သီလ

ဝီကီပီးဒီးယား မှ
(သီတင်းသီလ မှ ပြန်ညွှန်းထားသည်)

သီလဟူသည် ပါဠိဘာသာစကားဖြစ်ပြီး ကိုယ်၊ နှုတ်၊ စိတ် အပြုအမူ ကျင့်ဝတ်တစ်ခုခုကို စောင့်ထိန်းဆောက်တည်ခြင်းဟု အဓိပ္ပာယ်ရသည်။ ထေရဝါဒ ဗုဒ္ဓဘာသာ တရားတော်အရ သီလကို ငါးပါးသီလရှစ်ပါးသီလဆယ်ပါးသီလ စသည်ဖြင့် အရေအတွက်ကိုလိုက်၍ အမျိုးမျိုး ခွဲခြားသတ်မှတ်ထားသည်။ ငါးပါးသီလ စောင့်ထိန်းခြင်းသည် ဗုဒ္ဓဘာသာဝင်တိုင်းအတွက် မဖြစ်မနေလိုက်နာ စောင့်ထိန်းကြရမည့် သီလအမျိုးအစား ဖြစ်သည်။ ရှစ်ပါးသီလ မှာမူ လူပုဂ္ဂိုလ်များအတွက် လဆန်း (၈)ရက်၊ လဆုပ် (၈)ရက်၊ လပြည့်လကွယ် စသော အခါကြီးရက်ကြီး ဥပုသ်နေ့များတွင်သာ အထူးတလည်စောင့်ထိန်းကြလေ့ရှိသော သီလဖြစ်သည်။ နောက်ထပ် အင်္ဂါရှစ်ပါးပါဝင်သော အာဇီဝဋ္ဌမကသီလဆိုသော သီလတစ်မျိုးကိုမူ သိသူနည်းကြသည်။ ဆယ်ပါးသီလမှာမူ ရှင်သာမဏေ (ကိုရင်) များစောင့်ထိန်းကြရသည့် သီလဖြစ်သည်။ ယခုအခါတွင် မြန်မာ့ရုပ်မြင်သံကြားမှ ဥပုသ်နေ့နံနက်တိုင်း ကိုးပါးသီလ ဆောက်တည်နိုင်ရန်အတွက် ဆရာတော် သံဃာတော် များက သီလပေးခြင်းကို ထုတ်လွှင့်လျက် ရှိသည်။ အထက်ဖော်ပြပါ ငါးပါး၊ ရှစ်ပါး၊ ကိုးပါး၊ ဆယ်ပါး စသောသီလများသည် သာမန်လူပုဂ္ဂိုလ်များနှင့် ရှင်သာမဏေများအတွက်ဖြစ်ပြီး၊ ရဟန်းသံဃာများအတွက်မူ ပိုမိုများပြားသော သီလတော်များကို အစဉ်ဆောက်တည်ကြရသည်။ သီလကိုစောင့်ထိန်းဆောက်တည်ခြင်းအားဖြင့် အသက်ရှည်ခြင်း၊ အနာရောဂါကင်းခြင်း၊ ကျန်းမာခြင်း စသောကောင်းကျိုးများအပြင် ကောင်းရာသုဂတိဘုံဘဝများသို့ ရောက်ရှိခြင်းနှင့် ဝိပဿနာဉာဏ်မဂ်ဉာဏ်များအထိ ကျေးဇူးပြုနိုင်ခြင်း စသည့် ကောင်းကျိုးများကို ရရှိခံစားစေနိုင်သည်။ ဘုရားလောင်းအဆက်ဆက်တို့ ဖြည့်ဆည်းအပ်သော ပါရမီဆယ်ပါးတွင်လည်း သီလပါရမီသည် တစ်ခုအပါအဝင်ဖြစ်သည်။ သီလ ပါရမီ = သီလစောင့်ထိန်းမှုကို ဖြည့်ကျင့်ခြင်း။

သီလစောင့်ခြင်းအကျိုးငါးပါး မှာ

  • (၁) မမေ့မလျော့ခြင်းကြောင့်များစွာသောစည်းစိမ်ဥစ္စာတို့ကိုရရှိ၏။
  • (၂) ကောင်းသတင်းကျော်စောခြင်းဂုဏ်ကိုရ၏။
  • (၃) ပရိသတ်လေးပါးအလယ်၌တင့်တယ်ရဲရင့်ရွှင်ရွှင်လန်းလန်းနေရ၏။
  • (၄) မတွေမဝေမမေ့မောဘဲသေရခြင်းရှိ၏။
  • (၅) သေပြီးနောက်တွင်နတ်ရွာ၌ဖြစ်ရ၏။[၁]

သီလအမျိုးမျိုး[ပြင်ဆင်ရန်]

ယေဘုယျအားဖြင့် သီလများကို အောက်ပါအတိုင်းတွေ့ရသည်။

သီရိကျက်သရေ (၇) ပါး[ပြင်ဆင်ရန်]

သီလဆောက်တည်ခြင်းကြောင့် ရရှိနိုင်သော အကျိုးများမှာ :

  1. အာယုဒီဃ - အသက်ရှည်ခြင်း
  2. သုဘ - တင့်တယ်ခြင်း
  3. ကိတ္တိ - ကျော်စောခြင်း
  4. ဣဒ္ဓိ - တန်ခိုးကြီးခြင်း
  5. ဘောဂ - စည်းစိမ်ရှိခြင်း
  6. ဣန္ဒ - အစိုးရခြင်း
  7. ဝုဒ္ဒိ - ကြီးပွားခြင်း စသည်တို့ဖြစ်ကြသည်။

သီလညှိုးနွမ်းပျက်စီးခြင်းတရား (၁၆) ပါး[ပြင်ဆင်ရန်]

  1. လာဘ - လာဘ်ကိုငဲ့၍ ပျက်စီးခြင်း၊
  2. ယသ - ခြွေရံကျော်စောမှုကို ငဲ့သောကြောင့်လည်းကောင်း၊
  3. ဉာတိ - ဆွေမျိုးကြောင့်လည်းကောင်း၊
  4. အင်္ဂါ - ခြေလက်စသည်ကြောင့်လည်းကောင်း၊
  5. ဇီဝိတ - အသက်ကြောင့်လည်းကောင်း၊
  6. ခဏ္ဍာ - ကျိုးခြင်းကြောင့်လည်းကောင်း၊
  7. ဆိဒ္ဒ - ပေါက်ခြင်းကြောင့်လည်းကောင်း၊
  8. သဗလ - ပြောက်ခြင်းကြောင့်လည်းကောင်း၊
  9. ကမ္မာသ - ကြားခြင်းကြောင့်လည်းကောင်း၊
  10. မိန်းမတို့က နံသာစသည်ဖြင့် သုံးသပ်ပေးသည်ကို သာယာခြင်းလည်းကောင်း၊
  11. မိန်းမတို့နှင့် ပြုံးရယ်ကစား ပျော်ပါးမြူးထူးခြင်းလည်းကောင်း၊
  12. မိန်းမတို့အား စိန်းစိန်းစိုက်၍ ကြည့်ခြင်းလည်းကောင်း၊
  13. မိန်းမအသံကို သာယာခြင်းလည်းကောင်း၊
  14. ရှေးအခါက ပြုကျင့်ဖူးသော မေထုန်ကာမကို အာရုံပြု၍ သာယာခြင်းလည်းကောင်း၊
  15. သူတပါးတို့ ပြုကျင့်သော မေထုန်ကာမကို အာရုံပြု၍ သာယာခြင်းလည်းကောင်း၊
  16. ဤသီလကြောင့် နတ်ရွာသုဂတိ ဘုံဘဝသို့ ရပါလို၏ဟု တောင့်တခြင်းလည်းကောင်း။

သီလဂုဏ် (၈) ပါး[ပြင်ဆင်ရန်]

  1. အခဏ္ဍ = မကျိုးသောဂုဏ်။
  2. အဆိဒ္ဒ = မပေါက်သောဂုဏ်။
  3. အသဗလ = မပြောက်သောဂုဏ်။
  4. အကမ္မာသ = မကျားသောဂုဏ်။
  5. ဘုဇိသ = ကိလေသာမှတော်လှန်သောဂုဏ်။
  6. ဝိညူပသဌိ = ပညာရှိတို့ ချီးမွမ်းအပ်သောဂုဏ်။
  7. အပရာမဌ = တဏှာဒိဌိတို့ဖြင့်မစွဲလမ်းမှုဂုဏ်။
  8. သမာဓိ ပဝတ္တန = သမာဓိသုံးပါးကိုဖြစ်စေသောဂုဏ်။

ဆက်စပ်ဖတ်ရှုရန်[ပြင်ဆင်ရန်]

သီလခန်း

ကိုးကား[ပြင်ဆင်ရန်]

  1. သုခမှတ်စု