ကံ

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

ပါဠိဘာသာ ကမ္မ မှ ဆင်းသက်လာသည်။ ပြုမူခြင်း၊ ပြုလုပ်ခြင်း၊ အမှုဆောင်ခြင်း ကံ၊ အမှုကိစ္စကိုဆိုလိုသည်။ မြန်မာဗုဒ္ဓဘာသာဝင်အများစုသည် ကံအဓိပ္ပာယ်ကို လွဲမှားစွာ ကောက်ယူနားလည်ကြသည်လည်း ရှိသည်။ မြတ်စွာဘုရားသည် စေတနာကို ကံဟူ ၍ ရင်းမြစ်ကျကျ ဟောပြတော် မူ၏။[၁] ထိုကံသည် -

၁။ အကျိုးစီးပွားကို ဖြစ်စေတတ်သော ကုသိုလ်ကံ နှင့်

၂။ အကျိုးစီးပွားမဲ့ကို ဖြစ်စေသော အကုသိုလ်ကံဟူ၍ နှစ်မျိုးရှိသည်။

ကံ (၃)မျိုး[ပြင်ဆင်ရန်]

၁။ ကိုယ်ဖြင့် ပြုလုပ်မှု ကာယကံ၊

၂။ နှုတ်ဖြင့် ပြောဆိုမှု ဝစီကံ၊

၃။ စိတ်ဖြင့် ကြံစည်မှု မနောကံ ဟူ၍ သုံးမျိုးရှိသည်။ ကံ ကံ၏အကျိုး ဖြစ်၏။ [၂]

ကံအမျိုးမျိုး (ကမ္မဘေဒ)[ပြင်ဆင်ရန်]

ချိန်ကွဲကျိုးဖန် ကံသုံးမျိုး[ပြင်ဆင်ရန်]

ကမ္မနိယာမအရ ကောင်းသောကံသည် ကောင်းသောအကျိုးကို ပေး၏။ မကောင်းသော ကံသည် မကောင်းသော အကျိုးကို ပေး၏။ မည်သည့်အချိန်တွင် အကျိုးပေးမည်ကို ကြိုတင်မသိရှိရသော်လည်း နိယာမအတိုင်း အကျိုးပေးမည်က သေချာ၏။ အကျိုးပေးမည့် အချိန်ကို လိုက်၍ ကံသုံးမျိုး ရှိသည်။ ၎င်းတို့မှာ -[၁]

ဒိဋ္ဌဓမ္မဝေဒနီကံ[ပြင်ဆင်ရန်]

လက်ရှိဘဝ တစ်ချိန်ချိန်တွင် အကျိုးပေးတတ်၏။ မျက်မှောက်ဘဝမှာပင် အကျိုးကို ခံစားစေနိုင်သောအကျိုးရှိသည့် ကံဖြစ်၏။ အောက်ပါ အချက်လေးခုနှင့် ပြည့်စုံပါသော ဒါနကုသိုလ်ကံသည် ခုနစ်ရက်အတွင်း အကျိုးပေး၏။

  • စေတနာ စင်ကြယ်ထက်သန်ခြင်း။
  • တရားသဖြင့် ရရှိထားသော လှူဖွယ်ဝတ္ထုဖြစ်ခြင်း။
  • အလှူခံပုဂ္ဂိုလ်သည် အနာဂါမ် သို့မဟုတ် ရဟန္တာ ဖြစ်ခြင်း။
  • နိရေဓသမာပတ်မှ ထပြီးခါစဖြစ်ခြင်း။[၁]

ဥပပဇ္ဇဒေဝနီကံ[ပြင်ဆင်ရန်]

လက်ရှိ ပစ္စုပ္ပန်ဘဝတွင် အကျိုးမပေး။ နောက်ဘဝမှ အကျိုးပေး၏။ နောက်ဘဝမှ အကျိုးပေးမည့်ကံ ဖြစ်သည်။[၁]

အပရာပရိယဒေဝနီ[ပြင်ဆင်ရန်]

လက်ရှိ ဘဝ၌လည်း အကျိုးမပေး။ နောက်ဘဝ၌လည်း အကျိုးမပေးနိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် အကျိုးပေးရန် ရင့်ကျက်သော အချိန်ကာလကို စောင့်နေရ၏။ တတိယဘဝမှ စ၍ နိဗ္ဗာန်မရောက်မချင်း ရင့်ကျက်သည့် တစ်ချိန်ချိန်တွင် ကံပိုင်ရှင်ကို အကျိုးပေး၏။[၁]

အဟောသိကံ[ပြင်ဆင်ရန်]

အချို့သော ကံတို့သည် ရင့်ကျက်ချိန် မရဘဲ ပျက်စီးရသည့် ကံ ဖြစ်၏။ မိမိထက် ဆန့်ကျင်ဘက် ကံများက အလဲထိုးအနိုင်ယူလိုက်သောကြောင့် ပျက်စီးသွားရသော ကံများဖြစ်သည်။ မရင့်ကျက်သေးသော ကံတို့သည် ဖျက်ဆီးခံရပါက သက်ဆိုင်ရာ အကျိုးတရားကို မပေးနိုင်တော့ပေ။ အပွင့်သာပွင့်သော်လည်း အသီးအဖြစ်သို့ မရောက်နိုင်သော ဖြစ်ရပ်ကဲ့သို့ ဖြစ်၏။[၁]

ကံကိစ္စ (၄) မျိုး[ပြင်ဆင်ရန်]

အထက်တွင် ဖော်ပြခဲ့သည်မှာ စေတနာကံ၏ အကျိုးပေးသည့် အချိန်ကာလနှင့် ပတ်သက်သည်များ ဖြစ်။ ကံသည် ဆောက်ရွက်ချက် အနေဖြင့်လည်း လေးမျိုးကွဲပြား၏။[၁]

ဇနကကံ[ပြင်ဆင်ရန်]

အကျိုးတစ်ရပ်ကို ကိုယ်တိုင် ဖြစ်ပေါ်စေသည့်ကံ ဖြစ်၏။ စိတ်၊ ရုပ် တို့ကို ထိုက်သင့်သလို ဖြစ်ပေါ်စေသည့်ကံသည် ဇနကကံ ဖြစ်၏။[၁]

ဥပတ္ထမ္ဘကကံ[ပြင်ဆင်ရန်]

မိမိကိုယ်တိုင် အကျိုးကို မဖြစ်စေဘဲ အခြားသောကံများ အကျိုးပေးစေရန် ကူညီသောကံ ဖြစ်၏။ ကုသိုလ်ကံသည် အခြားသော ကုသိုလ်ကံ အားကောင်းလာစေရန် ကူညီ၏။ အကုသိုလ်ကံသည် အခြားသော အကုသိုလ်ကံများ ရင့်သန်လာစေရန် ကူညီထောက်ပံ့၏။[၁]

ဥပပီဠကကံ[ပြင်ဆင်ရန်]

အချို့ကုသိုလ်ကံသည် အကုသိုလ်ကံများ အကျိုးမပေးအောင် ဟန့်တား၏။ အချို့အကုသိုလ်ကံသည် ကုသိုလ်ကံများ အကျိုးမပေးအောင် နှောင့်ယှက်ဟန့်တား၏။ ထိုကဲ့သို့ ဆန့်ကျင်ဘက်ကံကို နှိပ်စက်ဟန့်တားသည့်ကံနှစ်မျိုးသည် ဥပပီဠကကံ ဖြစ်၏။[၁]

ဥပစ္ဆေဒကကံ[ပြင်ဆင်ရန်]

အားကြီးသော ကုသိုလ်ကံသည် အကုသိုလ်ကံ ဖျက်ဆီး၏။ အားကြီးသော အကုသိုလ်ကံသည် ကုသိုလ်ကံများကို ဖျက်ဆီး၏။ ထိုကဲ့သို့ ကံများကို ဖျက်ဆီးသောကံသည် ဥပစ္ဆေဒကကံ ဖြစ်၏။[၁]

အလှည့်ကျတာဝန်ယူသော ကံ(၄)မျိုး[ပြင်ဆင်ရန်]

လာမည့်ဘဝတွင် အလှည့်ကျအကျိုးပေးမှုနှင့် စပ်လျဉ်းကာ “ကံ” သည် လေးမျိုးခွဲသည်။

ဂရုကံ[ပြင်ဆင်ရန်]

မိဘကို သတ်ခြင်းကဲ့သို့သော “ပဉ္စနန္တရိယကံ”၊ ဈာန်ရခြင်းကဲ့သို့သော “မဟဂ္ဂုတ်ကံ” တို့သည် မည်သည့်ကံကိုမျှ အခွင့်မပေးဘဲ မိမိတို့ကိုယ်တိုင် ပဋိသန္ဓေကို အကျိုးပေးသည်။ “ဂရုကံ” သည် အင်အားစွမ်းရည် ကြီးသောကံဟု အဓိပ္ပါယ်ရသည်။[၁]

အာသန္နကံ[ပြင်ဆင်ရန်]

ကြီးလေးသောကံမရှိသူတို့တွင် သေခါနီးတွင် ပြုလုပ်သော၊ ပေါ်လာသော ကံက ဘဝအသစ်၌ အကျိုးပေး၏။ ပဋိသန္ဓေကို ဖြစ်စေ၏။ ထိုကံသည် “အာသန္နကံ” ဖြစ်၏။ [၁]

အာစိဏ္ဏကံ[ပြင်ဆင်ရန်]

သေခါနီး၌ ထူးထူးခြားခြား အာသန္နကံ မရှိခဲ့သော် တစ်ဘဝလုံး ပြုလပ်ခဲ့သည့် ကံတစ်မျိုးမျိုးသည် ဝင်လာပြီး ဘဝအသစ်ကို အကျိုးပေး၏။ ထိုကံသည် “အာစိဏ္ဏကံ” ဖြစ်၏။[၁]

ကဋတ္တာကံ[ပြင်ဆင်ရန်]

အထက်ပါကံသုံးမျိုးလုံးမှ လွတ်သောကံကို “ကဋတ္တာကံ” (ပြုကာမတ္တဖြစ်ကာမတ္တကံ) ဟုခေါ်၏။ အထက်ပါကံသုံးမျိုး အကျိုးပေးခွင့်မကြုံပါက ကဋတ္တာကံများ အကျိုးပေးကြသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀၀ ၁.၀၁ ၁.၀၂ ၁.၀၃ ၁.၀၄ ၁.၀၅ ၁.၀၆ ၁.၀၇ ၁.၀၈ ၁.၀၉ ၁.၁၀ ၁.၁၁ ၁.၁၂ ၁.၁၃ ၁.၁၄ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန (၂၀၀၅). ဗုဒ္ဓဘာသာကောင်း တစ်ယောက်, ၁၈၅၊ ၁၈၈၊ ၁၈၉၊ ၁၉၀၊ ၁၉၁၊ ၁၉၂. 
  2. ဗုဒ္ဓဒေသနာတော်ဝေါဟာရ အဘိဓာန်