မြင်းကပါ

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

မြင်းကပါရွာသည် ပုဂံမြို့ဟောင်း တောင်ဘက်ရှိ သမိုင်းဝင်နယ်မြေ တစ်ခုဖြစ်သလို ယွန်းအနုပညာကြောင့် လူသိများသည်။ ပုဂံခေတ်ဦးပိုင်းက ရွာကြီး(၁၉)ရွာကို စုပေါင်း၍ ပုဂံနေပြည်တော်ကြီးကို စတင်ထူထောင်ခဲ့ရာ မြင်းကပါရွာသည် အဓိက ပါဝင်ခဲ့သည်။ ရှေးက အနုရာဓ ဟု ခေါ်ခဲ့၏။ သက္ကရာဇ် (၆၀၀)ခုနှစ် ပါ “မြင်းကပါဗီဇယ်တို့” ကျောက်စာတွင် “မြင်ဂဗာ” ဟု ရေးထုံးကို အစောဆုံး တွေ့ရသည်။ မနူဟာမင်းကြီး ကျောက်စာတွင် “မြင်းကပါရွာ သူဋ္ဌေးထံ လက်စွပ်ကို ရောင်းချကြောင်း” တွေ့ရသည်။

မြင်းကပ၊ မြင်းပုဂံ၊ မြင်းကမ္ဘာ၊ မြင်းကပါ ဟု ရေးထုံး အခေါ်အဝေါ် ကွဲလွဲမှုများ ရှိသည်။

အနော်ရထာမင်း လှံချက်ထိသွားသော နောင်တော်စုက္ကတေး မြင်းပေါ်က ကျသည်။ စုက္ကတေး၏ မြင်းသည် ကကြိုးတန်ဆာ အစုံအလင်ဖြင့် ယခုမြင်းကပါအရပ်သို့ ပြေးလာသည်။ ထိုအရပ်ရှိ လူများက ကကြိုးတန်ဆာသာပါသော မြင်းကိုပဲ တွေ့ကြရသဖြင့် မြင်းကသာပါလာတော့သည် ဟု ပြောကြရာမှ မြင်းကပါရွာ ဖြစ်လာသည်ဟု ဆိုသည်။

စေတီပုထိုးများ[ပြင်ဆင်ရန်]

မြင်းကပါရွာတွင် မြင်းကပါပုထိုး၊ မြစေတီဘုရား၊ မနုဟာဘုရား၊ နန်းဘုရား၊ ဥတ္တမဘုရား၊ ကျဆင်း ဂူဘုရားတို့ အဓိကရှိသည်။ အပါယ်ရတနာ၊ နဂါးရုံ၊ တာမုနီ အုတ်ကျောင်း၊ မင်္ဂလာစေတီ၊ ကူပြောက်ကြီးနှင့် အရှေ့ ဖက်လိပ်စေတီ၊ အနောက် ဖက်လိပ်စေတီ၊ စသည်တို့သည်လည်း မြင်းကပါနယ်အတွင်း လေ့လာစရာများ ဖြစ်သည်။

မြင်းကပါရွာတွင် မူလက ရပ်ကွက်ကြီး သုံးခု ရှိသည်။ အရှေ့ကုန်း၊ အလယ်ကုန်း နှင့် တောင်ကုန်းတို့ ဖြစ်သည်။ အရှေ့ကုန်းမှာ အကြီးဆုံးဖြစ်၍ ရပ်ကွက်(၅)ခု ရှိသည်။ မြို့မရပ်၊ သမင်ခြံရပ်၊ သရက်ခြံရပ်၊ မြို့ရှေ့ခေါ် ကုလားကျောင်း နှင့် မြို့ညွန့်ရပ်တို့ ဖြစ်သည်။

ကမ္ဘာသိ ယွန်းရွာ[ပြင်ဆင်ရန်]

မင်္ဂလာစေတီ ရှိရာ မြင်းကပါရွာ မြောက်ဘက်အရပ်ကို ရှေးကပန်းပွတ်ရပ်ဟု ခေါ်ခဲ့ကြသည်။ ဘုရားဒါယကာ နရသီဟပတေ့မင်းသည် ပန်းပွတ်သည် မျိုးရိုးဟု ရာဇဝင်တို့ကဆိုသည်။ ထို့ကြောင့် မြင်းကပါရွာသည် ပန်းပွတ်ပညာ(ပန်းယွန်းပညာ)ရှင်တို့ အခြေချခဲ့သော နေရာဖြစ်သည် ဟုဆိုနိုင်သည်။ ထိုမျှသာမက ရွှေလိမ်းခြင်း၊ ရွှေပြားကပ်ခြင်း၊ စဉ့်ကိုင်ပညာရပ် တို့ကိုပါ တတ်ကျွမ်းခဲ့ကြောင်း တွေ့ရသည်။ ရှေးက မြင်းကပါရွာ ယွန်းပညာရှင်တို့သည် လုပ်ခကို ဆန်နှင့်သာ ချေယူကြရသည်။ ဘုရားပွဲများတွင် လုပ်ခကြိုတင်ယူလိုပါက အလုပ်ရှင်ထံ ရေခပ်၊ ထင်းခွဲ၊ အမှိုက်လှဲပေးရသည်။ မိမိဝယ်လိုသော စားကုန်ကိုလည်း ဆန်ဖြင့်သာ လဲလှဲခဲ့ရသည်။ မြင်းကပါသည် ယွန်းအလုပ်ကို တစ်ရွာလုံးလုပ်သောကြောင့် ယွန်းရွာဟု ခေါ်ဆိုနိုင်ပါသည်။ ယွန်းပညာရှင်များစွာကိုလည်း မွေးထုတ်ပေးခဲ့သည်။ လက်ရာမွန်များကို ဖန်တီးရင်း မြန်မာကို ကမ္ဘာကသိအောင် သမိုင်းနှင့်သာ မက အနုပညာဘက်မှာပါ ပံ့ပိုးပေးသော ရွာတစ်ရွာဖြစ်ပေသည်။

[၁]

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မောင်အောင်မြင့်(ညောင်ဦး)“မြင်းကပါရွာမှ ပန်းယွန်းအနုပညာ”