ဒီမိုကရေစီ

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
မဲခွဲဆုံးဖြတ်ခြင်းသည် ဒီမိုကရေစီ၏ အဓိက လမ်းစဉ်ဖြစ်သည်။

ဒီမိုကရေစီ (Democracy) သည် ဤခေတ်သစ်နိုင်ငံရေး အတွေးအခေါ်အယူအဆများအနက် တန်ဖိုးအထားခံရဆုံးဖြစ်ပြီး၊ မပြတ်သားဆုံး နိုင်ငံရေးယူဆချက်လည်း ဖြစ်ကောင်းဖြစ်ဖွယ်ရှိသည်။ နိုင်ငံရေးစနစ်မျိုးစုံရှိကြရာတွင် အမေရိကန်ပြည်ထောင်စု၊ အာဖရိကတိုက်မှ တစ်ပါတီစနစ်ဖြင့် အုပ်စိုးသော နိုင်ငံမျိုးစုံနှင့် ကွန်မြူနစ်နိုင်ငံများအားလုံးက ၎င်းတို့ကို ၎င်းတို့ ဒီမိုကရေစီနိုင်ငံများအဖြစ် ဖော်ပြလေ့ရှိသည်။ ၁၉၅၀ ခုနှစ်တွင် ဒီမိုကရေစီရေးရာ ယူနက်စကိုညီလာခံ ကျင်းပသည့်အခါ၌ ဤအယူအဆ၏ မရှင်းလင်း မပြတ်သားသော စရိုက်လက္ခဏာကို တွေ့ရှိရသည်။ နိုင်ငံရေးစနစ်အပြည့်အဝရှိကြောင်း ကြေငြာဖော်ပြကြသည့် တက်ရောက်သည့် နိုင်ငံပေါင်း (၅၀) ကျော်တို့က ၎င်းတို့တွင် ဒီမိုကရေစီအုပ်ချုပ်ရေး (တစ်ခါတရံတွင်မူ ၎င်းတို့နိုင်ငံ၌သာလျှင်) ရှိသည်ဟု အခိုင်အမာ ဆိုကြသည်။ မည်သို့ဆိုစေကာမူ ဒီမိုကရေစီ၏ အနှစ်အရသာမှာ ပြည်သူ့ထံမှဆင်းသက်လာသောအာဏာကို ပြည်သူတို့အတွက် ပြည်သူတို့ထံသို့ ပြန်လည်စီးဆင်းစေခြင်းပင်ဖြစ်သည်။

မာတိကာ

စကားလုံးရင်းမြစ်[ပြင်ဆင်ရန်]

ဒီမိုကရေစီဟူသော စကားရပ်သည် ရှေးဟောင်းဂရိစကားလုံး demos (ပြည်သူလူထု) နှင့် kratos (အာဏာ) မှ ဆင်းသက်လာခြင်းဖြစ်သည်။ ပြည်သူအများ အာဏာပိုင်စိုးသော စနစ်ကို ခေါ်ဆိုသည်။ ဒေမိုး (လုပ်သားပြည်သူ/တိုင်းသူပြည်သား) နှင့် ကရေးစီးယား (အာဏာ/အာဏာပိုင်စိုးမှု) ပေါင်းစည်းပြန်ဆိုသော် ပြည်သူအများစုပေါင်းပါဝင် အာဏာပိုင်စိုးသော စနစ်ဟု ဆိုနိုင်ကြောင်းလည်း ဖွင့်ဆိုချက်ရှိသည်။ ရှေးခေတ် ဂရိမြို့ပြနိုင်ငံများမှ နိုင်ငံသားများသည် အစိုးရ၏ လုပ်ငန်းဆောင်တာများတွင် တိုက်ရိုက်ပါဝင်ဆောင်ရွက်ခြင်းကို ဆိုလိုသည်။

စကားလုံးသဘောအရ ဒီမိုကရေစီဆိုသည့် အဓိပ္ပာယ်ကို အတိအကျဖော်ပြထားခြင်း မရှိသော်လည်း အဆုံးတွင် နိုင်ငံရေးအာဏာသည် အရွယ်ရောက်ပြီးဖြစ်သော ပြည်သူလူထု တစ်ရပ်လုံး၏ လက်တွင်း၌သာရှိသည်။ အဖွဲ့ငယ် အုပ်စုငယ်များ၌ အုပ်ချုပ်ပိုင်ခွင့်မရှိဟု အဓိပ္ပာယ်ထွက်သည်ထက် အနည်းငယ်မျှသာ ပိုသည်။ ဒီမိုကရေစီဆိုသည်မှာ ၎င်းဝေါဟာရနှင့် တွဲဖက်ပြီး ဝိသေသပြုသည့် စကားလုံးစကားရပ်တို့နှင့် ပူးတွဲမှသာ ပို၍ အသုံးဝင်သော အဓိပ္ပာယ်ထွက်သည်။ ဥပမာအားဖြင့် လစ်ဘရယ်ဒီမိုကရေစီ (Liberal Democracy)၊ ကိုယ်စားပြုဒီမိုကရေစီ (Representative Democracy)၊ ပါဝင်လုပ်ဆောင်ဒီမိုကရေစီ (Participatory Democracy) သို့မဟုတ် တိုက်ရိုက်ဒီမိုကရေစီ (Direct Democracy) စသည်တို့ဖြစ်ကြသည်။.

နောက်ခံသမိုင်းအစ[ပြင်ဆင်ရန်]

သမိုင်းကြောင်းအရတော့ ဒီမိုကရေစီစနစ်ကိုစတင်ကျင့်သုံးသူများမှာ ဂရိမြို့ပြနိုင်ငံများမှ အေသင်နှင့် စပါတာမြို့ပြနိုင်ငံတို့ဖြစ်ပါသည်။ထိုစဉ်ကာလက အေသင်မြို့ပြနိုင်ငံ၏လူဦးရေမှာမများသကဲ့သို့ အေသင်ဒီမိုကရေစီစနစ်တွင်ပါဝင်သူ နိုင်ငံသားဦးရေမှာလည်းများသည်ဟု မဆိုသာပေ။ လူဦးရေစုစုပေါင်း၏ သုံးပုံတစ်ပုံ နီးနီးရှိသော ကျွန်လူတန်းစားများနှင့် ကျန်သုံးပုံတစ်ပုံမျှရှိသော နိုင်ငံခြားသားများမှာ နိုင်ငံသားဟုသတ်မှတ်ခြင်းမခံရ၍ ပါဝင်နိုင်ခြင်းမရှိသလို နိုင်ငံသားများတွင်လည်း အရွယ်ရောက်ပြီးသော အမျိုးသားများသာ ပါဝင်ခွင့်ရသောကြောင့် အေသင်၏ဒီမိုကရေစီ စနစ်မှာများစွာကျဉ်းမြောင်းသည်ဟု ဆိုရပေမည်။

အေသင်မှာ ကျင့်သောစနစ်[ပြင်ဆင်ရန်]

အေသင်မြို့ပြနိုင်ငံတွင် ရှိသောလူမျိုးစုဆယ်စုမှ ရွေးချယ်ထားသော လူထုကောင်စီဖြင့် အစိုးရတာဝန်များကိုထမ်းဆောင်သည်။ လူမျိုးစုတစ်စုအတွက် ကိုယ်စားလှယ်ငါးဆယ်စီရွေးချယ်ထား၍ စုစုပေါင်းကိုယ်စားလှယ်ငါးရာပါဝင်သောကြောင့် ငါးရာကောင်စီဟုလည်းခေါ်ဆိုကြသည်။ အချုပ်အခြာအာဏာမှာ ထိုကောင်စီလက်ထဲတွင်ရှိသော်လည်း အရေးကြီးကိစ္စများ ဆောင်ရွက်စရာရှိလျင် လူထုအစည်းဝေးသို့တင်ပြကာ သဘောတူညီမူ့ရယူသည်။ ပီရစ်ကလီး(၄၆၁-၄၃၁ဘီစီ) လက်ထက် တွင်ထိုဒီမိုကရေစီ စနစ်ပီပီပြင်ပြင်ထွန်းကားခဲ့သည်။ လေးလတစ်ကြိမ်ကျင်းပသော လူထုအစည်းအဝေးကိုအသက်၂၀ ပြည့်ပြီးသော နိုင်ငံသားတိုင်းတက်ရောက်နိုင်သည်။ လူဦးရေ ၆၀ဝ၀ ကျော်ပါကအစည်းအဝေးအထမြောက်သည်။ မဲခွဲဆုံးဖြတ်ကြသောကြောင့် တိုက်ရိုက်ဒီမိုကရေစီစနစ် သဘောဖြစ်သည်။ ကမ ္ဘာပေါ်တွင် အစောဆုံးပြည်သူက တိုက်ရိုက် အုပ်ချုပ်သော တိုက်ရိုက်ဒီမိုကရေစီ စနစ်ဟုခေါ်ဆိုနိုင်သည်။

စပါတာမှာ ကျင့်သောစနစ်[ပြင်ဆင်ရန်]

စပါတာမြို့ပြနိုင်ငံအုပ်ချုပ်ရေးသည် ရောနှောနေသောအုပ်ချုပ်ရေးစနစ်ဖြစ်သည်။ စပါတာနိုင်ငံကို စတင်တည်ထောင် ခဲ့သော စစ်ခေါင်းဆောင်နှစ်ဦးကို အာဏာတူဘုရင်အဖြစ် ခန့်အပ်ထားသည်။ အထက်လွှတ်တော် ဆီးနိတ်ပုံစံမျိုး ဖွဲ့စည်းထားသော အသက်၆၀ ကျော်ကောင်စီဝင်သုံးဆယ်ပါဝင်သည့် ဂျီရူးရှ (Gerusia) ခေါ်ဥပဒေပြုကောင်စီ လည်းရှိသည်။ ဘုရင်နှစ်ပါးမှာ ထိုအဖွဲ့ထဲတွင်လည်းပါသည်။ အသက်၃၀ အထက်ယောင်္ကျားမှန်သမျှ ပါဝင်သည့် အယ်ပယ်လာ (Appella) ခေါ်လွှတ်တော်လည်းရှိသည်။ တစ်နှစ်တစ်ကြိမ်ကျင်းပသော ထိုလွှတ်တော်တွင် ဥပဒေပြဌာန်းခြင်း၊ တိုင်းရေးပြည်ရာများဆွေးနွေးခြင်း၊ဥပဒေပြုကောင်စီဝင်များရွေးချယ်ခြင်း၊ ပြည်သူ့ကိုယ်စားလှယ် ကြိုးကိုင်အဖွဲ့ဝင် ငါးဦး(Ephors) ကိုရွေးချယ်ခြင်းစသည့် ကိစ္စများကိုဆောင်ရွက်သည်။ ထိုအီဖော့စ်ငါးဦးနှင့် ဥပဒေပြုကောင်စီကသာ အာဏာရှိပြီး ဘုရင်မှာရုပ်သေးသက်သက်ဖြစ်သည်။ ရီပတ်ဘလီကန် ဆန်သော ဒီမိုကရေစီဟုခေါ်ဆိုနိုင်သော်လည်း လွှတ်တော်တက်ခွင့်ရသော လူဦးရေမှာ တစ်နိုင်ငံလုံး၏ ငါးရာခိုင်နှုန်းခန့်သာရှိသည်။ ထို့ကြောင့် လူနည်းစုဒီမိုကရေစီ ဟုလည်း ခေါ်ဆိုနိုင်သည်။[၁]

ကွဲပြားသော အယူအဆနှင့် လုပ်ထုံးလုပ်နည်းများ[ပြင်ဆင်ရန်]

မျက်မှောက်ခေတ်တွင် တိုင်းနိုင်ငံများသည် လူဦးရေ အဆမတန် များပြားလာသဖြင့် ဂရိမြို့ပြနိုင်ငံများခေတ်ကကဲ့သို့ နိုင်ငံအုပ်ချုပ်ရေးတွင် ပြည်သူတို့ တိုက်ရိုက်ပါဝင်ဆောင်ရွက်ရန် မဖြစ်နိုင်တော့ချေ။ ထို့ကြောင့် သွယ်ဝိုက်ဒီမိုကရေစီစနစ်ကို သုံးစွဲကြရသည်။ ပြည်သူတို့က ရွေးချယ်တင်မြှောက်လိုက်သော ကိုယ်စားလှယ်များက ဥပဒေပြုရေး အုပ်ချုပ်ရေးများနှင့် တရားစီရင်ရေးတို့ကို ဆောင်ရွက်သွားကြသည့် စနစ်ဖြစ်သည်။

ဒီမိုကရေစီစနစ်အရ “အစိုးရ”ဟူသည် ပြည်သူအများက ရွေးချယ်တင်မြှောက်လိုက်သော ကိုယ်စားလှယ်များထဲမှ နိုင်ငံ၏ နိစ္စဓူဝစီမံခန့်ခွဲရေး တာဝန်များကို ထမ်းဆောင်ရန် ထပ်ဆင့် ရွေးချယ်ခံရသည့် အဖွဲ့ဖြစ်သည်။ ပြည်သူတို့၏ ကိုယ်စားလှယ်များကိုရွေးချယ်ရာတွင် လျှို့ဝှက်မဲပေးသောစနစ်ဖြင့် လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိသည်။

တစ်ပါတီစနစ်ထားရှိသော နိုင်ငံများတွင်ကား “ဆိုရှယ်လစ်ဒီမိုကရေစီ”ကို လက်ခံကျင့်သုံးကြသည်။ ထိုနိုင်ငံများတွင် တစ်ခုတည်းသော ပါတီသည် နိုင်ငံရှိပြည်သူအများစုကြီးကို ကိုယ်စားပြုသည်ဟု ဆိုသည်။

လက်တစ်ဆုပ်စာ လူတစ်စု လက်အတွင်း၌ ထင်ထင်ရှားရှားအာဏာ အပြည့်အဝရှိသော လူ့ဘောင်အဖွဲ့အစည်း (ဥပမာ - တတိယကမ္ဘာမှ ကွန်မြူနစ်နိုင်ငံများ) တွင်ဒီမိုကရေစီဟူသော သတ်မှတ်ချက်အပေါ် အကဲဖြတ်မှုမှာ ကွဲပြားခြားနားမှု ဖြစ်ပေါ်လာသည်။ ဒီမိုကရေစီဆိုသည်မှာ စင်စစ်အားဖြင့် အများပြည်သူက အုပ်ချုပ်သည်မဟုတ်ဘဲ ပြည်သူလူထုသည် ၎င်းတို့ အကျိုးအတွက် အုပ်ချုပ်ခံရခြင်းဟု အဓိပ္ပာယ်ဖွင့်ဆိုခဲ့ကြသည်။ မီခေးလ် ဂေါ်ဗာချော့ဗ် (Mikhail Gorbachev) စတင်သွပ်သွင်းသည့် ပြောင်းလဲမှုများမတိုင်မီက ဆိုဗီယက်ယူနီယံ၏ အုပ်ချုပ်ရေးအား ကာကွယ်ပြောဆိုသူများက ဒီမိုကရေစီကျင့်သုံးမှုနှင့် ပတ်သက်၍ စီးပွားရေး လူမှုရေး တိုးတက်ပြောင်းလဲမှု မဖြစ်သေးသရွေ့၊ လေ့ကျင့်ပညာပေးမှုဖြင့် မွေးထုတ်လိုက်သော ဆိုရှယ်လစ် လူသားစစ်စစ် မပေါ်သေးသရွေ့၊ ဆိုလိုသည်မှာ လူထုအနေဖြင့် မှားယွင်းသော အသိတရားအား ပပျောက်အောင် မလုပ်နိုင်သေးသရွေ့ ဒီမိုကရေစီ လုပ်နည်းလုပ်ဟန်များသည် အသုံးမဝင်ဘဲ အဆိုးဆုံးအခြေအနေများ ကိုပင် ဖန်တီးပေးလိမ့်မည်ဟု ဝေဖန်ပြောဆိုကြသည်။ ၎င်းတို့က စောဒကတက်သည်မှာ လူအများ၏ အမြင်သည် မှားယွင်းဖောက်ပြန်မှုမှ စင်စစ်မကင်းသေးဘဲ၊ ထို့ပြင် မိမိတို့၏ အဓိက လိုအပ်ချက်သည် မည်သည့်အရာ ဖြစ်သည်ကို ခွဲခြားနိုင်မှု မရှိသေးဘဲ ၎င်းတို့၏ ခေါင်းဆောင်များကိုသော်လည်းကောင်း၊ နိုင်ငံရေး အခွင့်အရေးများကိုသော်လည်းကောင်း ဆုံးဖြတ်ချက်ချရန် မဖြစ်နိုင်ဟုဆိုကြသည်။ [၂]

ဒီမိုကရေစီစံနှုန်းများ[ပြင်ဆင်ရန်]

(၁) နိုင်ငံသားတိုင်း ပါဝင်ဆောင်ရွက်ခွင့်ရှိရမည်[ပြင်ဆင်ရန်]

ဒီမိုကရေစီစနစ်ဆိုသည်မှာ အများပိုင်ဆိုင်ရေးစနစ် ဖြစ်ပါသည်။ အများအကျိုးအတွက် အများက ယုံကြည်အားထားနိုင်သူများအား ကိုယ်စားပြု ဆောင်ရွက် ရန်အတွက် နိုင်ငံသားတိုင်း ပါဝင်နိုင်ရန် စီစဉ်ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။ နိုင်ငံသားတိုင်းသည် သက်ဆိုင်ရာနိုင်ငံအလိုက်တွင် ဒီမိုကရေစီပုံစံဖြင့် ကောင်းမွန်သော စီမံခန့်ခွဲအုပ်ချုပ်မှု များကို ပြုလုပ်ကြရမည်ဖြစ်သည်။ အကြောင်းအရာတစ်ခုခု ပြုလုပ်မည်ဆိုလျှင် မိမိ၏ လုပ်ဆောင်ချက် များသည် နိုင်ငံသားများအတွက် အကျိုးဖြစ်စေနိုင်မှု ရှိ၊မရှိ ဆင်ခြင်သုံးသပ်ကြရမည်ဖြစ်သည်။ နိုင်ငံသားများ အကျိုးရှိစေမည့် အသံ (Voice of citizen) VOC ကိုနားထောင်ပြီး နိုင်ငံသားများအား ပါဝင်ဆောင်ရွက်ခွင့် ရှိစေနိုင်ရမည်ဖြစ်သည်။

(၂) သာတူညီမျှ ရှိစေရမည်[ပြင်ဆင်ရန်]

လူတိုင်းတွင် အနည်းနှင့်အများဆိုသလို အတ္တစိတ်များရှိကြသည်ဖြစ်ရာ အတ္တများလွန်ကဲပြီး စိတ်ထင်တိုင်းပြုလုပ်ကြမည်ဆိုလျှင် ဒီမိုကရေစီစနစ် နိုင်ငံရေးတွင် နိုင်ငံသားများ၏ ဒဏ်ခတ်မှုအား မလွဲမသွေခံကြရမည် ဖြစ်သည်။ နိုင်ငံသားများ၏ အကျိုးကိုမငဲ့ မျက်ကွယ်ပြု ဆောင်ရွက်လုပ်ကိုင်မည်ဆိုလျှင်လွတ်လပ်ပြီးတရားမျှတသော ဒီမိုကရေစီစနစ်ဖြစ်လာနိုင်မည် မဟုတ်ပါ။ ထို့ကြောင့် မှန်ကန်သော ဒီမိုကရေစီစနစ်ကို အကောင်ထည် ဖော်လိုလျှင် တရားမျှတမှုရှိပြီး သမာသမတ် တန်းတူညီမျှစိတ်ဖြင့် လုပ်ကိုင်ဆောင်ရွက်ကြရမည် ဖြစ်သည်။

(၃) နိုင်ငံရေးဆိုင်ရာ သည်းခံစိတ် ထားရှိရမည်[ပြင်ဆင်ရန်]

သည်းခံခွင့်လွှတ်စိတ် ထားရှိနိုင်မှုသည် အလွန်မွန်မြတ်သော စိတ်ဓါတ်ပင်ဖြစ်သည်။ သည်းခံစိတ်သည် ယောနိသောမနသိကာရ ကျင့်စဉ်ဖြစ်သည်။ နိုင်ငံအရေးနှင့် နိုင်ငံသားများ၏အရေးအတွက် ဆောင်ရွက်ကြရာတွင် ဒီမိုကရေစီကြယ်ပွင့် ဘက်တော်သားတိုင်းတွင် ဒီမိုကရေစီနိုင်ငံရေးဆိုင်ရာ သည်းခံစိတ် ထားရှိကြရမည်ဖြစ်သည်။ ဆိုးယုတ်သောစိတ်ထားများကို ဖယ်ရှားရှောင်ကြဉ်ပြီး မွန်မြတ်သန့်ရှင်းသော စိတ်ထားများမွေးမြူပြီး နိုင်ငံတော်အတွက် ကျရာ အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက် ကြရမည်ဖြစ်သည်။

(၄) တာဝန်ယူမှု ရှိရမည်[ပြင်ဆင်ရန်]

လူတစ်ဦးချင်းစီတွင် မိမိတို့ လုပ်ဆောင်ကြရမည့် လုပ်ငန်းများအားပြီးမြောက်အောင်မြင်စေရန်၊ ရလဒ်များကောင်းမွန်အောင် လုပ်ဆောင်ကြရမည် စသည်တို့ကို သိရှိပြီး မိမိတို့လုပ်ဆောင်ရမည့် လုပ်ငန်းများအတွက် တာဝန်ယူမှုများ ထားရှိရမည်ဖြစ်ပါသည်။ တာဝန်ယူဆောင်ရွက်တတ်မှသာ ခေါင်းဆောင်ကောင်းများ ဖြစ်လာစေနိုင်မည် ဖြစ်ပါသည်။ တာဝန်ယူဆောင်ရွက်နိုင်မှုရှိလေလေ အများယုံကြည်နိုင်မှု ပိုမိုရရှိနိုင်လေ ဖြစ်ပါသည်။

(၅) ရိုးသားပွင့်လင်းမှု နှင့် ထင်သာမြင်သာမှု ရှိစေရမည်[ပြင်ဆင်ရန်]

စီးပွားရေးလုပ်ငန်းများ၊ အဖွဲ့အစည်းများတို့တွင် လုပ်ငန်းများကို ဦးစီးဦးဆောင်ပြုလုပ်သူများနှင့် ဝန်ထမ်းများအကြား ထင်သာမြင်သာရှိစွာ ရိုးသားပွင့်လင်းမှု အပြန်အလှန်ရှိစေကြရမည်ဖြစ်ပါသည်။ ထိုနည်းတူစွာ နိုင်ငံတိုင်းတွင်လည်း အထူးသဖြင့် ဒီမိုကရေစီစနစ် ကျင့်သုံးသော နိုင်ငံများတွင် နိုင်ငံသားများနှင့် နိုင်ငံသားကိုယ်စားပြု အုပ်ချုပ်စီမံ ခန့်ခွဲကြရသူများအကြားတွင် ပွင့်လင်းမြင်သာမှု ထင်သာမြင်သာရှိစေမှုသည် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်ပြီး နိုင်ငံသားများနှင့် အစိုးရအကြားတွင် ယုံကြည်မှု မြဲမြံခိုင်မာစေမည် ဖြစ်ပါသည်။

(၆) ပုံမှန်လွတ်လပ်ပြီး တရားမျှတမှုရှိသော ရွေးချယ်တင်မြှောက်ခွင့်ရှိရမည်[ပြင်ဆင်ရန်]

ဒီမိုကရေစီနိုင်ငံတိုင်းတွင် လွတ်လပ်ပြီးတရားမျှတသော ရွေးချယ်တင်မြှောက်ပွဲများကို လေးနှစ်တစ်ကြိမ် (သို့မဟုတ်) ငါးနှစ်တစ်ကြိမ် ကျင်းပပြုလုပ်ကြသည်။ ထိုကဲ့သို့သော ရွေးချယ်မှုမျိုးတွင် ပြည်သူလူထု၏ သဘောထား ဆန္ဒများအတိုင်း လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိပြီး တင်မြှောက်နိုင်ရမည်။ သတ်မှတ်ချိန်ကာလအတွင်း ဖွဲ့စည်းပုံအတိုင်း နေရာယူစေကာ အုပ်ချုပ်ပြီး သတ်မှတ်ချိန်ကုန်ဆုံးသွားသောအခါ လွတ်လပ်ပြီး တရားမျှတသော ရွေးချယ်တင်မြှောက်ပွဲများကျင်းပကာ ပြည်သူလူထုမှ ကြိုက်နှစ်သက်သော ကိုယ်စားလှယ်အား ထပ်မံရွေးချယ်တင်မြှောက်မည်ဖြစ်သည်။

(၇) စီးပွားရေး လွတ်လပ်ခွင့်ရှိရမည်[ပြင်ဆင်ရန်]

နိုင်ငံများတွင် စီးပွားရေးကို သက်ဆိုင်ရာ နိုင်ငံအစိုးရများသည် ထိန်းချုပ်မှုများပြုလုပ်သည့်အခါတွင် မလိုလားအပ်သော ကုန်ဈေးနှုန်းများတက်လာခြင်း၊ အကျင့်ပျက်ခြစားမှုများ၊ လာဘ်ပေးလာဘ်ယူမှုများဖြစ်ပေါ်နိုင်သည့် အတွက် ဒီမိုကရေစီနှင့် တွဲဖက်ပြီး ဖော်ဆောင်ရမည့် စီးပွားရေးစနစ်သည် လွတ်လပ်သော ဈေးကွက်စီးပွားရေးစနစ်ပင်ဖြစ်သည်။ လွတ်လပ်သော ဈေးကွက်စီးပွားရေးနှင့် ဒီမိုကရေစီကို ယှဉ်တွဲကျင့်သုံး နိုင်မှသာလျှင် နိုင်ငံတော်၏ စီးပွားရေး အဘက်ဘက်မှ တိုးတက်လာစေနိုင်မည်ဖြစ်သည်။

(၈) အာဏာ အလွဲသုံးစားလုပ်မှုများ၊ မတော်မတရား အသုံးပြုမှုများကို ထိန်းချုပ်ရမည်[ပြင်ဆင်ရန်]

အာဏာအသုံးချမှုလွဲမှားလျှင် ခြစားမှုများ၊ မတော်မတရားမှုများဖြစ်လာနိုင်တတ်သည်။ ဒီမိုကရေစီ စနစ်တွင် အောက်လွှတ်တော်၊ အထက်လွှတ်တော်များ၏ သဘောထားအတိုင်းသာ လုပ်ဆောင်ကြရမည်ဖြစ်သဖြင့် လူတစ်ဦး တစ်ယောက်ထံတွင် အာဏာစုပုံမှုမျိုး မရှိသဖြင့် မတရားမှုများပေါ်ပေါက်မည့် အခြေအနေများ ဖြစ်ပေါ်ခဲ့လျှင် လွှတ်တော်အဆင့်ဆင့်မှ ထိန်းချုပ်ရမည်ဖြစ်ပါသည်။ ထိန်းချုပ်နိုင်စေရမည်ဖြစ်သည်။

(၉) လူ့အခွင့်အရေး ကြေညာစာတမ်းများ ထုတ်ပြန်ထားရှိရမည်[ပြင်ဆင်ရန်]

ဒီမိုကရေစီစနစ်တွင် မွေးရာပါ လူ့အခွင့်အရေးများ ပါရှိထားပြီးဖြစ်၍ ဒီမိုကရေစီ အစိုးရများသည် နိုင်ငံသားများ၏ အခွင့်အရေးများကို ထိန်းသိမ်းပေးရမည်ဖြစ်ပါသည်။ ဒီမိုကရေစီ မကျင့်သုံးသော နိုင်ငံများတွင် သက်ဆိုင်ရာ နိုင်ငံခေါင်းဆောင်များ၊ အုပ်ချုပ်သူ လူတန်းစားများသည် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနိုင်သည်။

(၁၀) ပွင့်လင်းမြင်သာစွာ ရွေးချယ်တင်မြှောက်ထားသော ရလဒ်များအား လက်ခံနိုင်ရမည်[ပြင်ဆင်ရန်]

ဒီမိုကရေစီစနစ်နှင့် နိုင်ငံတိုးတက်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ နိုင်ငံများမှ ရွေးချယ်တင်မြှောက်သောပွဲများတွင် မဲဆန္ဒရှင် နိုင်ငံသားများ၏ယုံကြည်မှုပျက်ပြားစေနိုင်သော မဲလိမ်လည်မှု၊ မဲခိုးမှုစသည့် မသမာမှုများ မရှိရအောင် ကြီးကြပ်လုပ်ဆောင်ကြရမည်ဖြစ်သည်။

(၁၁) လူ့အခွင့်အရေး ထိန်းသိမ်းရမည်[ပြင်ဆင်ရန်]

လူသားတိုင်းတွင် မွေးရာပါ လူ့အခွင့်အရေးများ ပါလာပြီးဖြစ်သည်။လွတ်လပ်စွာ ပညာသင်ကြားနိုင်ခွင့်၊ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်၊ လွတ်လပ်စွာ ရေးသားဖော်ထုတ်နိုင်ခွင့် အစရှိသည့် လူ့အခွင့်အရေးများအား ထိန်းသိမ်းကြရမည် ဖြစ်ပါသည်။

(၁၂) ပါတီစုံ စနစ်ကျင့်သုံးရမည်[ပြင်ဆင်ရန်]

ဒီမိုကရေစီဆိုသည်မှာ ပြိုင်ဆိုင်မှုများရှိပါမှ တိုးတက်မှုများ ရှိနိုင်မည်ဖြစ်သည့်အလျောက် ရွေးကောက်ပွဲများတွင် ပါတီစုံ ပါဝင်ယှဉ်ပြိုင်နိုင်ခွင့် ရှိစေရမည်ဖြစ်သည်။

(၁၃) ဥပဒေကို လေးစားလိုက်နာကြရမည်[ပြင်ဆင်ရန်]

စည်းကမ်းလိုက်နာဘေးကင်းကွာဆိုသည့်အတိုင်း ဥပဒေက မည်သို့ပင်ဖြစ်စေကာမူ လုပ်ချင်သလို လုပ်မည်ဆိုလျှင် ဥပဒေကို မလေးစားခြင်းဖြစ်ပါသည်။ ဒီမိုကရေစီစနစ်တွင်သာမက မည်သည့်စနစ်ပင်ဖြစ်စေ ဥပဒေကို လူတိုင်းလေးစား လိုက်နာကြရမည်ဖြစ်သည်။ ဥပဒေအထက်တွင် မည်သူတစ်ဦးတစ်ယောက်မျှ မရှိစေရပါ။[၃]

ဒီမိုကရေစီစနစ်အမျိုးအစားများ[ပြင်ဆင်ရန်]

လစ်ဘရယ် ဒီမိုကရေစီ (Liberal Democracy)[ပြင်ဆင်ရန်]

နိုင်ငံလုံးဆိုင်ရ အစိုးရသူများအတွက် သတ်မှတ်ထားသော စနစ်ဖြစ်သည်။ လူထုမှ မိမိနှစ်သက်သော ခေါင်းဆောင်ကို လွတ်လပ်စွာ ရွေးချယ်ခြင်းဖြစ်သည်။ ပုံမှန်၊ အဓိပ္ပာယ်ရှိစွာ၊ လွတ်လပ်၍ တရာမျှတစွာ ရွေချယ်နိုင်သော လွတ်လပ်သော ရွေးကောက်ပွဲများ လိုအပ်သည်။ အရည်အသွေးမြင့် ဒီမိုကရေစီတွင် အများစု နိုင်ဟုဆိုသော Majority Rule ကိုသာ အာရုံစိုက်ခြင်းမဟုတ်ဘဲ Minority Right လူနည်းစု၏ အခွင့်အရေးကိုလဲ ထိန်းသိန်းပေးသော စနစ်တစ်ခု ဖြစ်ရမည်။

ရည်ညွှန်းကိုးကား[ပြင်ဆင်ရန်]

  1. ကမ္ဘာ့နိုင်ငံရေးအတွေးအမြင်သမိုင်း၊ သစ္စာနီ
  2. နိုင်ငံရေးအဘိဓာန်၊ အတွဲ (၁)၊ NCGUB
  3. ထွန်းထွန်းအောင် (စီးပွားရေး) ရေးသားသော ဇွန်လ၂၂ရက်၊၂၀၁၄ခုနှစ်ဆောင်းပါးမှ