်မူ၊ သူတစ်ယောက်မှာ၊ ပျက်လင့်ကာသာ၊ ဓမ္မတာတည်း"' ဟု အစရှိသော အမျက်ဖြေလင်္ကာ လေးပုဒ်ကို သတ်အံ့မူးမူးတွင် ရဲရင့်တည်ကြည်သော နှလုံးသားဖြင့် ရေးသားနိုင်စွမ်းသည့် အမတ်ကြီးဟူ၍ မြန်မာစာပေသမိုင်းတွင် အထူးထင်ရှား ကျော်စောလျက်ရှိသူမှာ အနန္တသူရိယ အမတ်ပင် ဖြစ်သည်။ [၁]

အနန္တသူရိယ အမတ်သည် အလောင်း စည်သူမင်းကြီးနှင့် သားတော် ကုလားကျမင်းဟုလည်းတွင်သော နရသူ၊ ထိုနရသူမင်း၏သားတော် မင်းယဉ်နရသိင်္ခ၊ ဤမင်းသုံးဆက် လက်ထက်တော်တို့တွင် အထိန်းတော်သားအဖြစ် အမှုတော်ကို ကျေပွန်စွာ ထမ်းရွက်ခဲ့သူဖြစ်သည်။ အထိန်းတော်သားဆိုရာ၌ အချို့သောစာစောင်မှတ်တမ်းတို့တွင် အထိန်းတော်၏သား ဆိုသည်။ အချို့သောပညာရှိ သုတေသီတို့ကမူ ငယ်ရွယ်နုနယ်သောကလေးသူငယ်များကို ထိန်းသိမ်းစောင့်ရှောက်ကြသော အထိန်းအယများနည်းတူ မင်းညီမင်းသား မင်းသမီးများကို ထိန်းသိမ်းစောင့်ရှောက်ရသော မင်းထိန်း မင်းယများအား အထိန်းတော်သား များဟု ခေါ်ကြသည်။ အနန္တသူရိယအမတ်သည် မင်းညီမင်းသားများကို ထိန်းသိမ်းစောင့်ရှောက်ကြရသော အထိန်းတော်သားတို့တွင် တစ်ဦး အပါအဝင် ဖြစ်သည်။

အလောင်းစည်သူမင်းကြီးသည် အထိန်းတော်သား အနန္တသူရိယကို သနားလည်းသနားတော်မူ၍ လုပ်ရည် ကိုင်ရည်ကိုလည်း နှစ်ခြိုက်တော်မူသဖြင့် မင်းသားတို့သာ ဝတ်ထိုက်သော ဒုယင်အခြေတပ်ဝတ်လုံ တစ်ထည်ကို ပေးတော်မူ၏။ ထိုဝတ်လုံကို သဘင်ရှိသောအခါ အနန္တသူရိယဝတ်၍ တက်သည်ကို သားတော် မင်းရှင်စော မြင်လေသော် ဤဖျင်ကား မင်းထိန်း မင်းယတို့ ဝတ်ထိုက်သော အဝတ် မဟုတ်၊ မင်းညီ မင်းသားတို့သာ ဝတ်ထိုက်သော အဝတ်ဖြစ်သည်။ ဤကဲ့သို့ အရောရော မဝတ်စေနှင့်ဟု ဆိုကာ အနန္တသူရိယနှင့်ထိုက်သော ဝတ်လုံကို ပေး၍ ဒုယင်တပ်သောဝတ်လုံကို ချွတ်၍လဲစေ၏ဟု ဦးကုလား မဟာရာဇဝင်ကြီးတွင် ဆိုထားသည်။ ဤနေရာ၌ အနန္တသူရိယသည် အလောင်းစည်သူမင်းကြီးကို ငယ်စဉ်အခါ ကာလမှစ၍ ထိန်းသိမ်း စောင့်ရှောက်လာရဘိသကဲ့သို့ ဖြစ်နေသည်။ စင်စစ်သော်ကား အလောင်းစည်သူ မင်းကြီးလက်ထက်၊ မင်းကြီး၏ သားမြေးများကို ထိန်းသိမ်းစောင့်ရှောက်ရသော မင်းထိန်းမင်းယ အထိန်းတော်သားတစ်ဦးသာ ဖြစ်ချေမည်။ သက္ကရာဇ် ၅၃၂ ခုနှစ်တွင် ငယ်ရွယ်စဉ်အခါမှ အနန္တသူရိယ အမတ် ထိန်းသိမ်းစောင့်ရှောက်ခဲ့ရသော မင်းယဉ်နရသိင်္ခ နန်း တက်တော်မူလေသည်။ နန်းတက်တော်မူသောအခါ ညီတော် နရပတိစည်သူကို အိမ်ရှေ့ ပေးသနား၏။ သို့ရာတွင် သက္ကရာဇ် ၅၃၅ ခုနှစ်တွင် မင်းယဉ်နရသိင်္ခသည် ညီတော် နရပတိစည်သူ ၏ အိမ်ရှေ့မိဖုရား ဝေဠုဝတီကို လှည့်ဖြားသိမ်းပိုက်တော်မူသဖြင့် ထိုနှစ်အတွင်းမှာပင် ညီတော်က ပုန်ကန် သတ်ဖြတ်၍ နန်းတက်တော်မူလေသည်။ ထိုနောက် နောင်တော်မင်းယဉ် နရသိင်္ခအား ငယ်ရွယ်စဉ်အခါမှစ၍ အစစအရာရာတွင် သွန်သင်ပြသ ဆုံးမပဲ့ပြင်ဖူးသော အထိန်းတော်သား အနန္တသူရိယအမတ်ကိုလည်း ဖမ်း၍ သတ်လေဟု သူသတ်တို့အား အပ်လေ၏။အမတ်လည်း သတ်အံ့ဆဲဆဲတွင် ရဲရင့်တည်ကြည်သော နှလုံးရှိသည်ဖြစ်၍ မည်သို့မျှ တုန်လှုပ်ထိတ်လန့်ခြင်း မရှိပဲ မသေမီ အမျက်ဖြေလင်္ကာလေးပိုဒ်ကို အေးဆေးတည်ငြိမ်စပ်ဆို၍ မင်းကြီးအား ဆက်ပါဟု အပ်ခဲ့၏။

သူသတ်တို့လည်း သတ်ပြီးမှ စာကို ဆက်၏။ လင်္ကာလေးပိုဒ်ကား

၁၊ သူတည်းတစ်ယောက်၊ ကောင်းဘို့ရောက်မူ၊ တစ်ယောက်သူမှာ၊ ပျက်လင့်ကာသာ−ဓမ္မတာတည့်။
၂၊ ရွှေအိမ်နန်းနှင့်၊ ကြငှန်းလည်းခံ၊ မတ်ပေါင်းရံလျက်၊ ပျော်စံရိပ်ငြိမ်၊ စည်းစိမ်မကွာ၊ မင်းချမ်းသာကား၊ သမုဒ္ဒရာ၊ ရေမျက်နှာထက်၊ ခဏတက်သည် .... ရေပြွက်ပမာ−တသက်လျာတည့်။

[အချို့မူမှာ – ရွှေအိမ်နန်းနှင့်၊ ကြငှန်းတက်သည်၊ ရေပြွက်ပမာ-တသက်လျာတည့်ဟူ၍တိုတိုသာရှိသည်။]

၃၊ ကြင်နာသနား၊ ငါ့အားမသတ်၊ ယခုလွှတ်လည်း၊ အလွတ်ကြမ္မာ၊ လူတကာတို့၊ ခန္ဓာခိုင်ကျည်၊ အတည်မမြဲ၊ ဖောက်လွဲတတ်သည် .... မချွတ်စသာ−သတ္တဝါတည်း။

[အချို့မူမှာ – ကြင်နာသနား၊ ငါ့အားမသတ်၊ ယခုလွှတ်လည်း၊ မလွတ်ပေရာ၊ * အနိစ္စာတည်း-ဟူ၍တိုတိုသာရှိသည်။]

၄၊ ရှိခိုးကော်ရော်၊ ပူဇော်အကျွန်၊ ပန်ခဲ့တုံ၏၊ ခိုက်ကြုံ ဝိပါက်၊ သံသာစက်၌၊ ကြိုက်လတ်တွန်မူ၊ တုံ့မယူလို၊ ကြည်ညိုစိတ်သန်၊ သခင်မွန်ကို ချန်ဘိစင်စစ်၊ အပြစ်မဲ့ရေး၊ ခွင့်လျှင်ပေး၏၊ သွေးသည်အနိစ္စာ၊ ငါ့ခန္ဓာတည့်။  

[အချို့မူမှာ – ရှိခိုးကော်ရော်၊ ပူဇော်အကျွန်၊ ပန်ခဲ့တုံမှ၊ ကြိုက်ကြုံဝိပါက်၊ သံသာစက်၌၊ တုံ့ဖက်မလို၊ အရှင်ကိုလည်း၊ ကြည်ညိုမဲ့ရေး၊ ခွင့်လျှင်ပေး၏၊ သွေးသည်အနိစ္စာ၊ ငါ့ကြမ္မာတည်း။ ဘုံကျော်မူပေစာမှာ - ရှိခိုးကော်ရော်၊ ပူဇော်အကျွန်၊ မန်ခဲ့တုံလျက်၊ သံသာစက်၌၊ တုံ့ဖက်မလို၊ စိတ်မြဲးသို၀်၍၊ ကြည်ညိုလွတ်ပြန်၊ သခင်မွန်အား၊ အကျွန်စင်စစ်၊ အပြစ်မဲ့ရေး၊ ခွင့်လျှင်ပေး၏၊ သွေးသားအနိစ္စာ၊ သေမြဲရာသည်၊ ကိုယ်ခန္ဓာတည်း။ ဟူ၍တိုတိုသာရှိသည်။]

ဤစာလေးပိုဒ်ကို ဖတ်စေ၍ ကြားတော်မူလျှင် လွှတ်လေဟု မိန့်တော်မူ၏။ သူသတ်တို့လည်း လွန်ခဲ့ပြီဟု နားတော် လျှောက်၏။ မင်းကြီးလည်း နင်တို့မသတ်ခင်က ဤစာကို ဆက်ကောင်းလျက် သတ်ပြီးမှ ဆက်သည်ဟူ၍ သူသတ်တို့ကို မျက်ပြန်လေ၏။ မင်းကြီးလည်း စာကို ကြားတော်မူသည်ကပင် တအောက်မေ့မေ့ တရှိုက်မက်မက် နောင်တကြီးစွာဖြစ်တော်မူ၏။ ထိုမှစ၍ အမျက်တော်ကို ချုပ်ရုပ်ဆည်းတားတော်မူ၏။ နောက်နောင် ငါအမျက်တော်ရှိ၍ သတ်လေဟု အမိန့်တော်ရှိ သော်လည်း တစ်လ ငါးသီတင်းထား၍ စစ်ကြောဘိ၊ သေတန်မှ သေစေ၊ မသေတန်သသူကို လွတ်စေဟူ၍ မင်းဆွေစိုးမျိုး ဖြစ်သော မဟာသမန်းကို အမိန့်တော်ရှိလေသည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်သုတ အမည်ခံ ဗိုလ်ကြီးဘသောင်းရေး၊ စာဆိုတော်များ အတ္ထုပ္ပတ္တိ
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)