စောလူးမင်း

ဝီကီပီးဒီးယား မှ
(စောလူး မှ ပြန်ညွှန်းထားသည်)
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

စောလူးမင်း(အေဒီ၁၀၇၈-၁၀၈၄)[ပြင်ဆင်ရန်]

မင်းလုလင် ဟူ၍လည်း သမိုင်းတွင် ထင်ရှားသည်။ ငယ်ရွယ်သောမင်း ဟုအဓိပ္ပါယ်ရှိသည်။ ဘွဲ့အမည်မှာ ဂြီဝဇြာဗရဏ တြိဘုပတိ ဖြစ်သည်။ ဖခင်ဖြစ်သူ အနော်ရထာ တည်ထောင်ခဲ့သည့် တိုင်းပြည်ကို အရည်အချင်းရှိရှိဖြင့် ဆက်ခံနိုင်သူမဟုတ်ဟု သမိုင်းကပြဆိုသည်။ ငယ်ရွယ်သူဖြစ်သည့်အလျှောက် တိုင်းပြည်အုပ်ချုပ်ရေးတွင်အားနည်းပြီး၊ အပျော်အပါးတွင် ဝါသနာကြီးသူအဖြစ် ဖော်ပြလေ့ရှိကြသည်။ တိုင်းပြည်အခြေအနေ ယိုယွင်းလာမည်ကို ကြိုတင်မြင်ကြသည့် မှုးမတ်များ၏ အကြံပြုချက်ကြောင့် အနော်ရထာလက်ထက်က နန်းတော်မှစကာ ထွက်ပြေးနေသည့်ကျန်စစ်သား အားပြန်လည်ခေါ်ယူခဲ့သည်။ သို့သော် မခံချင်စိတ်ဖြင့် ပုန်ကန်သူပဲခူးစား ငရမန်ကန်းနှင့်စစ်ပြုရာ ၎င်း၏ ပရိယာရ်တွင် ကျဆုံးရပြီး၊ ပြည်တော်သာကျွန်းတိုက်ပွဲတွင် ရန်သူလက်သို့ပါရသည်။ ကျန်စစ်သားက ရန်သူတပ်တွင်း စွန့်စားဝင်ရောက်ကာ အချုပ်မှကယ်ရန် ကြိုးပမ်းသော်လည်း ယုံကြည်ခြင်းမရှိ၍ အော်ဟစ်ရုန်းကန်သောကြောင့် ရန်သူလက်တွင်း၌သာ အဖမ်းခံဘဝနှင့် အသတ်ခံရပြီးကွယ်လွန်ခဲ့သည်။ ၎င်းလွန်သော် ကျန်စစ်သားက ပုဂံထီးနန်းကို ဆက်ခံပြီး တိုင်းပြည်အခြေအနေကို ထိန်းသိမ်းခဲ့သည်။

စောလူးမင်း(မြန်မာ ၄၃၉-၄၄၆)[ပြင်ဆင်ရန်]

'ကောင်းကျိုးဖွေရှာ၊ နော်ရထာလျှင်၊ နောင်လာရှုငဲ့၊ ပြုစုခဲ့၏၊ သုံးဆဲ့သုံးနှစ်၊ နတ်ဌာန်ဖြစ်က၊ သားစစ်စောလူး၊ ဆက်ကာမှူးသည်၊ ကြည်နူးတည့်နီဝေး၊ ပျက်ဝတ်ကွေး။'ဟု ပလိပ်ရွာစား ဦးဖျော်၏ ရွှေနားတော်သွင်း ဧချင်း၌ ဖွဲ့ဆိုထားသည့်အတိုင်း စောလူမင်းသည် ပထမ မြန်မာ၊ မွန်၊ ပျူ နိုင်ငံတော်ကြီးကို စတင် ထည်ထောင်ခဲ့သူ အနော်ရထာမင်း၏ မိဖုရားကြီး အဂ္ဂမဟေသီမှ ဖွားမြင်၍ အနော်ရထာ လွန်သောအခါ သက္ကရာဇ် ၄၃၉ မှ ၄၄၆ ခုနှစ်အထိ ပုဂံထီးနန်းကို ဆက်လက်စိုးစံလေသည်။ ဤသက္ကရာဇ်နှင့် စပ်လျဉ်း၍ မှန်နန်းမဟာရာဇဝင်တော် အလိုမှာ စောလူးမင်း ထီးနန်းစံ သက္ကရာဇ်သည် ၄၂၁ မှ ၄၂၆ ခုနှစ်အထိဖြစ်သည်။ သို့ရာတွင် ပုဂံမင်းဆက်တွင် အနော်ရထာ၏ ခေတ်ကို မြစေတီကျောက်စာ နှင့် ညှိုနှိုင်းကြည့်သောအခါ အနော်ရထာ နန်းစံသက္ကရာဇ် ၄ဝ၆-၄၃၉ ခုနှစ်၊ စောလူးနန်းစံ သက္ကရာဇ် ၄၄၆- ၄၇၃ ခုနှစ် ဟု တွေ့ရလေသည်။

အနော်ရထာ၏ နန်းတက်နှစ်ကို ၄ဝ၆ ဟူ၍ သာလွန်မင်းတရားကြီးလက်ထက်တွင် ဇာဂရု ပြုစုရေးသားသော် ဇာတာပုံနှင့် ပြထားသည့် ရာဇဝင်တွင် ဖော်ပြထားသည်။ အနော်ရထာ နန်းစည်းစိမ် ၃၃ နှစ်ကို နှောသော် စောလူးမင်း၏ နန်းတက် သက္ကရာဇ်မှာ ၄၃၉ ဖြစ်သည်။

စောလူမင်းကား ခမည်းတော်ကဲ့သို့ အရည်အခြင်းနှင့် ပြည့်စုံသူ မဟုတ်ချေ။ လုပ်ရည်ကြံရည် မရှိ၊ အပျော်အရှင်နှင့်သာနေ၏။ ပညာရှိတို့လျှောက်သော စကားကိုလည်း မယူ၊ မှူးကြီးမတ်ရာတို့ကိုလည်း နှလုံးမကြည်ရှိအောင် ပြုလေ့ရှိ၏။ အနော်ရထာမင်း တည်ထောင်ပြုစုခဲ့သော နိုင်ငံအရေးနှင့် သာသနာအရေးများကို ဆက်လက်ဆောင်ရွက်ခြင်း မရှိခဲ့ချေ။ ထိုကြောင့်လည်း စောလူးမင်း၏လက်ထက်၌ အနော်ရထာမင်း တည်ထောင်ခဲ့သော ပျူ၊ မွန်နှင့် မြန်မာနိုင်ငံတော်ကြီး၌ ပြိုကွဲမည့် အရိပ်အယောင်များ ပေါ်ပေါက်လာလေသည်။

အရည်အချင်း ညံ့ဖျင်းသော စောလူးမင်း လက်ထက်၌ ဥဿာပဲကူးကို ဗဟိုပြုသည့် မြန်မာနိုင်ငံတော်ပိုင်းရှိ မွန်မြန်မာ တို့သည် အခွင့်ကောင်းကိုယူကာ ပုန်ကန်ထကြွခဲ့ကြလေသည်။ ခေါင်းဆောင်ကား စောလူးမင်းနို့ထိန်း၏ သား ငရမန်ကာန်း ဖြစ်သည်။

သူပုန်တို့သည် ပုဂံနေပြည်တော် သို့ ချီတက်လာ၍ သရက်ခရိုင် မင်းလှအောက် ပြည်တော်သာ ကျွန်း၌ စောလူးမင်း၏ တပ်များနှင့် စစ်တွေ့ကြရာ စောလူမင်း အရေးနိမ့်သောကြောင့် ငရမန်ကာန်းသည် စောလူးမင်းအား ဖမ်းယူသွားလေသည်။ နောင်အခါ၌ စောလူးမင်းအား ကျန်စစ်သား ခိုးယူရန် အားထုတ်သော်လည်း အနုရာဓအရပ်၌ စောလူမင်းကို ကွပ်မျက်လိုက်လေသည်။ စောလူးမင်းလွန်သော် ငရမန်ကာန်း၏ရန်ကို နှိမ်နင်း၍ ပုဂံပြည်၌ ကျန်စစ်သား မင်းပြုသည်။ စောလူးမင်း၏ ကောင်းမှုတော်ကား ပင်းချောင်းဝ၌ စက္ကလိပဘုရား၊ မုံရွာခရိုင် မြို့ကြီး၌ ရွှေစောလူးဘုရား၊ မင်ဘူး ခရိုင် ဖောင်းလင်းပ ရွှေစာလူးဘုရား ဖြစ်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း အတွဲ(၃)