ရှင်ဒိသာပါမောက်

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

ရှင်ဒိသာပါမောက် ရဟန်းသည်မြန်မာတို့အတွက် တရုတ်နိုင်ငံနှင့် ဆက်ဆံမှုသမိုင်းတွင် ပထမဆုံး သံတမန်ဖြစ်သည်ဟုဆိုနိုင်ပါသည်။ နရသီဟပတေ့(တရုတ်ပြေးမင်း)လက်ထက်တွင် တရုတ်ပြည်ကို သိမ်းပိုက်ထားသည့် မွန်ဂို(တာတာ)တို့ ပုဂံပြည်ကြီးကိုဖျက်ဆီးလိုက်ကြသဖြင့် နရသီဟပတေ့ လည်းတိမ်းရှောင်ထွက်ပြေးရသည်။သို့ဖြင့် မိမိတို့ပိုက်နက်ဒေသကို ပြန်လည်ပေးအပ်ရန်၊စစ်ပြေငြိမ်းရန် အတွက် သံတမန်တစ်ဦးကိုစေလွှတ်ရန် ရှာဖွေရာ ရှင်ဒိသာပါမောက် အားရွေးချယ်ခဲ့ကြသည်။ရှင်ဒိသာပါမောက်သည် ပုဂံမှဝေးလံလှသည့် တရုတ်ပြည် မြောက်ပိုင်းရှိ မြို့တော် ဘေကျင်းမြို့(ပီကင်း)ထိတိုင် တစ်နှစ်ကျော်ကြာ ခရီးရှည်ကြီးကို သွားရောက်ခဲ့ပြီး ထိုစဉ်က မွန်ဂို ဧကရာဇ် ကူဗလိုင်ခန်နှင့်တွေ့ဆုံကာ သံတမန်ရေးနည်းလမ်းဖြင့် တိုင်းပြည် ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ခဲ့သည်။

စာပေသင်ယူခြင်း[ပြင်ဆင်ရန်]

ကျည်ပွေ့လည်းပျောက် ၊ မောင်းလည်းရောက် ၊ အနောက်အင်းကြီး ပေါ်လတံ့။ အင်းကြီးအလယ် ၊ ဖားသူငယ် ၊ အစွယ်ပြူးတူး ပေါ်လတံ့။

ထိုခေတ်ကာလက ပေါ်နေသော တဘောင်တည်း။ သက္ကရာဇ် ၅၉၆-ခုနှစ်တွင် နန်းတက်သော ကျစွာမင်းကြီး လက်ထက်တွင် အသက် ၆ဝ-အရွယ် ရဟန်းကြီးတစ်ပါး ရှိသည်။ ထိုရဟန်းကြီးသည် အမှတ်မဲ့နေခဲ့သဖြင့် ပိဋကတ်စာပေကို ပေါက်မြောက်အောင် မလေ့လာခဲ့ရချေ။ ရဟန်းကြီးသည် နေ့စဉ်နေ့တိုင်း သွားတိုက်ပြီးသော ဒန်ပူတို့ကို ကျောင်းအောက်ရှိ လေးတောင်ခန့်နက်သော တွင်းထဲသို့ ပစ်ချလေ့ရှိ၏။ ကြာသော် ထိုတွင်းကြီးသည် ဒန်ပူများဖြင့် ပြည့်မောက်လျက် ရှိနေတော့သည်။ တစ်နေ့သ၌ ရဟန်းကြီးသည် ထိုဒန်ပူတို့ဖြင့် ပြည့်မောက်နေသော တွင်းကြီးကို ကြည့်၍ ဤသို့ ကြံမိသည်။ ငါသည် တစ်နေ့လျှင် ဒန်ပူတစ်ချောင်းမျှကို တိုက်၍ ပစ်ခဲ့ရာ တွင်းပြည့်ခဲ့ပြီ၊ ငါသည် ယခု အသက်၆ဝ-တိုင် အမှတ်မဲ့နေခဲ့၍ စာပေ မလုံမလောက် ရှိခဲ့သည်၊ တစ်နေ့လျှင် ဤဒန်ပူလောက်မျှသာ ကျက်ခဲ့လျှင် ကာလကြာသော် များစွာ တတ်မြောက်ရန် ရှိပေသည်၊ ဟု တွေးတော သတိရမိသည်။

ဤသို့ သတိရမိသည့်အတိုင်း စာပေကို လေ့လာတော့အံ့ဟု နှလုံးပိုက်၍ ကျစွာမင်း ကြီးထံသို့ ဝင်၍ ကံ့ကူဆံကို အလှူခံလေသည်။ ထိုအခါ ကျစွာမင်းကြီးက အရှင်ဘုရား၊ သက်တော်လည်း ကြီးလှပေပြီ၊ ယခုမှ သင်ကြား၍ ဘယ်မှာ တတ်မြောက်နိုင်တော့မည်နည်း၊ ဆုံကျည်ပွေ့သည်လျှင် အတက်အညွန့် ပေါက်နိုင်စရာ ရှိသည်၊ ကျမ်းဂန်မတတ်နိုင်ရာတော့ပြီ၊ ဟု ပြက်ရယ်ပြောဆို၍ကံ့ကူဆံကို လှူဒါန်းလိုက်လေသည်။ ရဟန်းကြီးသည် ကျစွာမင်းကြီးပြောဆိုသော စကားကို စိတ်တွင် မှတ်၍ နန်းတော်မှ ထွက်ခဲ့၏။ ကျောင်းသို့ ရောက်လျှင် မိမိကြံစည်ရင်းအတိုင်း နိရုတ္တိစသော ကျမ်းစာတို့ကို တစ်နေ့လျှင် ဒန်ပူတစ်ထောက်စာမျှ သတ်မှတ်၍ လေ့လာဆည်းပူးလေတော့သည်။ ယင်းသို့ ဆည်း ပူးရာ၌ လျင်မြန်သော ဉာဏ်ရှိသည့်အလျောက် မကြာမြင့်မီ တတ်မြောက်တော်မူလေသည်။ ထိုအခါ တစ်ချိန်က ကျစွာမင်းကြီး ပြက်ရယ်ပြုလိုက်သည်ကို ပြန်လည် ချေပလိုသဖြင့် ဆုံကျည်ပွေ့တစ်ခုကို ရှာ၍ အညွန့်အခက်များ ပေါက်နေလေဟန်ဖြင့် သစ်ခက် သစ်ညွန့်တို့ကို ဆုံကျည်ပွေ့တွင် စည်းနှောင်လေသည်။ ပြီးနောက် ထိုကျည်ပွေ့ကြီးကို ထမ်းလျက် ကျစွာမင်းနန်း တော်သို့ ဝင်လေတော့သည်။

ကျစွာမင်းလည်း ဆရာတော်၏ ထူးခြားသော အသွင်အပြင်ကို မြင်တော်မူ၍ ပြုံးရယ် ပြီးလျှင် အကြောင်းချင်းရာကို မေးမြန်းတော်မူ၏။ ထိုအခါ ဆရာတော်က ဒကာတော် မင်းကြီး၊ တစ်ခါက ကျည်ပွေ့ အတက်ပေါက်မှ စာတတ်လိမ့်မည် ဆိုသော စကားကို မှတ်မိပါသေး၏လော၊ ယခုအခါ ကျည်ပွေ့လည်း အတက်ပေါက်ပြီ၊ ငါလည်း စာပေကျမ်းဂန်တို့ကို တတ်မြောက်ပြီ၊ ဟု ပြောကြားလေသည်။ ကျစွာမင်းသည် ဆရာတော်အား ပုစ္ဆာတို့ကို မေးမြန်းလျှောက်ထား၍ ပစ္စည်းလေးပါးတို့ ဖြင့် လှူဒါန်းပူဇော်လေသည်။ ထိုအချိန်မှစ၍ ဆရာတော်သည် သျှင်ဒိသာပါမောက္ခဟူသော အမည်ဖြင့် ကျော်စော ထင်ရှားလာလေသည်။ ထိုသို့ အကျော်တစော ဖြစ်လာပြီးနောက် ဆရာတော်၏ ပညာအရည်အသွေးကို စစ် ဆေးလိုကြသော ခြောက်ကျောင်းသား ရဟန်းတော်တို့သည် ထိုဆရာတော်ကြီး ရေချိုးနေစဉ် ရေငုပ်ရာမှ ပေါ်လာသည်တွင် ပုစ္ဆာကို မေးကြအံ့ဟု ကြံစည်၍ ဆရာတော် ရေချိုးသော ကန်အနီး၌ စောင့်နေကြကုန်၏။ ခြောက်ကျောင်းသားရဟန်းလည်း သျှင်ဒိသာပါမောက္ခ ရေငုပ်ရာမှ ပေါ်လာ စဉ် စာမေးရန်အတွက် အဟံး ဟု ချောင်းသံပြုသည်ကို ဆရာတော်က အဟံဟူသော ပုဒ်ကို ရုပ်မေးသည်ထင်၍ အဟံကား အမှသဒ္ဒါတည် စသည်ဖြင့် ရုပ်တွက်၍ ပြလိုက်လေသည်။ ထိုအခါ စာမေးသည့် ရဟန်းတို့မှာ ပြုံးရယ်ကြလျက် ဆက်လက်၍ မမေးဝံ့တော့ဘဲ လက်လျှော့ လိုက်ကြလေတော့သည်။

ဆရာတော်သျှင်ဒိသာပါမောက္ခ အရှင်မြတ်ကလည်း ငါ့ကို မေးကြသည်မှာ များပြီ၊ ငါကလည်း မေးမြန်းဦးမည်၊ အညသမာန်းစေတသိက်၌ အည၏ အပါဒါန်ကို ခံပါ၊ ဟု မေးမြန်း လေရာ ခြောက်ကျောင်းသား ရဟန်းတို့မှာ ရုတ်တရက် မဖြေဆိုနိုင်ဘဲ ရှိကြလေသည်။ ဆရာတော် အား စာမေးသော ရေကန်ကို ' စာမေးရေကန် ' ဟုလည်းကောင်း၊ ' ရုပ်တွက်ရေကန် ' ဟုလည်း ကောင်း ခေါ်တွင်လျက် ပုဂံမြို့ စူဠာမဏိဘုရားအနီး ကျောင်းတိုက်အတွင်း၌ တည်ရှိလေသည်။ ထိုအချိန်တွင် ဆရာတော်သည် အရပ်ရှစ်မျက်နှာတို့၏ အကြီးအမှူးဖြစ်၍ သျှင်ဒိသာ ပါမောက္ခအမည်ဖြင့် ထင်ရှားသော်လည်း လူတို့အသိမှာကား ဦးကျည်ပွေ့ဟူ၍သာ အသိများကြ လေသည်။

ကျမ်းဂန်တို့အား ပြုစုခြင်း[ပြင်ဆင်ရန်]

ဦးကျည်ပွေ့ခေါ် သျှင်ဒိသာပါမောက္ခသည် မြန်မာ့သမိုင်းဦးဖြစ်သော ပုဂံခေတ်တွင် ထင်ရှားခဲ့သော ဆရာတော် ဖြစ်သည်။ မြန်မာ့ရှေးဦးသင်ဖြစ်သော သင်ပုန်းကြီးကျမ်းကိုလည်း ရေးသားတော်မူ၏။ ထိုကျမ်းအား ကျစွာမင်းကြီးအလိုကျအတိုင်း ရှေးကာလက မရှိခဲ့ဖူးသေးသော ' အာဒိပုဗ္ဗကျမ်း ' ခေါ် ရှေးဦးသင်ပုန်းကြီးကျမ်းကို ရေးသားစီရင်တော်မူခြင်းဖြစ်သည်။ ထိုအကြောင်းကို သင်ပုန်းကြီးဋီကာနိဒါန်း၌ -

ဘန္တေ၊ အရှင်ဘုရား။ ဧကံ၊ တစ်ခုသော။ ဂန္ဓံ၊ ကျမ်းကို။ ကရောတု၊ ပြုတော်မူပါလော့။ ဣတိ၊ ဤသို့။ ကျစွာရာဇေန၊ ကျစွာမင်းသည်။ အဘိယာစိတော၊ ရှေးရှုတောင်းပန်အပ်သည်ဖြစ်၍။ ဝါ- တောင်းပန်အပ်သော။ ဒိသာပါမောက္ခော၊ ဒိသာပါမောက္ခဖြစ်သော။ ဝါ-အရပ်ရှစ်မျက်နှာ၌ ထင်ရှားသော။ အာစရိယော၊ ဆရာသည်။ ပုဗ္ဗဂန္ဓံ၊ ရှေးဦးအစ ပကတူပဖြစ်သောသင်ပုန်းကြီးကျမ်းကို။ ဝါ- အစရှေးဦး ပကတူး၌ဖြစ်သော သင်ပုန်းကြီးကျမ်းကို။ ရစိတံ၊ စီရင်အပ်၏။

ဟု ရေးသားခဲ့လေသည်။

ဆရာတော် သျှင်ဒိသာပါမောက္ခသည် သားတော်ဥဇနာမင်း၊ နရသီဟပတေ့မင်းလက် ထက်တို့၌လည်း မင်းဆရာအဖြစ် ဆက်လက် ကိုးကွယ်ခြင်းခံရလေသည်။

ငြိမ်းချမ်းရေးအတွက် သွားရောက်ခြင်း[ပြင်ဆင်ရန်]

သက္ကရာဇ် ၆၁၈-ခုတွင် နန်းတက်သော နရသီဟပတေ့ခေါ် တရုတ်ပြေးမင်းလက်ထက် တွင် တရုတ်ပြည်မှ သံများ ရောက်လာသည်ကို ရှေ့တော်၌ အနေအထိုင် မယဉ်ကျေးသည့်အတွက် သံတမန်များကို သုတ်သင်ပစ်လေသည်။ ထိုအခါမှစ၍ တရုတ်မြန်မာစစ်ပွဲကြီး ဖြစ်ရလေသည်။ ထိုစစ်ပွဲအခြေအနေမှာ တစ်နေ့ထက် တစ်နေ့ ဆိုးရွားလာသောကြောင့် နရသီဟပတေ့မင်းသည် ပုဂံပြည်ကို ပစ်ခွာ၍ ပြည်မြို့အနောက်ဘက် လှည်းမီးချအရပ်၌ ခေတ္တစံနေတော်မူရလေသည်။

ထိုစဉ်အတွင်း အနန္တပစ္စည်းနှင့် မဟာပိုဝ်တို့ကို ခေါ်တော်မူ၍ တရုတ်တို့၏ အခြေအနေကို သိသာအောင် ပြုရမည်ဟု အမိန့်ရှိသည်။ ထိုအခါ အနန္တပစ္စည်းနှင့် မဟာပိုဝ်တို့သည် မင်းကြီး အား ဤသို့ လျှောက်တင်ကြသည်။ တရုတ်တို့၏ အခြေအနေကို သိသာအောင် ပြုရမည့်အမှု ကား ကြီးမားလှပါဘိ၏၊ ယခုအချိန်၌ သံတမန်လွှတ်ရမည့်သူလည်း မရှိပါ၊ သဝဏ်လွှာရေးသား ၍ ဆက်သမည့်သူလည်း မရှိဘဲ ဖြစ်နေပါသည်၊ အကယ်၍ သျှင်ဒိသာပြာမုတ် (သျှင်ဒိသာပါမောက္ခ) ပါဝင်လျှင်မူကား ဤကိစ္စကို ဆောင်ရွက်နိုင်စရာ ရှိပါသည်၊ ဟု လျှောက်ထားကြလေ သည်။(မှတ်ချက်။ ။ စာဆိုတော်များအတ္ထပ္ပတ္တိကျမ်းတွင် ဦးကျည်ပွေ့အမည်ခံ ရှင်ဒိသာပါမောက္ခ နှင့် တစ်ပါးစီဖြစ်ကြောင်း ဖော်ပြသည်။ )

ဤသို့ဖြင့် ဆရာတော် သျှင်ဒိသာပါမောက္ခကို ပင့်ယူ၍ ယင်းကိစ္စအဝဝကို အပ်နှင်း တော်မူလေသည်။ ဆရာတော်လည်း ရွှေဘိုနယ်ရှိ သစ်ဆိမ့်အရပ်နှင့် ဟန်လင်းအရပ်တို့တွင် ခေတ္တ မျှ သီတင်းသုံးနေတော်မူပြီးလျှင် သဝဏ်စာရေးသားပြီး တရုတ်မင်းထံသို့ စေလွှတ်တော်မူ၏။ ထို့နောက်မှ တရုတ်မင်း၏ ပင့်ဆောင်ချက်ဖြင့် တရုတ်ပြည်သို့ ကြွတော်မူလေသည်။

ထိုအချိန်တွင် တရုတ်မင်းက ပုဂံပြည်ကို စစ်တိုက်စိမ့်သောငှာ သုတ္တတကီမင်းသားနှင့် သူရဲနှစ်သောင်းတို့ကို ပုညဓမ္မိကာမဟာထေရ်နှင့် သျှင်ဓမ္မိကာမထေရ် နှစ်ပါးတို့အား ကျောင်း ပေါင်း ၇ဝ-မှ ရဟန်းတော်တို့ကို အုပ်ချုပ်စေ၍ သင်းတွဲပြည်သို့ ရောက်အောင် တပ်ချထားလေသည်။ ဆရာတော် သျှင်ဒိသာပါမောက္ခသည် ထိုစစ်သူရဲများ အကြားမှပင် တရုတ်မင်းစံရာ ပီကင်း (ဘေဂျင်း) မြို့သို့ ဦးတည်လာခဲ့၏။ လမ်းခရီးတွင် ဝါတွင်းကာလအခါနှင့် ကြုံကြိုက်နေသဖြင့် ယဆည် မည်သောအရပ်၌ ဝါဆိုဝါကပ်တော်မူရလေသည်။

ဆရာတော်သည် ဝါကျွတ်သောအခါမှ ဆက်လက်၍ ကြွချီတော်မူရာ တန်ဆောင်မုန်းလရောက်မှ တယ်တူမြို့တော် (ဘေဂျင်း) သို့ ရောက်ရှိသွားလေသည်။ ရောက်လျှင် တရုတ်မင်း က သူရဲနှစ်သောင်းနှင့် မဟာထေရ်တို့ကို သာသနာပြုစေလွှတ်လိုက်ကြောင်း ပြောပြ၏။ ထိုအခါ ဆရာတော်က တရုတ်မင်း ကူဗလေခန်အား ဆန်စပါးသည် တိုင်းပြည်၏ အခြေအမြစ် ဖြစ်သည်၊ စပါးမရှိက သူရဲသူခက်များ သံဃာတော်များသည် တည်တံ့စွာ နေနိုင်မည် မဟုတ်ပါ၊ ဥယျာဉ်ဆို သည်မှာ ရေသွန်းလောင်း၍ စိုက်ပျိုးရခြင်း ဖြစ်သည်၊ အညွန့်အတက် မကြီးပွားမီ ဆိတ်ခူးခြင်း မပြုရပါ၊ ယခုလည်း ပုဂံပြည်၌ ကောက်ပဲသီးနှံ စိုက်ပျိုးဦးမည်၊ ပြီးမှ သာသနာပြုစေလိုသည်၊ စသော တရားဓမ္မများဖြင့် ဟောကြားတော်မူရာ ပြေငြိမ်းခွင့်ရသဖြင့် ဆရာတော်သည် ပုဂံပြည်သို့ ပြန်လည် ကြွရောက်တော်မူခဲ့လေသည်။

ပုဂံပြည်သို့ ပြန်ရောက်လျှင် ဆရာတော်အား အလွန်ကျေးဇူးကြီးလှသောကြောင့် ဟန်လင်းမြေ ၄ဝဝ၊ ကြံတူ၌ မြေသန်မုရင်း ပျိုးခင်းစုံ ၄ဝဝ၊ မြေပေါင်း ၈ဝဝ-နှင့် ကျွဲနွားအစုံတို့ကို လှူဒါန်းတော်မူလေသည်။ သို့ရာတွင် ဆရာတော်သည် ထိုပစ္စည်းများကို ပုဂံမြို့တောင်ဘက် ပန်းပွတ်အရပ်ရှိ မင်္ဂလာစေတီတော်ကို ထပ်မံလှူဒါန်းလိုက်လေသည်။ ထို့ပြင် တန်ဆောင်းတော်ကြီး များ၊ စာသင်တိုက်ကြီးများကိုလည်း တည်လုပ်တော်မူ၍ ကုသိုလ်တရားတို့ကို ပွားများတော်မူခဲ့ လေသည်။[၁]


ကိုးကား[ပြင်ဆင်ရန်]

  1. ရဟန်းစာဆိုတော်များ အတ္ထုပ္ပတ္တိ၊ ရေးသားသူ ဘုန်းနွယ်(ရေစကြို)၊ အရှင်ဧသိက(ဘုန်းနွယ်) စာပေရောင်ခြည်ကျောင်း၊ အောင်မြေသာသူဌေးတိုက် ရေစကြိုမြို့။

ဆက်လက်လေ့လာရန်[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ-၅ ၊
  2. မြန်မာ့ဂုဏ်ရည် ရာဇဝင်ဖတ်စာ၊
  3. သာသနာလင်္ကာရစာတမ်း၊
  4. စာဆိုတော်များ အတ္ထုပ္ပတ္တိ၊
  5. မြန်စာဂုဏ် စာညီလာ၊
  6. သင်ပုန်းကြီးဋီကာကျမ်း၊
  7. သင်္ဂြိုဟ်ဂဏ္ဌိ သုံးစောင်တွဲ၊
  8. မှန်နန်းရာဇဝင်တော်ကြီး-ပထမတွဲ၊
  9. ၁၉၇ဝ-ခု၊ ဒီဇင်ဘာလထုတ်၊ စန္ဒာမဂ္ဂဇင်း မှ ဟံသာဝတီဦးဘရင်၏ ' ငဆောင်ချမ်းတိုက်ပွဲနှင့် ဦးကျည်ပွေ့ ' ဆောင်းပါး၊