မာတိကာသို့ ခုန်သွားရန်

မဇ္ဈိမပဋိပဒါ

ဝီကီပီးဒီးယား မှ

မဇ္ဈိမပဋိပဒါ[] သည် ဗုဒ္ဓဘာသာ၏ အဓိကကျင့်စဉ်လမ်းညွှန်တရားဖြစ်ပြီး "အလယ်အလတ် အကျင့်တရား" ဟု အဓိပ္ပာယ်ရသည်။ ဤအကျင့်တရားကို တထာဂတ (မြတ်စွာဘုရား) ကိုယ်တော်တိုင် ထိုးထွင်း၍ သိမြင်တော်မူခဲ့ပြီး၊ ဝဋ်ဆင်းရဲဒုက္ခမှ ထွက်မြောက်ရာဖြစ်သော နိဗ္ဗာန်သို့ ရောက်ရှိစေနိုင်သော အမြတ်ဆုံးယာဉ် (ဗြဟ္မယာနမနုတ္တရံ) အဖြစ် ဟောကြားတော်မူခဲ့သည်။

ရှောင်ကြဉ်ရမည့် အကျင့်အစွန်းနှစ်ပါး

[ပြင်ဆင်ရန်]

မဇ္ဈိမပဋိပဒါသည် ရဟန်းဖြစ်သူ (ပဗ္ဗဇိတေန) မမှီဝဲအပ်သော အယုတ်တရားအစွန်းနှစ်ပါးကို ရှောင်ရှားထားသည့် အကျင့်ဖြစ်သည်။ ထိုအကျင့်အစွန်းနှစ်ပါးမှာ-

၁။ ကာမသုခလ္လိကာနုယောဂ ၎င်းသည် ကိလေသာ ကာမနှင့် ယှဉ်သော ချမ်းသာကို အဖန်ဖန် ခံစားခြင်း (လောကီအာရုံ ကာမဂုဏ်တို့၌ ပျော်ပါးခံစားခြင်း) ဟု ဆိုလိုသည်။ ဤအကျင့်သည်-

  • ယုတ်ညံ့သော (ဟီနော)
  • ရွာသူရွာသား လူအများတို့၏ အလေ့အကျင့် (ဂမ္မော/ဂါမ္မော)
  • ပုထုဇဉ်တို့၏ အလေ့အကျင့် (ပေါထုဇ္ဇနိကော)
  • အရိယာတို့၏ အလေ့အကျင့် မဟုတ်သော (အနရိယော)
  • ကောင်းသော အစီးအပွားနှင့် မစပ်ယှဉ်သော (အနတ္ထသံဟိတော)

တရားများဖြစ်သောကြောင့် ရဟန်းတော်များ ရှောင်ကြဉ်အပ်သည်။ ကာမဂုဏ်ဆိုသည်မှာ ရူပါရုံသဒ္ဒါရုံဂန္ဓာရုံရသာရုံဖောဋ္ဌဗ္ဗာရုံ ဟူသော အာရုံငါးပါးကို ခံစားခြင်းဖြစ်ပြီး၊ ၎င်းအကျင့်သည် နူနာရှိသူက ယားယံမှု သက်သာစေရန် မီးကင်ခြင်းနှင့် တူကာ ရောဂါကို ပိုမိုတိုးပွားစေသည်။


၂။ အတ္တကိလမထာနုယောဂ ၎င်းသည် မိမိကိုယ်ကို အလွန်အမင်း ပင်ပန်းဆင်းရဲစေသော အကျင့် (ခန္ဓာကိုယ်၏ ဆင်းရဲခြင်းကို အားထုတ်ခြင်း) ဖြစ်သည်။ ဥပမာအားဖြင့် အစာအာဟာရကို အလွန်အကျွံလျှော့ချခြင်း၊ ကိုယ်ခန္ဓာကို ပူပန်ပင်ပန်းစေခြင်းမျိုးကို ဆိုလိုသည်။ ဤအကျင့်သည်-

  • ဆင်းရဲကြောင်း (ဒုက္ခော)
  • အရိယာတို့၏ အလေ့အကျင့် မဟုတ်သော (အနရိယော)
  • ကောင်းသော အစီးအပွားနှင့် မစပ်ယှဉ်သော (အနတ္ထသံဟိတော)

တရားများဖြစ်သည်။ ဘုရားရှင်ကိုယ်တော်မြတ်သည် ဘုရားမဖြစ်မီ (၆) နှစ်ကြာ ဒုက္ကရစရိယာ ကျင့်စဉ်ဖြင့် ဤအကျင့်ကို ကိုယ်တိုင်ကျင့်ကြံခဲ့သော်လည်း တရားထူးကို မရရှိခဲ့ကြောင်း ဟောကြားတော်မူသည်။

အလယ်အလတ် အကျင့်တရား (မဇ္ဈိမပဋိပဒါ)

[ပြင်ဆင်ရန်]

မြတ်စွာဘုရားသည် အထက်ပါ အစွန်းနှစ်ပါးကို ရှောင်ရှားပြီးလျှင် အလယ်အလတ် အကျင့်တရား ကို ထိုးထွင်း၍ သိမြင်တော်မူခဲ့သည်။ ဤအကျင့်တရားသည် ဝဋ်ဆင်းရဲမှ လွတ်မြောက်လိုသော သူတို့ ကျင့်အပ်သည့် အကျင့်ဖြစ်ပြီး၊ ကိလေသာငြိမ်းရာ သဥပါဒိသေသ နိဗ္ဗာန်အကျိုးငှာ၊ သစ္စာလေးပါးကို ထူးသောဉာဏ်ဖြင့်သိခြင်းငှာ၊ ကောင်းစွာသိခြင်းငှာ နှင့် အနုပါဒိသေသနိဗ္ဗာန်အကျိုးငှာ ဖြစ်သည်။

အရိယမဂ္ဂင်ရှစ်ပါး

[ပြင်ဆင်ရန်]

မဇ္ဈိမပဋိပဒါသည် အရိယမဂ္ဂင်ရှစ်ပါး (အဋ္ဌင်္ဂိကော မဂ္ဂေါ) ပင်ဖြစ်သည်။ ၎င်းအင်္ဂါရှစ်ပါးမှာ အောက်ပါအတိုင်း ဖြစ်သည်:

၁။ သမ္မာဒိဋ္ဌိ (ကောင်းစွာမြင်ခြင်း/မှန်ကန်သော အမြင်)

  • ကံ-ကံ၏ အကျိုးကိုသိသော (ကမ္မဿကတာဉာဏ်)
  • ရုပ်နာမ်တို့၏ ဖြစ်ပျက်အနိစ္စ၊ ဒုက္ခ၊ အနတ္တကို သိမြင်သော (ဝိပဿနာဉာဏ်)
  • သစ္စာလေးပါးကို ထိုးထွင်း၍ သိမြင်သော (မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်) တို့ အဆင့်ဆင့်ပါဝင်သည်။

၂။ သမ္မာသင်္ကပ္ပေါ (ကောင်းစွာကြံခြင်း)

  • မှန်ကန်သော အကြံအစည်များ ကြံစည်ခြင်း။

၃။ သမ္မာဝါစာ (ကောင်းစွာဆိုခြင်း)

  • မကောင်းသော စကားများ မပြောဘဲ မှန်ကန်သော စကားကိုသာ ပြောခြင်း။

၄။ သမ္မာကမ္မန္တော (ကောင်းစွာပြုခြင်း)

  • မကောင်းသော အလုပ်ကို ရှောင်ကြဉ်ပြီး တရားဓမ္မနှင့်ဆိုင်သော အလုပ်များ ပြုလုပ်ခြင်း။

၅။ သမ္မာအာဇီဝေါ (ကောင်းစွာ အသက်မွေးခြင်း)

  • တရားသဖြင့် စီးပွားရှာခြင်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုခြင်း။

၆။ သမ္မာဝါယာမော (ကောင်းစွာအားထုတ်ခြင်း)

  • မဖြစ်သေးသော အကုသိုလ်တို့ကို မဖြစ်စေရန်၊ ဖြစ်ပြီးသော အကုသိုလ်တို့ကို ပယ်ရန်၊ မဖြစ်သေးသော ကုသိုလ်တို့ကို ဖြစ်ပေါ်စေရန်၊ ဖြစ်ပြီးသော ကုသိုလ်တို့ကို တိုးပွားစေရန် ကြိုးစားအားထုတ်ခြင်း။

၇။ သမ္မာသတိ (ကောင်းစွာ အောက်မေ့ခြင်း)

  • ကုသိုလ်ကောင်းမှုပြုရန် အမြဲသတိရခြင်း။

၈။ သမ္မာသမာဓိ (ကောင်းစွာ တည်ကြည်ခြင်း)

  • စိတ်တည်ကြည်မှု ရရှိစေရန် ကျင့်ကြံအားထုတ်ခြင်း။

မဇ္ဈိမပဋိပဒါ၏ အကျိုးရလဒ်များ

[ပြင်ဆင်ရန်]

မဇ္ဈိမပဋိပဒါကို ကျင့်ကြံခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများမှာ-

  • ဉာဏ်ပညာမျက်စိ ပွင့်လင်းခြင်း သစ္စာလေးပါးတရားကို မြင်တတ်သော ဉာဏ်စက္ခု (ပညာမျက်စိ) ကို ဖြစ်စေနိုင်သည် (စက္ခုကရဏီ)။
  • ကိလေသာ ငြိမ်းအေးခြင်း ကိလေသာခပ်သိမ်း ငြိမ်းအေးခြင်း (ဥပသမာယ)။
  • အဘိညာဏ်ရခြင်း သစ္စာလေးပါးတရားကို ထူးသောဉာဏ်ဖြင့် သိမြင်ခြင်း (အဘိညာယ)။
  • ဘုရားအဖြစ်သို့ သိမြင်ခြင်း သစ္စာလေးပါးကို အမှားအယွင်းမရှိ ကောင်းစွာသိမြင်ခြင်း (သမ္ဗောဓာယ)။
  • နိဗ္ဗာန်သို့ ဆိုက်ရောက်ခြင်း ဒုက္ခခပ်သိမ်း အေးငြိမ်းရာ နိဗ္ဗာန်အကျိုးငှာ ဖြစ်သည် (နိဗ္ဗာနာယ)။

မြတ်စွာဘုရားသည် မဂ္ဂင်ရှစ်ပါးတရားကို "ဗြဟ္မယာန" (အမြတ်ဆုံးယာဉ်) အဖြစ် ဟောကြားတော်မူပြီး၊ ဤယာဉ်ဖြင့်ပင် ဘုရားရှင်များ၊ ပစ္စေကဗုဒ္ဓါများ၊ ရဟန္တာများ စသည်ဖြင့် ပညာရှိသူတော်ကောင်း အများအပြားတို့သည် ဝဋ်ဆင်းရဲမှ လွတ်မြောက်ကာ နိဗ္ဗာန်သို့ ရောက်ရှိတော်မူခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

[ပြင်ဆင်ရန်]

ကိုးကား

[ပြင်ဆင်ရန်]
  1. မဇ္ဈိမပဋိပဒါ (ထီ ) [မဇ္ဈိမာ+ပဋိပဒါ ] အလယ်၌ဖြစ်သော အကျင့်။ (လောဘအဖို့ အစု ဒေါသအဖို့အစု၊ တနည်း-ကာမသုခလ္လိကာနုယောဂဟူသော တဏှာအဖို့အစု, အတ္တကိလမထာနုယောဂဟူသောအဝိဇ္ဇာအဖို့အစု၊ တနည်း-ကာမသုခလ္လိကာနုယော ဟူသော ပျင်းရိတွန့်ဆုတ်ခြင်း အဖို့အစု အတ္တကိလမထာနုယောဂဟူသော လွန်လွန်ကဲကဲ အားထုတ်မှုအဖို့အစု၊ တနည်း-သဿတအဖို့အစု ဥစ္ဆေဒအဖို့အစုတို့၏ အလယ်၌ ဖြစ်သော မဂ္ဂင် ၈-ပါး အကျင့်တရားကို မဇ္ဈိမပဋိပဒါ ဟု ခေါ်သည်။ မ၊ဋ္ဌ၊၁၊၁၀၈။ ဝဇိရ၊၄၀၁။ သာရတ္ထ၊၁၊၁၆၉။) အာဂါဠှပဋိပဒါ နိဇ္ဈာမပဋိပဒါ မဇ္ဈိမပဋိပဒါ။ နေတ္တိ၊၆၅။ (-မ၊ဋ္ဌ၊၁၊၁ဝ၈။ အဘိ၊ဋ္ဌ၊၂၊၁၁၄။)