မာတိကာသို့ ခုန်သွားရန်

သာမဏေ

ဝီကီပီးဒီးယား မှ
(ကိုရင် မှ ပြန်ညွှန်းထားသည်)
မြန်မာနိုင်ငံမှ ကိုရင်ငယ်များ

သာမဏေဟု ခေါ်ဆိုရခြင်းမှာ ဥပဇ္ဈာယ်ဆရာ ရဟန်း၏ သားဖြစ်သောကြောင့် ဖြစ်သည်။ ဥပဇ္ဈာယ်ဆရာသည် သရဏဂုံကို ဌာန်ကရိုဏ်း ကျနစွာ နှုတ်ဖြင့် ရွတ်ဆိုပေးမှ သာမဏေဘဝသို့ ရောက်ရသောကြောင့် နှုတ်ခံတွင်းမှ မွေးဖွားလိုက်သော ဥပဇ္ဈာယ်ဆရာ၏သားဟု ခေါ်ဆိုရခြင်း ဖြစ်သည်။

ရှင်ပြုခွင့်ပြုခြင်းသမိုင်းနှင့် အခြေခံအချက်များ

[ရင်းမြစ်ကို တည်းဖြတ်ရန်]

မြတ်စွာဘုရားသည် ဗာရာဏသီပြည်၌ ရဟန်းနှင့် သာမဏေတို့ကို သရဏဂုံသုံးပါးတို့ဖြင့် ရှင်ပြုခြင်းနှင့် ပဉ္စင်းခံခြင်းကို တွဲဘက်ခွင့်ပြုတော်မူခဲ့သည်။ နောက်ပိုင်းတွင် ကပိလဝတ်ပြည် နိဓာရုံကျောင်း၌ သီတင်းသုံးစဉ် သားတော်ရာဟုလာကို ရှင်သာရိပုတြာအား သရဏဂုံသုံးပါးတို့ဖြင့် ရှင်ပြုပေးရန် သီးခြား ခွင့်ပြုတော်မူခဲ့သည်။

ရှင်ပြုအပ်သော အသက်အရွယ်

[ရင်းမြစ်ကို တည်းဖြတ်ရန်]

မူလက ၁၅ နှစ် မပြည့်သော သူငယ်ကို ရှင်သာမဏေ မပြုရဟု ဘုရားရှင် အာဏာထားတော်မူခဲ့သည်။ ၎င်းမှာ ကိုရင်လေးတစ်ပါးသည် ခမည်းတော် ရဟန်း၏ ဆွမ်းခံရရှိသော ထမင်းကို တောင်းစားရာတွင် လူတို့က ရဟန်းတို့သည် မေထုန်ကို မရှောင်ကြဟု ကဲ့ရဲ့မှု ဖြစ်ပေါ်ခဲ့သောကြောင့် ဖြစ်သည်။

နောက်ပိုင်းတွင်မူ ဘုရားရှင်က အရှင်အာနန္ဒာ လျှောက်ထားချက်အရ၊ ၁၅ နှစ် မပြည့်သော်လည်း လက်ဝဲလက်ဖြင့် ခဲကိုကိုင်၍ထိုင်လျက် လာသော ကျီးတို့ကို ချောက်လှန့်ကာ ရှေ့နားထားသော ထမင်းကို စားနိုင်သည့် သူငယ်ကို ရှင်ပြုခြင်းငှါ ခွင့်ပြုတော်မူသည်။ ဤခွင့်ပြုချက်သည် သနားစဖွယ် အားကိုးမဲ့ ကလေးငယ်ကို ငဲ့ညှာ၍ ခွင့်ပြုတော်မူခြင်း ဖြစ်သည်။

  • ထူးခြားသာမဏေများ

အသက်ငယ်သော်လည်း ရှင်ကျင့်ဝတ်များကို ကျင့်ကြံနိုင်ပါက ရှင်ပြုပေးထိုက်သည်။ လေးနှစ်သား သာမဏေဖြစ်၍ လခွဲအတွင်း ရဟန္တာဖြစ်ခဲ့သော ဧကဒီပိယသာမဏေ၊ ငါးနှစ်သား ရဟန္တာဖြစ်သော စန္ဒနမာလိယသာမဏေ၊ ခုနစ်နှစ်သား ရဟန္တာဖြစ်သော သောပါကသာမဏေတို့သည် ဘုရားလက်ထက်တော်က ဖြစ်ထွန်းခဲ့သော ထုံးများရှိခဲ့သည်။

မိဘခွင့်ပြုချက် လိုအပ်ခြင်း

[ရင်းမြစ်ကို တည်းဖြတ်ရန်]

သုဒ္ဓေါဒနမင်းကြီးက မြေးချစ် ရာဟုလာကို မပန်ကြားဘဲ ရှင်ပြုလိုက်ခြင်းကြောင့် စိတ်ဆင်းရဲခဲ့သည်ကို အကြောင်းပြု၍ ဘုရားရှင်သည် မိဘခွင့်မလွှတ်သောသားကို ရှင်မပြုပေးရ၊ ပြုပေးသောရဟန်းအား ဒုက္ကဋ်အပြစ်သင့်စေဟု အာဏာထားတော်မူသည်။ မိဘနှစ်ဦးစလုံးရှိပါက နှစ်ဦးစလုံး၏ ခွင့်ပြုချက် လိုအပ်ပြီး၊ တစ်ဦးသေဆုံးခဲ့လျှင် ကျန်ရှိသူ၏ ခွင့်ပြုချက်ကို ယူရမည်။ မိဘမရှိဘဲ ဆွေမျိုးဉာတိတို့က စောင့်ရှောက်ထားပါက ထိုစောင့်ရှောက်သူများအား ပန်ကြားသင့်သည်။

ရှင်မပြုထိုက်သော ပုဂ္ဂိုလ် (အဘဗ္ဗပုဂ္ဂိုလ်)

[ရင်းမြစ်ကို တည်းဖြတ်ရန်]

အောက်ပါ ၁၁ ယောက်သော ပုဂ္ဂိုလ်တို့အား ရှင်ပြုခြင်းကို ခွင့်မပြုသောကြောင့် အဘဗ္ဗပုဂ္ဂိုလ် (ရှင်မပြုထိုက်သူ)တို့ မည်၏။

  1. ပဏ္ဍက (ဘာဝရုပ်ချို့သောသူ၊ လိင်ချို့တဲ့သူ)
  2. ထေယျသံဝါသက (အသွင်အပေါင်းအဖော် ခိုးသောသူ)
  3. တိတ္ထိယပက္ကန္တက (တိတ္ထိတို့အသွင်သို့ ပြောင်းသွားသောရဟန်း)
  4. တိရစ္ဆာန (နဂါး၊ ဂဠုန်၊ သိကြား စသော တိရစ္ဆာန်)
  5. မာတုဃာတက (အမိသတ်သူ)
  6. ပိတုဃာတက (အဖသတ်သူ)
  7. အရဟန္တဃာတက (ရဟန္တာသတ်သူ)
  8. လောဟိတုပ္ပါဒက (ဘုရားရှင်အား သွေးစိမ်းတည်အောင်ပြုသူ)
  9. သံဃဘေဒက (သံဃာအသင်းခွဲသောရဟန်း)
  10. ဘိက္ခုနီဒူသက (ဘိက္ခုနီမကို ဗလက္ကာရပြု၍ ဖျက်ဆီးသူ)
  11. ဥဘတောဗျဉ္ဇနက (မိန်းမနိမိတ်၊ ယောက်ျားနိမိတ် နှစ်ခုရှိသူ)

ရှင်ပြုပုံ လိုရင်းသုံးပါး

[ရင်းမြစ်ကို တည်းဖြတ်ရန်]

ရှင်ပြုခြင်း လုပ်ငန်းစဉ်တွင် လိုရင်းအားဖြင့် သုံးမျိုးသာ ရှိသည်။ မဏ္ဍပ်ထိုးခြင်း၊ ရှင်လောင်းလှည့်ခြင်းတို့သည် ရှင်ပြုခြင်း၏ အဝန်းအဝိုင်း (ပရိဝါရ) သာ ဖြစ်သည်။

  1. ကေသစ္ဆေဒန (ဆံရိတ်ပေးခြင်း): မိဘခွင့်ပြုပြီး အနာအပြစ်ကင်းရှင်းသော ရှင်လောင်းအား ဆံပင်ရိတ်ပေးခြင်း။ ဆံမရိတ်မီ သံဃာအားလုံးထံ ဆံရိတ်မည့်အကြောင်း လျှောက်ထားခွင့်ပန်ရသည်။ ဆံရိတ်စဉ် တစပဉ္စက ကမ္မဋ္ဌာန်း (ဆံပင်၊ မွေးညှင်း၊ ခြေသည်း၊ သွား၊ အရေ) ကို ဟောကြားရသည်။
  2. ကာသာယစ္ဆာဒန (သင်္ကန်းဝတ်ပေးခြင်း): ရှင်လောင်းက ဆရာရဟန်းထံ သင်္ကန်းပေး၊ ပြန်တောင်းယူပြီး ဝတ်ဆင်ခြင်း။ ဤသို့ပြုခြင်းသည် သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်၍ နိဗ္ဗာန်ကို မျက်မှောက်ပြုရန် ရည်ရွယ်သည် (သကလ ဝဋ္ဋ ဒုက္ခ နိဿရဏ နိဗ္ဗာနဿ သစ္ဆိကရဏတ္ထာယ)။ ဆရာမပေးဘဲ မိမိဘာသာ ဝတ်ဆင်လျှင် အသွင်ခိုး လိင်္ဂထေနက ဖြစ်တတ်သောကြောင့် သင်္ကန်းပေး၊ သင်္ကန်းတောင်း လုပ်ငန်းဆောင်ရွက်ရသည်။
  3. သရဏဒါန (သရဏဂုံပေးခြင်း): ဥပဇ္ဈာယ်ရဟန်းက "ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ" စသော သရဏဂုံပါဠိကို အစဉ်အတိုင်း ရွတ်ဆိုပေးပြီး တတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ အဆုံးတွင် ရှင်ပြုခြင်းကိစ္စ ပြီးမြောက်၍ ရှင်သာမဏေ ဖြစ်သည်။

ဆယ်ပါးသီလ (ဒသသာမဏေရ သိက္ခာပုဒ်)

[ရင်းမြစ်ကို တည်းဖြတ်ရန်]

သာမဏေဖြစ်သည်နှင့် တပြိုင်နက် သရဏဂုံနှင့် ဆယ်ပါးသီလကို ဆောက်တည်ပြီးသား ဖြစ်သည်။

ဆယ်ပါးသော ရှင်သာမဏေ သိက္ခာပုဒ် (ဒသသာမဏေရ သိက္ခာပဒ)တို့မှာ:

  1. သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း။ (ပါဏာတိပါတာ ဝေရမဏိ)
  2. အရှင်မပေးသော သူတစ်ပါးဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ခြင်း။ (အဒိန္နာဒါနာ ဝေရမဏိ)
  3. မမြတ်သော မေထုန်အကျင့်မှ ရှောင်ကြဉ်ခြင်း။ (အဗြဟ္မစရိယာ ဝေရမဏိ)
  4. မဟုတ်မမှန်သော စကားကို ဆိုခြင်းမှ ရှောင်ကြဉ်ခြင်း။ (မုသာဝါဒါ ဝေရမဏိ)
  5. မေ့လျော့ခြင်း၏ အကြောင်းဖြစ်သော သေရည်သေရက် သောက်ခြင်းမှ ရှောင်ကြဉ်ခြင်း။ (သုရာ မေရယ မဇ္ဇ ပမာဒဌာနာ ဝေရမဏိ)
  6. နေလွဲညစာ စားခြင်းမှ ရှောင်ကြဉ်ခြင်း။ (ဝိကာလဘောဇနာ ဝေရမဏိ)
  7. ကခြင်း၊ သီဆိုခြင်း၊ တီးမှုတ်ခြင်း၊ သာသနာတော်၏ ငြောင့်တံကျင်သဖွယ် ကြည့်ရှုနားထောင်ခြင်းမှ ရှောင်ကြဉ်ခြင်း။ (နစ္စ ဂီတ ဝါဒိတ ဝိသူက ဒဿနာ ဝေရမဏိ)
  8. ပန်းပန်ခြင်း၊ နံ့သာအမွှေးအထုံတို့ဖြင့် တန်ဆာဆင်ခြင်း၊ အတင့်အတယ် အပြေအပြစ် ပြုခြင်းမှ ရှောင်ကြဉ်ခြင်း။ (မာလာဂန္ဓ ဝိလေပန ဓာရဏ မဏ္ဍန ဝိဘူသနဋ္ဌာနာ ဝေရမဏိ)
  9. မြင့်သောနေရာ၊ မြတ်သောနေရာတို့၌ နေထိုင်ခြင်းမှ ရှောင်ကြဉ်ခြင်း။ (ဥစ္စာသယန မဟာသယနာ ဝေရမဏိ)
  10. ရွှေ၊ ငွေ၊ အသပြာ မာသကတို့ကို ကိုင်ခံခြင်းမှ ရှောင်ကြဉ်ခြင်း။ (ဇာတရူပ ရဇတ ပဋိဂ္ဂဟဏာ ဝေရမဏိ)

သာမဏေအဖြစ် ပျက်စီးခြင်း (လိင် ၁၀ ပါး)

[ရင်းမြစ်ကို တည်းဖြတ်ရန်]

အောက်ပါ အင်္ဂါ ၁၀ ပါးတို့နှင့် ပြည့်စုံသော သာမဏေကို အသွင်ဖျက်၍ လိင်ပြန်စေအပ်၏ (နာသေတဗ္ဗော):

  1. သူ့အသက်ကို သတ်လေ့ရှိခြင်း။ (ပါဏာတိပါတီ)
  2. အရှင်မပေးသော သူတစ်ပါးဥစ္စာကို ခိုးယူလေ့ရှိခြင်း။ (အဒိန္နာဒါယီ)
  3. မမြတ်သော မေထုန်အကျင့်ကို ကျင့်လေ့ရှိခြင်း။ (အဗြဟ္မစာရီ)
  4. မဟုတ်မမှန်သော စကားကို ပြောဆိုလေ့ရှိခြင်း။ (မုသာဝါဒီ)
  5. မေ့လျော့ခြင်း၏ အကြောင်းဖြစ်သော သေရည်သေရက်ကို သောက်လေ့ရှိခြင်း။ (သုရာ မေရယ မဇ္ဇပါယီ)
  6. ဘုရား၏ ကျေးဇူးမဲ့ ကဲ့ရဲ့သော စကားကို ပြောဆိုခြင်း။ (ဗုဒ္ဓဿ အဝဏ္ဏံ ဘာသတိ)
  7. တရားတော်မြတ်၏ ကျေးဇူးမဲ့ ကဲ့ရဲ့သော စကားကို ပြောဆိုခြင်း။ (ဓမ္မဿ အဝဏ္ဏံ ဘာသတိ)
  8. သံဃာတော်မြတ်၏ ကျေးဇူးမဲ့ ကဲ့ရဲ့သော စကားကို ပြောဆိုခြင်း။ (သံဃဿ အဝဏ္ဏံ ဘာသတိ)
  9. မှားသော အယူရှိခြင်း။ (မိစ္ဆာဒိဋ္ဌိကော)
  10. ဘိက္ခုနီမကို ဖျက်ဆီးခြင်း။ (ဘိက္ခုနိဒူသကော)

ဒဏ်သင့်စေသောအပြစ်များ (ဒဏ် ၁၀ ပါး)

[ရင်းမြစ်ကို တည်းဖြတ်ရန်]

အောက်ပါ အင်္ဂါ ၁၀ ပါးတို့နှင့် ပြည့်စုံသော သာမဏေအား သဲဒဏ်၊ ရေဒဏ်ပေးခြင်း အမှုကို ပြုအပ်သည်။ ဤဒဏ်ပေးခြင်းသည် သာမဏေအား နှိပ်ကွပ်ဆုံးမကြောင်း ဖြစ်သည်။

  1. နေလွဲညစာ စားလေ့ရှိခြင်း။
  2. ကခြင်း၊ သီခြင်း၊ တီးမှုတ်ခြင်း၊ သာသနာတော်၏ ငြောင့်တံကျင်သဖွယ် ကြည့်ရှုနားထောင်ခြင်း အလေ့ရှိခြင်း။
  3. ပန်းပန်ခြင်း၊ နံ့သာအမွှေးအထုံတို့ဖြင့် တန်ဆာဆင်ခြင်း၊ အပြေအပြစ် ပြုခြင်း အလေ့ရှိခြင်း။
  4. မြင့်သောနေရာ၊ မြတ်သောနေရာတို့၌ နေလေ့ရှိခြင်း။
  5. ရွှေ၊ ငွေ၊ ဒင်္ဂါး၊ ပိုက်ဆံကို ကိုင်ခံလေ့ရှိခြင်း။
  6. ရဟန်းတို့အား လာဘ်မရစိမ့်သောငှါ အားထုတ်ခြင်း။
  7. ရဟန်းတို့အား အကျိုးမဲ့ ဘေးရန် ဖြစ်စိမ့်သောငှါ အားထုတ်ခြင်း။
  8. ရဟန်းတို့အား နေရာမရစိမ့်သောငှါ အားထုတ်ခြင်း။
  9. ရဟန်းတို့ကို ဆဲရေးခြင်း၊ ခြိမ်းချောက်ခြင်း။
  10. ရဟန်းတို့ကို တစ်ပါးသော ရဟန်းတို့နှင့် ကွဲပြားအောင် ဂုံးတိုက်ခြင်း။

ပစ္စဝေက္ခဏာ (ဆင်ခြင်သုံးသပ်ခြင်း)

[ရင်းမြစ်ကို တည်းဖြတ်ရန်]

သာမဏေများသည် ပစ္စည်းလေးပါး (သင်္ကန်း၊ ဆွမ်း၊ ကျောင်း၊ ဆေး) ကို အဖန်ဖန် ဉာဏ်ဖြင့် သက်ဝင်၍ သုံးသပ်ခြင်း (ပစ္စဝေက္ခဏာ) ဖြင့် သုံးဆောင်သင့်သည်။ အကယ်၍ ပစ္စဝေက္ခဏာ မဆင်ခြင်ဘဲ သုံးဆောင်ပါက ဣဏပရိဘောဂ (ကြွေးယူသုံးစွဲခြင်း) ဖြစ်၍ သံသရာဝဋ်ဆင်းရဲမှ မထွက်မြောက်နိုင်ဘဲ ကိလေသာကြွေး တင်သည်။

သင်္ကန်းဆင်ခြင်ခြင်း (စီဝရပစ္စဝေက္ခဏာ) ၏ အကျိုး (၄) ပါး:

  1. အအေးကို ပယ်ဖျောက်ရန်။
  2. အပူကို ပယ်ဖျောက်ရန်။
  3. မှက်၊ ခြင်၊ လေ၊ နေပူ၊ မြွေ၊ ကင်း၊ သန်းတို့၏ အတွေအထိတို့ကို ပယ်ဖျောက်ရန်။
  4. အရှက်ကို ဖျက်ဆီးတတ်သော အင်္ဂါကြီးငယ်ကို ဖုံးလွှမ်းရန်။ (ဤသည်မှာ အမြဲတမ်းအကျိုး နိယတပယောဇန ဖြစ်သည်)။

ခန္ဓကဝတ်များနှင့် သေခိယဓမ္မများ

[ရင်းမြစ်ကို တည်းဖြတ်ရန်]

သာမဏေနှင့် ရဟန်းတော်များသည် အာဂန္တုကဝတ် (ဧည့်သည်ဝတ်)၊ အာဝါသိကဝတ် (ကျောင်းနေသူဝတ်)၊ ဘတ္တဂ္ဂဝတ် (ဆွမ်းစားဇရပ်ဝတ်) အပါအဝင် ခန္ဓကဝတ် ၁၄ ပါး ကို အခါခပ်သိမ်း ကျင့်ထိုက်သည်။ ဝတ်ကို မဖြည့်ကျင့်ပါက သီလမပြည့်စုံဘဲ မဂ်၊ ဖိုလ်၊ နိဗ္ဗာန်ကို မမြင်နိုင်ဘဲ ဝဋ်ဆင်းရဲမှ မလွတ်နိုင်ဟု ဖော်ပြထားသည်။

ထို့ပြင် သေခိယဓမ္မ ၇၅ ပါး (ယဉ်ကျေးသော အကျင့်သိက္ခာ) တို့ကိုလည်း သင်ယူကျင့်ကြံရသည်။ ၎င်းတို့တွင် ရွာတွင်း၌ သွားလာနေထိုင်ပုံ၊ ဆွမ်းခံယူပုံ၊ ဆွမ်းစားပုံ၊ လက်ခြေမဆော့ဘဲ ဣန္ဒြေစောင့်စည်းပုံ၊ တရားဟောရာ၌ လိုက်နာရမည့် ကျင့်ဝတ်များ (ထီးဆောင်းသူ၊ ဖိနပ်စီးသူတို့အား မဟောရခြင်း)၊ ကျင်ကြီးကျင်ငယ် မစွန့်အပ်သော နေရာများ (ရပ်လျက် မစွန့်ရ၊ မြက်ခင်းပေါ် မစွန့်ရ၊ သုံးဆောင်ကောင်းသောရေ၌ မစွန့်ရ) စသည်တို့ ပါဝင်သည်။[]

ရှင်သာမဏေလောင်းများ ဆရာထံသို့ သင်္ကန်းအပ်ခြင်းနှင့် သင်္ကန်းတောင်းခြင်း

ဆက်လက်ဖတ်ရှုရန်

[ရင်းမြစ်ကို တည်းဖြတ်ရန်]


  1. ပဲခူးမြို့ ဓမ္မိကာရာမ ရွှေကျောင်းတိုက်ဆရာတော်။ ရွှေဂူရှင်ကျင့်ဝတ် အကျယ်ကျမ်း