သာမဏေ
တစ်စိတ်တစ်ပိုင်း ဖော်ပြချက် |
ဗုဒ္ဓဘာသာ |
---|
ဥပဇ္ဈာယ်ဆရာရဟန်း၏ သားဖြစ်သောကြောင့် သာမဏေဟု ခေါ်ရသည်၊ မှန်၏။ ဥပဇ္ဈာယ်ဆရာက ဌာန် ကရိုဏ်း ကျနစွာ နှုတ်ခံတွင်းဖြင့် သရဏဂုံ ရွတ်ဆိုပေးပါမှ သာမဏေဘဝသို့ရောက်ရသဖြင့် နှုတ်ခံတွင်းမှ မွေးဖွားလိုက်သောအရာ၌တည်လေရကား ဥပဇ္ဈာယ်ဆရာရဟန်း၏ သားဟု ခေါ်ဆိုရပေသည်။[၁]
ဥပဇ္ဈာယ်ဆရာ၊ သားပုတ္တာ၊ ခေါ်ပါသာမဏေ။
သရဏဂုံသုံးပါးတို့ဖြင့် ရှင်သာမဏပြုနိုင်
[ပြင်ဆင်ရန်]ဘုရားရှင်သည် ဗာရာဏသီပြည်၌ သုံးပါးသော သရဏဂုံတို့ဖြင့် သာမဏေရော ပဉ္စင်းပါတွဲဘက်၍ “အနုဇာနာမိ ဘိက္ခဝေ ဣမေဟိ တီဟိ သရဏဂမနေဟိ ပဗ္ဗဇ္ဇံ ဥပသမ္ပဒံ”ဟု ခွင့်ပြုတော်မူပြီးနောက် ကပိလဝတ်ပြည် နိဓာရုံကျောင်း၌ သီတင်းသုံးစဉ် အမွေတောင်းကာ ကျောင်းတော်သို့ လိုက်ပါလာသော သားတော်ရာဟုလာကို ရှင်ပြုပေးလိုက်ပါ သာရိပုတြာဟု မိန့်တော်မူလျှင် တပည့်တော် ဘယ်သို့ ရှင်ပြုပေးရပါမည် နည်းဟု ရှင်သာရိပုတြာ လျှောက်ထားချက်ကြောင့် သရဏဂုံသုံးပါးတို့ဖြင့် ရှင်သာမဏေအဖြစ်ကို ပြုကြလော့ဟု သီးခြားခွင့်ပြုတော်မူသည်။ [၃]
ထို မိန့်ခွန်းအတိုင်း သရဏဂုံနှင့် ယခုတိုင် ရှင်ပြုပေးကြရလေသည်။ ရဟန်းခံရေး အတွက်ကား ရာဓပုဏ္ဏားကို ဘယ်သို့ ပဉ္စင်းခံပေးရပါမည်နည်းဟု ရှင်သာရိပုတြာ လျှောက်ထားသောကြောင့် သရဏဂုံဖြင့် ပဉ္စင်း ခံရန် ပယ်မြစ်၍ ဉတ္တိစတုတ္ထကံဖြင့် ပဉ္စင်းခံရန် ခွင့်ပြုတော်မူလေသည်။ [၄][၁]
ရှင်သာမဏေပြုနိုင်သည့်အရွယ်
[ပြင်ဆင်ရန်]ဘုရားလက်ထက်တော်၌ ကူးစက်တတ်သော အဟိဝါတက-ခေါ် ယင်း အနာရောဂါကြောင့် တမျိုးလုံးသေဆုံး၍ သားအဖနှစ်ဦးသာ ကျန်သဖြင့် သာသနာတော်၌ အဖက ရဟန်းပြု သားက သာမဏေပြု ကြလေလျှင် နံနက်အခါ ဆွမ်းခံသွားရာ၌ အဖအား လူတို့က ဆွမ်းလောင်းသည့်အခါ နောက်ကျန်သော သား ကိုရင်လေးက ပြေးလာ၍ ဖခင် - ဖခင် ရတဲ့ ထမင်း ငါ့လဲ ပေးပါဦးဟု တောင်း၏။ သည်တော့ အတွေးချော်တဲ့ လူတို့က ရဟန်းတွေဟာ မေထုန်ကို မရှောင်ပါဘူး၊ သည်ကိုရင်လေးဟာ ဘိက္ခုနီရဟန်းမက မွေးတဲ့သား ဖြစ်မှာပဲဟု ကဲ့ရဲ့မှုကြောင့် ဆယ့်ငါးနှစ်မပြည့်တဲ့သူငယ်ကို ရှင်သာမဏေမပြုရဟု ဘုရားရှင် အာဏာထားတော်မူသည်။[၅]
နောက်အခါ အရှင်အာနန္ဒာ၏ ဒါယကာအမျိုးလည်း ထိုအဟိဝါတက ရောဂါဆိုးကြောင့်ပင် တမျိုးလုံး ပျက်စီးကြလေရာ လူမမယ် ကလေး နှစ်ယောက်သာ ကျန်၏၊ ထိုသူငယ်များသည် မိဘများ ရှိစဉ်က ရဟန်းများနှင့် အရောတဝင် နေခဲ့ဘူးသည့်အတိုင်း ရဟန်းတို့ကိုမြင်လျှင် အားကိုးရှာသဖြင့် ပြေးလာကုန်၏၊ ကရုဏာကင်းမဲ့သော ရဟန်းတို့က ငေါက်ငမ်း၍ ငိုယိုကြသော ကလေးတွေဖြစ်ပုံကို အရှင်အာနန္ဒာ သနား လှသော်လည်း ၁၅-နှစ် မပြည့်သေး၍ ရှင်ပြု မပေးနိုင်သောကြောင့် ဘုရားရှင်အား အကြောင်းစုံ လျှောက်ထားရလေသည်၊ ထိုအခါ ဘုရားရှင်က ကျီးချောက်နိုင်ပြီလား အာနန္ဒာဟု မေးတော်မူ၍ ချောက် နိုင်ပါပြီဟု လျှောက်ထားချက်ကြောင့် ဘုရားရှင်က ၁၅-နှစ် မပြည့် သေးသော်လည်း လက်ဝဲလက်ဖြင့် ခဲကိုကိုင်၍ထိုင်လျက် လာကြကုန်သော ကျီးတို့ကို ချောက်လှန့်ကာ ရှေ့နားထားတဲ့ထမင်း စားနိုင်သည့်သူငယ်ကို ရှင်ပြုခြင်းငှာ ငါဘုရား ခွင့်ပြုတော်မူ၏ဟု မိန့်တော်မူပြန်သည်။[၆][၁]
မိဘခွင့်ပြုမှ ရှင်ပြုပေးနိုင်
[ပြင်ဆင်ရန်]မြေးချစ် ရာဟုလာကို မပန်ကြား အသိမပေးဘဲရှင်သာမဏေပြုလိုက် မှုကြောင့် လွန်စွာစိတ်ဆင်းရဲရှာသော သုဒ္ဓေါဒနမင်းကြီးသည် ကိုယ်ချင်း စာနာပြီးလျှင် တပါးသူတို့၌လည်း ဤသို့ ဆွေမျိုး ကွေကွင်းရခြင်းကြောင့် ဖြစ်ရမည့် ဆင်းရဲမျိုး မဖြစ်ကြပါစေလင့်ဟု ကြံရွယ်၍ သားတော် မြတ်ဘုရား... လောကတွင် သားတို့၌ မိဘတို့က ချစ်ခြင်းသည် အရေပါး အရေထူ အသား အကြော အရိုးတို့ကို ဖောက်ထွင်းပြီး ရိုးတွင်းခြင်ဆီကို ထိ၍ တည်ပါသည်၊ တပည့်တော် လျှောက်ထား တောင်းပန်လိုသည်မှာ အရှင်မြတ်ဘုရားတို့သည် မိဘ ခွင့်မလွှတ်သော သားကို ရှင်ပြုမပေးပါရန် တောင်းပန်ပါသည်ဟု ဘုရားရှင်အား တောင်းပန်မှုကို အကြောင်းပြု၍ ချစ်သားရဟန်း မိဘခွင့်မပြုသော သားကို ရှင်ပြုမပေးရ၊ ပြုပေးသော ရဟန်းအား ဒုက္ကဋ် အပြစ်သင့်စေဟု ဘုရားရှင် အာဏာထားလေသည်။[၇]
ထိုကြောင့် မိဘနှစ်ဦးစုံရှိသော သားဖြစ်လျှင် နှစ်ဦးစလုံးပန်ကြား၍ ခွင့်ပြုမှ ရှင်ပြုပေးရသည်၊ တဦးသေခဲ့လျှင် ကျန်ရှိသော မိဘကို ပန်ကြား ရမည်၊ ရှင်ရဟန်းပြုနေသော မိဘကိုလည်း ပန်ကြားအပ်၏၊ ကိုယ်တိုင် ဖြစ်စေ, တယောက်ယောက် စေခိုင်း၍ဖြစ်စေ ပန်ကြားအပ်၏၊ စေခိုင်း အပ်သူက ခွင့်ပေးပါသည်ဟု ပြန်ပြောသော်လည်း ယုံကြည်မှ ရှင်ပြုပေးအပ်၏၊ [၁]
သာမဏေတို့ ထိန်းရသော သိက္ခာပုဒ်များ
[ပြင်ဆင်ရန်]သာမဏေ သို့မဟုတ် ကိုရင် ဆိုသည်မှာ သင်္ကန်းဝတ်လျက် သူ့အသက် သတ်ခြင်း၊ သူ့ဥစ္စာ ခိုးယူခြင်းစသော ဆယ်ပါးသော ကျင့်ဝတ်တို့ကို ရှောင်ကြဉ်ခြင်းဖြင့် လိုက်နာစောင့်ထိန်းသူကို ဆိုလိုသည်။ ဆယ်ပါးသော သီလ၊ လိင် ဆယ်ပါး၊ ဒဏ် ဆယ် ပါး၊ ခန္ဓကဝတ် ၁၄ ပုဒ်နှင့် သေခိယ ၇၅ ပုဒ် များကို စောင့်ထိန်းကြရသည်။ ထို့ကြောင့် ကိုရင် များသည် ရဟန်းများ နှင့် တန်းတူ မဖြစ်လင့်ကစား၊ သာမည လူများထက် အဆများစွာ သိက္ခာပုဒ်များကို စောင့်ထိန်းရခြင်းကြောင့် သာလွန်မြင့်မြတ်သည်ဟု ဆိုနိုင်ပြီး၊ ၈ ပါး သီလ နှင် ကိုးပါး သီလ သာ စောင့်ထိန်းရသော ယောဂီ၊ သီလရှင်များ ထက် အဆင့်အတန်း ပိုမြင့်ပါသည်။သာမဏေ သို့မဟုတ် ကိုရင် များသည် အသက် ၂၀ ထိဝတ်၍ရပါသည်။
ကိုးကား
[ပြင်ဆင်ရန်]ဤ ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |
- ↑ ၁.၀ ၁.၁ ၁.၂ ၁.၃ ပဲခူးမြို့ ဓမ္မိကာရာမ ရွှေကျောင်းတိုက်ဆရာတော်။ ရွှေဂူရှင်ကျင့်ဝတ် အကျယ်ကျမ်း။
- ↑ သမဏဿ ဥပဇ္ဈာယသာ ပုတ္တဋ္ဌာနိယတ္တာတိ သာမဏေရော။ (တဒ္ဓိတ်ရူပသိဒ္ဓိ)
- ↑ အနုဇာနာမိ ဘိက္ခဝေ တီဟိ သရဏဂမနေဟိ သာမဏေရ ပဗ္ဗဇ္ဇံ။ (မဟာဝါ-ပါ)
- ↑ ယာ သာ ဘိက္ခဝေ မယာ တီဟိ သရဏဂမနေဟိ ဥပသမ္ပဒါ အနုညာတာ၊ တံ အဇ္ဇတဂ္ဂေ ပဋိက္ခိပါမိ၊ အနုဇာနာမိ ဘိက္ခဝေ ဉတ္တိစတုတ္ထေန ကမ္မေန ဥပသမ္ပာဒေတုံ။ (မဟာဝါ-ပါ)
- ↑ န ဘိက္ခဝေ ဦနပန္နရသဝဿော ဒါရကော ပဗ္ဗာဇေတဗ္ဗော။ (မဟာဝါ-ပါ)
- ↑ အနုဇာနာမိ ဘိက္ခဝေ ဦနပန္နရသဝဿံ ဒါရကံ ကာကုဍ္ဍေပကံ ပဗ္ဗာဇေတုံ။ (ဟာ-ပါ)
- ↑ န ဘိက္ခဝေ အနနုညာတော မာတာပိတူဟိ ပုတ္တော ပဗ္ဗာဇေတဗ္ဗော၊ ယော ပဗ္ဗာဇေယျ၊ အာပတ္တိ ဒုက္ကဋဿ။(မဟာဝါ-ပါ)