နိဗ္ဗာန်
![]() | ဤဆောင်းပါးကို ဝီကီစံနှင့် ကိုက်ညီစေရန် ပြင်ဆင်တည်းဖြတ်ရန် လိုအပ်နေသည်။ အကယ်၍သင်ပြင်ဆင်နိုင်ပါက ဤဆောင်းပါးအား တိုးတက်စေရန် ကျေးဇူးပြု၍ ပြင်ဆင်ပေးပါ။ ဆွေးနွေးချက် စာမျက်နှာတွင် အကြံပေးမှုများ ပါဝင်လိမ့်မည်။ |
ဘာသာပြန်ဆိုချက်များ နိဗ္ဗာန် | |
---|---|
အင်္ဂလိပ်ဘာသာ | enlightenment, liberation, salvation |
ပါဠိ | निब्बान |
သင်္သကရိုက် | निर्वाण |
မြန်မာ | နိဗ္ဗာန် (IPA: [neɪʔbàɰ̃]) |
တရုတ် | 涅槃 (Pinyin: nièpán) |
ဂျပန် | 涅槃 (rōmaji: nehan) |
ခမာ | និព្វាន |
ကိုရီးယား | 열반 (RR: yeolban) |
မွန် | နဳဗာန် ([nìppàn]) |
မွန်ဂို | Нирваан дүр |
ရှမ်း | ၼိၵ်ႈပၢၼ်ႇ ([nik3paan2]) |
သီဟိုဠ် | නිර්වාණ (nivana) |
တိဘက် | མྱ་ངན་ལས་འདས་པ། (mya ngan las 'das pa) |
ထိုင်း | นิพพาน |
ဗီယက်နမ် | niết bàn |
အင်ဒိုနီးရှား | nirwana |
နိဗ္ဗာန်ဟူသည် ပါဠိစာလုံး နိဗ္ဗာန ဟူသော ပုဒ်မှ နိဗ္ဗာန် ဖြစ်လာသည်။ ငြိမ်းအေးသည်ဟု ဆိုလိုသည်။ ထို့ကြောင့် လောဘ၊ ဒေါသ၊ မောဟ မီးများကို ငြိမ်းသတ်နိုင်ခြင်းသည် နိဗ္ဗာန်ဖြစ်သည်။ (ရတနသုတ်တွင် တွေ့နိုင်သည်။)
တဖန် နိဗ္ဗာန ဟူသော ပုဒ်သည် ပါဠိဘာသာ နိ+ ဝါန =နိ နှင့် ဝါန ကို ပေါင်းထားခြင်းဖြစ်သည်။ နိ - မရှိ၊ လွတ်မြောက်ခြင်း၊ ထွက်ခွာခြင်း။ ဝါန - တဏှာ။ နိဝါန = နိဗ္ဗာန = တဏှာမရှိခြင်း၊ တဏှာမှ ကင်းလွတ်ခြင်း ဖြစ်သည်။
နိဗ္ဗာန် ဆိုသည်မှာ ဗုဒ္ဓဘာသာဝင်များ၏ အဆုံးစွန်သော ဘာသာရေးရည်မှန်းချက်ဖြစ်ပေသည်။ မဟာယာနနှင့် ထေရဝါဒ ဟူ၍ဂိုဏ်းကြီး နှစ်ခုကွဲသကဲ့သို့ နိဗ္ဗာန်နှင့် ပတ်သက်သော အယူအဆမှာလည်း ကွဲပြားသည်။ မဟာယာန ကျမ်းများတွင် နိဗ္ဗာန်ကို သုခချမ်းသာတို့ဖြင့် ပြည့်စုံသည့် ဘုံဗိမာန်အဖြစ်လည်းကောင်း၊ သံသရာကိုယ်၌ကပင် နိဗ္ဗာန်ဖြစ်သည် ဟူ၍လည်းကောင်း ကွဲပြားသော အယူအဆများ၊ သဘောတရားများကို တင်ပြထားသည်။ သို့သော် ထေရဝါဒတွင်မူ ဆရာစဉ်ဆက်နှင့် ကျမ်းဂန်များတွင် နိဗ္ဗာန်သည် တည်နေရာဘုံအဖြစ် မယူဆ၊ မသတ်မှတ်သင့်ကြောင်း၊ သံသရာနှင့် ဆက်စပ်မှုကင်းမှ သာလျှင် နိဗ္ဗာန်ဖြစ်ကြောင်း အစရှိသဖြင့် တိကျစွာရှင်းလင်းပြဆိုထားပေသည်။
ထေရဝါဒ ဗုဒ္ဓကျမ်းဂန်အရ ၃၁ ဘုံ၌ ရှိကြသော သတ္တဝါတို့သည် သံသရာလည်ကြရာတွင် ၃၁-ဘုံမှ စိတ်၏ လုံးဝ ချမ်းသာရာဖြစ်သော ကိလေသာများမှ လွတ်ကင်းရာကို နိဗ္ဗာန်ဟု ခေါ်သည်။ နိဗ္ဗာန်တွင် သတ္တဝါတို့၏ ဒုက္ခအားလုံးမှ ကျွတ်ငြိမ်းပြီး နိဗ္ဗာန် သို့ရောက်ရှိပြီးနောက် သံသရာ အသစ်တဖန်ပြန်လည်ခြင်း မရှိတော့ပေ။
အချုပ်အားဖြင့် နိဗ္ဗာန်ဆိုသည်မှာ တပ်မက်မှု၊ တွယ်တာမှု ကင်းရာ(မဖြစ်ရာ) ဟူ၍ အဓိပ္ပာယ်ရသည်။ ဘဝတစ်ခုနှင့် တစ်ခုကို ဆက်စပ်ပေးတတ်သော တပ်မက်မှု (တဏှာ) မဖြစ်ရာ ကုန်ဆုံးရာ (တဏှာ)မှ လွတ်မြောက်ရာ လွတ်မြောက်ကြောင်းပင် ဖြစ်သည်။
နိဗ္ဗာန်သည် ကောင်းကင်ဘုံကဲ့သို့ နေရာအဖြစ် မရှိပေ။ နိဗ္ဗာန်သည် ဥပေက္ခါပြုခြင်းကဲ့သို့ သံသရာ နှင့်ဆန့်ကျင်ဖက် ဖြစ်သည်။
နိဗ္ဗာန် (၂) မျိုး[ပြင်ဆင်ရန်]
ဗုဒ္ဓဘာသာအရ နိဗ္ဗာန် နှစ်မျိုးရှိသည်။
- သဥပါဒိသေသ နိဗ္ဗာန်
- အနုပါဒိသေသ နိဗ္ဗာန် တို့ဖြစ်သည်။
သဥပါဒိသေသ နိဗ္ဗာန်[ပြင်ဆင်ရန်]
မသေမှီ ဤရုပ်နာမ် ဖြစ်သော ဤခန္ဓာကိုယ်ကြီးရှိနေစဉ် အတောအတွင်း တရားအားထုတ်သောအခါ စိတ်အစဉ်တွင်းတွင် ဖြစ်ပေါ်နေသော အကြမ်းစား၊ အလတ်စား၊ အနုဿယကိလေသာများ အဆင့်ဆင့် ချုပ်ငြိမ်း၍ ဖြစ်ပေါ်လာသော အာရုံခြောက်ပါး ဖြစ်မှု/ပျက်မှုများ ချုပ်ငြိမ်းနေသော အငြိမ်ဓာတ်ချမ်းသာဖြစ်သည့် မဂ်ဖိုလ်ချမ်းသာကို ကိလေသာချုပ်ငြိမ်းသော နိဗ္ဗာန် သဥပါဒိသေသနိဗ္ဗာန် ဟုခေါ်သည်။
• ပထမမဂ်ဉာဏ်ကို ရ/သိသော၊ သိသောသူ (ဝါ) သောတာပန်သည် သောတာပတ္တိမဂ်ကို မြင်အပ်၊ ရအပ်သော သဥပါဒိသေသ နိဗ္ဗာန်ကိုရသည်။
• ဒုတိယမဂ်ဉာဏ် ရ/သိသော သကဒါဂါမ်သည် သကဒါဂါမိမဂ်ကို မြင်အပ်၊ ရအပ်သော သဥပါဒိသေသ နိဗ္ဗာန် ကိုရ၏။
• တတိယမဂ်ဉာဏ် ရ/သိသော အနာဂါမ်သည် အနာဂါမိမဂ်ကို မြင်အပ်၊ ရအပ်သော သဥပါဒိသေသ နိဗ္ဗာန် ကိုရ၏။
အကျဉ်းအားဖြင့် သံသရာ၌ အဆုံးမရှိကျင်လည်ရခြင်းကိုဖြစ်စေသော ရုပ်၌ခံစားသည့်အာရုံ၊ စိတ်၌ခံစားသည့်အာရုံ တို့အပေါ်၌ နှစ်သက်စွဲလန်းတပ်မက်မှု တဏှာကိလေသာ ကုန်ခမ်းသွားခြင်းကို သဥပါဒိသေသ နိဗ္ဗာန်ဟု ဆိုနိုင်သည်။
မှတ်ချက် ။ ။ တဏှာဟူသည် ယောင်္ကျား/မိန်းမ နှစ်သက်စွဲလန်းတပ်မက်မှုတစ်ခုတည်းမဟုတ်
မည်သည့် သက်ရှိ/သက်မဲ့ကိုမဆို နှစ်သက်စွဲလန်းတပ်မက်မှုကိုဆိုသည်။
ရုပ်ဖြစ်ကြောင်း ရှိသော၊ ရုပ်ပျက်ကြောင်း ရှိသော၊ နာမ်ဖြစ်ကြောင်းရှိသော၊ နာမ်ပျက်ပြားကြောင်းရှိသော တစ်နည်းဆိုသော် ရုပ်ဘဝအသစ်၊ နာမ်ဘဝအသစ် ထပ်မံရှိသောကြောင့် ထိုအချက်တို့နှင့် မလွတ်ကင်းရာကို "လောက" (ဖြစ်တတ်ပျက်တတ်သောသဘောတရားရှိခြင်း) ဟုခေါ်ဝေါ်ကြသည်။ ထိုအချက်တို့နှင့် လွတ်ကင်းရာကိုကား နိဗ္ဗာန်ဟု ခေါ်ဝေါ်ကြသည်။
သံသရာဆိုသောဝေါဟာရသည် ရုပ်အာရုံများ၊ နာမ်အာရုံများ(စိတ်အာရုံ) ဆက်ခါဖြစ်နေသော ဖြစ်စဉ်တန်းကြီးကို စုပေါင်းခေါ်ဆိုခြင်းဖြစ်သည်။ ထိုအာရုံတို့ကိုမပြီးပြတ်တတ်သူသည် ဤရုပ်ခန္ဓာအဟောင်းပြီးသော် နောက်ရုပ်ခန္ဓာအသစ်ကို အလိုရှိသောစွဲလမ်းခြင်းဖြစ်ပေါ်လေသည်။ ဤနာမ်ခန္ဓာအဟောင်းပြီးသော် နောက်နာမ်ခန္ဓာအသစ်ကို အလိုရှိသောစွဲလမ်းခြင်းလည်းဖြစ်ပေါ်လေသည်။ ထိုသို့ ရုပ်နှင့်နာမ်ခန္ဓာတို့ရှိသော ဘဝတစ်ခုမှ အသစ်ဘဝတစ်ခုသို့ပြောင်းခြင်း တစ်နည်းအားဆိုသော် ရုပ်နာမ်ခန္ဓာ အသစ် အာရုံအသစ် ထပ်ကာ ထပ်ကာဖြစ်ခြင်းကိုကား ဘဝကူးခြင်းဟုခေါ်သည်။ သောတာပတ္တိမဂ်ဖိုလ်ရသူ သောတာပန်တို့သည် ဘဝကူးခြင်းရှိသေး၏။ သို့သော် ခုနှစ်ဘဝထက်ပို၍ မဖြစ်တော့ပေ။
အနုပါဒသေသ နိဗ္ဗာန်[ပြင်ဆင်ရန်]
နောက်ဆုံးဘဝ ချုပ်ငြိမ်းပြီးနောက် ဘဝထပ်မံမကူးတော့ပဲ ရအပ်သောမဂ်ဖိုလ်ချမ်းသာကို ရုပ်နာမ်ချုပ်ငြိမ်းသောနိဗ္ဗာန် ပါဠိအခေါ် အနုပါဒိသေသ နိဗ္ဗာန်ဟု ခေါ်သည်။
လောကတွင် ရုပ်မဖြစ်သောဖြစ်တည်ရာဘုံဘဝရှိသည်။ နာမ်မဖြစ်သော ဖြစ်တည်ရာဘုံကားမရှိ။ ရုပ်မရှိ၊ နာမ်သာဖြစ်ရာ ထိုဘုံကား လောကတွင် လူ့ဘုံ၌မရှိ။ နတ်ဘုံ၌မရှိ။ အပါယ်ဘုံ တို့၌မရှိ။ ဗြဟ္မာဘုံတစ်ခုတည်း၌သာရှိ၏။ ထိုရုပ်မဖြစ်၊ နာမ်သာဖြစ်တည်သောသူ ဗြဟ္မာတို့သည် လောကတွင် သစ္စာလေးပါးကို သိမြင်သူ မဂ္ဂင်ရှစ်ပါးကို ပညတ်သူ ဗုဒ္ဓဘုရားရှင်တို့ပွင့်တော်မူသောအခါ၌ ရုပ်မရှိသည်ဖြစ်၍ လာရောက်ဖူးမျှော်နိုင်ခြင်း၊ ကျင့်သုံးအပ်သောတရားတို့ကို နာကြားနိုင်ခြင်းငှာ မစွမ်းကြပေ။ ကာလကြာသော် နိဗ္ဗာန်ရောက်ကြောင်းတရားကို သိ၍ နာမ်ခန္ဓာကိုချုပ်ငြိမ်းသော ဗြဟ္မာတို့သည် ထိုဗြဟ္မာဘုံ၌ပင် ပရိနိဗ္ဗာန်ပြုလေ၏။ နိဗ္ဗာန်ရောက်ကြောင်းကို မသိသူ၊ မဂ်ဉာဏ်ဖိုလ်ဉာဏ်မရကြသေးသူများကား သက်တမ်းကုန်လတ်သော် ရုပ်ခန္ဓာ၊ နာမ်ခန္ဓာ တို့ ထပ်မံဖြစ်ကြလေ၏။ ရုပ်ဖြစ်တည်သော၊ နာမ်ဖြစ်တည်သောဗြဟ္မာတို့၌ကား နိဗ္ဗာန်ရောက်ကြောင်းတရားကို ဟောကြားမည့်သူ ဗုဒ္ဓဘုရားရှင်များ ပွင့်တော်မူလတ်သော် ဗြဟ္မာသက်တမ်းရှိနေပါသေးလျှင် ဖူးမျှော်နိုင်ခြင်း၊ မဂ်တရား ဖိုလ်တရားကို နာကြားနိုင်ခြင်း စသောအခွင့်များရှိကြလေသည်။
• ရဟန္တာတို့တွင် စတုတ္ထမဂ်ဉာဏ်ရသော ရဟန္တာသည် သဥပါဒသေသ နိဗ္ဗာန်ကိုရ၍ မသေမှီ ခန္ဓာရှိစဉ် အတောအတွင်း နိဗ္ဗာန်သန္တိသုခ ချမ်းသာကြီးကို (၇)ရက်ထိ မစား၊ မသောက်၊ မအိပ်ပဲ ဝင်စား၍ နေနိုင်၏။ အသက်သက်တမ်းကုန်သော် ဘဝတစ်ဖန် ခန္ဓာပြန်မဖြစ်တော့သည့် အနုပါဒိသေသ နိဗ္ဗာန်ကို စံဝင်နိုင်ကြရသည်။
နိဗ္ဗာန်၏ ဂုဏ်ပုဒ်များ[ပြင်ဆင်ရန်]
- မာန်မယစ်ရာ နိဗ္ဗာန်။ (မဒနိမ္မဒနော)
- တဏှာမွတ်သိပ်ခြင်းကို ပယ်ဖျောက်ရာ နိဗ္ဗာန်။ (ပိပါသဝိနယော)
- ကာမဂုဏ် အာလယကို အကြွင်းမဲ့ခွာရာ နိဗ္ဗာန်။ (အာလယသမုဂ္ဃါဋော)
- ဝဋ်သုံးပါးမှ ကင်းပြတ်ရာ နိဗ္ဗာန်။ (ဝဋ္ဋုပစ္ဆေဒေါ)
- တဏှာကုန်ငြိမ်းရာ နိဗ္ဗာန်။ (တဏှာက္ခယော)
- ရာဂကင်းလွတ်ရာ နိဗ္ဗာန်။ (ဝိရာဂေါ)
- တဏှာ၏ချုပ်ရာ နိဗ္ဗာန်။ (နိရောဓော)
- အမြဲခိုင်ခန့်သော နိဗ္ဗာန်။ (ဓုဝံ)
- အိုခြင်းမရှိသော နိဗ္ဗာန်။ (အဇရံ)
- သံသရာချဲ့တတ်သော တရားမရှိသော နိဗ္ဗာန်။ (နိပ္ပပဉ္စံ)
- မဖောက်မပြန် မှန်ကန်သော နိဗ္ဗာန်။ (သစ္စံ)
- သံသရာ၏ ဟိုမှာဘက်ကမ်းဖြစ်သော နိဗ္ဗာန်။ (ပါရံ)
- ဉာဏ်နုံ့သူတို့ အလွန်မြင်နိုင်ခဲသော နိဗ္ဗာန်။ (သုဒုဒ္ဒသံ)
- ကိလေသာကင်းဝေး ချမ်းအေးသော နိဗ္ဗာန်။ (သိဝံ)
- သေခြင်းကင်းရာ နိဗ္ဗာန်။ (အမတ)
- ငြိမ်းချမ်းရာ ဘေးကင်းရာ နိဗ္ဗာန်။ (ခေမံ)
- သင်္ခါရကင်းဖွယ် အံ့ဖွယ်သူရဲ မဖြစ်ဖူးသော နိဗ္ဗာန်။ (အဗ္ဘုတံ)
- ဘေးမရှိသော နှောင့်ယှက်ပူပန်ခြင်းကင်းရာ နိဗ္ဗာန်။ (အနီတိကံ)
- ဝဋ်ဆင်းရဲမှ စောင့်ရှောက်ရာ နိဗ္ဗာန်။ (တာဏံ)
- ဘေးရန်လွတ်ရှောင်း ပုန်းအောင်းရာ နိဗ္ဗာန်။ (လေဏံ)
- ဩဃမလွှမ်းသော ကျွန်းတည်းဟူသော နိဗ္ဗာန်။ (ဒီပံ)
- ကိလေသာမှ စင်စစ် စင်ကြယ်သော နိဗ္ဗာန်။ (ဝိသုဒ္ဓိ)
- သူတော်ကောင်းတို့ တောင့်တအပ်သော နိဗ္ဗာန်။ (ဝရံ)
- သိမ်မွေ့နူးညံ့သော နိဗ္ဗာန်။ (နိပုဏံ)
- အကြောင်းတရား မပြုပြင်အပ်သော နိဗ္ဗာန်။ (အသင်္ခတ)
- ကိလေသာမှ လွတ်သော နိဗ္ဗာန်။ (မောက္ခော)
- အထူးသဖြင့် ချီးမွမ်းအပ်သော နိဗ္ဗာန်။ (သေဋ္ဌော)
- အတုမရှိ အလွန်မြတ်သော နိဗ္ဗာန်။ (အနုတ္တရော)
- လောကသုံးပါး၏ ဆုံးရာ နိဗ္ဗာန်။ (လောကဿန္တော)
နိဗ္ဗာန်၏ ဂုဏ်ကျေးဇူးတို့ကို သိအောင်ပြု၍ အဖန်ဖန် နှလုံးသွင်းရာ၏၊ ဆင်ခြင်အောက်မေ့ရာ၏၊ ဤသို့ နိဗ္ဗာန်၏ဂုဏ်တို့ကို အသီးသီး ဆင်ခြင် အောက်မေ့သည်ရှိသော် အလွန် စိတ်ကြည်လင်၏၊ ဉာဏ်ကြီးထွား၏၊ စိတ်အေးချမ်းတည်ကြည်၏၊ ဥပစာရ ဈာန်ကိုရ၏။[၁]
ဆင်တူဝေါဟာရနှင့် ပရိယာယ် အဟောများကိုပါ ဘာသာပြန်လျှင် နိဗ္ဗာန်၏ ဂုဏ်ပုဒ်များမှာ -
ကံ၊စိတ်၊ဥတု၊ အာဟာရ တို့၏ ပြုပြင်စီရင် ခြင်းမှ လွတ်သော တရား၊ အလုံးစုံငြိမ်းချမ်းခြင်း၊ ပြုပြင်ပြောင်းလဲမှု မရှိသော အေးငြိမ်းချမ်းသာမှု၊ တဏှာမရှိခြင်း၊ တဏှာမှ ကင်းလွတ်ခြင်း၊ ဒုက္ခမှ အပြီးတိုင်လွတ်မြောက်ခြင်း၊ မွေး၊အို၊နာ၊သေ မရှိခြင်း၊ စွန့်လွတ်ခြင်း၊ လွတ်မြောက်ခြင်း၊ မကပ်ငြိခြင်း၊ ဘဝ မရှိခြင်း၊ ပူဆွေးမှု မရှိခြင်း၊ ငိုကြွေးမှုမရှိခြင်း၊သောက မရှိခြင်း၊ အညစ်အကြေး ကိလေသာ မရှိခြင်း စသည်တို့ဖြစ်သည်။ ဒီဃနိကာယ် မဟာ သတိပဌာန သုတ်တော်(အဌကထာ )မှ ဂုဏ်ပုဒ်များဖြစ်သည် ။ သဠာယတန - သံယုတ်ပါဠိတော် လာ ဂုဏ်ပုဒ် များကို ပထမ ရွှေကျင်ဆရာတော်ဘုရား အနက်ပေးထားရာ နိဗ္ဗာန် ၏ ဂုဏ်ပုဒ် (၃၀) ရှိသေးသည်။
ဒုက္ခ နိရောဓ သစ္စာ၊ သုညတ၊ အမတ၊ နိဗ္ဗာန်၊ အသင်္ခတ၊ အဘူတ၊ သန္တိ၊ ခေမ စသော ဝေါဟာရ အားလုံးကို ဘာသာပြန်လျှင် လွန်စွာ များပေလိမ့်မည် ။ ထို့ကြောင့်လည်း တိုတိုရှင်းရှင်းနှင့် ထိထိမိမိ အတိအကျ နားလည်အောင် ဖော်ပြနိုင်သော ဘာသာစကားမရှိ ဟု ဆိုကြရပေသည် ။ အဂ္ဂသာဝကကြီးများ၊ ရဟန္တာကြီးများ ၏ နိဗ္ဗာန် ကို ဖွင့်ဆိုချက်များသည်လည်း တမူထူးခြားကြသေးသည်။ တင်ပြခဲ့ သမျှတွင် နိဗ္ဗာန်ဆိုတာ အသင်္ခတ ဓမ္မအစစ်အမှန်ဖြစ်ကြောင်း၊ရှိကြောင်း နှင့် နိဗ္ဗာန်ကို ရရှိရန် ပြည့်စုံသိရှိနားလည်ရန် သတိပဌာန်လေးပါးသည်သာ တစ်ကြောင်းတည်းသော လမ်းစဉ်ဖြစ်ကြောင်း ကို သတိပြုမိရင် ကိုယ်နှစ်သက်ရာ ဂုဏ်ပုဒ်များနှင့် ကြည်ညိုလို့ ရသည်။
နိဗ္ဗာန်၏ ဂုဏ်ကျေးဇူးတို့ကို သိအောင်ပြု၍ အဖန်ဖန် နှလုံးသွင်းရာ၏၊ ဆင်ခြင်အောက်မေ့ရာ၏၊ ဤသို့ နိဗ္ဗာန်၏ဂုဏ်တို့ကို အသီးသီး ဆင်ခြင် အောက်မေ့သည်ရှိသော် အလွန် စိတ်ကြည်လင်၏၊ ဉာဏ်ထက်မြက်၏၊ စိတ်အေးချမ်းတည်ကြည်၏၊ ဥပစာရ ဈာန်ကိုရပြီးသည့်နောက် မဂ်ဖိုလ် အဆင့်ဆင့်ကို လွယ်လွယ်ကူကူ ထွင်းဖောက်သိမြင်နိုင်ကာ လောကဒုက္ခအားလုံးမှ လွတ်မြောက်နိုင်၏။
မိလိန္ဒမင်းနှင့် အရှင်နာဂသိန်တို့၏ နိဗ္ဗာန်ဆိုင်ရာ အမေးအဖြေ[ပြင်ဆင်ရန်]
- ထေရ် - မင်းကြီး၊ကောင်းကင်နှင့် နိဗ္ဗာန် သည် ထင်ရှားရှိ၏ ။ သို့သော် တစုံတရာသော အကြောင်းကြောင့်မျှ မဖြစ်။
- မင်း - ဒီလိုဆို အရှင်ဘုရားသည် မရှိသောတရားကို နိဗ္ဗာန် ဟု ညွှန်ပြမိလေပြီ။
- ထေရ် - မင်းကြီး နိဗ္ဗာန် ဟူသည် ရှိ၏ ။ မနောဝိဉာဉ်ဖြင့် သိအပ်၏ ။ စင်ကြယ်မြင့်မြတ်သော၊အနှောက် အယှက် အပိတ်အပင် ကင်းသော၊ ကာမဂုဏ် အာမိသ ကင်းသော စိတ်ဖြင့် ကောင်းစွာ ကျင့်သော အရိယာတို့သည် နိဗ္ဗာန် ကို သိနိုင်၊မြင်နိုင်သည်။
- မင်း - အရှင်ဘုရား၊ နိဗ္ဗာန်သည် မရှိတရား မဟုတ်လျှင် နိဗ္ဗာန်ကို ဥပမာဖြင့် ပြတော်မူပါ ။ နိဗ္ဗာန် ဟူသည် အဘယ်လို့နည်း ။
- ထေရ် - မင်းကြီး၊ လေဆိုသော အရာ သည် ရှိသည် မဟုတ်လော ။
- မင်း - ရှိသည်၊ အရှင် ။
- ထေရ် - လေသည် အဆင်း၊ ပုံသဏ္ဌာန် အကြီးအသေး အရှည် အတို မည်သို့ ရှိပါသနည်း ။
- မင်း - လေကို ညွှန်ပြ၊ဖော်ပြရန် မဖြစ်နိုင်ပါ ။
- ထေရ် - သို့ဆိုလျှင် လေမရှိသလော၊ လေသည် မရှိတရားလော။
- မင်း - လေသည် ရှိပါ၏ ။ လေကို ညွှန်ပြ ရန်တော့ မစွမ်းပါ ။ သို့သော် လေရှိသည်ကို နှလုံးသား၌ သိနေပါသည် ။ နှာသီးဝ၌ တိုးနေပါသည် ။ ထိုတိုးသော လက္ခဏာ အားဖြင့်လည်း သိပါသည်။
- ထေရ် - မင်းကြီး နိဗ္ဗာန် သည်လည်း ထိုသို့ပင် ဖြစ်၏။ ငြိမ်းချမ်းမှုရရှိသော လက္ခဏာ အားဖြင့် ထင်ရှားရှိကြောင်းသိရာ၏။ လေကဲ့သို့ပင် အဆင်းအားဖြင့် ၎င်း၊ ပုံသဏ္ဌာန် အားဖြင့် ၎င်း ညွှန်ပြရန် မဖြစ်နိုင်ပါ။
- မင်း - လက်ခံပါပြီ ဘုရား ။ ဆက်၍မေးလိုသည်မှာ နိဗ္ဗာန် သည် တည်ရာအရပ်ရှိပါသလော။
- ထေရ် - မင်းကြီး၊ နိဗ္ဗာန် သည် တည်ရာအရပ် မရှိပါ။
- မင်း -နိဗ္ဗာန် သည် တည်ရာအရပ် မရှိငြား၊ နိဗ္ဗာန် သည် မရှိနိုင်၊ နိဗ္ဗာန် ကို မည်ကဲ့သို့ မျက်မှောက်ပြုနိုင်သနည်း။
- ထေရ် - မင်းကြီး၊ နိဗ္ဗာန် သည် အမြဲအစွဲတည်နေရာ အရပ်မရှိသော်လည်း နိဗ္ဗာန် သည် ရှိ၏ ။ ကောင်းစွာကျင့်ကြံ နှလုံးသွင်းမှုဖြင့် နိဗ္ဗာန် ကို မျက်မှောက်ပြုနိုင်၏။
- ဥပမာ - မီးသည် ထင်ရှားရှိ၏ ။ ထိုမီး၏ အမြဲအစွဲတည်နေရာ အရပ်သည် မရှိသကဲ့သို့ ဖြစ်၏။ ကျောက်ခဲ နှစ်လုံး ခတ်မှ၊ ဝါးနှစ်လုံးပွတ်မှ မီးဖြစ်လာ၊ ရလာသကဲ့သို့ ဖြစ်၏။
စကြဝတေးမင်းတို့ ရရှိအပ်သော စကြာရတနာ၊ မိဖုရားရတနာ၊ သူကြွယ် ရတနာ၊ ဆင်ရတနာ၊မြင်းရတနာ စသော ရတနာ (၇)ပါးတို့ သည်လည်း တည်နေရာ မထင်ရှားပေ ။ မင်းကျင့်တရားကောင်းမွန်သူထံသို့ ကပ်ရောက်လာကြကုန်၏ ။ ထို့အတူ သင့်တော်သော နှလုံးသွင်းမှုဖြင့် ကျင့်ကြံအားထုတ်သူတို့ သာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြကုန်၏ ။
- မင်း - လက်ခံပါပြီ ဘုရား ။ ။
ဟူ၍ဖြစ်လေသည်။
ကျမ်းကိုး[ပြင်ဆင်ရန်]
- ↑ လယ်တီဆရာတော် ကမ္မဋ္ဌာန်းကျမ်း။ စာ-၁၉၃။