ရှမ်းညီနောင်သုံးဦး

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ရှမ်းညီနောင်သုံးဦးမှာ ပုဂံခေတ် နရသီဟပတေ့မင်း လက်ထက်ကတည်းက ကျောက်ဆည်နယ်နှင့် လယ်တွင်းနယ်များကို အပိုင်စား ပေးခဲ့သော ပြော့သိင်္ခဗိုလ် သားများဖြစ်သော အသင်္ခယာ၊ ရာဇသင်္ကြန် နှင့်သီဟသူ ရှမ်းညီနောင် သုံးဦးဖြစ်သည်။ ရှမ်းညီနောင်သုံးဦးတို့သည် အရှေ့ဘက်တစ်လွှားရှိ ရှမ်းတို့၏ အကူအညီဖြင့် နရသီဟပတေ့မင်း ၏သားတော် ကျော်စွာကို ထီးနန်းချသည်။ ကျော်စွာ၏သားတော် စောနစ်က ခမည်းတော်ကို ထီးနန်းပြန်အပ်ရန် တာတာမင်းထံ တိုင်ကြားသည်။ တိုင်ကြားသည်ကို အကြောင်းပြု၍ တာတာတပ်ကြီး တစ်တပ်ချီလာပြီး ရှမ်းညီနောင်သုံးဦးတို့၏ အချက်အခြာပြုထားသော မြင်စိုင်းကို ဝိုင်းဝန်းကြသည်။ ရှမ်းညီနောင်သုံးဦးတို့သည်လည်း တာတာဗိုလ်မှူးတို့ ကျေနပ်လောက်အောင် တံစိုးလက်ဆောင် ပေးကာ ပြန်လည်ရုပ်သိမ်းသွားစေသည်။ ကျော်စွာသည် ရှမ်းညီနောင်သုံးဦး ကွက်မျက်၍ ကံကုန်သည်။ ပုဂံထီးနန်းကို ကျော်စွာ၏သားတော် စောနစ်က ဆက်လက်အုပ်စိုးသည်။ စောနစ်မင်းသည် မင်းဟူ၍ အမည်ခံသာရှိပြီး ရှမ်းညီနောင်သုံးဦးတို့က ဩဇာလွှမ်းမိုးနေတော့သည်။ စောနစ်မင်း၏ သားတော် စောမွန်နစ်မင်း လက်ထက်တွင် ပုဂံခေတ် ကုန်ဆုံးလေသည်။ [၁]

ဗျာဒိတ်တော်လာ[ပြင်ဆင်ရန်]

" ရှမ်းညီနောင်သုံးဦးမှာ ရာဇသင်္ကြံ၊အသင်္ခယာ၊သီဟသူ " တို့ဖြစ်ကြသည်။ ရှမ်းညီနောင်သုံးဦးလောင်းတို့ဟာ မြတ်စွာဘုရား ဒေသစာရီ ကြွတော်မူသောအခါ သင့်ပွင့်တောင် သို့ရောက် တော်မူလေ၏။ ထိုအရပ်တွင်ရှိသော စိုင်ညီနောင်သုံးစီးတို့သည် မြေကြီးကို ချိုဖြင့် ကော်၍ ပူဇော်နေသည်ကို မြင်သော် ပြုံးတော်မူလေသည်။ ညီတော်အာနန္ဒာလည်း ပြုံးခြင်းအကြောင်းတော်ကို လျှောက်ထားမေးမြန်းလေသော်. မြတ်စွာဘုရားက ချစ်သား အာနန္ဒာ ငါဘုရားပရိနိဗ္ဗာန်ပြုပြီး သာသနာတော် တစ်ထောင့်ရှစ်ရာ ကျော်သောအခါ ဤစိုင်ညီနောင် တို့သည် ဤအရပ်၌ မင်းညီနောင်သုံးပါး ဖြစ်လျက် ထင်ရှားစွာ မင်းပြုလိမ့်မည် ဟု ဗျာဒိတ်ထားတော်မူခဲ့သည်။ ဘိန္နကမြို့ကို အစိုးရသော စော်ဘွားကြီးတွင် သားတော် ၂ပါးရှိ၏။ စော်ဘွားကြီးလွန်သော် သားတော်ကြီးက မင်းပြုလေသော် ညီတော်အငယ် သိင်္ဂဗိုလ်နှင့် မကြည်ရှိရာ သတ်မည်ပြုသဖြင့် ညီတော်လည်း ကျွန်အများဖြင့် မြို့ကထွက်၍ ပြေးလေသည်။ အစဉ်အတိုင်း ပြေးခဲ့ပြီး မြန်မာနိုင်ငံဖြစ်သော ပြော့တို့နေရာ မြင်စိုင်း သို့ရောက်လာ လေသည်။ မြင်စိုင်းအရပ်တွင် အသည်သူကြွယ်သမီးနှင့် အိမ်ထောင်ဖြစ်လေရာ သားတော် သုံးပါး ထွန်းကားလေသည်။ ရာဇသင်္ကြံ၊အသင်္ခယာ၊သီဟသူ ဟူသော နောက်ပိုင်းတွင် ရှမ်းညီနောင်သုံးဦး ဟု နာမည်တွင်လေသည်။

အမူထမ်းခြင်း[ပြင်ဆင်ရန်]

ညီနောင်သုံးပါး အရွယ်သို့ရောက်သော် ဖခင်မှ နရသီဟပတေ့မင်းကြီးတွင် အမှုထမ်းစေလေသည်။ ထိုညီနောင်သုံးပါးတို့သည် အမှုတော်တို့ကို ထူးချွန်စွာ ဆောင်ရွက်နိုင်သဖြင့် မင်းကြီးမှ အားရတော်မူပြီး ကျေးရွာပေးလေသည်။ နရသီဟပတေ့မင်း၏သားတော် ဖြစ်သော ကျော်စွာလက်ထက်တွင်လည်း ဆက်လက် အမူထမ်းရာ အားရတော်မူသဖြင့် နောင်တော်ကို ရာဇသင်္ကြံဟူသော အမည်ဖြင့် မြင်စိုင်းမြို့ကို ပေးတော်မူလေသည်။ ညီတော်အလတ်ကို အသင်္ခယာ ဟူသော အမည်ဖြင့် မက္ခရာမြို့ကို ပေးတော်မူလေသည်။ ညီတော်အငယ်ကိုလည်း သီဟသူဟူသော အမည်ဖြင့် ပင်လယ်မြို့ကို ပေးတော်မူလေသည်။

ကျော်စွာမင်းကိုနန်းချခြင်း[ပြင်ဆင်ရန်]

ကျော်စွာမင်းကြီးသည် မင်းဖြစ်ပြီး မင်းမဖြစ်ခင်က အတိုင်အပင်ရှိခဲ့သော မိဖုရားဘွားစောကို မေ့ထားတော်မူသဖြင့် မိဖုရားမှ နှလုံးတော်နာသဖြင့် မင်းညီနောင်သုံးပါးကို ခေါ်၍ သင့်တို့ကို သူကောင်းဖြစ်အောင် ငါကြံမည်၊ သူကောင်းဖြစ်လျှင် ငါ၏ စည်းစိမ်ကို မဖျက်နှင့်ဟု ကတိသစ္စာခံစေလေ၏ မင်းညီနောင်သုံးပါး တို့လည်း တစ်စိတ် တစ်ဝမ်း တည်း ဖြစ်ကြလေသည်။ မိဖုရားလည်း မင်းညီနောင်သုံးပါးကို မြင်စိုင်းအရပ်၌ ဂူပုထိုးတို့ကို တည်ထားစီရင်စေလ၏။ ပြီးသော် မင်းကြီးကျော်စွာကို လှည့်လည် ကြွချီ ချင်စိတ်ရှိအောင် လျှောက်တင်လေသည်။ မင်းကြီးလည်း ယုံကြည်တော်မူပြီး လှည့်လည်လေသည်။ မိဖုရားဘွားစောလည်း မှူးမတ်တို့နှင့် တစ်စိတ်တစ်ဝမ်း တည်း ဖြစ်သောကြောင့် မင်းကြီး မြင်စိုင်းသို့ရောက်သော် မင်းညီနောင် သုံးပါးက မင်းကြီးကို ဖမ်း၍ သင်္ကန်းလဲစေပြီး ထိုကျောင်းတွင် အစောင့်အရှောက်နှင့် ထားလေသည်။

နန်းမြို့တည်ကြခြင်း[ပြင်ဆင်ရန်]

ရှမ်းညီနောင် သုံးပါးလည်း ကျော်စွာမင်းကို နန်းချပြီးသော် မိမိတို့ အပိုင်စားရာမြို့များတွင် မင်းလုပ်ကြလေသည်။ ကျော်စွာကို နန်းချသော် သားတော်စောနစ်က တရုတ်မင်းထံသို့ စစ်ကူတောင်းလေသည်။ တရုတ်မင်းလည်း မင်းရိုးကို ထီးနန်းတင်လေ ဟုဆိုကာ တရုတ်စစ်သူကြီးများကို မှာ၍ စစ်သည် ခြောက်သိန်းဖြင့် ချီစေလေသည်။ တရုတ်တို့ ချီလာသည်မှာ စစ်သည်ဗိုလ်ပါ များပြားလှသဖြင့် မြင်းချေးတစ်ယောက်တစ်လုံး၊မြေတစ်ယောက်တစ်ဆုပ်နှင့် ပစ်သော် မြင်စိုင်းမြို့သည် ပျက်ဖွယ် ရှိသည် ဟု ဆိုစမှတ်ပြုကြသည်။ ရှမ်းညီနောင်တို့လည်း တရုတ်စစ်သူကြီးများကို ပဏ္ဏာကာရသာ ပေးပြီး စစ်မဖြစ်အောင် ကြိုးစားကြလေသည်။ တရုတ်စစ်သူကြီးများလည်း ပဏ္ဏာကာရသာ များကို ယူပြီး တရုတ်ပြည်သို့ ပြန်လေသည်။

အနိစ္စရောက်ခြင်း[ပြင်ဆင်ရန်]

မင်းညီနောင်သုံးပါးတွင် နောင်တော် ရာဇသင်္ကြံသည် မြင်စိုင်းတွင် ရွှေနန်းတည်လေသည်။ ညီတော်အလတ် အသင်္ခယာသည် မက္ခရာမြို့တွင် ရွှေနန်းတည်လေသည်။ ညီငယ် သီဟသူကား ပင်လယ်မြို့တွင် နေတော်မူလေသည်။ မင်းညီနောင် သုံးပါး အပြိုင် မင်းပြုတော်မူကြပြီး ၅ နှစ် ရှိသောအခါ မက္ခရာမင်းအသင်္ခယာ အနိစ္စရောက်လေသည်။ နောင်တော် မြင်စိုင်းရွှေနန်းရှင်ကား မင်းဖြစ်၍ ၂၁ နှစ်တွင် အနိစ္စရောက်လေသည်။ ညီတော်ဖြစ်သော သီဟသူကား နောင်တော် ရွှေနန်းရှင် မလွန်မီ သုံးနှစ်တွင် ပင်းယမြို့ကို တည်တော်မူ၏။ ပင်းယမြို့ကို တည်ပြီး နှစ်နှစ်ရှိသော် ဆင်ဖြူမတစ်စီး မြစ်ရေဖြင့် မျောလာသည်ကို ဆယ်၍ ညုပ်လုပ်၍ စက်ဖြင့် ထူပြီး ရတနာတင် ၍ စီးတော်မူသည်။ ယင်းတွင်မှ တစ်စီးရှင် သီဟသူဟု အမည်တွင်လေသည်။ တစ်စီးရှင် သီဟသူသည် ရတနာသုံးပါးကို ရိုသေသော မင်းဖြစ်လေသည်။ ကျမ်းဂန်တတ်သော ရဟန်းတော်တို့အား ပစ္စည်းလေးပါးမပြတ် ထောက်ပံ့လေ၏။ တစ်စီးရှင် သီဟသူတွင် သားတော် သုံးပါးရှိလေသည်။ ဥဇနာ၊ကျော်စွာနှင့်စောယွမ်း တို့ဖြစ်ကြသည်။ သီဟသူမင်း သည် ထီးနန်းကို ၂၂ နှစ်စိုးစံပြီး သက်တော် ၅၅ နှစ်တွင် အနိစ္စ ရောက်လေသည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. ဦးဖေမောင်တင် ၏ မြန်မာစာပေသမိုင်း
  2. ဦးကုလား မဟာရာဇင်ဝင်ကြီး