ပဋိစ္စသမုပ္ပါဒ်

ဝီကီပီးဒီးယား မှ

ပဋိစ္စသမုပ္ပါဒ်တရားတော် သည် သတ္တဝါအပေါင်းတို့ သံသရာဝဋ်အတွင်း၌ ကျင်လည်နေရပုံကို ပရမတ္ထသဘောတရားများဖြင့် အကျိုးအကြောင်းဆက်စပ်ကာ ရှင်းပြထားပေ၏။ ထိုအကြောင်းအကျိုးဆက်နွယ်မှုတွင် ယောက်ျား၊ မိန်းမ၊ ပုဂ္ဂိုလ်၊ သတ္တဝါစသည်တို့ မပါရှိချေ။ ဖန်ဆင်းရှင်၊ အနန္တတန်ခိုးရှင် စသည်တို့လည်း မပါရှိချေ။ သဘာဝတရားများ၏ သဘာဝနည်းကျစွာ တစ်ခုကိုတစ်ခု အကြောင်းပြုကာ သိမ်သိမ်မွေ့မွေ့ ချောချောမွတ်မွတ် မရပ်မနား သံသရာလည်ပတ်နေခြင်းသာ ပါရှိ၏။ အကျိုးအကြောင်းဆက်နွယ်ပုံကလည်း အလွန်ယုတ္တိရှိပြီး သိပ္ပံနည်းကျလှသည့်အတွက် ပဋိစ္စသမုပ္ပါဒ်တရားတော်သည် နှစ် ၂၅၀၀ ကျော် သက်တမ်းရှိခဲ့လင့်ကစား အစဉ်ထာဝရ ခေတ်မီဆန်းသစ်၍ မှန်ကန်လျက်ရှိပေ၏။ ဤအကြောင်းကြောင့် ပဋိစ္စသမုပ္ပါဒ်တရားတော်ကြီးသည် ကမ္ဘာကျော်လျက်ရှိပေ၏။[၁]

ပဋိစ္စသမုပ္ပါဒ် အနုလုံပါဠိ[ပြင်ဆင်ရန်]

အဝိဇ္ဇာပစ္စယာ သင်္ခါရာ၊ သင်္ခါရပစ္စယာ ဝိညာဏံ၊ ဝိညာဏပစ္စယာ နာမရူပံ၊ နာမရူပ ပစ္စယာ သဠာယတနံ၊ သဠာယတနပစ္စယာ ဖဿော၊

ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာ ပစ္စယာ တဏှာ၊ တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါနပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ၊

ဇာတိပစ္စယာ ဇရာမရဏံ၊သောက ပရိဒေဝ ဒုက္ခ ဒေါမနဿုပါယာသာ သမ္ဘဝန္တိ၊

ဧဝ မေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။

ပဋိစ္စသမုပ္ပါဒ် အနက် အဓိပ္ပာယ်အကျဉ်း[ပြင်ဆင်ရန်]

အဝိဇ္ဇာပစ္စယာ သင်္ခါရာ - အဝိဇ္ဇာ - သစ္စာလေးပါးကို မသိမှုကြောင့် သင်္ခါရ စိတ်ပါလက်ပါ ပြုလုပ်မှု ဖြစ်လာသည်။

သင်္ခါရပစ္စယာ ဝိညာဏံ - သင်္ခါရ စေတနာပါပါပြုလုပ်မှုကြောင့် ဝိညာဏ် - သိမှု ဖြစ်လာသည်။

ဝိညာဏပစ္စယာ နာမရူပံ - ဝိညာဏ် သိမှုကြောင့် နာမရူပ - ရုပ်နာမ် ခန္ဓာငါးပါးဖြစ်ပေါ်လာသည်။

နာမရူပ ပစ္စယာ သဠာယတနံ - ရုပ်နာမ်ခန္ဓာငါးပါး၌ သဠာယတန- အာရုံ (၆)ပါးတို့ တည်ရာ ဖြစ်ပေါ်လာသည်။

သဠာယတနပစ္စယာ ဖဿော - အာရုံ (၆)ပါးတည်ရာ၌ ဖဿ- အာရုံတို့ထိတွေ့မှု ဖြစ်လာသည်။

ဖဿပစ္စယာ ဝေဒနာ - အာရုံတို့ ထိတွေ့ရာမှ ဝေဒနာ ခံစားမှုတို့ ဖြစ်လာသည်။

ဝေဒနာ ပစ္စယာ တဏှာ - ဝေဒနာ ခံစားရာမှ တဏှာ တပ်မက်မှုတို့ ဖြစ်လာသည်။

တဏှာပစ္စယာ ဥပါဒါနံ - တဏှာ တပ်မက်ရာမှ ဥပါဒါန် ပြင်းထန်စွာ စွဲလမ်းမှု ဖြစ်လာသည်။

ဥပါဒါနပစ္စယာ ဘဝေါ - ပြင်းစွာ စွဲလမ်းရာမှ ဘဝ - ဖြစ်တည်မှု ဖြစ်လာသည်။

ဘဝပစ္စယာ ဇာတိ - ဘဝ ဖြစ်တည်မှုမှ ဇာတိ - ပဋိသန္ဓေ ဖွားမြင်မှု ဖြစ်လာသည်။

ဇာတိပစ္စယာ ဇရာမရဏံ၊သောက ပရိဒေဝ ဒုက္ခ ဒေါမနဿုပါယာသာ - မွေးဖွားမှုမှ အိုမင်းမှု၊ သေဆုံးမှု၊ စိုးရိမ်ပူပန်ရမှု စသည့် ဒုက္ခများ ဖြစ်ပေါ်လာသည်။

မိုးကုတ်ဆရာတော်ဘုရားကြီး၏ လင်္ကာဆောင်ပုဒ်[ပြင်ဆင်ရန်]

မူလနှစ်ဖြာ၊ သစ္စာနှစ်ခု၊ လေးခုအလွှာ၊ အင်္ဂါတစ်ဆယ့်နှစ်ပါး၊ တရားကိုယ်များနှင့် သုံးပါးအစပ်၊ နှစ်ရပ်မူလ၊ ဝဋ်သုံးဝနှင့်၊ ကာလသုံးဖြာ၊ ခြင်းရာနှစ်ဆယ်၊ ဤရှစ်သွယ်ကို၊ အလွယ်ကျက်မှတ်၊ သိစေအပ်သည်၊ သံသရာမှ လွတ်ကြောင်းတည်း။

အဝိဇ္ဇာနှင့် တဏှာရင်းခံ၊ ဥပါဒါန်၊ ကံကြောင့် ရုပ်နာမ်ပေါ်၊ အပင်မှမျိုး၊ မျိုးမှ အပင်၊ အမျှင်မပြတ်၊ ဆက်စပ်သည့်ဟန်၊ ကံကြောင့် နာမ်ရုပ်၊ နာမ်ရုပ်ကြောင့်ကံ၊ အဖန်ဖန် ဖြစ်ပြန်နည်းအလျော်၊ ဗြဟ္မာ-သိကြား၊ စသည်များက ထင်ရှားပြုပြင်၊ စီရင်ဖန်ဆင်း၊ အကြောင်းရင်းကြောင့်၊ လူနတ်များစွာ၊ သတ္တဝါတို့၊ ဖြစ်လာရမူ၊ မဟုတ်ဟု၊ ဉာဏ်ဖြင့် ရှု၍မျော်။

၁။ မူလနှစ်ဖြာ အဝိဇ္ဇာတဏှာ
၂။ သစ္စာနှစ်ခု သမုဒယသစ္စာဒုက္ခသစ္စာ
၃။ လေးခုအလွှာ အတိတ် အကြောင်းတစ်လွှာ၊ ပစ္စုပ္ပန် အကျိုးတစ်လွှာ၊ ပစ္စုပ္ပန် အကြောင်းတစ်လွှာ၊ အနာဂတ် အကျိုးတစ်လွှာ။
၄။ အင်္ဂါတစ်ဆယ့်နှစ်ပါး အဝိဇ္ဇာ၊ သင်္ခါရ၊ ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ဘဝ၊ ဇာတိ၊ ဇရာမရဏ။
၅။ သုံးပါးအစပ် သင်္ခါရနှင့် ဝိညာဏ်တစ်စပ်၊ ဝေဒနာနှင့် တဏှာတစ်စပ်၊ ကမ္မဘဝနှင့် ဇာတိတစ်စပ်။
(တစ်နည်း) အတိတ် အကြောင်းနှင့် ပစ္စုပ္ပန် အကျိုးတစ်စပ်၊ ပစ္စုပ္ပန် အကျိုးနှင့် ပစ္စုပ္ပန် အကြောင်း(သို့)
အနာဂတ် ဖြစ်ကြောင်း တစ်စပ်၊ ပစ္စုပ္ပန် အကြောင်း(သို့) အနာဂတ် ဖြစ်ကြောင်းနှင့် အနာဂတ်အကျိုးတစ်စပ်။
၆။ ဝဋ်သုံးဝနှင့် ကိလေသဝဋ်သုံးပါး ... အဝိဇ္ဇာ တဏှာ ဥပါဒါန်
ကမ္မဝဋ်နှစ်ပါး ... သင်္ခါရ ကမ္မဘဝ
ဝိပါကဝဋ်ရှစ်ပါး ... ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ ဇာတိ/ဥပပတ္တိဘဝ ဇရာမရဏ
မှတ်ချက် (ဖြစ်စဉ် - ဇာတိ၊ ဥပပတ္တိဘဝ၊ ဇရာမရဏ၊ ဟောစဉ် - ဇာတိ ဇရာမရဏ ဥပပတ္တိဘဝ)
၇။ ကာလသုံးဖြာ လွန်လေပြီးသော အတိတ်ကာလ၊ ယခုဖြစ်ဆဲ ပစ္စုပ္ပန်ကာလ၊ နောင်ဖြစ်လတ္တံ့သော အနာဂတ်ကာလ။
၈။ ခြင်းရာနှစ်ဆယ် အတိတ် အကြောင်းအခြင်းအရာ ငါးပါး ... (အဝိဇ္ဇာ သင်္ခါရ တဏှာ ဥပါဒါန် ဘဝ)
ပစ္စုပ္ပန် အကျိုး အခြင်းအရာ ငါးပါး ... (ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာ)
ပစ္စုပ္ပန် အကြောင်း အခြင်းအရာ ငါးပါး ... (တဏှာ ဥပါဒါန် ဘဝ အဝိဇ္ဇာ သင်္ခါရ)
အနာဂတ် အကျိုး အခြင်းအရာ ငါးပါး ... (ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒန)

ကိုးကား[ပြင်ဆင်ရန်]

  1. အဖိုးတန်ဆုံးဘဝပညာ တက္ကသိုလ်အဘိဓမ္မာ (ဒေါက်တာမင်းတင်မွန်)