လွှတ်တော်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
နေပြည်တော်ရှိ လွှတ်တော်အဆောက်အဦ (ဓာတ်ပုံ-အေပီ)

လွှတ်တော် ဆိုသည်မှာ တိုင်းပြည် တစ်ခု အတွက် ဥပဒေပြုရေး အာဏာကို ကျင့်သုံးရာ နေရာဌာန ဖြစ်သည်။ ဒီမိုကရေစီ စနစ်ကျင့်သုံးသည်ဖြစ်စေ၊ မကျင့်သုံးသည်ဖြစ်စေ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဌာန်းထားသည့် နိုင်ငံတိုင်းတွင် လွှတ်တော်ကို ဖွဲ့စည်းရမြဲ ဖြစ်သည်။

နောက်ခံ သမိုင်းကြောင်း[ပြင်​ဆင်​ရန်​]

သမိုင်းမှတ်တမ်းများအရ လွှတ်တော်တို့၏ အစ မှာ ဒီမိုကရေစီ စနစ်နှင့် အတူ မွေးဖွားလာခြင်း ဖြစ်သည်။ အေသင် မြို့ပြနိုင်ငံတွင် ဒီမိုကရေစီ စနစ်ကို ကျင့်သုံးစဉ်က လွှတ်တော်အဖြစ် ရွေးကောက်ခံ နိုင်ငံသား ကိုယ်စားလှယ်များက တက်ရောက်ပြီး နိုင်ငံ့ ရေးရာများကို ဆွေးနွေး အဖြေရှာသည့် နေရာအဖြစ် သတ်မှတ်သည်။ မူလအစက တည်နေရာ အတည်တကျ မရှိဘဲ မြို့တွင်း ဈေးထိပ်ရှိ မြေကွပ်လပ်ကြီးတွင် ဆွေးနွေးကြသည်။ ထို့ကြောင့် ဆွေးနွေးပွဲ (ဖိုရမ်) ဆိုသည့် အသုံးအနှုံးမှာ ဂရိဘာသာ အားဖြင့် မြေကွပ်လပ် ဖြစ်သည်။ နောင်တွင် ခေတ်သစ် ကမ္ဘာ၌ ဒီမိုကရေစီ ပြန်လည် ထွန်းကားလာခြင်းနှင့်အတူ တိုင်းပြည်၏ ဥပဒေပြုရေး အာဏာအတွက် ပြည်သူ့ ကိုယ်စားလှယ်များဖြင့် လွှတ်တော်များ ဖွဲ့စည်းလာခဲ့သည်။ လွှတ်တော်ကို အင်္ဂလိပ်ဘာသာအားဖြင့် ပါလီမန် ဟုခေါ်ပါသည်။

ဖွဲ့စည်းပုံ[ပြင်​ဆင်​ရန်​]

၅၀၀ဝ ကျပ် (၂၀၀၉) စက်တင်ဘာ၂၅ ရက်နေ့ ၊ဆင်ဖြူတော် နှင့် လွှတ်တော်အဆောက်အဦး

ပါလီမန်ဒီမိုကရေစီစနစ် ကျင့်သုံးသည်ဖြစ်စေ၊ သမ္မတစနစ်ကျင့်သုံးသည်ဖြစ်စေ နိုင်ငံအတော်များများတွင် လွှတ်တော် နှစ်ရပ် ထားရှိကြသည်။

လူဦးရေ အချိုးအစား အလိုက် သတ်မှတ်သည့် မဲဆန္ဒနယ်မြေများမှ ရွေးကောက်သည့် ကိုယ်စားလှယ်များ ပါဝင်သော လွှတ်တော်ကို အောက်လွှတ်တော် ဟုခေါ်ကာ နယ်မြေဒေသ၊ ပြည်နယ်အလိုက် ရွေးကောက်ခံရသည့် ကိုယ်စားလှယ်များ ပါဝင်သော လွှတ်တော်ကို အထက်လွှတ်တော် ဟုခေါ်ကြသည်။ အထက်လွှတ်တော်၊ အောက်လွှတ်တော် ဟူသည့် အသုံးအနှုံးများမှာ သတ်ဆိုင်ရာ နိုင်ငံများမှ ပြဌာန်းသည့် အမည်မဟုတ်ပဲ လူအများ နားလည်စေရန် အလွယ်တကူ ခေါ်သည့် အသုံးအနှုံးများသာဖြစ်သည်။ ဥပမာအားဖြင့် အမေရိကန်ပြည်ထောင်စု၏ အထက်လွှတ်တော်ကို "ဆီးနိတ်" ဟုခေါ်ပြီး "အောက်လွှတ်တော်"ကို "ဟောက်စ် အော့ဖ် ရီပရီဆန်းတတစ်" (House of Representatives) (သို့မဟုတ်) "ဟောက်စ်" ဟုခေါ်ကြကာ လွှတ်တော် နှစ်ရပ်ပေါင်းကို "ကွန်ဂရက်" (Congress) ဟုခေါ်သည်။ မြန်မာနိုင်ငံအတွက် ၂၀၀၈ ခုနှစ်တွင် အသစ်ပြဌာန်းလိုက်သည့် မြန်မာ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ အောက်လွှတ်တော်ကို "ပြည်သူ့လွှတ်တော်" ဟုလည်းကောင်း၊ အထက်လွှတ်တော်ကို "အမျိုးသားလွှတ်တော်" ဟုလည်းကောင်း၊ လွှတ်တော်နှစ်ရပ်ပေါင်းကို "ပြည်ထောင်စု လွှတ်တော်"ဟု သတ်မှတ်သည်။

သို့သော် လူဦးရေ နည်းပါးပြီး နယ်မြေဧရိယာ ကျဉ်းမြောင်းသည့် နိုင်ငံများနှင့် တစ်ပါတီစနစ် ကျင့်သုံးသည့် နိုင်ငံများတွင်မူ လူဦးရေ အချိုးအစား အလိုက် သတ်မှတ်သည့် မဲဆန္ဒနယ်မြေများမှ ရွေးကောက်သည့် ကိုယ်စားလှယ်များ ပါဝင်သော လွှတ်တော် တစ်ရပ်တည်းသာ ရှိတတ်ကြသည်။ မြန်မာနိုင်ငံ တွင်လည်း ၁၉၈၈ မတိုင်မှီ မ.ဆ.လ ပါတီမှ အုပ်ချုပ်စဉ် ကာလက ပြည်သူ့လွှတ်တော်ဟူ၍ လွှတ်တော်တစ်ရပ်သာ ရှိခဲ့သည်။

အာဏာခွဲဝေမှု[ပြင်​ဆင်​ရန်​]

လွှတ်တော် နှစ်ရပ်အတွက် အာဏာများ ခွဲဝေပေးပုံ၊ လုပ်ငန်းတာဝန်နှင့် သက်တမ်း မှာ တစ်နိုင်ငံနှင့် တစ်နိုင်ငံ အနည်းနှင့် အများ ကွဲပြားသဖြင့် ပုံသေပြော၍မရနိုင်ပေ။ ထိုသို့ဖြစ်ရသည်မှာ သက်ဆိုင်ရာနိုင်ငံတို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေများအရ အာဏာ ခွဲဝေ ပေးထားခြင်းကြောင့် ဖြစ်သည်။ သို့သော် နိုင်ငံအများစုတွင်မူ ပြည်သူတို့နှင့် ပိုနီးစပ်ခြင်း၊ ရွေးကောက်ခံ ကိုယ်စားလှယ် ပိုများခြင်း တို့ကြောင့် အောက်လွှတ်တော်မှာ အာဏာ ပိုကြီးလေ့ရှိသည်။

ဥပမာအားဖြင့် ပါလီမန်ဒီမိုကရေစီစနစ် ကျင့်သုံးသည့် ဂျပန်နိုင်ငံ၏ အောက်လွှတ်တော်သည် ဝန်ကြီးချုပ်ရွေးကောက်ရာတွင် အဆုံးအဖြတ်ပေးနိုင်သည်အထိ အာဏာရှိသည်ကိုတွေ့ရသည်။

လုပ်ငန်းတာဝန်များ[ပြင်​ဆင်​ရန်​]

လွှတ်တော်များ၏ လုပ်ငန်းတာဝန်များမှာ ယေဘုယျအားဖြင့် ဥပဒေများကို ပြဌာန်းခြင်း၊ လုပ်ငန်း ကော်မတီများ ဖွဲ့စည်းပြီး သတ်ဆိုင်ရာ ကော်မတီ အလိုက် ထိန်းသိမ်းရေး၊ စစ်ဆေးရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း (ဥပမာအားဖြင့် လွှတ်တော်၏ နိုင်ငံခြားရေး ကော်မတီ၊ ကာကွယ်ရေး ကော်မတီ၊ စီးပွားရေး ကော်မတီ)၊ အစိုးရ ဝန်ကြီးဌာနများနှင့် စီးပွားရေး လုပ်ငန်းများ၏ အားနည်းချက်နှင့် အဂတိလိုက်စားမှုများကို စစ်ဆေး ဖော်ထုတ် တားဆီးခြင်းတို့တွင် တူညီမှုရှိကြပါသည်။

ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြဌာန်းထားသေးလျှင် လွှတ်တော်သည် သမ္မတ၊ ဝန်ကြီးချုပ်များကို ရွေးကောက်ပေးရန် တာဝန်ရှိသည်။ ထို သမ္မတ၊ ဝန်ကြီးချုပ်တို့က တင်သွင်းလာသည့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများကို စိစစ်၍ အဆုံးအဖြတ် မဲပေးကာ ထောက်ခံခြင်း၊ ကန့်ကွက်ပယ်ချခြင်းတို့ကို ပြုလုပ်ပေးရသည်။

သက်တမ်း[ပြင်​ဆင်​ရန်​]

လွှတ်တော်တစ်ရပ်၏ သက်တမ်းမှာ လွှတ်တော်ပေါ်တွင် သတ်မှတ်ခြင်းမျိုး မဟုတ်ပဲ လွှတ်တော်အမတ်များ၏ သက်တမ်းသာ ဖြစ်သည် ဟုဆိုနိုင်သည်။ နိုင်ငံအများစုတွင် လွှတ်တော်၏ သက်တမ်းမှာ ၄ နှစ်ဖြစ်ပြီး ထိုထက်လည်း ပို၍ရှိတတ်သည်။ လွှတ်တော်အမတ် တစ်ဦးအနေဖြင့် အကြိမ် အရေအတွက် အကန့်အသက်မရှိ ပြည်သူတို့ လက်ခံ ယုံကြည် နေသ၍ ရွေးကောက်ခံနိုင်သည်။

လွှတ်တော် ဖျက်သိမ်းခြင်း[ပြင်​ဆင်​ရန်​]

လွှတ်တော်သည် သမ္မတ (သို့) ဝန်ကြီးချုပ် ကတင်သွင်းလာသည့် ဥပဒေမူကြမ်းကို မဲပေးကာ ၃ ကြိမ်တိုင်တိုင် ပယ်ချနိုင်သည်။ ထို့ကြောင့် လွှတ်တော်သည် သမ္မတ (သို့) ဝန်ကြီးချုပ်များနှင့် မသင့်မြတ်သော အခြေအနေ ရောက်လာလျှင် သမ္မတ (သို့) ဝန်ကြီးချုပ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေက အပ်နှင်းထားသည့် အခွင့်အာဏာအရ လွှတ်တော်ကို ဖျက်သိမ်းပြီး လွှတ်တော် အသစ် ပြန်လည် ဖွဲ့စည်းရန်အတွက် ရွေးကောက်ပွဲများကို ကျင်းပရသည်။

နိုင်ငံအချို့မှ ထင်ရှားသည့် လွှတ်တော်အမည်များ[ပြင်​ဆင်​ရန်​]

တို့ဖြစ်ကြသည်။

လွှတ်တော်အစ ပုဂံက[ပြင်​ဆင်​ရန်​]

ရတနာပုံခေတ် လွှတ်တော်

နရပတိစည်သူမင်းသည် ဘိုးတော် အလောင်းစည်သူ ဘကြီးတော် မင်းရှင်စော ခမည်းတော် နရသူနှင့် နောင်တော် နရသိင်္ခတို့၏ ထီးနန်းစိုးစံစဉ် ကြောက်မက်ဖွယ်ရာ ဖြစ်ပွားလာခဲ့သည့် အာဏာနှင့် စိတ်ဝမ်းကွဲပြားမှုတို့ လုပ်ကြံသတ်ဖြတ်မှုများကို ကောင်းစွာ သုံးသပ်မိဟန်ရှိလေသည်။ နရပတိစည်သူမင်း မကွယ်လွန်မီကပင် နိုင်ငံရေးအာဏာ ခွဲဝေမှုဖြင့် လွှတ်တော်သဖွယ် အုပ်ချုပ်ရေးကို စတင်လုပ်ဆောင်ခဲ့သည်။

နရပတိစည်သူတွင် သားတော်၅ဦး ရှိသည့်အနက် မိဖုရားငယ် တစ်ပါးမှ ဖွားမြင်သည့် သားတော် ဇေယျသိင်္ခကို ရွေးချယ်၍ ပုဂံထီးနန်းကို အမွေ ဆက်ခံခွင့်ပေးပြီး ဇေယျသိင်္ခကလည်း နိုင်ငံရေးနှင့် အုပ်ချုပ်ရေး အာဏာများကို တစ်ဦးတည်း သိမ်းပိုက်ချင်းမပြုဘဲ နောင်တော်ကြီး၄ဦး နှင့် ခွဲဝေ၍ အညီအညွတ် အုပ်ချုပ်ကြောင်း မြန်မာရာဇဝင်များတွင် ဖွဲ့နွဲ့ရေးသားဖော်ပြကြသည်။

ပုဂံမင်းဆက် တစ်လျှောက်လုံး နိုင်ငံရေးနှင့် အုပ်ချုပ်ရေး အာဏာကို ဘုရင်တစ်ဦးတည်း ကသာလျှင် အုပ်ချုပ်သည်ကို ဖျက်သိမ်း ၍ ဘုရင်နှင့် လွှတ်တော်တို့ကို အာဏာ ခွဲဝေပေးလိုက်ခြင်းပင် ဖြစ်ကြောင်းတွေ့ရှိရသည်။ ဇေယျသိင်္ခသည် ပုဂံထီးနန်းကိုသာလျှင် ဆက်ခံရသော်လည်း နိုင်ငံရေး အုပ်ချုပ်ရေး ကာကွယ်ရေး အာဏာများကိုမူ နောင်တော်ကြီးလေးဦး စုရုံးခြင်းပြုကြသော လွှတ်တော်တွင် သာရှိသည်။ နာရပတိစည်သူမင်း၏ အစီစဉ်မှာ အလွန်အမျှော်အမြင်နဲ့ ပြည့်စုံသော အစီစဉ်ဖြစ်သည်။

ထိုအချိန်မှစ၍ ကုန်းဘောင်ခေတ် သီပေါမင်း ပါတော်မူသည် အထိ မြန်မာရာဇဝင် တစ်လျှောက်လုံး ဆက် လက် ထိမ်းသိမ်း ကြသည် ကို တွေ့ရှိရသည်။ လွှတ်တော်တွင် ဝန်ကြီးလေးပါး ခန့်၍ အုပ်ချုပ်သော ပုဂံခေတ် နာရပတိစည်သူမင်း လက်ထက်မှ အစပြု၍ အုပ်မြစ်ချခဲ့သည် ဟု ဆိုရမည်ဖြစ်သည်။

မြန်မာနိုင်ငံ လွတ်တော် အုပ်ချုပ်ရေး ရာဇဝင်ကို ပြန်လည် လေ့လာ ကြည့်သောအခါ လွတ်တော်အားကောင်း သောအခါများတွင် ဘုရင်၏ တန်ခိုးအာဏာကိုပင် ထိန်းသိမ်းဟန့်တားခြင်း ပြုနိုင်ရုံမျှမက ဘုရင်ကို ရွေးချယ်နိုင်သည်အထိ လွှတ်တော်အာဏာရှိသည်ကို တွေ့ရသည်။ တခါတရံလွှတ်တော် အင်အား နည်းပါးသောအချိန်တွင် လွှတ်တော်သည် ဘုရင်၏ လက်ပါးစေကလေးသဖွယ် ဖြစ်လာခဲ့သည်။ [၁][၂][၃]

အသေးစိတ် သိလိုလျှင်[ပြင်​ဆင်​ရန်​]

  • ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) စာအုပ်၊
  • ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေနှင့် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ နည်းဥပဒေများ စာအုပ်၊
  • ပြည်သူ့ လွှတ်တော်ဆိုင်ရာ ဥပဒေနှင့် ပြည်သူ့ လွှတ်တော်ဆိုင်ရာ နည်းဥပဒေများ စာအုပ်၊
  • အမျိုးသား လွှတ်တော်ဆိုင်ရာ ဥပဒေနှင့် အမျိုးသား လွှတ်တော်ဆိုင်ရာ နည်းဥပဒေများ စာအုပ်၊
  • တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ဆိုင်ရာ ဥပဒေနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်ဆိုင်ရာ နည်းဥပဒေများ စာအုပ် များကို ဖတ်ရှုလေ့လာ နိုင်သည်။

ဥပဒေပြုစာရင်း[ပြင်​ဆင်​ရန်​]

လွှတ်တော်က ဥပဒေ ပြုခွင့်ရှိသည့် ဥပဒေပြု စာရင်းပါ ကိစ္စရပ် များနှင့် စပ်လျဉ်း၍ ဇယား ၁ ပြည် ထောင်စု ဥပဒေ ပြုစာရင်း (ပုဒ်မ ၉၆ ကို ရည်ညွှန်း သည်) တွင် ဖော်ပြ ထားသည်။

  • နိုင်ငံတော် ကာကွယ်ရေး နှင့် လုံခြုံရေး ကဏ္ဍ၊
  • နိုင်ငံခြားရေး ကဏ္ဍ၊
  • ဘဏ္ဍာရေးနှင့် စီမံကိန်းကဏ္ဍ
  • စီးပွားရေး ကဏ္ဍ၊
  • စိုက်ပျိုးရေး နှင့် မွေးမြူရေး ကဏ္ဍ၊
  • စွမ်းအင်၊ လျှပ်စစ်၊ သတ္တုနှင့် သစ်တော ကဏ္ဍ၊
  • စက်မှုလက်မှု ကဏ္ဍ၊
  • ပို့ဆောင်ရေး၊ ဆက်သွယ်ရေး နှင့် ဆောက်လုပ် ရေးကဏ္ဍ၊
  • လူမှုရေး ကဏ္ဍ၊
  • စီမံခန့် ခွဲရေး ကဏ္ဍ၊
  • တရား စီရင်ရေး ကဏ္ဍ တို့ကို ခွဲခြား ဖော်ပြထား သည်။


လွှတ်တော်ဟူသော ဝေါဟာရသည် မြန်မာဘာသာ ဝေါဟာရဖြစ်၍ ရှင်ဘုရင်အမိန့်အာဏာတောအတိုင်း လိုက်နာဆောင်ရွက်ရသော ဌာနကိုဆိုလိုသည်။ မြန်မာဘုရင် များလက်ထက်ကလွှတ်တော်သည် နန်းတော်မှတပါး တနိုင်ငံ လုံးတွင် အမြင့်ဆုံးနှင့်အကြီးဆုံးဌာနဖြစ်၍ လွှတ်တော်က ဆောင်ရွက်ရ ဆင့်ဆိုရသော အရေးကိစ္စများမှာလည်း လွန်စွာ ကျယ်ဝန်းများပြားသည်။ လွှတ်တော်သည် သာသနာတော်ရေး နှင့် တိုင်းရေးပြည်ရေးရှိသမျှကို အုပ်ချုပ်ဆင့်ဆိုဆောင်ရွက်ရ သည်။ လွှတ်တော်ဟူသော ဝေါဟာရတွင် 'လွှတ်'ဆိုသော စကား သည် ဩဇာအာဏာလွှတ်ခြင်း၊ အမိန့်တော်၊ အမှာတော် လွှတ်ခြင်း၊ အခွင့်လွှတ်ခြင်း၊ ကိုယ်တိုင်ပိုင်နက်မှ လက်လွှတ် ခြင်း၊ ပြတ်ကင်းခြင်း၊ လှူခြင်း၊ ပေးခြင်းနှင့်သက်ဆိုင်သည်။ လွှတ်ဟူသောဌာနတွင် ဆင်းရဲသား ပြည်သူတို့က မင်းဧကရာဇ် ထံ အခွန်အတုတ် လွှတ်မြဲ၊ ဆက်သမြဲဖြစ်သည်။ ထိုအခွန် အတုတ်များကို ကသောင်းမြောင်း တိုက်တော် (လွှတ်တော် ငွေတိုက်) မှာ ထားရသည်။ သို့ဖြစ်၍ ဆင်းရဲသား ပြည်သူ တို့ အခွန်အတုတ်လွှတ်ရာ။ ဆက်သရာဌာနကို လွှတ်ဟူ၍ ခေါ်ဝေါ်သမုတ်သည်ဟုလည်း ဆိုသည်။ 'တော်' ဟူသော ဝေါဟာရသည် မြန်မာစကားဖြစ်၍ အသျှင် ခေါ်ခြင်း၊ ဘုရားခေါ်ခြင်းများနှင့်ဆိုင်သည်။ ရှင်ဘုရင်နှင့် စပ် ဆိုင်သော အမှတ်အသားများမှာ တော်ကြီးဟူ၍ ရေးသားထိုး မှတ်လေ့ရှိသည်။ ထို့ကြောင့် နန်းတော်၊ ဥယျာဉ်တော်ဟု ဆိုလျှင် ရှင်ဘုရင်နှင့် ဆိုင်ကြောင်းကို ပြသည်။ ရွှေဘုံနိဒါန်းကျမ်းတွင် ပုဂံပျူစောထီးမင်း လက်ထက်က စ၍ လွှတ်တော်ပေါ်ကြောင်းနှင့် လွှတ်တော်ဟုခေါ်ကြောင်းများ ဖော် ပြပါရှိသည်။ ထိုကျမ်းအဆိုမှာ မဇ္ဈိမဒေသမှ ပုဂံသို့ရောက်လာ သော မင်းမျိုးလေးယောက်ကို ဘွဲ့ထီးအစီးအနင်း၊ မင်းခမ်း မင်းနား ပေးကမ်းချီးမြှင့်အရေးလွှဲအပ်လျှင် အဆောက်အဦသို့ အမတ်လေးယောက်တက်ရောက်၍ ပြည်ထဲရေးလေးမျက်နှာကို စီရင်စေရန် အခွင့်လွှတ်သောကြောင့် ထိုအဆောက်အဦ ကို လွှတ် ဟူ၍ခေါ်သည်။ ထိုပြင် ပုဂံမင်းဆက် နရပတိစည်သူမင်းသည် ထီးနန်းကို သားတော်ကြီးလေးပါးသို့ မပေးအပ်ပဲ၊ မင်းပရိယာယ်ဖြင့် သားတော်ငယ် ဇေယျသိင်္ခမင်းသားကို ပေးအပ်ခဲ့သည်။ သို့ ရာတွင် တိုင်းရေးပြည်ရေးကို လေးပါးသော နောင်တော်တို့ နှင့် တိုင်ပင်ဆွေးနွေးပြီးလျှင် စီရင်ဆုံးဖြတ်ရမည်ဟု နတ်ရွာစံ ခါနီးဆဲဆဲ၌ မှာထားခဲ့သည်။ ဇေယျသိင်္ခမင်းသားသည် ထီးလို မင်းလိုမင်း ဘွဲ့ကိုခံ၍ ထီးနန်းဆက်ခံပြီးနောက် ခမည်းတော် မှာထားခဲ့သည့်အတိုင်း နောင်တော် မင်းသားလေးပါးအိမ်သို့ တအိမ်စီ တအိမ်စီ လှည့်လည်သွားရောက်ဝတ်ပြုရခြင်း၊ ဆွေး နွေးတိုုင်ပင် စီရင်ဆုံးဖြတ်ရခြင်းကိုပြုလုပ်ရသည်။ ရှင်ဘုရင် ဖြစ်သူညီတော်သည် နောင်တော်များထံ လာရဖန်များသည့်အခါ နောင်တော်များက အားနာည|ာတာပြီးလျှင် နန်းရင်ပြင်၌ အဆောက် အဦးကြီး တခုကို ဆောက်စေ၏ နောင်တော်လေးပါးတို့ ထို အဆောက်အဦးကြီးသို့သွားရောက်စုံညီသောအခါ ညီတော်ရှင်ဘုရင် လာ၍ခစားဝတ်ပြုခြင်း၊ တိုင်းရေးပြည်ရေးများကို ဆွေးနွေးဆုံး ဖြတ်ခြင်းပြုရန် ညီတော်ကို ခွင့်လွှတ်၍၊ ညီတော် ထီးလိုမင်းလို မင်းကလည်း နောင်တော်တို့သည် ညီတော်ကိုယ်စား ပြည်ထဲ ရေးများကို ခန့်ထားစီရင်ဆုံးဖြတ်ပါတော့ဟု အရေးပေးသဖြင့် ခွင့်လွှတ်ပြန်သည်။ ထိုကဲ့သို့ အပြန်အလှန် ခွင့်လွှတ်သော အဆောက်အဦ နေရာကို လွှတ်ဟု ခေါ်သည် ဟူ၍လည်း ရာဇဝင်ကျမ်းများနှင့် ရွှေဘုံနိဒါန်းတွင် ဆိုသည်။ လွှတ်တော်အဆောက်အဦမှာ နှစ်ဆောင်တွဲဖြစ်သည်။ အနောက်ဖက် အဆောင်သည် သုံးထပ်လည်ပေါ်ဆောင်ဖြစ်၍ ဇေတဝန်ဆောင်ဟု ခေါ်သည်။ ထိုဇေတဝန်ဆောင်သို့ ရှင်ဘုရင် လွှတ်တော်မြဲဖြစ် သောကြောင့် ရာဇပလ္လင်သည်လည်း မြေနန်းရာဇပလ္လင်ကဲ့သို့ပင် ယမနေသားဖြင့်လုပ်သော ခြင်္သေ့ရုပ်ခံ သီဟာသနရာဇပလ္လင်ဖြစ်သည်။ လွှတ်တော်ဇေတဝန်ဆောင်တွင် အကာမာရဘင်များ၊ တိုုင်များ အပြောက်အမွမ်းများကို ရွှေပိန်းချရသည်။ လွှတ်တော်အရှေ့ဆောင်သည် နှစ်ထပ်လည်ပေါ်ဆောင်ဖြစ်၍ ဝန်ကြီး များနေသော ကွန်းစင်တိုင်ကြီး လေးလုံးကိုသာ ရွှေပိန်းချရသည်။ ထိုတိုင်ကြီးလေးလုံးမှတပါး သည်မသည်ရံစသော တိုင်းများနှင့် အပြောက်အမွမ်းကို အနီတစုရွှေနှစ်စုခြယ်လှယ်ရသည်။ လွှတ်တော်ကွန်းစင်အခန်းကြီးများအတွင်းသို့ မင်းသားများနှင့် ဝန်ကြီး များမှတပါး မည်သူမျှဝင်ခွင့်မရ။ အခြားလွှတ်တော်အရာရှိများအတွက် နေရာသီးခြားစီရှိကြသည်။ထိုနေရာများတွင် ကွမ်းသွေးပေါက်တပေါက် စီ ဖောက်ထားသည်။ ဝန်ကြီးတို့ ဆေးတံသောက်ရှူသည့်အခါ လွှတ် အောက်ကနေ၍ ကွမ်းသွေးပေါက်တွင်းမှ အဆောင်ကိုင်တို့က ဆေးတံ ထိုးပေးရသည်။ ဝန်ထောက်လေးနေရာမှ ဝန်ကြီးမင်းများ နေရသော ကွန်းစင်ပြင်ဖက်နားက ကွမ်းသွေးပေါက်လေးပေါက် ဖောက်ထားသည်။ နားခံ၊ စာရေးတော်ကြီး၊ အမှာတော်ရေး၊ အသုံးစာရေး၊ အဝေးရောက် စသောအရာရှိများမှာလည်း ကွမ်းသွေးပေါက်လေးပေါက်စီ ရှိကြ သည်။ ကွမ်းသွေးပေါက်ရသူများသာ ကွမ်းသွေးပေါက်အတွင်းဝင်ပြီး လျှင် ထိုင်ခွင့်ရသည်။ လွှတ်တော်အရာရှိများမှ တပါး အခြားအရာရှိ အဝေးအရာရှိတို့သည် ကွမ်းသွေးပေါက်အတွင်း ဝင်ပြီးလျှင် ကွန်းစင် တိုင်ကိုမှီ၍ ထိုင်ခွင့်မရကြချေ။ သို့ရာတွင် နားခံတော်များသည် အမိန့်တော်ပြန်ရန် အတွက် ကွန်းစင်တိုင်တွင်းသို့ ခေတ္တဝင်၍ ရာဇပလ္လင်ရှေ့မှာ အမိန့်တော် ပြန်ခွင့်ရသည်။ လွှတ်တော်ပေါ်တွင် ညဉ့်အိပ်သည်မှတပါး နေ့အခါ၌ မည်သည့် အရာရှိမျှ ဖျာ၊ သင်ဖြူးခင်း၍ ထိုင်ခွင့်မရ။ ထိုပြင်မည်သူမျှ လွှတ်တော်ပေါ်သို့ အင်္ကျီမပါ၊ ခေါင်းပေါင်းဖြူမပါပဲ မတက်ရ။ လွှတ်တက်ဆဲအခါ၌လည်း မည်သူမျှ မြောက်လှေကားက မတက်ရ။ အမိန့်တော်ခန့် ဗိုလ်များမှ တပါးအခြား မည်သူမျှ ခါးတောင်းကျိုက် ၍ လွှတ်တော်ပေါ်သို့ မတက်ရ။ လွှတ်တော်ပေါ်သို့ ဖိနပ်များကို လည်း မတင်ရချေ။ လွှတ်တော် တည်ရာဌာနသည် နန်းတော်နယ်မြေတွင်သစ်တပ် အုတ်မြို့ရိုး ကာထားသော နန်းတော်အတွင်း မြေနန်းတော်ရှေ့ တံခါးနီ၏ လကျာ်ဖက်ဖြစ်သော တောင်မျက်နှာ၌ တည်ရှိသည်။ တံငါနီပြင်ဖက်ကလည်း လွှတ်တော်ပေါ်သို့တက်ရန် လှေကား ရှိသည်။ လွှတ်တော်ဆိုင်ရာ အရာရှိတို့သည် သီတင်းနေ့များမှတပါး အခြားနေ့များတွင် တနေ့နှစ်ကြိမ် လွှတ်တော်သို့ တက်ရောက် ရမြဲဖြစ်သည်။ နံနက် တချက်မတီးမီ (စက်နာရီ ၉ နာရီ) လွှတ်တော် မြောက်နှရောင်မှာ စု၍ (တရားရာဇဝတ်မှုမှတပါး) လျှောက်လွှာ အသေးအဖွဲများကို လက်ခံသည်။ မြောက်နှရောင် ဆိုသည်မှာ လွှတ်တော် နှစ်ဆောင်အနက်အရှေ့ဆောင် မြောက် မျက်နှာကထိပ်ဝကို ဆိုလိုသည်။ နံနက်တချက်တီးလျှင် နန်းတော်သို့ဝင်၍ ရှင်ဘုရင်ရှေ့တော်မှာ အရာရှိအစုံအညီ ညီလာခံကြသည်။ နံနက် ညီလာခံသည် မွန်းမတည့်မီ ပြီးစီးလေ့ ရှိသည်။ နံနက်ညီလာခံတါင် ရှင်ဘုရင်ရှေ့တော်သို့ ဝင်ရောက် ကြသည့်အခါ လက်နက်များကို လျို့ဝှက်ယူတောင်လာမည် စိုးရိမ်၍ အထူးခွင့်ပြုထားသူများမှတပါး မည်မျှလောက်ပင် ချမ်းလှသော်လည်း မည်သည့်အရာရှိမျှ စောင်၊ သက္ကလတ် ညဉ့်ရုံခြုံတည် စသည်များ ခြုံရုံခစားခွင့် မရှိချေ။ နေ့နှစ်ချက်တီး (စက်နာရီ ၁၂ နာရီ) အချိန်တွင်လွှတ်တက် ကြပြန်သည်။ ထိုအခါ တရား ရာဇဝတ်ဖက်ဆိုင်ရာ လျှောက်လွှာများကို လက်ခံသည့်အပြင်ဘ အမှုများကိုလည်း စစ်ဆေးဆုံးဖြတ်သည်။ ညနေ သုံးချက်တီး (စက်နာရီ ၃ နာရီ) အချိန်တွင် လွှတ်ဆင်းမြဲ ဆင်းသည်။ သို့ရာတွင် ဆုံးဖြတ်ရန်အဆုံးမသတ်သေးသော အမှုများကို အခြားနေရာ သို့ရွေ့ပြောင်း၍ ဆက်လက်ဆောင်ရွက်ရသည်။ ရှင်ဘုရင်များသည် လွှတ်တော်သို့တက်၍ တရားဆုံးဖြတ် ရမြဲဖြစ်သည်။ ရှင်ဘုရင် လွှတ်တော်သို့ မတက်သည့်အခါ အိမ်ရှေ့မင်းရှိလျှင် အိမ်ရှေ့မင်းက တက်ရသည်။ အိမ်ရှေ့မင်း မရှိလျှင် ရှင်ဘုရင်၏ ညီတော်ကြီး၊ သားတော်ကြီးများက လွှတ်တက် စီရင်ရသည်။ အိမ်ရှေ့မင်းနှင့် မင်းသားကြီး များမရှိမှသာလျှင် ဝန်ကြီးများ တက်၍ စီရင်ရသည်။ လွှတ်တော်ကဆုံးဖြတ်ရသော အမှုများသည် အပိုင်းအခြား တန်ဖိုးမရှိ။ သို့ရာတွင် ငွေ ၅ ဝဝဝိ (ငါးထောင်) တန် ထက်ပိုလျှင် ရှင်ဘုရင်ထံ အယူခံဝင်နိုင်သည်။ ရှင်ဘုရင် က ဆုံးဖြတ်ရသော အမှုများမှာ အပိုင်းအခြား တန်ဖိုး လည်းမရှိ၊ အယူခံခွင့်လည်းမရှိချေ။ အခြားရုံးများက စီရင်သော အမှုများသည် ငွေ ၅ ဝဝဝိ (ငါးထောင်) တန်ထက် ပိုလျှင် လွှတ်တော်မှာ အယူခံဝင်နိုင်သည်။ ရှင်ဘုရင် လွှတ်တက်သည့်အခါ လျှောက်လွှာများတွင် ရွှေဘဝါးတော်မြတ်အောက် ရှိခိုးသံတော်ဦး တင်ပါသည် ဘုရား ဆိုသော စကားကို အစအဆုံးမှာ ရေးသား ထည့်သွင်းရသည်။ အိမ်ရှေ့မင်းဖြစ်စေ၊ မင်းသားများ ဖြစ်စေ လွှတ်တက်သည့်အခါ လျှောက်လွှာများတွင် ရှိခိုသံတော်ဦးတင်ပါသည်ဘုရား ဆိုသောစကားကို အစအဆုံးရေးသားထည့်သွင်းရသည်။ မင်းသားများ လွှတ်တက်သည့်အခါ မင်းသားများစားသော မြို့၏ အမည်ကို အစွဲပြု၍ ရေးသားထည့်သွင်းရသည်။ ပုံစံ အားဖြင့် မင်းသားသုံးပါးလွှတ်တက်သည့်အခါ ဟံသာဝတီမင်း ပြည်မင်း၊ တောင်ငူမင်းတို့အမိန့်တော်ကို ဦးထိပ်ထက်ဆင်ရွက် ရသည့်အတိုင်းဟု ထည့်သွင်းရေးသားရသည်။ မင်းသား တပါးတည်း လွှတ်တက်ရသည့်အခါဖြစ်လျှင် မည်သည့် မင်းအမိန့်တော်ကို ဦးထိပ်ထက်ဆင်ရွက်ရသည့်အတိုင်းဟု ရေးသားရသည်။ ဝန်ကြီးများလွှတ်တက်သည့်အခါ ဝန်လေးပါး ရှိလျှင် ဝန်လေးပါးဘွဲ့အမည်ကို ရေးသား၍ ကြားရောက်သည်၊ ကြားလိုက်သည်၊ မှာလိုက်သည် အစရှိသဖြင့် ကြားစာ မှာစာ နှင့်သင်လျော်အောင် ရေးသားထည့်သွင်းရသည်။ သို့ရာတွင် လွှတ်တော်ကဆင့်ဆိုသော စာချွန်များမှာ မည်သည့်အခါမဆို ဝန်မင်းများစာဟူ၍သာ စာလုံးကြီးကြီးနှင့် ဆင့်စာအောက်ခြေနား ကရေးသားထည့်သွင်းမြဲဖြစ်သည်။ လွှတ်တော်တံဆိပ်ကိုလည်း ရိုက်နှိပ်လိုက်ရသည်။ လွှတ်တော်ဌာနတွင် ပါဝင်သော လွှတ်တော်အရာရှိတို့သည် နံနက်ညီလာခံအချိန်နှင့် နေ့လွှတ်တော်အချိန်များ၌ အင်္ကျီ လက်ကျယ်၊ ရွှေစလွယ်ဆင်ရသည်။ အင်္ကျီလက်ကျယ်မှာ ပုံတမျိုးတည်းကို ဝတ်ရသော်လည်း စလွယ်မှာ ရာထူးအဆင့် အတန်းအနိမ့်အမြင့်အလိုက် အောက်ဆုံးသုံးသွယ်မှ အမြင့်ဆုံး တဆဲ့ရှစ်းသွယ်အထိ ဆင်ယင်ရသည်။ ထိုပြင်ဝန်ကြီးများနှင့် ဝန်ထောက်များသွားလာသည့်အခါ လက်ရတောင်ခေါ်သော အမှုထမ်းနှစ်ယောက်သည် ထိုအရာရှိများ ရှေ့ကအတောင် ၃ဝ (၄၅ ပေ) ကွာလောက်က မောက်တိုဆောင်းကာ ဝဲယာ ကြိမ်ကို ထောင်လျက် ကိုင်ဆောင်ရသည့်အပြင် ပုဆိုး ခါးတောင်ကျိုက်၍ လိုက်ပါရသည်။ အင်္ကျီဖြူထိုင်မသိမ်း ဝတ်ရသည် မောက်တိုကို တည့်တည့်ဆောင်းရသည်။ ထို လက်ရတောင် အမှုထမ်း နှစ်ယောက်ကို လွှတ်တော်ရှေ့လိုက် ဟူ၍လည်း ခေါ်သည်။ ဝန်ကြီးများမှ တပါး လွှတ်နှင့်ဆိုင်သော အရာရှိများသည် ဝဲယာ အလှည့်ခွဲလျက် တရက်ခြား အခါလွှတ်မှာ လာရောက်အိပ်ကြ ရသည်။ မြေမြို့ရိုးအတွင်း မီးလောင်သည့်အခါ အိပ်ဖန်အလှည့်ကျ မဟုတ်သော လွှတ်ဆိုင်ရာအရာရှိများသည် လွှတ်တော်သို့လာရောက် ၍စာရင်းချမှတ်ရသည်။ လွှတ်တက်ရန်ဖြစ်စေ၊ ရှင်ဘုရင်ရှေ့တော်သို့ဝင်ရန် ဖြစ်စေ နန်းတော်အတွင်းသို့ လာရောက်သည့်အခါ မင်းသားများမှတပါး အခြားအရာရှိ မည်သူမျှ ထီးဆောင်းခြင်း၊ သက်ရှိ သက်မဲ့ယာဉ် စီးခြင်း မပြုရ။ သို့ရာတွင် နန်းတော်လှေကားများနှင့် လွှတ်တော် လှေကားများသို့ ထိအောင်ရာထူးအလျောက် ခမောက်များကို ဆောင်း၍ ဝင်ခွင့်ရသည်။ လွှတ်တော်တွင် ပါဝင်မြဲဖြစ်သော အရာရှိများမှာ ဝန်ကြီး ၄၊ မြင်းစုကြီးဝန် ၁၊ အသည်ဝန် ၁၊ မြေတိုင်အမတ် ၁၊ မြေတိုင် အမတ်ရာထူးကို စာရေးတော်ကြီးရာထူနှင့်တွဲဖက်ခန့်ထားလေ့ ရှိသည်။ ဝန်ထောက် ၄၊ နားခံတော် ၄၊ စာရေးတော်ကြီး ၄၊ မြင်းစာရေးကြီး ၂၊ အမိန့်တော်ရေး ၄၊ အမှာတော်ရေး ၄၊ အသုံးစာရေး ၄၊ အဝေးရောက် ၄၊ မြန်မာသံခံ ၄၊ ရှံးသံခံ ၄၊ ယွန်းသံခံ ၄၊ ကသည်းစာပြန် ၂၊ တရုပ်စာပြန် ၁၊ အသည် စာရေး ၄၊ အမိန့်တော်ရ ၄၊ သစ္စာတော်ရေး ၁၊ ပြော့နေရာချ သွေးသောက်ကြီး ၁၊ လွှတ်စောင့်သွေးသောက်ကြီး ၁၊ လက်နက်တိုက်ဝန် ၁၊ ၎င်းတိုက်စိုး ၂၊ ကသောင်းမြောင်း တိုက်စုး ၁၊ ၎င်းတိုက်စာရေး ၁၊ ခန့်ထားလေ့ရှိသည်။ သို့ရာတွင်ရှင်ဘုရင်များသဘောအတိုင်းပို၍ သော်၎င်းခန့် ထားကြသည့်အခါလည်း ရှိသည်။ ထိုအရာရှိများတွင် မြင်းစုကြီးဝန်၊ ဝန်ထောက်တို့သာ ပြန်တမ်း ကြီးခံခွင့်ရသည်။ ပြန်တမ်းကြီးဆိုသည်မှာ တာဝန်ခံရသော ဝတ်တရားကို ပြဆိုသော အစီအစဉ်မာတိကာပင်ဖြစ်သည်။ လွှတ်စေလေးတန်းနှင့် လက်ရသုံးတန်းဟူသော လွှတ်တော်နှင့် ဆိုင်သည့် လက်အောက်အမှုထမ်းများကိုလည်းခန့်ထားမြဲဖြစ်သည်။ သာမညအမှုနှင့် လွှတ်တော်က ဆင့်ခေါ်ရန်၊ သာမညအမှုနှင့် လွှတ်တော်ချုပ်ထားရန် အလုပ်ဝတ်တရားများမှာ လွှတ်စေလေးတန်း ကဆင့်ခေါ် ချုပ်ထားရသည်။ လွှတ်စေလေးတန်း ဆိုသည်မှာ (၁) တည်တော၊ (၂) မြို့သစ်၊ (၃) ခင်ဦး၊ (၄) စည်ပုတ္တရာတန်း ဟူ၍ လေးမျိုးလေးဌာန ခွဲခြားထားသည်။ လွှတ်စေလေးတန်းက ခေါ်ရန်မဟုတ်ပဲ၊ အကြပ်အတည်းခေါ်ရန် အမှုထမ်းများမှာ လက်ရသုံးတန်းအမှုထမ်းများက ဖမ်းဆီးချည်နှောင်ခေါ်ရသည်။ ထိုလက်ရသုံးတန်းအမှုထမ်းများသည် လူကို အဆုံးစီရင်ရန် ရှိသည့်အခါ၌လည်းပါဝင်ရသည်။ ရာဇဌာနီ အတွင်း၌ လွှတ်တော် အမိန့်မှတပါး အခြားရုံးများအမိန့်နှင့် ချည်နှောင်ခွင့်မရချေ။ တရားမရုံးက ချည်နှောင်တောင်ခံလိုလျှင် လွှတ်တော်သို့ အစီရင်ခံစာ တင်ပို့ရသည်။လွှတ်တော်ဌာနကဆောင်ရွက်ရမြဲ အစဉ်အလာထုံးစံမှာ သာသနာတော်ရေးနှင့် တိုင်ရေးပြည်ရေး ရှိသမျှကို အုပ်ချုပ်ဆင့်ဆိုရသော ဌာနကြီးဖြစ်၍ ရှေးအခါက ဝေပုံဌာနအပိုင်းအခြားမှာ ကိုးဌာနသာရှိသည်။ဘကြီးတော်ဘုရား လက်ထက်စ၍ နိုင်ငံခြားဌာန တဌာတိုးရသောကြောင့်ဆယ်ဌာန ဖြစ်လာသည်။ ထိုဆယ်ဌာနတို့မှာ -
(၁) အရာအထူးခန့်ထားခြင်း၊ နုတ်ပယ်ခြင်း၊ ၎င်းပြင်အရာအထူး အသစ်ခန့်ခြင်း၊ တိုးတက်ခြင်း ပေါ်လာသည့်အခါ သစ္စာတော် ပေးရတိုက်ရခြင်းများနှင့် စပ်လျဉ်းသမျှအမှု
(၂) ဥပဒေ စကားချက်များမှာ မှတ်စာရေးသားခြင်း၊ ပြင်ဆင်ခြင်း နှင့်စပ်လျဉ်းသမျှအမှု။
(၃) ကျောက်စာ စာဟောင်းစာတမ်း၊ ပိဋကတ် ရာဇဝင်၊ ဗေဒင် ဝတ္ထုကံဘေးမဲ့ပေး၊ အရပ်ရပ်စာမေးပွဲ စာပြန်ပွဲ၊ အလှူအတန်း ပေးကမ်း ထောက်ပံ့ခြင်းစသော သာသနာပညာများနှင့် စပ်လျဉ်း သမျှအမှု။
(၄) ကြည်းကြောင်း ရေကြောင်း အနီးအဝေး အစောင့်အရှောက် စသောစစ်ဖက်နှင့် စပ်လျဉ်းသမျှအမှု။
(၅) မျက်နှာညီမှု၊ လူလုမှု၊ ကြေးတွက်မှု၊ ရိုးရာလုမှု၊ စစ်တမ်း သွင်းစသောတရားရာဇဝင်နှင့် စပ်လျဉ်းသမျှအမှု။
(၆) ကင်းခွန်၊ သစ်တောခွန်၊ တွင်းထွက်ခွန်၊ ရွေွှခွန်၊ ငွေခွန်၊ သစ္စေးခွန်၊ဈေးခွန်၊ ကူးတို့ခွန် စသော အကောက်အခွန်နှင့် စပ်လျဉ်းသမျှအမှု။
(၇) မြေခွန်၊ ရေခွန်၊ ဥယျာဉ်ခွန် စသော လယ်ယာဌာနနှင့် စပ်လျဉ်းသမျှအမှု။
(၈) မြို့လုပ် ကျုံးတာ၊ နန်းတော်အိမ်တော်၊ ကျောင်းဘုရား၊ ဆဲ့နှစ်ရာသီစသော အလုပ်အဆောင်နှင့် စပ်လျဉ်းသမျှ အမှု။ ဆဲ့နှစ်ရာသီဆိုရာ၌ နေ့စဉ်လစဉ်နှစ်စဉ် လုပ်ဆောင်မြဲ အခမ်း အနားများနှင့်သေမှုရှင်ခမ်းစသော အကြောင်းများလည်း ပါဝင်သည်။ ထိုကဲ့သို့လုပ်ဆောင်ရန် အခမ်းအနားစာတမ်း များကို လွှတ်တော်က ရေးသား တင်သွင်းရသည်။ ဤကဲ့သို့ ရေးသွင်းသော စာတမ်းကို လွှတ်တော်သွင်းစာ မှာတမ်းဟု ခေါ်သည်။
(၉) ခြေလျင်၊ လှေလျင်၊ မြင်းလျင်စသော စာပေးစာယူနှင့် စပ်လျဉ်းသမျှအမှု။ ကြေးနန်းအလုပ်မှာ ၁၂၃၆ ခု (၁၈၇၄ ခု) နှစ်လောက်စ၍ ပေါ်လာရာကြေးနန်းဝန်၊ ကြေးနန်းစာရေး၊ ကြေးနန်းအုပ်ဟူ၍ သီးခြားထားသည်။သို့ရာတွင် ကြေးနန်းဌာနသည် စာပေးစာယူ ဌာနတွင် ပါဝင်သည်။
(၁ဝ) နိုင်ငံခြားနှင့်စပ်သောအမှုများ။ ဤဌာနသည်လည်း ရှေးအခါကမရှိ။ ၁၁၁၉ ခု ( ၁၁၂၇ ခု) နှစ်လောက်ကစ၍ ပေါ်ပေါက်လာပြီးလျှင် ဝန်ကြီးတဦးဦးက နိုင်ငံခြားဌာနကိုကြည့်ရှုရသည်။[၄]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. ရှေးဟောင်းမြန်မာခေတ်ဦး ပုဂံ နယူးယောက်။ဂျေဂျေအော်စတင်။ -၁၉၆၉ လုစ်
  2. အရှေ့တောင်အာရှရာဇဝင်၊ ဟော-၁၉၅၅မြန်မာရာဇဝင် (ဟာဗေး ၁၉၂၅)
  3. မဟာ မြန်မာရာဇဝင်တော်ကြီး ( ဦးကုလား )မှန်နန်းရာဇဝင် သုံးတွဲ
  4. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)